Thursday, July 12, 2012

ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ဒုက္ခသည် စာရင်းလိမ်


ရခိုင်ပြည်နယ် အစိုးရအဖွဲ့၏ ဒုက္ခသည် စာရင်းလိမ်လည်မှု ကြောင့် မွတ်စလင်များ အခက်ကြုံ

၁၀.၇.၂၀၁၂







ရခိုင်ဒေသတွင်ရှိ ဒုက္ခသည်များအား ထောက်ပံ့ပေးနေသည့် WFP ထံ မွတ်စလင်ဒုက္ခသည်စာရင်း အရေအတွက်ကို ရခိုင်ပြည်နယ် အစိုးရအဖွဲ့က ထက်ဝက်ကျော်ခန့် လျှော့ပေါ့ တင်သွင်းခဲ့သည့် အတွက် ရိက္ခာ လုံလောက်စွာ မရရှိမှုများ ဖြစ်နေကြောင်း ဒါးပိုင် ဒုက္ခသည် စခန်းတွင် ခိုလှုံနေရသည့် ဒုက္ခသည် များ၏ ပြောကြားချက်အရ သိရသည်။

“ကျွန်တော်တို့ကို အရင်နေ့တွေက WFP က တစ်ရက် ဆန် အိတ် ၇၀ ပေးတယ်။ အခု ဒါးပိုင်စခန်းမှာ လူဦးရေ ငါးထောင်ပဲရှိတယ်လို့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့က သတ်မှတ်လို့ ဒီနေ့ ၂၅ အိတ်ပဲပေး ရတာပါ လို့ WFP က အဖြေပေးသွားတယ်”ဟု ဒါးပိုင်ဒုက္ခသည် စခန်းရှိ တာဝန်ရှိသူတစ်ဦးက myanmarmuslim.net သို့ ယမန်နေ့က ပြောကြားသည်။

ဒါးပိုင် ဒုက္ခသည်စခန်းတွင်.....

မွတ်စလင် ဒုက္ခသည် ၁၂၆၇၅ ဦးရှိပြီး ရခိုင်ပြည်နယ် အစိုးရအဖွဲ့၏ WFP ထံ စာရင်း ပေးသွင်းသည့် လူဦးရေ ထက်ဝက်ကျော်ခန့် များပြားနေကြောင်း သိရသည်။

“ဒါ့အပြင် ရွာခံတွေက ခြောက်ထောင့်တစ်ရာကျော်ရှိတယ်။ သူတို့လည်း ရိက္ခာဝယ်လို့ မရလို့ ဒုက္ခရောက် နေကြတယ်။” အထက်ပါ ပုဂ္ဂိုလ်ကပင် ဆက်လက်ပြောကြားသည်။

ရခိုင် ဗုဒ္ဓဘာသာ-ရိုဟင်ဂျာပဋိပက္ခအပြီး မွတ်စလင်များအား စားနပ်ရိက္ခာ ရောင်းချမှုကို စစ်တွေနှင့် စစ်တွေ ၀န်းကျင်တွင် လူမျိုးစွဲဝါဒီ ရခိုင်အစွန်းရောက်များက တညီတညွတ် တည်းပြုလုပ်နေသဖြင့် ရခိုင်ပြည်နယ် အတွင်းရှိ မွတ်စလင်များစု စားနပ်ရိက္ခာ အခက်အခဲနှင့် ရင်ဆိုင်နေရသည်။

WFP က ဒုက္ခသည် ၆၆၀၀၀ အတွက် ထောက်ပံ့ရေးပစ္စည်း ၂၈၀၀ မက်ထရစ်တန်ကို ၃ လစီမံကိန်းဖြင့် ထောက်ပံ့သွား မည်ဖြစ်ကြောင်း အဆိုပါ အဖွဲ့ ကြေငြာချက်များတွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံအစိုးရနှင့် ရခိုင်ပြည်နယ် အစိုးရတို့က ကယ်ဆယ်ရေးစခန်း ၇၂ ခု သတ်မှတ်ပေးခဲ့သည်။ အဆိုပါ ကယ်ဆယ်ရေး စခန်းများမှာ မောင်တောနှင့် မောင်တောမြို့နယ် များတွင် ၁၁ ခု၊ စစ်တွေနှင့် စစ်တွေမြို့နယ် များတွင် ၅၇ ခု၊ ရသေ့တောင် တွင် ၄ ခုတို့ဖြစ်သည်။ ကယ်ဆယ်ရေးစခန်း ၇၂ ခုအနက် ၅၆ ခုမှာ ဗုဒ္ဓဘာသာဝင်များ အတွက် ဖြစ်ကြောင်း မြန်မာ့ လူ့အခွင့်အရေး စောင့်ကြည့်ရေး ကော်မရှင်ကြေညာချက် အမှတ် ၄/၂၀၁၂ ကို burmapartnership.org တွင်ဖော်ပြချက်အရ သိရသည်။

ရခိုင်ဗုဒ္ဓဘာသာများထက် ပိုမိုများပြားသည့် မွတ်စလင်မ်ဒုက္ခသည်များအတွက်မူ ကယ်ဆယ်ရေးစခန်း ၁၆ ခုသာ သတ်မှတ်ပေးခဲ့သည်။


ရခိုင်ဗုဒ္ဓဘာသာ - ရိုဟင်ဂျာပဋိပက္ခကြောင့် လူပေါင်း ၉၀,၀၀၀ ၀န်းကျင် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသည်။

မှ ကူးယူဖော်ပြပါသည်။

မြန်မာနိုင်ငံ နှင့် လူမျိုးရေးအစွန်းရောက် မုန်းတီးမှုများ


မြန်မာနိုင်ငံ အနောက်ပိုင်း ရခိုင်ပြည်နယ် မှာ လက်တလော ဖြစ်ပေါ်နေတဲ. ဘာသာရေး လူမျိုးရေး အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် တိုင်းပြည်ရဲ့ ဒီမိုကရေစီ ပြောင်းလဲမှု အရှိန်ကို များစွာထိခိုက်စေပါတယ်။ ဒီလို ဗုဒ္ဓဘာသာဝင်များနဲ့ ရိုဟင်ဂျာမွတ်စလင်လူမျိုးစု များအကြား အကြမ်းဖက် တိုက်ခိုက်မှုများကြောင့် ဒါဇင်နဲ့ချီ လူများသေဆုံးပြီး၊ လူသောင်းနဲ့ချီ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ကြရပါတယ်။ ဒီအဖြစ်အပျက်ဟာဆိုရင် အဆိုးရွားဆုံး လူမျိုးရေး အကြမ်းဖက်တိုက်ခိုက်မှုကြီး တစ်ရပ်ဖြစ်ပါတယ်။

ပို၍ အံ့သြတုန်လှုပ်ဖွယ်ကောင်းသည်မှာ ယခုအကြမ်းဖက် တိုက်ခိုက်မှုများကို မြန်မာမီဒီယာများ၌ ရိုဟင်ဂျာ မွတ်စလင်လူမျိုးစု များကို ပေါ်ပေါ်ထင်ထင် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် နယ်စပ်ချင်း ထိစပ်လျက်ရှိသော ရခိုင်ပြည်နယ် အတွင်း ဆယ်စုနှစ်အတွင်း .....
ရည်ညွှန်း တိုက်ခိုက်လိုကြောင်း ဖေါ်ပြလျက်ရှိခြင်း ပင်ဖြစ် ပါသည်။

့ “ တရားမ၀င် ခိုးဝင်လာသော ဘင်ဂါလီမျိုးနွယ်စပ် “ များလိုသတ်မှတ်ထားတဲ့ ရိုဟင်ဂျာ မျိုးနွယ်စုဟာ နိုင်ငံသားဖြစ်တည်ခွင့် ငြင်းပယ်ခံခဲ့ရပြီး ၊ မြန်မာလူမျိုးအများစုရဲ့ ကြီးမားတဲ့ မုန်းတီးမှုကိုသာ ရရှိခဲ့ပါတယ်။

ရိုဟင်ဂျာဆန့်ကျင်ရေး ၀ါဒဖြန့်မှုများဟာ ပြည်တွင်း အဓိက သတင်းမီဒီယာ နှင်. ဗမာလူမျိုးများရဲ့ ဆိုရှယ် မီဒီယာ များ၌ပါ ပြန့်နှံ့ရောက်ရှိလျက်ရှိပါတယ်။ ထိုမျှမကသေး ဒီ ရိုဟင်ဂျာဆန့်ကျင်ရေးအမြင်များဟာ မြန်မာပြည်တွင်းရှိ နိုင်ငံရေးသမားများ၊ လူအခွင့်အရေးလှုပ်ရှားသူများ၊ သတင်းမီဒီယာဂျာနယ်လစ်များ နှင့် သာမန်လူထုအတွင်း ကိုပါ ပျံ့နှံ့ရောက်ရှိလိုနေပါတယ်။

ဥပမာအနေနဲ့ ဒီမိုကရေစီအရေးတက်ကြလှုပ်ရှားသူများ အဖွဲ့တစ်ဖွဲ့ရဲ့ Twitter စာမျက်နှာမှာ “ ဒီရိုဟင်ဂျာ ဆိုတဲ့ကောင်တွေဟာ လူလိမ်တွေဘဲ” လို့ဖော်ပြထားပါတယ်။ အချို့ ဆိုရှယ်မီဒီယာများမှာ ဆိုရင် “ဒီကုလား တွေ အားလုံးကို သတ်ပြစ်ရမယ်” ၊ ကုလား ဆိုတဲ့စကားလုံးဟာ ဆိုရင် အသားအရောင် မည်းမှောင်သော အိန္ဒိယတိုက် နွယ်ဖွားများကို ဗမာ ဗုဒ္ဓဘာသာဝင် လူများစုကြီးက လူမျိုးရေးအရ နှိမ်ချခေါ်ဝေါ်သော အခေါ်တစ်ရပ်ဖြစ်ပါတယ်။ ဒါတင်မက မြန်မာ့ဒီမိုကရေစီ ရေးလှုပ်ရှားမှုသမိုင်းမှာ ထင်ရှားတဲ့ ၈၈ ကျောင်းခေါင်းဆောင် တစ်ဦးဖြစ်တဲ့ ‘ ကိုကိုကြီး ’ က ဒီရိုဟင်ဂျာများသည် လူလိမ်များ ၊ အခွင့်အရေး သမားများ အဖြစ် ထုတ်ပြော သွားခဲ့ပါတယ်။

ယခုဖြစ်ပျက်နေတဲ့ ဘာသာရေး လူမျိုးရေး အကြမ်းဖက်တိုက်ခိုက်မှုများဟာ တိုင်းပြည်ရဲ့ လွတ်လပ်မှု ရှိကာစ မီဒီယာ၏ အရေးကြီးသော နေရာမှ လှုံ့ဆော်မှုကြောင့် ဖြစ်လာသည်ဟုဆိုလျှင် မှားမည်မထင်ပါ။

ရိုဟင်ဂျာများနဲ့ ပက်သက်တဲ့ အလွန်အင်မတန်မှ မတိကျမသေချာသော ကောလဟလများ ဟာ မြန်မာ ပြည်တွင်းမှာပျံ့နှံ့ရောက်ရှိနေပါတယ်။ ပြည်တွင်းထုတ် ဂျာနယ်မီဒီယာအများစု မှာဆိုရင် ရိုဟင်ဂျာများကို အယ်လ်ကေးဒါး စစ်သွေးကြွများ၊ ဘန်ဂါလီ စစ်သွေးကြွများအဖြစ် စွပ်စွဲဖေါ်ပြလျက်ရှိပါတယ်၊ အာရှဒေသကို အစ္စလာမ်ဘာသာ ပျံ့နှံ့ ဖို့အတွက် စစ်သွေးကြွ နေကြသူများအဖြစ် လွန်လွန်ကျူးကျူး ပုံဖေါ်ကြပါတယ်။

ပြည်တွင်းထုတ် ဂျာနယ်တစ်စောင်မှာဆိုရင်ဖြင့် လူမျိုးရေး ဘာသာရေး အကြမ်းဖက်မှုများ ၏ မီးပွားအစ ဖြစ်သော မွတ်စလင်လူငယ် ၃- ဦး မှ ရခိုင်ဗုဒ္ဓဘာသာ မိန်းကလေးမသီတာထွေး အား မတရား ပြုကျင့်ပြီး သတ်ဖြတ်ခဲ့တယ်လို့ စွပ်စွဲ ခံရတဲ့ အမှုကိစ္စအား ဓါတ်ပုံများဖြင့်ဝေေ၀ဆာဆာ ဖေါ်ပြခဲ့သဖြင့် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်မှ ဆင်ဆာဥပဒေဖြင့် ထိုဂျာနယ်ထုတ်ဝေမှုကို ၀င်ရောက်တားဆီးခဲ့ရပါတယ်။

မမျှော်လင့်ဘဲဆိုသလို ဒီလွတ်လပ်မှုရှိကစ မီဒီယာဖေါ်ပြမှုဟာ အမြဲတစေ ရိုဟင်ဂျာများနဲ့ ပက်သက်တဲ့ ဒုက္ခရောက်မှုများကို ဖေါ်ပြလေ့ရှိတဲ့ နိုင်ငံတကာ မီဒီယာများနှင်. ပြည်ပအခြေစိုက် မြန်မာ မီဒီယာများ၏ ဖေါ်ပြမှုများနှင့်ထိပ်တိုက် ဆန့်ကျင်ဘက်ဖြစ်နေပါတယ်။ ဘယ်လိုဘဲဆိုဆို ကမ္ဘာ့ ကုလသမဂ္ဂ ရဲ့တရားဝင် ဖေါ်ပြချက်အရ ရိုဟင်ဂျာလူမျိုးစုများ ဟာ ကမ္ဘာ့မှာ ဒုက္ခပေး အခံရဆုံးလူမျိုးစု တစ်စုသာ ဖြစ်ပါတယ်။

