Monday, August 6, 2012

ရခိုင်ပြည်နယ်အရေး အဖြစ်မှန်ဖော်ထုတ်ဖို့ ကင်တားနားတိုက်တွန်း

ပြီးခဲ့တဲ့ ဇွန်လအတွင်း ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခနဲ့ ပတ်သက်ပြီး အဖြစ်မှန်ကို စုံစမ်းဖော်ထုတ်ဖို့ ကုလသမဂ္ဂ လူ့အခွင့်ရေး ကိုယ်စားလှယ် မစ္စတာ သောမတ်စ် ကင်တားနားက မြန်မာအစိုးရကို တိုက်တွန်းလိုက်ပါတယ်။

မြန်မာနိုင်ငံကို ၆ ရက်ကြာ သွားရောက် လေ့လာစုံစမ်းခဲ့တဲ့ မစ္စတာ ကင်တားနားက ခရီးစဉ်ပြီးဆုံးတဲ့နောက် အခုလို တိုက်တွန်း ပြောဆိုလိုက်တာပါ။
ရခိုင်ပြည်နယ် အခြေအနေနဲ့ ပတ်သက်လို့ မနေ့က ပြုလုပ်ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ မစ္စတာ သောမတ်စ် ကင်တားနားက - ရခိုင်ပြည်နယ်မှာရှိတဲ့ လူ့အခွင့်အရေး အခြေအနေဟာ စိုးရိမ်စရာ ကောင်းပါတယ်။ ပဋိပက္ခတွေကြောင့် ပြည်သူတွေ အနေနဲ့ အိုးအိမ်တွေ၊ အသက်မွေးဝမ်းကြောင်း လုပ်ငန်းတွေ ပျက်စီး ဆုံးရှုံးခဲ့ရတာတွေကို ကိုယ်တိုင်တွေ့မြင်ခဲ့ ရပါတယ်လို့ ပြောဆိုခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဇွန်လက ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့တဲ့ ဒေသခံ ဗုဒ္ဓဘာသာ ရခိုင်လူမျိုးတွေနဲ့ မူဆလင် ရိုဟင်ဂျာတွေ အကြား ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေနဲ့ ပတ်သက်ပြီး အဖြစ်မှန်တွေ စုံစမ်း ဖော်ထုတ်ဖို့ လိုအပ်ကြောင်း၊ ဒါ့အပြင် အဲဒီ အရေးအခင်းအတွင်း မြန်မာ့ လုံခြုံရေး တပ်ဖွဲ့တွေက ညှဉ်းပန်း နှိပ်စက်မှုနဲ့ သတ်ဖြတ်မှုတွေ ကျူးလွန်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်လို့လည်း စုံးစမ်း ဖော်ထုတ်ဖို့ တိုက်တွန်းခဲ့ပါတယ်။
ဒီစွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး ဟုတ်မှန်ခြင်း ရှိမရှိကိုတော့ သူ့အနေနဲ့ ပြောဆိုရမယ့်သူ မဟုတ်ကြောင်း၊ မြန်မာ အစိုးရအနေနဲ့ ဒီအဖြစ်မှန်တွေကို စုံစမ်းဖော်ထုတ်ပြီး ဖြေရှင်းဖို့ အရေးကြီးကြောင်း ပြောဆိုခဲ့ပါတယ်။
၁၉၈၂ ခုနှစ်က ပြဋ္ဌာန်းခဲ့တဲ့ ဥပဒေကို ပြန်လည် သုံးသပ်ဖို့ လိုတယ်လို့လည်း မစ္စတာ ကင်တားနားက ပြောပါတယ်။ ဒီဥပဒေဟာ ရိုဟင်ဂျာတွေကို နိုင်ငံသားဖြစ်ခွင့်ကနေ ကန့်သတ်ထားသလို လွတ်လပ်စွာ သွားလာခွင့်ကိုလည်း ကန့်သတ်ထားတယ်လို့ ပြောဆိုခဲ့ပါတယ်။
ဒါ့အပြင် မစ္စတာ ကင်တားနားက သူ့ရဲ့အခုရီးစဉ်အပြီး တိုက်တွန်းခဲ့တဲ့ အထဲမှာ နှစ်ပေါင်း ၅၀ ကျော်ကြာ စစ်တပ်က အုပ်ချုပ်ခဲ့တဲ့ မြန်မာနိုင်ငံမှာ အတိုက်အခံတွေနဲ့ တိုင်းရင်းသား လူမျိုးစုတွေအပေါ် ကျူးလွန်ခဲ့တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီး အဖြစ်မှန် ဖော်ထုတ်ရေး ကော်မရှင် Truth Commission တစ်ခု ဖွဲ့စည်း ထူထောင်ဖို့ လိုအပ်တယ်လို့လည်း မြန်မာအစိုးရကို တိုက်တွန်းခဲ့ပါတယ်။
http://www.rfa.org/
မှကူးယူဖော်ပြပါသည်။

Sunday, August 5, 2012

အမှန်ကို ချစ်ပါ (၅)