အကြမ်းဖက်တိုက်ခိုက်မှုများ၏ နောက်ဆက်တွဲအဖြင့် ရိုဟင်ဂျာများရဲ့ ဒုက္ခရောက်မှုများ ကို ဖေါ်ပြနေသော နိုင်ငံတကာ မီဒီယာများနှင်. ပြည်ပအခြေစိုက် မြန်မာ မီဒီယာများကို သပိတ်မှောက်ကျရန် ဆိုရှယ်မီဒီယာ ၀ဘ်ဆိုက်ဒ် များပေါ်တွင် လှုံ့ဆော်မှုများပြုလုပ်လာကြပါတယ်။ ဒေါသထွက်လျက်ရှိသော အချို့ ဆန္ဒပြသူများက ဘီဘီစီ ၊ ဒီဘီဗီ အစရှိသော သတင်းဌာနများကို “ ဘန်ဂါလီ ဘရုပ်ကက်ဆ် ကိုပရေးရှင်း (ဗြိတိသျှအသံလွှင့်ကော်ပိုရေးရှင်းကို ဘန်ဂါလီ အသံလွှင့်ကော်ပိုရေးရှင်းအဖြစ်၎င်း) ၊ ဒီစပရိတ် ဗွိင့်စ် အော့ဘန်ဂါလီ” (ဒီမိုကရက်တစ် ဗမာ့အသံကို စိတ်ပျက်ဖွယ်ကောင်းသော ဘန်ဂါလီအသံ ဟူ၍၎င်း) နာမည်ပျက်များပေးကာ လှုံ့ဆော်ဆန္ဒပြ ခဲ့ကြပါတယ်။ နော်ဝေ နိုင်ငံ အခြေစိုက် ဒီဘီဗီ သတင်းဌာန ဟာဆိုရင် မြန်မာ ပြည်သူများ၏ ယုံကြည်မှု အရှိဆုံး ပြည်ပအခြေစိုက် မြန်မာ မီဒီယာများ တစ်ခုဖြစ်ပါတယ်၊ သို့သော် လက်တလော အခြေအနေမှာ ဒီဘီဗီ သတင်းဌာနရဲ့ ဖေ့ဘွတ် စာမျက်နှာ နှင့် ၀ဘ်ဆိုက်ဒ် များမှာ နေ့စဉ်ဆိုသလို လူမျိုးရေး ဘာသာရေး တိုက်ခိုက်လို လူများ၏ စာသား ကော်မန့်များဖြင့် ပြည့်လျက်ရှိပါတယ်။

အပြည်ပြည်ဆိုင်၇ာ အကြမ်းဖက်မှုစောင့်ကြည့်လေ့လာရေး အဖွဲ့ ကြီးမှ ရှင်းလင်းပြောကြားရာမှ ဒီအကြမ်း ဖက်တိုက်ခိုက်မှုများဟာ မြန်မာနိုင်ငံ ရဲ.လက်တလော နိုင်ငံရေးပြောင်းလဲ မှုများကြောင့်ဖြစ်သလို ဆက်လက် လုပ်ဆောင် ရမယ့် နိုင်ငံရေး ပြုပြင်ပြောင်းလဲ မှုများအတွက် ကြီမားတဲ့ စိန်ခေါ်မှု တစ်ရပ်ဖြစ်လာ နိုင်ပါတယ်။

ဒီအကြမ်းဖက်တိုက်ခိုက်မှုအဖြစ်အပျက်များကို ကြည့်ခြင်းအားဖြင့် မြန်မာနိုင်ငံ အနေဖြင့် နိုင်ငံရေး လွတ်လပ်မှုများသာမက သတင်းစာဂျာနယ် မီဒီယာ လွတ်လပ်မှုအပေါ် တာဝန်ယူ အသုံးချ တတ်မှုများစွာ လိုအပ်နေသေးကြောင်း ဖေါ်ပြနေပါတယ်။ မြန်မာနိုင်ငံ ရဲ.လက်တလော နိုင်ငံရေးပြောင်းလဲ မှုများကို ပြီးပြည့်စုံစေရန် အစိုးရအနေဖြင့် တရားမျှတမှန်ကန်သော ဘက်လိုက်မှုကင်းသော နည်းဥပဒေများကို အသုံးပြုကာ ဒီရိုဟင်ဂျာ အရေးကို ဖြေရှင်းသင့်ပါတယ်။ တကယ်တော့ မြန်မာလူမှု့အသိုင်းအ၀ိုင်း၏ အသားအရောင် ၊ လူမျိုးရေး ခွဲခြား နှိမ်ချဆက်ဆံမှု နှင့် အစိုးရ၏ လူမျိုးရေး ခွဲခြား နှိမ်ချဆက်ဆံသော ဘက်လိုက်မှု ရှိသော ဥပဒေများအားလုံးပေါင်းသည် ဤအကြမ်းဖက်တိုက်ခိုက်မှုများကို ဖြစ်ပေါ်စေသော အခြေခံအကြောင်းတရားများပင် ဖြစ်ပါသည်။

စစ်အစိုးရ ကျောထောက်နောက်ခံပြု ကြံ့ခိုင်ဖွံဖြိုးရေးပါတီမှ နိုင်ငံရေးသမား တစ်ဦးမှ နဂါးမင်းစစ်ဆင်ရေး (အာဏာရှင် ဦးနေ၀င်း လက်ထက် ၁၉၇၈ ခုနှစ်၌ ပြုလုပ်ခဲ့သော ရိုဟင်ဂျာများအား ရခိုင်ဒေသမှ မောင်းထုတ်သော စစ်တပ် စစ်ဆင်ရေး အမည်) ကဲ့သို့သော စစ်ဆင်ရေးမျိုးအမြန်ဆုံး ပြုလုပ်သင့်ကြောင်း တောင်းဆိုသွားခဲ့ပါတယ်။

တချိန်တည်းမှာဘဲ အရေးပေါ်အခြေအနေ ကြေငြာပြီးနောက် မွတ်စလင်များ ပိုင်ဆိုင်သော အိမ်များ၊ ပစ္စည်းဥစ္စာများကို စစ်တပ်ရဲ့ တိုက်ခိုက်ဖျတ်ဆီးမှု သတင်းများ ထွက်ပေါ်လျက်ရှိပါတယ်။

လူဝင်မှု ကြီးကြပ်ရေး ၀န်ကြီးဌာန ၀န်ကြီး ခင်ရီမှ မြန်မာပြည်မှာ ရိုဟင်ဂျာလုံးဝ မရှိပါဟု ထပ်မံငြင်း ဆိုပြန်ပါတယ်။ တပြိုင်တည်းဆိုသလို အမျိုးသား ဒီမိုကရေစီအဖွဲ့ ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က သတိကြီးစွာဖြင့် ဤအငြင်းပွားဖွယ် ပြသနာကြီးကို ဆင်ဝှေ့ရန်ရှောင် ဖြေကြား သွားခဲ့ပါတယ်။

နိုင်ငံပိုင် မီဒီယာမှလည်း မီးလောင်ရာလေပင့် ဆိုသလို လူမျိုးရေး နှိမ်ချသော အခေါ်အဝေါ် ကုလားဟု သုံးစွဲကာ မြန်မာ မွတ်စလင် ၁၀ ဦးတောင်ကုတ်မြို့၌ အသတ်ခံရသော သတင်းကို ကြေငြာသွားခဲ့ပါတယ်။ တကယ်တော့ ယခုလို လူမျိုးရေး နှိမ်ချသော အခေါ်အဝေါ် ကုလားဟုသုံးစွဲကာ ကြေငြာသွားခြင်းမှာ ပြသနာကို အေးချမ်းငြိမ်သက်အောင် ပြုလုပ်မည်ဆိုသော အစိုး၇၏ ရပ်တည်ချက် သဘောထားမှာ သံသယ ရှိဖွယ်ဖြစ်ပါသည်။

အမှန်တကယ်မှာ ပွင့်လင်းမြင်သာမှုရှိသော ၊ ဘက်လိုက်မှုကင်းသော တွေ့ဆုံဆွေးနွေး အဖြေရှာမှု ဖြင့်သာ ဤရိုဟင်ဂျာပြသနာကို ဖြေရှင်းနိုင်မည် ဖြစ်ပါသည်။

ဤရိုဟင်ဂျာပြသနာသည် အလွန်အင်မတန် ရှုပ်ထွေးပြီး ထိလွယ်ရှလွယ်သော ပြသနာ တစ်ခုဖြစ်ပါသည်။ သို့သော် လျစ်လျူရှူလို့မရနိုင်ပါ။ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ အတိုက်အခံ ဒီမိုကရေစီ ခေါင်းဆောင် နိုဘယ်ငြီမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည် တို့ကဲ့သို့သော် နိုင်ငံဦးဆောင်ပုဂ္ဂိုလ်များ အနေဖြင့် နိုင်ငံတကာ အဖွဲ့အစည်းများနှင့် လက်တွဲပြီး ဤပြသနာကို ဖြေရှင်းသင့်ပါသည်။ ယခုအချိန်၌ ဖြေရှင်း အဖြေရှာရန် ပျက်ကွက်ခြင်းသည် မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်အတွက် ကြီးမား စွာသော အနှောက်အယှက် တစ်ခုဖြစ်လာနိုင်ပြီး နောင်အနာဂတ်တွင် ဖြေရှင်း၍ မရနိုင်တော့သည့် အခြေအနေသို့ ရောက်သွားနိုင်ပါသည်။



ဘာသာပြန်သူ - ဆောင်းသစ္စာ (စင်ကာပူရ)

မှ ကူးယူဖော်ပြပါသည်။

Tuesday, July 10, 2012

စစ်တွေ သဲချောင်းတွင် လှေမှောက်သောကြောင့် မွတ်စလင် ၅၀ ဦးသေဆုံး

 ဇူလိုင်လ ၇ ရက် ညနေပိုင်းအချိန်တွင် ရခိုင်ဗုဒ္ဓဘာသာ-ရိုပာင်ဂျာ ပဋိပက္ခတွင် နေအိမ်များ မီးရှို့ဖျက်ဆီးခံခြင်းကြောင့် ပေါက်တောဘက်သို့ ပြောင်းရွှေ့ ခိုလူံနေရသူများ သဲချောင်းသို့ပြန်အလာတွင် မွတ်စလင်ဒုက္ခသည်များ စီးနင်းလာသည့် စက်လှေတစ်စီးနစ်မြုပ်သဖြင့် ဒုက္ခသည် ၅၀ကျော် ခန့်သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

“စစ်တွေ မီဇံဘက်က လူတွေပါ၊ အိမ်တွေမီးရှို့ခံရလို့ ပေါက်တောဘက်ကို ရှောင်နေကြရတဲ့သူတွေပါ၊ အခုပြန်လာတဲ့အချိန် သဲချောင်း အ၀င်ဝမှာမြုပ်သွားတာပါ” ပာုသက်ကယ်ပြင်ရွှာတွင် နေထိုင်သူတစ်ဦး Myanmarmuslim.Net သို့ပြောကြားသည်။

မီဇံရပ်မှ ရခိုင်မွတ်စလင်မ်ဒုက္ခသည် ၁၂၀၀ ကျော်ခန့် ပေါက်တောဘက်သို့ တိမ်းရှောင်နေရာမှ နေရင်းရပ်သို့ မော်တော် ၁၁ စီးဖြင့်ပြန်လာရာ သဲချောင်းဝ အရောက်တွင် လှိုင်းထန်သဖြင့် နစ်မြုပ်ခဲ့ခြင်းဖြစ်သည်။

စက်လှေနစ်မြုပ်မှုကြောင့် မွတ်စလင်မ် ဒုက္ခသည် ၅၀ ကျော်ခန့် သေဆုံးခဲ့ပြီး ၅ ဦးခန့်သာ အသက်ရှင်ကျန်ရစ်သည်။ “ အလောင်းကတော့ ဆယ့်တစ်လောင်းပဲ ပြန်ရတယ်၊သေတဲ့သူ အများစုကအမျိုးသမီးတွေ ကလေးတွေနဲ့ သက်ကြီးရွှယ်အိုတွေပါ၊ အမျိုးသား ငါးယောက်ပဲ ရှင်တယ်” ပာုအထက်ပါပုဂ္ဂိုလ် ကပင်ဆက်လက်ပြောကြားသည်။

သေဆုံးသူထဲ၌ စစ်တွေမြို့ တက္ကသိုလ်မှ ကထိက အဖြစ် တာဝန်ထမ်းဆောင်လျှက်ရှိသူ ဒေါ်ခင်ရွှေ ပါဝင်ကြောင်း သတင်းရရှိပါသည်။

http://www.myanmarmuslim.net/comment.php?comment.news.741
မှ ကူးယူဖော်ပြပါသည်။

အမေရိကန်မှ ပထမဆုံး လူမည်းမွတ်စလင် မြို့တော်ဝန်

 ကမ္ဘာကျော်မွတ်စလင်များ 


Clearance Jack Ellis ကို ၁၉၄၆-ခုနှစ် ဇန်နဝါရီလ ၆-ရက်မှာ မွေးဖွားခဲ့ပြီး သူဟာ ဒီမိုကရက်တစ်ပါတီဝင် နိုင်ငံရေးသမားတစ်ဦးဖြစ်၍ အမေရိကန်နိုင်ငံ ဂျော်ဂျီယာပြည်နယ် မေကွန်မြို့ရဲ့ မြို့တော်ဝန်အရာရှိဟောင်းပါ။ အမေရိကန် လေထီးခုန်တပ်မှာ နှစ်ပေါင်း-၂၀ အမှုထမ်းခဲ့ပြီး ဗီယက်နမ်စစ်ပွဲမှာလည်း ၂-နှစ်ကြာ တိုက်ပွဲဝင်ခဲ့သူပါ။ ၁၉၉၉-ခုနှစ်မှာ မြို့တော်ဝန်ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်အနိုင်ရခဲ့ပြီး အမေရိကန်နိုင်ငံရဲ့ ပထမဆုံး လူမည်း မြို့တော်ဝန်အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ ၂၀၀၃-ခုနှစ်မှာ နောက်တစ်ကြိမ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ပြိုင်ဘက်များအပေါ် အပြတ်အသတ်အနိုင်ရရှိခဲ့ပါတယ်။

၂၀၀၇-ခုနှစ် အာဖရိကတိုက် ဆီနီဂေါနိုင်ငံသို့ ခရီးရောက်စဉ် အစ္စလာမ်သာသနာ့ဘောင်အတွင်းဝင်ရောက်ခဲ့ပြီး မွတ်စလင်ဘွဲ့အမည် Hakim Mansour အဖြစ် ခံယူခဲ့ပါတယ်။ Hakim Mansour Ellis အဖြစ် တရားဝင်အမည်ပြောင်းလဲဖို့လဲ အစိုးရထံလျှောက်ထားကြိုးပမ်းခဲ့ပါတယ်။ မွတ်စလင်မဖြစ်ခင် နှစ်ပေါင်းများစွာကတည်းက ‘ကျမ်းတော်မြတ်ကုရ်အာန်’ ကို လေ့လာနေခဲ့ကြောင်းနဲ့ သူ့ဘိုးဘွားဘီဘင်များဟာ အာဖရိကမြောက်ပိုင်းမှ အမေရိကသို့ အစေခံကျွန်များအဖြစ် မရောက်ရှိခင်က ‘အစ္စလာမ်ဘာသာဝင်များ’ ဖြစ်ကြကြောင်း သူကပြောပါတယ်။

လွတ်လပ်စွာယုံကြည်ကိုးကွယ်မှုရှိတဲ့ အမေရိကန်မှာ နိုင်ငံသားဖြစ်ရတာ ဂုဏ်ယူမဆုံးကြောင်း၊ မည်သူမဆို ‘ အစ္စလာမ်သာသနာ’အကြောင်း လေ့လာသိရှိလိုပါက ပညာရှင်ဆန်စွာ ဆွေးနွေးတင်ပြမှာဖြစ်ကြောင်းနဲ့ သူ့ရဲ့ ရှာဖွေတွေ့ရှိနားလည်မှုအရ မိမိတို့အားလုံးဟာ ဘာသာသာသနာရေးရာမှာ အသိနည်းသူများသာဖြစ်ကြကြောင်း အစသဖြင့် သူကတင်ပြပါတယ်။

၂၀၀၇-ခုနှစ် ဇန်နဝါရီလမှာပဲ အခြားတစ်ဦးဖြစ်တဲ့ Keith Ellison ဟာ ပထမဦးဆုံး လူမည်းမွတ်စလင် အထက်လွှတ်တော်အမတ်အဖြစ် (the U.S. Congress) ရွေးချယ်ခံရပါတယ်။ သူကတော့ မီချီဂန်ဒေသကဖြစ်ပြီး ဒီမိုကရက်တစ်ပါတီဝင်တစ်ဦးပါပဲ။ ဒက်ထရိုက်ပြည်နယ်မှာမွေးဖွားခဲ့ပြီး ကောလိပ်တက်နေစဉ် အစ္စလာမ် သာသနာ့ဘောင်အတွင်းဝင်ရောက်ခဲ့တာပါ။ အထက်လွှတ်တော်အမတ်ရာထူးလက်ခံပွဲမှာ ဝေဖန်ကန့်ကွက်သူများရှိသော်လည်း ‘ကျမ်းတော်မြတ်ကုရ်အာန်’ ကိုင်ပြီး သစ္စာဆိုခဲ့တာဟာဖြင့် ဂုဏ်ယူစရာပါပဲ။

အမေရိကန်နိုင်ငံ အစ္စလာမ်သမိုင်းကိုလေ့လာကြည့်တော့ ၁၈-ရာစုကတည်းက မွတ်စလင်များ အခြေချနေထိုင်ခဲ့ကြတဲ့ အထောက်အထားတွေတွေ့ရပါတယ်။ နှစ်ပေါင်း-၁၀၀ အတွင်း မွတ်စလင်ဦးရေ တိုးတက်များပြားလာခြင်းဟာ ရွှေ့ပြောင်းလာသူများ (Muslim immigrants) တိုးပွါးလာယုံမျှသာမက အစ္စလာမ်သာသနာ့ဘောင်အတွင်းဝင်ရောက်လာသူများလည်း အမြောက်အများရှိနေတာ အထင်အရှားပါ။ စစ်တမ်းများအရ အမေရိကန်မွတ်စလင်ဦးရေ ၃-ပုံ ၁-ပုံဟာ လူမည်းမွတ်စလင်များဖြစ်ကြပြီး နှစ်ပေါင်း-၇၀ အတွင်း အစ္စလာမ်သာသနာ့ဘောင်အတွင်းဝင်ရောက်လာသူများဖြစ်ပါတယ်။

လင်းယုန်နက် (ခြင်္သေ့မြို့တော်)


References:



http://wechooseislam.wordpress.com

မှ ကူးယူဖော်ပြပါသည်။

Monday, July 9, 2012

ဒေါ်အောင်ဆန်းစုကြည် နှင့် တရားဥပဒေစိုးမိုးရေး --- မောင်စီမံ (မဟာသိပ္ပံ)

ဒေါ်အောင်ဆန်းစုကြည် နှင့် တရားဥပဒေစိုးမိုးရေး --- မောင်စီမံ (မဟာသိပ္ပံ)





မောင်စီမံ (မဟာသိပ္ပံ)
ဒေါ်အောင်ဆန်းစုကြည်၏ ဇွန်လအတွင်း မြန်မာနိုင်ငံအတွင်းမှ ထွက်ခွာပြီး ပြန်လည်ရောက်ရှိခဲ့သော ၁၇-ကြာ ဥရောပခရီးစဉ်အား 'တရားဥပဒေ စိုးမိုးရေး ခရီးစဉ်' ဟုခေါ်က မှားမည်မထင်။ သတင်းစာ ရှင်းလင်းပွဲနှင့် မိန့်ခွန်းပြောကြားမှုများ အားလုံး အပါအဝင် တွေ့ဆုံဆွေးနွေးခန်းတိုင်းလိုလို၌ပင် 'တရားဥပဒေစိုးမိုးရေး'အကြောင်း အမြဲလွှမ်းမိုးနေ၍ဖြစ်သည်။

သို့သော်လည်း လက်ရှိတည်ဆဲ 'မတရားဥပဒေများ'ကို အမှန်တကယ် စိန်ခေါ်ပြောင်းလဲနိုင်ခြင်း မရှိပါက ဒေါ်စုကြည်၏ ယုံကြည်ချက်နှင့် ကတိကဝတ်များမှာ သဲထဲရေသွန်မျှသာ။

မြန်မာနိုင်ငံ အနောက်ဘက် ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာမွတ်စလင်တို့အရေး မေးခွန်းတက် လာလေတိုင်း ဒေါ်စုကြည်က 'တရားဥပဒေစိုးမိုးရေး'ဆိုသည့် အဖြေနှင့်ညှိ ဖြေသိမ့်ပစ်လိုက်၏။

ထိုရိုဟင်ဂျာမွတ်စလင်မ် လူနည်းစုတို့အား အာဏာရှင်ဦးနေဝင်း စစ်အစိုးရလက်ထက် ၁၉၈၂-နိုင်ငံသား ဥပဒေသစ် မတော်မတရားပြဌာန်း၍ ...

နှိပ်ကွပ်နိုင်ငံမဲ့စေခဲ့ပြီး ဌာနေရခိုင်လူမျိုးတို့ကသာမက လူများစု ဗုဒ္ဓဘာသာဝင် ဗမာလူမျိုးများကလည်း မလိုလားကြ။

ဇွန်လအတွင်း ရခိုင်ပြည်နယ်၌ ဖြစ်ပွါးခဲ့သော အဓိကရုန်းတလျောက် အတိုင်းသားမြင်ခဲ့ရသော မြန်မာနိုင်ငံသားအများစု၏ ရိုဟင်ဂျာဆန့်ကျင်ရေးလှုံ့ဆော်မှုကြီးကလည်း မည့်သည့်ခေါင်းဆောင် မည်သည့် နိုင်ငံရေးသမားမဆို ရိုဟင်ဂျာဘက်မှ မစို့မပို့ကလေး လိုက်ပြောမိခဲ့လျင်ပင် အချစ်ရှုံး ကိစ္စတုံးသွားမည့်အလား အမုန်းမျက်မာန် ပြခဲ့ကြ၏။ ဤအဖြစ်က ဒေါ်စုကြည်အား အကျပ်ရိုက် စေခဲ့သည် မှာလည်း ငြင်းမရနိုင်။ လူပေါင်းများစွာ သေကျေခဲ့၊ အိုးအိမ်ပေါင်းများစွာ ပျက်စီးဆုံးရှုံးခဲ့၊ မိသားစုပေါင်းများစွာ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ကြ၏။

သူမပြည်သူတွေ၏ စိတ်ကြိုက် အလိုလိုက် ရိုဟင်ဂျာဆန့်ကျင်ရေး ခင်းပြရန်ကား ကမ္ဘာ့ ငြိမ်းချမ်းရေး ခေါင်းဆောင်၊ တရားဥပဒေ စိုးမိုးရေး၏ ထွတ်ခေါင် ဒေါ်စုကြည်အဖို့ အဘယ်နည်းနှင့်မျှ ဝိနည်း မလွတ်။ တစ်လုံးတစ်ပါဒ စကားကျွံမိကပင် နိုင်ငံရေးအရရော ဂုဏ်သိက္ခာအရပါ မိမိကိုယ်မိမိ အဆုံးစီရင် မိနိုင်လေပြီ။ ထို့ကြောင့် 'တရားဥပဒေစိုးမိုးရေး' ဆိုသည်ဖြင့် လိမ္မာပါးနပ်စွာ တုံ့ပြန်ခဲ့၏။

သို့သော် 'တရားဥပဒေ အထက် မည်သူမှမရှိ' အဆိုအား လက်တွေ့၌ တထစ်ချယုံကြည်ရန် အလွန် ခက်ခဲသည့်အတိုင်း 'တရားဥပဒေ စိုးမိုးရေး' တကယ်ပင်မုချ ဖြစ်လာရန်မှာလည်း သံသယဖြစ်ဖွယ်ရာ။ ဒေါ်စုကြည်၏ မဟာဗျူဟာမှာကား စိန်ခေါ်မှုကြီးမားစွာ ရင်ဆိုင်ရမည်မှာ ဧကန်မလွဲ။ဥပဒေပြဌာန်း ရုံနှင့် မလုံလောက်၊ မမျှတသည့် ဥပဒေအမြောက်အများအားလည်း စိန်ခေါ်ရဦးမည်။ လျော်ကန်သည့် တည်ဆဲဥပဒေများလည်း အသက်ဝင်ဖို့ရန် ကြိုးပမ်းရဦးမည်။

ရိုဟင်ဂျာအရေး ပြန်တွေးကြည့်လိုက်လျင်ဖြင့် 'တရားဥပဒေ'သည်ပင် ဤပြသနာအပေါင်း၏ အရင်း အမြစ် ပေလားဟု လင်းပြသလိုလို။ နိုင်ငံမဲ့ခဲ့ရ၊ ဖိနှိပ်ခံကြရ၊ အတိဒုက္ခအပေါင်း သရဖူ ဆောင်းခဲ့ ကြရလေသမျှ ဤရိုဟင်ဂျာ မွတ်စလင်တို့အဖြစ်သနစ်မှာကား 'တရားဥပဒေစိုးမိုးရေး' ကင်းမဲ့၍ မဟုတ်၊ 'မတရားဥပဒေ' ကို 'တရားဥပဒေ' ဖြင့် စိုးမိုးလွှမ်းခြုံမီးလောင်တိုက်သွင်း လိုက်ခြင်းသာပင်။ ၁၉၈၂-ခုနှစ် နိုင်ငံသားဖြစ်ခွင့် 'ဥပဒေ'ကြီးမှတပါး အခြားမရှိ။

ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် နယ်နိမိတ်ထိစပ်နေသော မြန်မာနိုင်ငံအနောက်ဘက် ရခိုင်ပြည်နယ်ရှိ မွတ်စလင်ပြည်သူပြည်သားတို့မှာကား 'ရိုဟင်ဂျာ'မက အဘယ်သို့အမည်တပ်သည်ဖြစ်စေ၊ မည်သို့ပင် သမုတ်ခံရသည်ဖြစ်စေ ဤမြေ၊ ဤရေ၊ ဤဒေသ၌ ရာစုပေါင်းများစွာ အခြေချ နေထိုင် လာခဲ့ကြသည်မှာ အငြင်းပွါးဖွယ် အလျင်းမရှိ။ 'ရခိုင်တိုင်းရင်းသား'များ အပါအဝင် နယ်စပ်ဒေသနေ လူမျိုးစုတိုင်းကဲ့သို့ နယ်ခြားနှစ်ဖက် ကူးခတ်သွားလာ ဖောက်ကားအခြေချကြသည်မှာကား ဓမ္မတာ။

စစ်အာဏာရှင်ကြီး ဦးနေဝင်းကာလ တလျောက် သေမင်းတမန် စစ်ခင်းနင်းရုံမက ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ သူ့အစွန်းရောက်အလိုကျ အဓမ္မပြင်ပြီး ဒေသဌာနေ 'ရိုဟင်ဂျာ တိုင်းရင်းသား'တို့အား မတရားအသင်းကြေညာ အမြစ်ဖြုတ် ခဲ့သည်မှာကား 'ကိုးကွယ်ယုံကြည်မှု' မတူကွဲပြားခြင်းမှတပါး အခြားအကြောင်းပြရန် ခက်ခဲလှပါဘိ။ ၁၉၇၀-ကျော်မှစ ရိုဟင်ဂျာတို့ဘဝ အတိဒုက္ခမှာ စာဖွဲ့ရန် ပင်မလွယ်။ ၁၉၈၂-ခုနှစ် နိုင်ငံသားဖြစ်ခွင့် 'ဥပဒေ'က ၁၈၂၄-ခုနှစ်မတိုင်ခင် တိုင်းပြည်နယ်နိမိတ် အတွင်း အခြေချခဲ့သော လူမျိုးစုများသာ ဌာနေတိုင်းရင်းသား ဖြစ်သည်ဆို၏။

ထို့ကြောင့် 'တရားဥပဒေစိုးမိုးရေး' အကြောင်းမှာ စိတ်ကူးသက်သက်ဖြင့် မပြီး၊ အပြောသက်သက်ဖြင့် အရာမရောက်၊ အဟောသက်သက်ဖြင့် မပြည့်စုံ၊ အမှန်တကယ် လက်တွေ့ကျကျ စိတ်ခေါ်ပြုပြင် ပြောင်း လဲနိုင်မှသာ အနှစ်သာရရှိနိုင်မည်။ ဒေါ်စုကြည်၏ ရှေ့မတိုး၊ နောက်မဆုတ် ပရိယာယ်မှာကား ယခုနေ မဟာဗျူဟာ မြောက်သည်ဟု အထင်ရောက်နိုင်သော်လည်း သူမမိန့်ကြားထားသည့်အတိုင်း တိကျခိုင်မာသည့် 'တရားဥပဒေစိုးမိုးရေး' နှင့် 'နိုင်ငံသားဥပဒေ' အခါမနှောင်းခင် ထွက်ပေါ်လာရန် လက်တွေ့ကျကျ ဆောင်ရွက်ရမည်။

သို့တည်းမဟုတ်ပါက 'မြန်မာ့ဒီမိုကရေစီ ပြောင်းလဲရေးလမ်းစဉ်'မှာ 'သိုးရေခြုံသော ဝံပုလွေ' သက်သက် သာဟု အထင်ရောက်စရာ ရှိသည်သာမက ဒေါ်စုကြည်၏ 'တရားဥပဒေ စိုးမိုးရေး' မှာလည်း ထာဝရပင် 'ရွှေပြည်တော် မျှော်တိုင်းဝေး' နေတော့မည်သာ။


မောင်စီမံ (မဟာသိပ္ပံ)


စာရေးသူ၏အာဘော်သာဖြစ်ပါသည်
http://www.myanmarmuslim.net/news.php?extend.740
မှ ကူးယူဖော်ပြပါသည်။

Sunday, July 8, 2012

ဇူလိုင် ၇ ရက် အခမ်းအနား ၈၈ ရုံးချုပ်မှာကျင်းပ

ဇူလိုင် ၇ ရက် အခမ်းအနား ၈၈ ရုံးချုပ်မှာကျင်းပ

2012-07-07

နှစ် (၅၀) ပြည့် ဇူလိုင် ၇ ရက် အောက်မေ့ဖွယ် အခမ်းအနားကို ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ်မှာ ရှိတဲ့ ၈၈ မျိုးဆက် ကျောင်းသားများ ရုံးချုပ်မှာ ဒီကနေ့ မနက်ပိုင်းက ကျင်းပခဲ့ပါတယ်။




                                       88 Generation Students Group
နှစ် (၅၀) ပြည့် ဇူလိုင် ၇ ရက် အောက်မေ့ဖွယ် အခမ်းအနားကို ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ် ၈၈ မျိုးဆက် ကျောင်းသားများ ရုံးချုပ်တွင် ၂၀၁၂ ခုနှစ် ဇူလိုင်လ ရ ရက်နေ့မှာ ကျင်းပနေစဉ်။

ဒီအခမ်းအနားမှာ ကျောင်းသားကျောင်းသူ တချို့ ဖမ်းဆီး ထိန်းသိမ်းခံထားရတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ဦးသိန်းစိန် အစိုးရ အနေနဲ့ ပြုပြင်ပြောင်းလဲမှု မရှိသေးဘူးဆိုရင် စစ်အစိုးရလက်ထက်ကလို လွန်ဆွဲမှုတွေ ပြန်လည် ဖြစ်ပေါ်လာနိုင်တယ်လို့ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင်က ပြောပါတယ်။

"ကျနော်တို့ကို အသုံးချခြင်း မချခြင်းဆိုတာ တိုင်းပြည် ဒီမိုကရေစီ တကယ်ရမှာလား။ လူ့ဂုဏ်သိက္ခာပြည့်ဝတဲ့ နိုင်ငံတော် ဖြစ်မှာလား။ နောက်မျိုးဆက်တွေအတွက် အာမခံ လုံခြုံတဲ့ တိုင်းပြည် ဖြစ်တယ်ဆိုရင် ကျနော်တို့ ဘာမဆို ပေးဆပ်ဖို့ အသင့်ပဲ။ အဲဒါတွေနဲ့ ဆန့်ကျင်မယ်ဆိုလို့ ရှိရင်တော့ ကျနော်တို့ သူတို့နဲ့ အားပြိုင် လွန်ဆွဲရမယ်။ ကျနော်တို့ အင်အားရှိသမျှ မှန်မှန်ကန်ကန် ပြုပြင်ပြောင်းလဲတဲ့သူတွေနဲ့ အတူ လွန်ဆွဲပွဲကြီးကို နောက်တကြိမ် ပြန်ပြီးတော့ ကျင်းပရပါလိမ့်မယ်။"

၈၈ ကျောင်းသား ခေါင်းဆောင်ကိုဌေးကြွယ် ကလည်း ဦးသိန်းစိန် အစိုးရ အနေနဲ့ ဒီမိုကရေစီကို အမှန်တကယ် တည်ဆောက်နေတယ် ဆိုရင် စစ်အစိုးရ လက်ထက်ကလို ခြိမ်းခြောက်မှု၊ မတရား ဖမ်းဆီးမှုတွေ မလုပ်ဆောင် သင့်တော့ကြောင်းနဲ့ ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်း ပြောပါတယ်။

နှစ် ၅၀ ပြည့် ဇူလိုင် ၇ ရက် အောက်မေ့ဖွယ် အခမ်းအနား ကျင်းပဖို့ စီစဉ်ခဲ့ကြတဲ့ ကျောင်းသား ခေါင်းဆောင်တွေ ဖြစ်တဲ့ ကိုဒီငြိမ်းလင်း၊ ကိုစည်သူမောင်၊ ကိုရဲမြတ်ဟိန်းနဲ့ မဖြိုးဖြိုးအောင်တို့ကို အာဏာပိုင်တွေက မနေ့ည ကတည်းက ဖမ်းဆီးထားဆဲ ဖြစ်ပြီး၊ ဒီကနေ့ ညပိုင်းမှာ ပြန်လွှတ်ပေးလိမ့်မယ်လို့ သတင်းတချို့ ထွက်ပေါ်နေပေမယ့် အာဏာပိုင်တွေရဲ့ တရားဝင် ပြောကြားမှုတော့ မရရှိသေးပါဖူး။

ဇူလိုင် ၇ ရက်နှစ်ပါတ်လည် အခမ်းအနား ကျင်းပဖို့ စီစဉ်မှုကြောင့် ရန်ကုန်မြို့မှာ ကျောင်းသားခေါင်းဆောင် (၄)ယောက်၊ မန္တလေးမြို့မှာ (၄)ယောက်၊ မြင်းခြံမြို့မှာ (၇) ယောက်၊ မုံရွာမြို့မှာ (၄) ယောက်၊ လားရှိုးမြို့မှာ (၃) ယောက်၊ စစ်ကိုင်းမြို့မှာ (၁) ယောက် စုစုပေါင်း ကျောင်းသားခေါင်းဆောင် (၂၃) ဦးကို မနေ့ညက အာဏာပိုင်တွေ ဖမ်းဆီးခဲ့တယ်လို့ ဗကသ ကျောင်းသားတွေက ပြောပါတယ်။ အခမ်းအနားကို NLD ပါတီခေါင်းဆောင် တစ်ဦးဖြစ်သူ ဦးဝင်းတင်နဲ့ (၈၈) မျိုးဆက်ကျောင်းသား ခေါင်းဆောင်တွေ၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ် ခေါင်းဆောင်တွေ၊ စုစုပေါင်း လူအင်အား (၃၀၀) လောက် တက်ရောက်ခဲ့ပါတယ်။

နောက်ဆုံးရရှိတဲ့ သတင်းတွေအရ အဖမ်းခံရသူတွေ ပြန်လွတ်လာပြီလို့ လည်း သိရပါတယ်။



မှ ကူးယူဖော်ပြပါသည်။

Friday, July 6, 2012

မွတ်စလင်အမျိုးသမီးငယ်တစ်ဦးကို တပ်မ ၂၃၂ မှ စစ်သားများ မုဒိန်းကျင့်

မွတ်စလင်အမျိုးသမီးငယ်တစ်ဦးကို မုဒိန်းကျင့်သည့် တပ်မ ၂၃၂ မှ စစ်သားများ လက်ပူးလက်ကြပ်မိ

ရခိုင်ပြည်နယ်၊ စစ်တွေမြို့အနီး သံတိုလီရွာသူ မဟမီဒါ(အသက်၁၈)နှစ်ဝန်းကျင်အား တပ်မ ၂၃၂ မှ တပ်သား ၄ ဦးက စစ်ဆေးစရာရှိသည်ဟုဆိုကာ လမားရှည်ရွာတွင် ဖမ်းဆီး မုဒိန်းကျင့်မှုတစ်ခု ယမန်နေ့ နေ့လယ် ၁နာရီခွဲဝန်းကျင်တွင် ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

အထက်ပါ မုဒိန်းမှုဖြစ်စဉ်မှာ ၃-၇-၂၀၁၂ နေ့တွင် စားနပ်ရိက္ခာများပြတ်လပ်နေသည့် သံတိုလီရွာမှ မဟမီဒါနှင့် မိန်းကလေး အဖော် ၂ ဦး၊ ကလေး ၂ ဦးတို့သည် သက်ကယ်ပြင်ရွာတွင် ရိက္ခာဝယ်ယူရန် ထွက်လာခဲ့ကြသည်။

ထိုသို့ ထွက်ခွာလာစဉ် နေ့လယ် ၁၂ နာရီခန့်တွင် ကြားရွာဖြစ်သည့် လမားရှည်ရွာသို့အရောက်တွင် တပ်မ ၂၃၂ မှ တပ်သား ၄ ဦးက မဟမီဒါ အပါအ၀င် ခရီးသွား ၅ ဦးအား စစ်ဆေးစရာရှိသည်ဟု ဆိုကာ တားဆီး စစ်ဆေးခဲ့ ကြသည်။ ထို့နောက် မဟမီဒါအား စစ်ဆေးစရာရှိသေးသည်ဟု ဆိုကာ ခေါ်ယူထားပြီး ကျန်အမျိုးသမီး ၂ ဦးနှင့် ကလေးငယ် ၂ ဦးတို့ကို ပြန်ရန် စေခိုင်းခဲ့သည်။ ထို့နောက် နေ့လည် ၁ နာရီဝန်းကျင်တွင် အခင်းဖြစ်ပွားရာနေရာအနီးတွင် ရှိသည့် အသက် ၁၇နှစ်နှင့် ၂၀နှစ် အရွယ် နွားကျောင်းသား များ က မဟမီဒါအား .....

စစ်သားများက ၀ိုင်းဝန်း မုဒိန်းကျင့်နေသည်ကို တွေ့ရသဖြင့် သက်ကယ်ပြင်ရွာသို့ အပြေးအလွှား လာရောက် သတင်းပို့ခဲ့သဖြင့် ရွာလူကြီးဦးကျော်မြင့်အပါအ၀င် ရွာသားအချို့ အခင်းဖြစ်နေရာသို့ လိုက်ပါသွားခဲ့ကြသည်။

အခင်းဖြစ်ပွားရာနေ့လည် ၁ နာရီခွဲဝန်းကျင်တွင် လမားရှည်ရွာပိုင်နက်အတွင်း မဟမီဒါအား တပ်မ ၂၃၂ မှ စစ်သား ၃ ဦးက မုဒိန်းပြစ်မှု ကျူးလွန်အပြီး နောက်ဆုံးကျန်ရှိသည့် စစ်သားတစ်ဦးက မုဒိန်းကျင့်ရန် ကြိုးပမ်းနေ စဉ်တွင် သက်ကယ်ပြင်ရွာလူကြီးများက မုဒိန်းမှုဖြစ်ပွားရာ နေရာသို့ ရောက်ရှိပြီး ပြစ်မှုကျူးလွန်သူ များကို လက်ပူးလက်ကြပ် ဖမ်းဆီးနိုင်ခဲ့ကြောင်း မျက်မြင်သက်သေ တစ်ဦး၏ ပြောကြားချက်အရ သိရသည်။

“ကျွန်တော်တို့ရောက်သွားတော့ ကောင်မလေးက အရမ်းမောပြီး မျော့နေပြီ။ တော်တော် အားကုန်နေပုံရတယ်” ဟု သက်ကယ်ပြင်ရွာတွင် နေထိုင်သည့် မျက်မြင်သက်သေတစ်ဦးက myanmarmuslim.net သို့ ပြောကြား သည်။

တပ်မ ၂၃၂ မှ တပ်သားများ၏ မုဒိန်းကျင့်ခြင်းကို ခံရသူ မဟမီဒါအား စစ်တွေမြို့ဆေးရုံသို့ ပို့ဆောင်ထား ကြောင်း သိရသည်။ မဟမီဒါသည် အသက် ၁၈ နှစ်ဝန်းကျင် အရွယ် အိမ်ထောင်သည် အမျိုးသမီးတစ်ဦး ဖြစ်ပြီး လွန်ခဲ့သည့် ၂ လခန့်က အိမ်ထောင်ကျ ခဲ့သူဖြစ်ကြောင်း ဆေးရုံသို့ပို့နေစဉ် ကာယကံရှင်၏ ပြောကြားချက်ကို မှတ်သားခဲ့သူ အထက်ပါ ပုဂ္ဂိုလ်ကပင် ဆက်လက်ပြောကြားသည်။

တပ်မ ၂၃၂ မှ မုဒိန်းမှုကျူးလွန်သူများမှာ တပ်ကြပ်ကြီးတစ်ဦး၊ ဒုတပ်ကြပ်တစ်ဦး၊ ရိုးရိုးတပ်သား ၂ ဦးတို့ဖြစ်ကြောင်း သိရသည်။ ယခုအခါ မုဒိန်းကျင့်ခံရသူ အမျိုးသမီးငယ်ကို ဆေးရုံက ဆက်လက် လက်ခံထားခြင်းမရှိဘဲ စစ်တွေအနီးရွာတစ်ရွာသို့ ပို့ဆောင်ခံရကြောင်း သိရသည်။

မုဒိန်းကောင်များကို တပ်မ ၂၃၂ က ချုပ်နှောင်ထားသော်လည်း ယခုအချိန်အထိ အမှုဖွင့် အရေးယူခြင်း မရှိသေးကြောင်း သိရသည်။ အထက်ပါ မုဒိန်းမှုနှင့် ပတ်သက်၍ အစဖျောက်ခံရ မှုကို ဒေသခံ မွတ်စလင်များက အထူးစိုးရိမ်နေကြသည်။

ယခုနှစ် မေလကုန်ပိုင်းတွင် ရခိုင်ဗုဒ္ဓဘာသာ မသီတာထွေး မုဒိန်းကျင့် အသတ်ခံရမှုဖြစ်ပွားခဲ့ပြီး အဆိုပါ ဖြစ်ရပ် အပေါ် မကျေနပ်၍ တောင်ကုတ်တွင် မွတ်စလင် ခရီးသည် ၁၀ ဦးကို ကားပေါ်မှ ဆွဲချ၍ ဘာသာခြားများက လမ်းမပေါ်တွင် ၃ နာရီကြာ ၀ိုင်းဝန်း ရိုက်နှက် သတ်ဖြတ်မှု ဖြစ်ပွားခဲ့သည်။ ထို့နောက် အဆိုပါ ဖြစ်ရပ်များ၏ နောက်ဆက်တွဲအဖြစ် ရခိုင်ပြည်နယ် တွင်လည်း ရခိုင်ဗုဒ္ဓဘာသာ-ရိုဟင်ဂျာ ပဋိပက္ခ ဖြစ်ပွားခဲ့သည်။

မွတ်စလင်အိမ်ခြေအများအပြား မီးရှို့ဖျက်ဆီးခံရသည်။ မသီတာထွေး မုဒိန်းကျင့်ခံ ရမှုကို မြန်မာ့မီဒီယာများတွင် အကျယ်တ၀င့်ဖော်ပြခဲ့သော်လည်း မသီတာထွေး အမှုဖြစ်ပွားပြီးနောက်ရက်တွင်ရသေ့တောင် အနောက်တောင်နေမှ မွတ်စလင် အမျိုးသမီးတစ်ဦးကို န-စ-ခ မှ ၀န်ထမ်း နေ၀င်း ပါ ၃ ဦးက မုဒိန်းကျင့်မှုကို မည်သည့် မြန်မာ့ မီဒီယာတွင်မျှ ဖော်ပြခဲ့ခြင်းမရှိပေ။

အဆိုပါ မုဒိန်းမှုကို National Democratic Party for Development (NDPD)မှ ဇွန်လ ၆ ရက်က ကြေညာချက်ထုတ် ဖော်ပြခဲ့သည်။


မှ ကူးယူဖော်ပြပါသည်။

ရခိုင်အရေးအခင်း ရိုဟင်ဂျာမိသားစုများနှင့် အင်တာဗျူး

ရခိုင်အရေးအခင်း ရိုဟင်ဂျာမိသားစုများနှင့် အင်တာဗျူး

ပြည်တွင်း သတင်း  ၄ ဇူလိုင် ၂၀၁၂၊ ၃း၀၀ မြန်မာစံတော်ချိန်

MMSY News

(ရန်ကုန်) - ဇွန်လ ၂၈ ရက်နေ့ မှာ ရခိုင်ပြည်နယ်မှာ မိသားစုကျန်ခဲ့တဲ့ ရိုဟင်ဂျာ ၃ ဦးနဲ့  အင်တာဗျူးဖြစ် ခဲ့ပါတယ်။ ရခိုင်တိုင်းရင်းသားများ ထိခိုက် နစ်နာသကဲ့သို့  ရိုဟင်ဂျာ များဖက်မှ ထိခိုက်နစ်နာမှုများ သေဆုံးမှုများရှိကြောင်း၊ ပညာတတ်များကို ရွေးချယ်ဖမ်းထားပြီး ဆက်သွယ်ရေးဖြတ်တောက်ထားမှုများဖြင့် ရိုဟင်ဂျာတို့ ဖက်မှ ထိခိုက်နစ်နာမှု သတင်းများကို သတင်းအမှောင်ချထားကြောင်း စုံစမ်းသိရှိရပါတယ်။

အင်တာဗျူးဖြေဆိုသူများနဲ့  အင်တာဗျူးပါ အမည်အရင်းများကို လုံခြုံရေးအတွက် ချန်လှန်ထားပါတယ်။

MMSY: အစ်ကို့ ညီမမိသားစုတွေကဘယ်မှာနေလဲ။

Person A: တောမှာနေတယ်၊ တောမှာဆိုတော့စစ်တွေမြို့လယ်ခေါင်နဲ့ ကီလိုမီတာ ၅၀ လောက်ဝေးမယ်။ အဲလိုနေရာတွေမှာနေတယ်။

MMSY: ဘယ်ရွာမှာလဲ။ ခုနကပြောတာ နာဇီရွာကိုပြောတာလား။

Person A: ဟုတ်တယ်။ ကျွန်တော်ကနာဇီရွာက၊ ကျွန်တော့ညီမတွေအကုန်လုံးနာဇီရွာမှာပဲနေတယ်။

MMSYး အိမ်တွေဖျက်ဆီးခံရတယ်ဆိုတာသိရတယ်။ ဘယ်ရက်လောက်ကဖျက်ဆီးခံရတာလဲ။

Person A: ဟိုဒင်းလေ၊ ၁၃ရက်နေ့ ၊ ၁၃ ရက် နဲ့ ၁၄ရက် ၂ရက်မီးရှို့တယ် ကျွန်တော်တို့ရပ်ကွက်ကို။

MMSY: ဘယ်သူရှို့ တာလဲ။ နစက လား။

Person A : စစ်တွေမှာနစက မရှိဘူး၊ နစက ကမောင်းတော်ရယ်၊ ဘူးသီးတောင်ရယ်။

MMSY: ဪ ဟုတ်ကဲ့။

Person A: စစ်တွေနဲ့မောင်းတောဆိုရင် ကီလိုမီတာ ၃၀၀၊ ၃၅၀ လောက်ဝေးမယ်။ ကားလမ်းမရှိဘူး ရေလမ်းနဲ့ဆို (၇)နာရီလောက်ကြာတယ်။

MMSY: ဒါဆိုရှို့တာကဘယ်သူရှို့တာလဲ။

Person A: ရှို့တာကရခိုင်တွေကရှို့တာ၊ ရခိုင်ဗုဒ္ဓဘာသာတွေနဲ့လုံထိန်းတွေနဲ့။

MMSY: ညီမတွေပြောလား ဘယ်နှယောက်လောက်လာပြီး ဘယ်လိုရှို့တယ်ဆိုတာ။

Person A: ပထမဗုဒ္ဓဘာသာတွေဝင်လာတယ်။ ဗလီ မရက်ကတ်စ်ဗလီကိုမီးရှို့ဖို့အတွက်၊ ကျွန်တော်တို့ရက်ကွက်သားတွေ သွားတိုက်တယ်။ တိုက်တယ် ဆိုတော့ နောက်မှာလုံထိန်းတွေ ဝင်လာတာပေါ့။ လုံထိန်းတွေလာပြီးသေနတ်ပစ်တယ်။ ကျွန်တော်တို့ရပ်ကွက်ကလူ ၅ယောက်သေသွားတယ်။ အနောက်ဘက်ကနေ ဗုဒ္ဓဘာသာဝင်တွေဝင်လာပြီး ဗလီကိုမီးရှို့တယ်။

MMSY: ဗလီမီးရှို့ပြီးတော့ ဘာဆက်ဖြစ်လဲ။

Person A: ဗလီမီးရှိုတော့ ရက်ကွက်သားတွေက ဗလီကလူတွေကို ကယ်ဖို့သွားတာမှာ လုံထိန်းတွေကသေနတ်နဲ့ပစ်တယ်အဲဒီမှာ။ လူအနည်းဆုံး ၁၀ယောက်လောက်ထပ်သေတယ်။ ဗလီနားမှာပေါ့။

MMSY: သေသွားတယ်လူတွေဘယ်သူတွေဆိုတာသိလား။

Person A: အဲဒါတော့အတိအကျမသိဘူး။ ရခိုင်ဗုဒ္ဓဘာသာဝင်တွေကတော့ ဒေါက်တာအေးမောင်ရဲ့လူတွေလို့ကြားတယ် ၊ဒေါက်တာအေးမောင်ဆိုတာ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ(RNDP) ဥက္ကဋ္ဌ၊ သူက ရခိုင်အစစ်မဟုတ်ဘူး၊ ဘင်ဂါလီ အနောက်သားပေါ့။ သူအဲဒီမှာနေတာကြာပြီ။ အနှစ်၅၀လောက်ရှိပြီ။ သူ့မိဘတွေကဘင်ဂါလီ ဗုဒ္ဓဘာသာတွေပေါ့။

MMSY: သူ့ကိုလူချင်းသိလား။

Person A: ကျွန်တော်တော့မသိဘူး၊ ကျွန်တော့အမျိုးတွေသိတယ်။ ကျွန်တော့ ညီလဲသူ့ကိုသိတယ်။

MMSY : အမျိုးထဲကအသတ်ခံရတာတို့၊အဖမ်းခံရတာတို့ရှိလား။

Person A: ကျွန်တော့အမျိုးထဲကတော့မရှိဘူး၊ဒါပေမဲ့ကျွန်တော့ရပ်ကွက်ကလူတော်တော်များတယ် အသတ်ခံရတာ၊ ကျွန်တော်တို့ရပ်ကွက်မှာပထမနေ့ ၁၃ယောက်သေသွားတယ်၊ ဒုတိယနေ့ကကျွန်တော်အတိအကျမသိဘူး၊

MMSY:အဖမ်းခံရတာကျတော့ရော။

Person A: အဖမ်းခံရတာမရှိဘူး ကျွန်တော်တို့ဆီမှာ လူပျောက်သွားတာရှိတယ် ၁၂၅၀လောက်ပျောက်သွားတယ်။

MMSYး နာဇီရွာကနေလား

Person A: ဟုတ်တယ်နာဇီရွာကနေ၊

MMSYး ဒီသတင်းတွေကို ဘယ်က သိရတာလဲ။

Person A: ကျွန်တော့အမျိုးတွေဆီကရတယ်၊ ကျွန်တော့ညီဆီကရတယ်၊ ကျနော့် ညီမဆီကရတယ်။

MMSYး အစ်ကို့  (Person B) အမျိုးထဲမှာကျတော့ရော။

Person B: ကျွန်တော့အမျိုးထဲမှာကျတော့အဖမ်းခံရတာ ကျွန်တော့ရဲ့တဝမ်းကွဲ၊ ကျွန်တော့ဦးလေးရဲ့သမီးပေါ့၊ သူ့နာမည်က (xxx) လို့ခေါ်တယ်၊ ပြီးတော့ဒေါက်တာ (xxx) ဆိုတာ၊ သူလဲတော်တော်လေးနာမည်ကြီးတဲ့ဆရာဝန်တစ်ယောက်ပဲ။ သူက ကျွန်တော့အစ်ကိုနဲ့မယားညီအစ်ကို သူလဲအဖမ်းခံရတယ်။ ပြီးတော့ကျွန်တော့သူငယ်ချင်းတစ်ယောက် သူ့နာမည်က (xxx) လို့ခေါ်တယ်။ သူကအဲဒီမှာကျူရှင်ပြစားတာ သူလဲအဖမ်းခံရတယ်။ ရန်ကုန်မှာဖမ်းတာကတော့ဒေါ်မြနန္ဒာအောင်ရယ်၊ သူရဲ့အမျိုးသားရယ်။ သူ့အမျိုးသားက ကျွန်တော့ရဲ့ကျောင်းနေဘက်။

ဒေါ်မြနန္ဒာအောင်ဆိုတာကလဲ အမှန်ဆိုတိုင်းရင်းသူ၊ သူ့အမေက ကရင်၊ သူ့အဖေကျတော့ရိုဟင်ဂျာပေါ့။ NGOမှာလုပ်တာ။ ကျွန်တော်ပထမပိုင်း မှတ်မိသလောက်တော့ သူမောင်းတောကနေပြီးတော့ ရန်ကုန်လာနေတဲ့အချိန်မှာ သူတို့ကိုလေဆိပ်မှာဖမ်းပြီးတော့တော်တော်လေးစစ်တယ်။ စစ်တယ်ဆိုတာက မသင်္ကာမှုတွေနဲ့ပေါ့၊

ရန်ကုန်ရောက်ပြီးမှ ဟိုနေ့ကတွေ.တော့မင်္ဂလာတောင်ညွန့်ရဲစခန်းက အီလက်ထရောနစ်ပုဒ်မနဲ့ဖမ်းပြီးတော့ တရားစွဲပြီး ဖမ်းထားတယ်လို့ကြားတယ်။ ရှေ့  နေတစ်ယောက်ကပြောတော့ တကယ်လို့ပြစ်မှု ထင်ရှားမယ်ဆို ထောင်ဒဏ်က၁၅နှစ်ကျမယ်လို့ပြောတာပဲ။

နောက်တခု ကျွန်တော်ပြီးခဲ့တဲ့တနေ့က ကျွန်တော့တူမနဲ့ကျွန်တော်ဖုန်းဆက်ပြီးပြောတော့ တော်တော်များများဖမ်းထားတယ်လို့ပြော တယ်။ ဒါကျွန်တော်သိ တဲ့ထဲကလူတွေရဲ့ နာမည်ပဲပြောထားနိုင်တာ။ ကျန်တဲ့မသိတဲ့လူတွေလဲ အများကြီးပဲ။ သူတို့ကိုကျတော့ထောင်ဝင်စာတွေ.ချင်တယ်၊ ထမင်း တစ်ထုတ်သွားပေးဖို့ကို ၅ထောင်လောက်ပေးရတယ်လို့ပြောတယ်။ ပိုက်ဆံမပေးရင်ထမင်းထုတ်ကိုသွင်းခွင့်မပေးဘူး။ သူတို့က အချုပ်ထဲ မှာလဲအဲဒီလူတွေကို ထမင်းပေးတာလဲမဟုတ် ဘူးလို့ကြားတယ်။ တချို့ချို့ပရောမီနန့်ဖြစ်တဲ့သူတွေကျတော့ စစ်တွေကိုခေါ်သွားတယ်လို့ကြားတယ်။

Person C: အခုကဘူးသီးတောင်မှာတောင် ကွန်ပြူတာရှိတဲ့ အိမ်အကုန်လုံးဖမ်းတာ၊ အကုန်လုံးကို အီလက်ထရောနစ်ပုဒ်မနဲ့ဆိုတော့ ကွန်ပြူတာသမားတွေ ကိုဖမ်းမှ သူတို့ကသတင်းကို အမှောင်ချလို့ရမှာကိုး။

MMSY: အခုဆိုရင်ဗျာ ရိုဟင်ဂျာဘက်ကခံနေရတယ်ဆိုတာကို သတင်းအချက်အလက်တွေပဲသိရတယ်၊ သက်သေပြပါဆို ဓာတ်ပုံလဲမရှိဘူး၊ဗီဒီယိုတောင် တစ်ခုပဲရှိတယ်၊ အဲဒီမှာအဲလိုဓာတ်ပုံရိုက်နိုင်တဲ့သူ၊ message ပို့နိုင်တဲ့သူမရှိဘူးလား။

Person B: message ပို့နိုင်တဲ့သူမရှိဘူးဆိုတာက အဲဒီအပိုင်းက မြန်မာပြည်မှာ ကွန်မြူနီကေးရှင်းနဲ့ပတ်သတ်ပြီးအရမ်းခက်တယ်။ ဒေသခံတွေအတွက်။

Person A: message ကစစ်တွေဘက်မှာလုံးဝမရှိဘူး။ စစ်တွေမှာ လက်ကိုင်ဖုန်းက အင်တာနက်မရဘူး။ မွတ်စလင်တွေ အင်တာနက်ကိုင်လို့လဲမရဘူး၊မောင်းတောနဲ့ဘူးသီးတောင်ဘက်မှာနဲနဲပါးပါးရှိတယ်။ message ကအဲဒီဘက်ကလာတာ။ ကျွန်တော်တို့စစ်တွေဘက်ကလုံးဝ messageမရဘူး ။

Person B :နောက်တစ်ခု obvious ဖြစ်တာဘာလဲဆိုတော့ ဥပမာဆိုပါတော့နိုင်ငံတကာအသိုင်းအဝိုင်းကပြောတဲ့ independent observer တို့ monitor တို့အထဲသွားခိုင်းတာက တကယ်.တကယ်သူတို့တွေကတိကျမှန်ကန်တဲ့သတင်းကိုရယူလိုတဲ့ဆန္ဒနဲ့ပြောတာ။ တကယ်လို့မြန်မာပြည်အစိုးရအနေနဲ့ တိကျ မှန်ကန်တဲ့သတင်းကိုပေးဖို့ဝန်မလေးဘူးဆိုရင် အဲဒီလူတွေကိုဝင်ခွင့်ပေးရမှာပေါ့။ ဝင်ခွင့်မပေးတဲ့အကြောင်းပြချက်ရဲ့နောက် ကွယ်မှာက သတင်းအမှောင်ချ ဖို့ပဲတခြားဘာမှမရှိဘူး။

MMSY: စစ်တွေမှာ မွတ်စလင်တွေ အင်တာနက်သုံးလို့မရဘူးဆိုတာ ဘယ်လိုဖြစ်လို့လဲ။

Person A: မွတ်စလင်ကိုသုံးခွင့်မပေးဘူး။ အင်တာနက်ဆိုင်ရှိတာလဲ ၃ဆိုင်ပဲရှိတယ်။ အဲဒါလဲ ကုလားဝင်လို့မရဘူး။ တော်တော်ခက်တယ်။ နားလည်မှုရှိ မှ အဲဒီဆိုင်ကိုဝင်လို့ရတာ။ ကျွန်တော့အိမ်မှာကွန်ပြူတာရှိတယ် ကျွန်တော်ဝယ်ပေးထားတာ။ ဒါပေမဲ့အင်တာနက်မရှိဘူး။ ကွန်ပြူတာရှိတာကို ဘယ် သူမှမသိဘူး၊ သိလို့လဲမဖြစ်ဘူး။

Person C: အင်တာနက်ဆိုင်ကနေသုံးတာ တခါတလေရတယ်၊ ဘယ်လိုပြောမလဲဗျာ စစ်တွေမှာရှိတဲ့ တချို့ရိုဟင်ဂျာတွေက ရခိုင်နဲ့ခွဲမရအောင်တူတယ်။ ရခိုင်စကားတတ် အဲလိုမျိုးဆိုတော့ အဲလိုလူတွေပဲ။ အခုအဲလိုလူတွေတောင် အိုးမဲ့အိမ်မဲ့ဖြစ်နေတော့ ထွက်လို့မရတာမဟုတ်ဘူး။ အိမ်ကအကုန်ကုန်သွားပြီ။ ကျွန်တော့အဒေါ် မိသားစုဆိုရင် တမိသားစုလုံးသားသမီးတွေအားလုံးကဘွဲ့ရတွေ၊ အကုန်လုံးစစ်တွေတက္ကသိုကနေဘွဲ့ရ ထားတာ၊ ရခိုင်စကားကိုလဲရခိုင်တွေလို တတ်တယ်။ သူတို့လဲ အခုနေရာမရှိတော့ဘူး။ အိမ်လဲမီးရှို့ခံလိုက်ရပြီ၊ (xxx) မှာသွားနေနေရတယ်။

Person A: သူတို့အမျိုးတွေကျွန်တော်သိတယ်၊ သူတို့ (xxx) ရွာမှာနေတာမဟုတ်လား။

Person C: အင်း။

Person A: သူတို့ဘက်ကလူတွေ ကျွန်တော့တို့အမျိုးဆီရောက်လာတယ်။ အမျိုးမှာ ဂိုဒေါင်တလုံးရှိတယ်၊ အဲဒီဂိုဒေါင်မှာပဲနေတာ။ အယောက် ၅၀၀နေနေတယ်။

MMSY: ဂိုဒေါင်ကဘယ်လောက်ကြီးလဲ။

Person A: ကြီးတယ်၊တော်တော်ကြီးတယ်။ ပေ၃၀၀လောက်ရှိမယ်။ ဟုတ်တယ်။ အယောက်၅၀၀လုံးအဲ့ဒီမှာနေတယ်။

MMSY: စစ်တွေကအင်တာနက်ဆိုင်နာမည်တွေသိလားမသိဘူး၊

Person A: ကျွန်တော်အတိအကျမသိဘူး၊

Person C: အရင်တုန်းကသူတို့ဆိုရင်ဗျာ ရခိုင်လားရိုဟင်ဂျာလားဆိုတာခွဲလို့မရဘူး၊ရုပ်တွေဘာတွေကအစ။ တကယ့်တကယ်ဖြစ်လာတော့ သူတို့သက်သက် ကိုယ်သက်သက်ပဲ။

MMSY: ဘင်ဂလားဒေ့ရှ်ဘက်ကနေဝင်လာပြီးရင် ရိုဟင်ဂျာ information ယူတဲ့လူမရှိဘူးလား။

Person C: ဘယ်ရမလဲ၊ဘယ်ဝင်လို့ရမလဲ။

Person B: နယ်စပ်ကအခုပိတ်ထားတယ်လို့ပြောတယ်။

Person C: နယ်စပ်ကဝင်ရင်လဲ ၄မိုင်အထိ မောင်းတောတခွင်ပဲသွားလို့ရမယ်။ မောင်းတောတောင်မြို့ပေါ်ပဲနော်။ ရွာထဲသွားလို့မရဘူး။ မြို့ပေါ်မှာပဲနေရမယ်။သုံးရက်မဟုတ်ရင် တပတ်လားပဲ pass ပေးတာ။ ဝင်သွားတာနဲ့ဂိတ်ကနေထောက်လှမ်းရေးလိုက်မှာ။ ဘယ်အိမ်သွားလဲ၊ ဘယ်သူနဲ့စကားပြောလဲ အကုန်လုံး record လုပ်ထားပြီးသားပဲ၊ ဒါကျွန်တော်ကကိုယ်တွေ.ကြုံတာ။

ဒီတက်ပ်နက်ပ်ကနေမောင်းတောဆိပ်ကမ်းကိုရောက်တယ်မဟုတ်လား၊ ဆိပ်ကမ်းက စက်လှေကနေ immigration pass ဖြစ်တာနဲ့ အဲဒီနောက်ကထောက် လှမ်းရေးကလိုက်ပြီးသားဆိုတော့ အဲဒီလူကစီးပွါးရေးအတွက်ပဲသွားသွား၊ ဘာအတွက်ပဲသွားသွား အဲဒီလူနောက်ကနေ လိုက်နေတယ်၊ ဆိုတော့ဝင်ပြီးတော့ အထဲမှာလှုပ်ရှားဖို့မဖြစ်နိုင်ဘူး၊ ပြီးတော့အိမ်တွေမှာနေလို့မရဘူး၊ အိမ်မှာတည်းလို့မရဘူး၊တည်းခိုခန်းက၂ခုပဲရှိတယ်၊ ယူနိုက်တက်နဲ့နောက်တခုက — ဘာလဲမေ့သွားပြီ။ ယူနိုက်တက်ကမီးရှို့လိုက်ပြီလားမသိဘူး။ အဲဒီတည်းခိုခန်းနှစ်ခုမှာပဲတည်းလို့ရတယ်။

ပြီးတော့လူတွေက ကာဖျူးထုတ်ထားတဲ့အချိန်၊ ဒီလောက်ပြသနာတက်ထားတဲ့အချိန်ဘယ်သူကထွက်ပြီးတော့လုပ်မလဲ။

MMSY မေးကြည့်သေးလား၊ဘာဖြစ်လို့ဓာတ်ပုံတွေမတွေရလဲဆိုတာ။ အထဲကလူတွေကို ဓာတ်ပုံတွေပို့ပေးလို့မရဘူးလားလို့မေးကြည့်သေးလား။

Person C: သူတို့ကသူတို့ကိုသူတို့ကာကွယ်နေရတဲ့အချိန်ဗျာ၊ ကိုယ်လွတ်ရုံးနေရတဲ့အချိန်မှာ ဒီလိုဟာတွေလုပ်ဖို့မရဘူး။ ဖုန်းဆက်ရင်ငိုသံက လွဲလို့ကျန်တဲ့အ သံကမလာဘူး၊ ဒါတောင်စိတ်ခိုင်တဲ့သူက ကျွန်တော့တို့ အမျိုးမှာဘယ်သူသေသွားလဲဘာညာပြောပြလို့၊ ပြောတာတောင် ငါတို့ပြောလို့ရပါ့မလားဆိုတာ အရင်မေးသေးတယ်။ ကြောက်နေကြတယ်။

MMSYး အပြင်ထွက်လို့မရဘူးဆိုတော့ တခြားဈေးဝယ်တာတို့ဘာတို့ကြတော့ဘယ်လိုလုပ်လဲ။ စားစရာသောက်စရာတွေက။

Person C: မရှိဘူး၊ဘာမှမရှိဘူး။ ကျွန်တော်ပြောပြမယ် ကျွန်တော့အမျိုးတွေဆိုလို့ရှိရင် ရခိုင်တွေနဲ့အပေါင်းအသင်းကောင်းကောင်းမွန်မွန်ရှိတယ်။အခုအချိန်မှာ ဆိုက်ကားသမားတယောက်ကို ဒါလေးဝယ်ပေးပါဆိုပြီး အကူအညီတောင်းတာတောင်အဲဒီဆိုက်ကားသမားကို RNDP ကမှာထားတယ် မွတ်စလင်ဆို ရင်လုံးဝမကူညီရဘူး။ ဆိုက်ကားသမားအသိနဲ့တောင် အစားအသောက်ဝယ်လို့မရဘူး။ အစားအသောက်ရတာက ရန်ကုန်ကနေစစ်တပ်နဲ့ လိုင်းရိုက်ပြီးပို့တဲ့ အစားအသောက်ပဲရတာ။

MMSY အိမ်ထဲမှာနေရင်လာပို့တယ်အဲလိုလား။

Person A: သူတို့ကိုပိုက်ဆံပေးရတယ်၊ ပိုက်ဆံ ၂ ဆ အပိုပေးရတယ် အဲ့ဒီလိုပေါ့

MMSY ကိုယ်ကိုတိုင်အပြင်ထွက်လို့မရဘူးပေါ့။

Person A: မရဘူး၊မရဘူး။

Person C: ခလေးထွက်တယ်၊ ခလေးကိုမလုပ်ဘူးဆိုပြီးတော့၊ ဒါပေမဲ့ ခလေးကိုသတ်ပစ်လိုက်တယ်လေ။

Person A: ခလေးတယောက်ကိုသတ်ပစ်လိုက်တယ်၊ ပြီးခဲ့တဲ့စနေနေ့ကပေါ့။

MMSYး ဘယ်အရွယ်လဲ။

Person C: ၁၂ နှစ်။

MMSYး ထမင်းထုတ်ကပိုက်ဆံဘယ်လိုပေးရတာလဲ။

Person A: လူအများကြီးစုပြီးအသားတွေ၊ ငါးတွေဘာတွေမှာလိုက်တယ်။မှာတဲ့လူကို ၃၊ ၄ထောင်ပေးရတာပေါ့။

MMSYး အဲဒီသွားပေးခ၊ လာပေးခ။

Person B: ဟုတ်တယ်။ အဖမ်းခံရတဲ့လူဆိုရင် ၅ ထောင်ပေးမှ ထမင်းထုတ်ပေးသွင်းတယ်။

မှ ကူးယူဖော်ပြပါသည်။

အစ္စလာမ်အဖွဲ့က ဒေါ်အောင်ဆန်းစုကြည်ကို တိုက်တွန်း

အစ္စလာမ်အဖွဲ့က ဒေါ်အောင်ဆန်းစုကြည်ကို တိုက်တွန်း

2012-07-05



OIC ခေါ် အစ္စလာမ် ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့က အမျိုးသား ဒီမိုကရေစီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာပြည်က ရိုဟင်ဂျာတွေ အကြမ်းဖက်ခံရမှု အဆုံးသတ်ရေးအတွက် ကူညီပါရန် တိုက်တွန်းလိုက်ပါတယ်။
Organization of Islamic Cooperation (OIC) အဖွဲ့အကြီးအကဲ မစ္စတာ အစ်ကမက်လဒင်း အီစားနို
OIC အဖွဲ့အကြီးအကဲ မစ္စတာ အစ်ကမက်လဒင်း အီစားနို (Ekmeleddin Ihsanoglu) က ဒေါ်အောင်ဆန်းစုကြည်ကို စာနဲ့ရေးသား မေတ္တာရပ်ခံရာမှာ ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင်တဦးအနေနဲ့ ကမ္ဘာ့ ငြိမ်းချမ်းရေးအတွက် လုပ်ငန်းတွေကို မြန်မာပြည်ထဲရေး ပြဿနာတွေ ဖြေရှင်းရာကနေ စတင်ဆောင်ရွက်လိမ့်မယ်လို့ မိမိတို့ ယုံကြည်ပါကြောင်း ဖော်ပြပါရှိပါတယ်။

အဖွဲ့ဝင် ၅၇ နိုင်ငံ ပါရှိတဲ့ OIC အဖွဲ့ရဲ့ ညွန်ကြားရေးမှူးချုပ် မစ္စတာ အစ်ကမက်လဒင်း အီစားနိုက ဒုက္ခသည်တွေ မိမိတို့ နေရာကို မြန်မြန်ဆန်ဆန် ပြန်နိုင်ရေးအတွက်လည်း တိုက်တွန်း ပြောကြားလိုက်ပြီး ရိုဟင်ဂျာများရဲ့ အခွင့်အရေးတွေ ဖောက်ဖျက်ခံရမှု အပေါ်လည်း စိုးရိမ်ပူပန်ကြောင်း ဖော်ပြထားပါတယ်။

ဒါ့အပြင် သူ့ရဲ့စာထဲမှာ ဆော်ဒီအာရေးဗီးယားနိုင်ငံ ဂျက်ဒါမြို့က OIC ဌာနာချုပ်ကို လာရောက် လည်ပတ်ဖို့လည်း ဒေါ်အောင်ဆန်းစုကြည်ကို ဖိတ်ခေါ်ထားပါတယ်။

မှ ကူးယူဖော်ပြပါသည်။

Wednesday, July 4, 2012

Mandalay Phone Gyi – ဘာသာညီအစ်ကိုများ

ဘာသာညီအစ်ကိုများ





မန္တလေးဘုန်းကြီး ၊ ဇူလိုင် ၂၊ ၂၀၁၂

              ခရစ်ယာန်ဘာသာ၊ ဗုဒ္ဓဘာသာ၊ ဟိန္ဒူဘာသာ၊ အစ္စလာမ်ဘာသာ ဘာသာကြီး  လေးရပ်အနက်   ကမ္ဘာ့လူဦးရေ သန်း ပေါင်း ခြောက်ထောင်ရှိရာ ခရစ်ယန်ဘာသာ သန်းပေါင်း ၂၁၀၀၊ အစ္စလာမ်ဘာသာ သန်းပေါင်း ၁၃၀၀၊ ဟိန္ဒူဘာသာ သန်းပေါင်း ၁၀၀၀၊ ဗုဒ္ဓဘာသာ သန်းပေါင်း ၃၇၆ သန်း ဟု စာရင်းကို တွေ့ဖူး၏။

        ကျန်ဦးရေတစ်ချို့ ဘာသာမဲ့နေကြ၏။ တစ်ချို့ နတ်ကိုးကွယ်၏။ ဤသို့ကြားဖူး၏။ ကမ္ဘာ့တိုက်ကြီး လေးတိုက် အာရှ တိုက်၊ ဥရောပတိုက် စသည် ကမ္ဘာအရပ်ရပ် ဘာသာစုံပြန့်နှံ့လျက်ရှိ၏။ ဗုဒ္ဓဘာသာတို့အတွက် ဗုဒ္ဓဘုရားက မေတ္တာကို အထူးဦးစားပေး ဟောခဲ့သော်လည်း တစ်ချို့ ဗုဒ္ဓဘာသာတို့သည် ဘာသာခြားတို့အပေါ် မေတ္တာမထားနိုင်ကြဘဲ မုန်းတီးရေး ဝါဒကို ဖန်တီးလိုကြ၏။

           ဘဝရှင် မင်းတုန်းမင်းတရားကြီးလက်ထက် ဘာသာခြားတို့သည် မန္တလေးမြို့ကစ၍ အလျှို အလျှို  ဝင်ရောက် လာကြ၏။ တားမရ ဆီးမနိုင်ဖြစ်၍ ဗုဒ္ဓဘာသာဝါဒ မေတ္တာ ကရုဏာကို လက်သုံးပြုလျက် သေနတ်ပစ်အတတ်၊ အမြောက်ပစ် အတတ်ကို တတ်မြောက်ရန်သင်ကြားစေကာ တတ်မြောက်သည့်အခါ ကာကွယ်ရေးဌာန ၀န်ထမ်းလုပ်စေလျက် အစ္စလာမ် ဘာသာဝင် မွတ်စလင်လူမျိုးတို့ကို သိမ်းသွင်းစည်းရုံးထားသည် ကြာဖူး၏။

                 ရှေးအခါ ထိုစဉ်က ဈေးချိုအရှေ့ဘက်ကိုပင် အမြောက်တန်းဟု ခေါ်တွင်စေလျက် မွတ်စလင်လူမျိုးတို့ စုရုံးနေထိုင် ကြ၏။ ၁၂၄၇-ခုနှစ်၊ မြန်မာသက္ကရာဇ် အင်္ဂလိပ်မင်းအုပ်ချုပ်သည့်အခါ မွတ်စလင်ခေါ် အစ္စလာမ်လူမျိုး၊ ခရစ်ယာန်လူမျိုးတို့ ပိုမိုများပြားလာ၏။ မြန်မာအမျိုးသမီးတို့ ဘာသာခြားလူမျိုး၊ နိုင်ငံရပ်ခြားလူမျိုးတို့နှင့် စုလျားရစ်ပတ် လက်ထပ်ထိမ်းမြား ကြ၏။ ဘာသာခြားလူမျိုးများပြားလာ၏။

              အလွန်ကြည့်ကောင်းသော ရှုချင်ဖွယ်မြန်မာပြည်ကို သုံးသပ်ကြည့်ရှုရာတွင် ၁၂၈၂-ခုနှစ်ဆီလောက်က ပညာရေး တိုက်ပွဲများ အောင်မြင်စ ပေါ်လာသည်။ အင်္ဂလိပ်မင်း ဘုရင်ခံလက်အောက် နေရစေကာမူ အမျိုးရေး, ဘာသာရေး, သာသနာရေး တက်ကြွလှုပ်ရှားလာ၏။ မြန်မာသက္ကရာဇ် ၁၂၆၀-ဖွား ၁၂၆၁-ဖွားတို့ကအစ အင်္ဂလိပ်ကျောင်းထွက်တို့သည် မျက်စိပွင့်လာကြ၏။ နှလုံးရည်တိုက်ပွဲ ပေါ်ထွန်းလာ၏။ နိုင်ငံရေးအဖွဲ့အစည်းတွေ များပြားလာ၏။ အထူးအားဖြင့် မြန်မာ သက္ကရာဇ် ၁၂၇၁-ခု၊ ၁၂၇၂-ခု၊ ၁၂၇၃-ခု ၀န်းကျင် နှစ်များတွင်း မွေးဖွားလာသောပုဂ္ဂိုလ်တို့ ယောက်ျားဇာနည် ဖြစ်လာကြ၏။

             ထို့ဖြစ်ရပ်အတောအတွင်း ထိုနှစ်များအတောအတွင်း မြန်မာ့ခေါင်းဆောင် ဆရာကြီးဦးရာဇတ်၊ လွတ်လပ်ရေး ဗိသုကာ ဗိုလ်ချုပ်အောင်ဆန်းတို့သမိုင်းကို စိတ်ထဲတွင် ထင်းထင်းကြီးပေါ်နေ၏။ ဒီးဒုတ်ဦးဘချို၊ ဖေ-ပု-ရှိန် မန္တလေးဦးဘဦး စသည် အလွန်အားကိုးရသော နိုင်ငံရေးခေါင်းဆောင်ကြီးတွေ အမြဲသတိရ ဂုဏ်ကျေးဇူးအောက်မေ့ပါ၏။

              အလွန်တက်ကြွကြီးကျယ်သော ရဟန်းရှင်လူပြည်သူအများ အလွန်ညီညွတ်သော န၀မကွန်ဖရင့်ကြီး ဆိုတဲ့ အင်္ဂလိပ် တိုက်ပွဲ၊ လွတ်လပ်ရေးတိုက်ပွဲ အစည်းအဝေးကြီး မန္တလေး တာရဲတန်းတွင် ခုနှစ်ရက်တိုင်တိုင် ကျင်းပပြုလုပ်ခဲ့သည် ဆိုသည်မှာလည်း ထိုခေတ် ထိုနှစ်ဆီကပင် ဖြစ်၏။ (န၀မကွန်ဖရင့်အကြောင်းကို မှတ်တမ်းမှတ်ရာပြုမယ်ဆိုလျှင် ဘုန်ကြီးများ မတတ်နိုင်ပါ။ မရေးနိုင်ပါ။ ထိုမှတ်တမ်းသမိုင်းများကို ရှာဖွေလှန်လှော်ကြည့်ကြပါဟု တိုက်တွန်းလိုက်ပါ၏။ )

              ထိုလွတ်လပ်ရေးတိုက်ပွဲ န၀မကွန်ဖရင့်၏ အထူးခြားဆုံးဖြစ်ရပ်တစ်ခုကို အထူး ပြောကြားလိုပါသေး၏။ ထိုပွဲကြီးကို မန္တလေး လေးပြင်လေးရပ် သံဃာပေါင်းစုံ၊ တိုက် ပေါင်းစုံ ပါဝင်ခဲ့ခြင်းဖြစ်ရပ်တစ်ခု။

             နောက်တစ်ခုကို အထူးသိစေလိုသည်မှာ မန္တလေး မြန်မာ တရုပ် ကုလား မွတ်စလင်စသော လူမျိုးစုံတို့၏ ဤလွတ်လပ်ရေးတိုက်ပွဲကြောင့် အင်္ဂလိပ်အစိုးရသည် မြန်မာပြည်လွတ်လပ်ရေးပေးဖို့ စိတ်ဖြစ်ပေါ်လာသည်ဆိုသော သမိုင်းကြောင်းကို ဖွင့်ဆိုလိုက်ပေ၏။

               ရန်ကုန်ယူနီဗာစီတီတက္ကသိုလ်မှာ ကျောင်းတက်နေသော ဆရာကြီးဦးရာဇတ်နှင့် ဗိုလ်ချုပ်အောင်ဆန်းတို့အကြောင်း ကို အနည်းငယ် ပြောရလျှင် သူတို့နှစ်ယောက်လုံး-

(၁) ငါတို့ မြန်မာပြည်မှာ မွေးဖွားသည်။
(၂) ငါတို့ မြန်မာထမင်းအာဟာရ စားသုံးနေသည်။
(၃) ငါတို့ မြန်မာပြည်မှာ ကျောင်းနေသည်
(၄) ငါတို့ မြန်မာပြည်မှာ ပညာသင်သည်။
(၅) ငါတို့အလုပ်သည် မြန်မာပြည်လွတ်လပ်ရေးရဖို့ အလုပ်ဖြစ်သည်။

              ဤနှစ်ဦးလုံး စိတ်ထားချင်းတူကြ၏။ မည်သို့ စိတ်ထားချင်းတူသော်လည်း ဆရာကြီး ဦးရာဇတ်က ဗိုလ်ချုပ် အောင်ဆန်း၏ လက်အောက်တွင် ဗိုလ်ချုပ် အောင်ဆန်း၏ သဘောတူညီချက်အရ မန္တလေးနေရှင်နယ်အမျိုးသား ကျောင်း အုပ်ကြီးအဖြစ် လုပ်ဆောင်ခဲ့ရာမှ နေ့စဉ်မြန်မာပြည်လွတ်လပ်ရေးတိုက်ပွဲကိုသာ အမြဲစဉ်းစားလျက် နေရှင်နယ် အမျိုးသား ကျောင်းကြီး၌ ‘ရဲညွန့်တပ်ဖွဲ့’ ဟူ၍ ဖွဲ့စည်းလျက် လွတ်လပ်ရေးတိုက်ပွဲ အမြဲတမ်းပြင်ဆင်နေသည်ကို ကြားဖူးသည်။

             နောက်အင်္ဂလိပ်အစိုးရက ရဲညွန့် တပ်ဖွဲ့-မဖွဲ့ရ၊ မရှိရဟု တားမြစ်ပိတ်ပင်သည်ဟု ကြားရသည်။
ဆရာကြီးဦးရာဇတ်သည် မိတ္ထီလာဇာတိသား၊ ဗိုလ်ချုပ်အောင်ဆန်းသည် နတ်မောက် ဇာတိသား ဖြစ်၍ တစ်နယ် ထဲနေ တစ်ရေထဲသောက် တစ်ခရီးထဲ အတူသွားသော အာဇာနည်ပုဂ္ဂိုလ်ကြီး နှစ်ယောက်ဖြစ်၏။

              တစ်ယောက်က မွတ်စလင် အစ္စလာမ်၊ တစ်ယောက်က ဗုဒ္ဓဘာသာဖြစ်သော်လည်း မင်းက ဘယ်ဘာသာ၊ ငါက ဘယ်ဘာသာဟူ၍ ဘာသာနှင့်စပ်၍ မပြောခဲ့စဖူးဟု သိရ၏။ မြန်မာပြည်သားပီပီ မြန်မာပြည်လွတ်လပ်ရေး ရရေးကိုသာ တစိုက်မတ်မတ် လုပ်ခဲ့ကြသော ခေါင်းဆောင်ကြီးများဖြစ်၍ ထိုခေါင်းဆောင်ကြီးနှစ်ဦးအပါအ၀င် အာဇာနည်မြောက် များစွာတို့ အသက်ပေး သွေး, ချွေးဖြင့် ဆောင်ရွက်ခဲ့သော လွတ်လပ်ရေးပန်းတိုင်အောက်မှာ ကျွန်ုပ်တို့ ရဟန်းရှင်လူပြည်သူ များစွာ ပျော်ရွှင်စွာ နေထိုင်ကြရသည်မဟုတ်ပါလော။ ထိုသို့ ပျော်ရွှင်စွာနေထိုင်စဉ် “သခွပ်ပင်က မီးတကျီကျီ မဖြစ်ကြပါနဲ့၊ မလုပ်ကြပါနဲ့” ဟူ၍ ဘုန်းကြီးတစ်ပါးအနေဖြင့် တောင်းပန်စကား ပြောကြားအပ်ပါသတည်း။

အောက်ပါ ကဗျာကို ကောက်နုတ်ကိုးကားပြီး မိမိ၏ စာကို နိဂုံး ချုပ်အပ်ပါသည်။


“ကိုယ့်ချင်းစာ ထားကြည့်”
သည်တိုင်းပြည်ခို
သည်ရေကိုသောက်
သည်မြေအောက်က
ကူထောက်စီးပွား
ထုတ်ယူစားပြီး
ပြည်ဖွားအိမ်ရှင်
ရန်သူထင်
အသင်မှားနေပြီ။
အိမ်ရှင်ရိုကျိုး
အိမ်ရှင်ကိုးသော
မျိုးရိုးဘာသာ
သာသနာကို
ခြေရာနင်းလျက
အတင်းဖျက်
ရက်စက်လွန်းနေပြီ။
အိမ်ရှင်ကဖွား
သမီးသားကို
ဇနီးအဖြစ်
လင်အဖြစ်ဖြင့်
အနှစ်ကိုနှုတ်
အညစ်မြှုပ်လျက်
မွေးထုတ်ကလေး
စပ်တူသွေးတွင်
အရေးချက်ချာ
မျိုးဘာသာအား
လုယူထား
စော်ကားလွန်းနေပြီ။
သင့်အိမ်ခိုလျက်
သင့်ကိုဖျက်
သင်လက်ခံမည်လော
သမီးပျော်ပါး
သားပျော်ပါး
စော်ကားခံမည်လော။

(အထက်ပါ ကဗျာကို … ကဗျာ့ဘဏ်တိုက် စာမျက်နှာ ၈၇ ၊ နတ်တလူစာစဉ် (၁) ၊ ၀န၀ါသီ ဥေယျဓမ္မသာမိထေရ် (မဟာဗောဓိမြိုင် ) ဆရာတော်ပြုစုတဲ့ စာအုပ်မှ ကိုးကားဖော်ပြတာ ဖြစ်ပါတယ်)




http://moemaka.com/archives/25076









Tuesday, July 3, 2012

မွတ်စလင်မ် ၁၀ ယောက်သတ်ဖြတ်ခဲ့သူ ၃၀ အားအစိုးရကဖမ်းဆီး

               မြန်မာနိုင်ငံရှိ ရဲမျာကး လွန်ခဲ့သည့်လက ရခိုင်ပြည်နယ်အတွင်း လူမျိုးရေး အကြမ်းဖက်မှုများ စတင်ဖြစ်ပွားစေခဲ့သည့် မွတ်စလင်မ် ၁၀ ဦးအား ရိုင်းစိုင်းစွာ သတ်ဖြတ်ခဲ့မှုနှင့် ပတ်သက်ဆက်နွယ်ခဲ့သော
လူ အယောက် ၃၀ အားဖမ်ဆီးပါသည်အဆိုပါလူမျိုးရေး အကြမ်းဖက်မှုများကြောင့် လူ ၈၀ ခန့်အသက်ဆုံးရှုံး ခဲ့ရပြီး ရာပေါင်းထောင်ပေါင်း များစွာ နေအိမ်များမှ ပြောင်းရွေ့ နေရာချထား
ခံခဲ့ရပါသည်။
လူ ၃၀ အားဖမ်းဆီးထားပြီး ဥပဒေအရ အရေးယူသွားမည်ဖြစ်ကြောင်း တနင်္လာနေ့ကထုတ်ဝေသော မြန်မာ့အလင်းသတင်းစာတွင် ပါရှိခဲ့ပါသည်။ အဆိုပါ အမှုသည် လွန်ခဲ့သည့် ဇွန်လ ၃ ဘတ်စ်ကားဖြင့် ခရီးသွားခဲ့သော မွတ်စလင်များအား အသက်ဆုံးရှုံးသည် အထိ ရက်ရက်စက်စက် ရိုက်နှက်သတ်ဖြတ်ခဲ့ သောအမှုဖြစ်ပါသည်။
အဆိုပါ အဓိကရုဏ်းများနှင့် အကြမ်းဖက်သတ်ဖြတ်မှုများသည် .....
ဆယ်စုနှစ် ၅ ခုတိုင်တိုင်အုပ်ချုပ်ခဲ့သော စစ်အာဏာရှင်စနစ် အဆုံးသတ်ပြီးနောက် ပထမဦးဆုံးတက်လာသော အရပ်သားအစိုးရမှ ရင်ဆိုင်နေရသည့် ကြီးမားလှသော ကြီးမားလှသောစိန်ခေါ်မှုကြီးတစ်ရပ်ဖြစ်ပါသည်။
၁၅ လသက်တန်းသာရှိသေးသော အစိုးရက ပြောကြားရာတွင် ၎င်းတို့အနေဖြင့် များစွာသော လူမျိုးများနှင့် ဘာသာ ကွဲပြားမူများ အကြား ငြိမ်းချမ်းရေးလုပ်ငန်းများအား အရှိန်တိုးမြှင့်ဆောင်ရွက်သွားမည် ဟုပြောကြားခဲ့ပါသည်။
အထူးသဖြင့် ရခိုင်ပြည်နယ် အနောက်မြောက်ပိုင်းတွင် ကာလရှည်ကြာစွာ အုပ်စုများအကြား တင်းမာမှုများဖြင့် ၀ရုန်းသုန်းကား ဖြစ်နေမှုအား ရင်ဆိုင်နေရပါသည်။
အဆိုပါ မွတ်စလင်များအား တရားလက်လွတ်သတ်ဖြတ်ခဲ့မှုသည် အခင်းမဖြစ်ခင် ၆ ရက်အရင်က ၎င်းတို့နှင့် တစ်စုံတစ်ရာ ပတ်သက်မှု အလျင်းမရှိသော လူ ၃ ဦးမှ ဗုဒ္ဓဘာသာဝင် အမျိုးသမီးတစ်ဦးအား အုပ်စုဖွဲ့ မုဒိန်းကျင့်မှု အပေါ် လက်စားခြေသောလုပ်ရပ် ဖြစ်သည်ဟု ထင်ရပါသည်။
အမျိုးသမီးတစ်ဦးအား သတ်ဖြတ်ခဲ့မှုနှင့်ပတ်သက်ပြီး မွတ်စလင်မ် လူငယ် ၃ ဦးမှာ အပြစ်ရှိကြောင်းတွေ့ရှိရပြီး၊ အဆိုပါ ၃ ဦး အနက် ၁ ဦးမှာ မိမိကိုယ်ကို အဆုံးစီရင်ခဲ့ပြီး ကျန် ၂ ဦးမှာ ဇွန်လ ၁၈ ရက်နေ့က သေဒဏ်ပေးခံခဲ့ရပါသည်။
အဆိုပါဖြစ်ရပ် ၂ ခုအပြင် နောက်ဆက်တွဲ ဖြစ်ပွားခဲ့သော ရခိုင် အရေးအခင်းများသည် ဗုဒ္ဓဘာသာဝင် ရခိုင်လူမျိုးများနှင့် မွတ်စလင်မ် ရိုဟင်ဂျာများ အကြား ရန်လိုမှုများအား ဦးတည်သွားစေခဲ့ကြောင်း သိရှိရပြီး အဆိုပါ မွတ်စလင်မ် ရိုဟင်ဂျာများမှာတိုင်းပြည်အတွင်း မျိုးဆက်ပေါင်းများစွာနေထိုင်ခဲ့သော်လည်း ၎င်းတို့အား မြန်မာနိုင်ငံသားများအဖြစ် အသိအမှတ်ပြုခြင်း မခံရပါ။
ထောင်ပေါင်းများစွာသော ရခိုင်များနှင့် ရိုဟင်ဂျာများမှာ အကြမ်းဖက်မှုများကြောင့် ထွက်ပြေးခဲ့ရပါသည်။ တောင်အာရှ အနွယ်ဝင် ရိုဟင်ဂျာများအနက်တစ်ချို့မှာ အိမ်နီးချင်း ဘင်္ဂလားဒေရှ့်နိုင်ငံသို့ လှေများဖြင့် ထွက်ပြေးလွတ်မြောက်ရန် ကြိုးစားခဲ့သလို အများစုမှာ အဝေးသို့လှည့်ပြေးခဲ့ရပါသည်။ ဘင်္ဂလားဒေရှ့်နိုင်ငံကလည်း ၎င်းတို့အား ဘင်္ဂလားဒေရှ့်နိုင်ငံသား အဖြစ် အသိအမှတ်ပြုရန် ငြင်းဆန်ခဲ့ကြောင်း Asia One သတင်း တွင်ပါရှိခဲ့ပါသည်။

ကူဝိတ်က မြန်မာ၏ ကြမ်းကြုတ်ရက်စက်မှုအား ပြစ်တင်




             လူသားချင်းစာနာစိတ် ကင်းမဲ့စွာ မြန်မာနိုင်ငံရှိ မွတ်စလင်များအပေါ် ကျင့်သုံးနေမူများအား ကူဝိတ်နိုင်ငံ အနေဖြင့် ရှုတ်ချကြောင်း ကူဝိတ်နိုင်ငံခြားရေး ၀န်ကြီှးဌာနက ထုတ်ပြန်ကြေငြာခဲ့ပါသည်။
              OIC အဖွဲ့ဝင်နိုင်ငံတစ်ခုအနေဖြင့် ကူဝိတ်နိုင်ငံအနေဖြင့် တကမ္ဘာလုံးရှိ   မွတ်စလင်မ်များအား        ပိုမှိုကောင်းမွန်သော အခြေအနေများ ဖြင့်နေထိုင် သွားခြင်းကိုသာ မြင်တွေ့  လိုကြောင်း အဆိုပါ ကူဝိတ်ပြောရေးဆိုခွင့် ရှိသူမှပြောကြား သွားခဲ့ပါသည်။
               မကြာခင်က ချမှတ်ခဲ့သော OIC ဆုံးဖြတ်ချက်အရ ......
               မြန်မာအစိုးရ အနေဖြင့် မြန်မာနိုင်ငံရှိ မွတ်စလင်မ်များအား နေရာပြောင်းရွေ့နေခြင်းများနှင့်    အတင်းအကျပ်နှင်ထုတ်နေခြင်းတို့အား အဆုံးသတ်ပေးရန် တောင်းဆိုခဲ့ပါသည်။
              ကူဝိတ်နိုင်ငံ က အခြားသော OIC အဖွဲ့ဝင်နိုင်ငံများနှင့် ဆက်သွယ်ပြီး လူအခွင့်အရေး    ကျင့်သုံးမှုဆိုင်ရာ အပြည်ပြည်ဆိုင်ရာ ချမှတ်ထားသော တရားဝင် ဥပဒေများကို လေးစားရန် မွတ်စလင်မ်  အဖွဲ့အစည်းကြီး၏ ဆုံးဖြတ်ချက်အားဖြင့် မြန်မာအစိုးရအား တောင်းဆိုသွား မည်ဖြစ်ကြောင်း ဇူလိုင်လ ၁   ရက်နေ့ထုတ် Arabtimeonline သတင်းများအရ သိရှိရပါသည်။
              အဆိုပါ အတော အတွင်း ကူဝိတ်လွှတ်တော်အမတ်များက မြန်မာအစိုးရမှ တာဝန်ရှိသော   မွတ်စလင်များအပေါ် ယုတ်မာစွာ စွပ်စွဲခဲ့မှုများပြုလုပ်ရုံမျှမက အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့မှု   ကျူးလွန်ခဲ့ခြင်းများကြောင့် ကူဝိတ်နိုင်ငံ ဆိုင်ရာ မြန်မာသံအမတ်အား ထုတ်ပြစ်ရန် စနေနေ့က   ပြုလုပ်ခဲ့သော ဆန္ဒပြပွဲများတွင် တောင်းဆိုခဲ့သည်ဟု Al-Seyassah daily
သတင်းများတွင် ပါရှိပါသည်။
             အဆိုပါ ဆန္ဒပြပွဲများတွင် လွှတ်တော်အမတ်များဖြစ်သော Dr Waleed Al-Tabtabaei နှင့် Mohammad Hayef အပြင် ယခင် လွှတ်တော်အမတ်များဖြစ်သော Bader Al-Dahoum နှင့် Khaled Shukhair တို့ပါဝင်ခဲ့ကြပါသည်။
           အဆိုပါဆန္ဒပြပွဲများ အတွင်း ၎င်းတို့အနေဖြင့် လက်မှတ်များ စုစည်း ကောက်ခံခဲ့ပြီး မြန်မာသံအမတ်အား ၎င်းအစိုးရ၏ လုပ်ရပ်ကို ရှုတ်ချသည့် စာကို အဆိုပါလက်မှတ်နှင့် အတူပေးခဲ့ကြောင်းသိရှိ ရပါသည်။
            အပြစ်ရှိသူများအား ပြည်တွင်း ပြည်ပရှိ တရားရုံးများတွင် တရားစီရင်ပေးရန်လည်း ဆန္ဒပြသူများက တောင်းဆိုခဲ့ပါသည်။
            အဆိုပါ ဆန္ဒပြသူများ မြန်မာနိုင်ငံရှိမွတ်စလင်မ်များအား ကာကွယ်သွားရန် အစွန်းကုန် ကြိုးပမ်းကြရန် တိုက်တွန်းနိုးဆော်ခဲ့ကြောင်း ပါရှိခဲပါသည်။