မြန်မာနိုင်ငံ လွတ်လပ်ရေး နယ်နိမိတ်

မြန်မာအင်ပါယာဟာ သမိုင်းကောင်းလို့ တောင်ငူမင်းဆက် လက်ထက်မှာ ဘယ်လို ကျယ်ဝန်းခဲ့ပါစေ၊ သို့ မဟုတ် သမိုင်းပျက်လို့ ဘယ်လို ကျဉ်းမြောင်းခဲ့ပါစေ- မြန်မာကို အိန္ဒိယက ခွဲ လွတ်လပ်ရေးပေးမယ့် အချိန်မှာ မြန်မာအင်ပါယာရယ်လို့ စတင်အသိ အမှတ်ပြုတဲ့ ပုဂံအင်ပါယာကိုပဲ အသိအမှတ်ပြုပေးခဲ့ပါတယ်။ ဒါကြောင့် မြောက်ဦးနိုင်ငံတော်နဲ့ မြန်မာပြည်အောက်ပိုင်း မွန်တို့ရဲ့ နိုင်ငံဟာ မြန်မာနိုင်ငံထဲမှာ ပါဝင်လာပြီး မဏိပူရနဲ့ မြန်မာ အရှေ့ဘက် လာအို၊ ယိုးဒယားများက မြန်မာနိုင်ငံထဲမှာ မပါဝင်လာတော့ပါ။ (အင်္ဂလိပ်က မြန်မာကို သိမ်းစဉ် ယိုးဒယား၊ လာအိုတို့ဟာ မြန်မာရဲ့ အုပ်ချုပ်ခံများ ဖြစ်နေခဲ့ပါတယ်။)

ဒီမှာ အငြင်းပွားဘွယ် ဖြစ်လာတာက- မြောက်ဦး အင်ပါယာ တစ်ခုလုံးကို မြန်မာပိုင်တယ် ဆိုပြီး ဗိုလ်ချုပ် အောင်ဆန်းက လိုချင်ခဲ့ပါတယ်။ နိုင်ငံရေး အရ ကြည့်ရင် ဗိုလ်ချုပ်အောင်ဆန်းဟာ အမျှော်အမြင်ကြီးသူလို့ မှတ်ချက်ချ နိုင်ပါတယ်။ သူက ဘာသာတရားနဲ့ နိုင်ငံရေးအာဏာ နယ်နမိတ်ကို ခွဲခြားစီစစ်နိုင်တယ်။ ဘုရင် နောင်ပုံစံမျိုး မိမိတို့ရဲ့ အချုပ်အခြာ အာဏာကို ရနိုင်သမျှ ဖြန့်ကျက်ချင်တယ်၊ လူမျိုးမတူ ဘာသာမတူရင်လည်း ပြည်ထောင်စုထဲမှာ လွတ်လပ်တဲ့ ပြည်နယ်များအဖြစ် ထားပြီး နိုင်ငံကို အကျယ်ကြီး တည်ဆောက်ချင်တယ် ဆိုတဲ့ ရည်ရွယ်ချက်ကို တွေ့မြင်ရတယ်။ ပြည်ထောင်စုအတွင်းမှာ ပြည်ထောင်စုရဲ့ အကျိုးတရားကို ခံစားနေရ ရင် ကာလကြာသော် ငါတို့ မြန်မာရယ်လို့ပဲ ခံစားသွားမှာ လို့ ယုံကြည်တယ်။ (လက်ရှိ အမေရိကန် ပြည်ထောင် စု ဥပမာမျိုးပါ။)

ဗိုလ်ချုပ်ကျသွားတော့ နောက်ပိုင်းခေါင်းဆောင်တွေက ဗိုလ်ချုပ်လောက် မပြတ်သားနိုင်ခဲ့ဘူး၊ သြဇာကြီးနေတဲ့ ဗုဒ္ဓဘာသာ ဘုန်းကြီးများကို မလွန်ဆန်နိုင်ဘူးလို့ ပြောရမှာ ဖြစ်တယ်။ ရခိုင်ကို မြောက်ဦးနေပြည်တော် အတိုင်း ယူလိုက်ရင် ရရဲ့သားနဲ့ မွတ်စလင်တွေ လူဦးရေအများကြီး ပါဝင်လာတော့မှာပဲ ဆိုတဲ့ စိတ်နဲ့ မေယုမြစ်က ဖြတ် ယူလိုက်တယ်။ တစ်ကယ်တမ်းမှာ ဘုန်းကြီး ဦးစိန္တာရဲ့ လက်ရုံး ရခိုင်အမတ် ဦးအောင်ဇံဝေက မေယုတောင်က နယ်နမိတ်သတ်မှတ်စေတာပါ။ မေယုတောင်ကသာ နယ်နမိတ်သတ်မှတ်ယူလိုက်ရင် ရသေ့တောင်၊ ဘူးသီး တောင်၊ မောင်းတော နယ်မြေများဟာ ဘင်္ဂလားဒေ့ရှ်ထဲကို အလိုလို ရောက်သွားမှာ ဖြစ်တယ်။ ဦးနုက လက်မခံ ခဲ့ဘဲ မေယုမြစ်ကို နယ်ခြား သတ်မှတ်ပေးလိုက်တော့- ရိုဟင်ဂျာလို့ ခေါ်တွင်တဲ့ လူမျိုးများ ဘိုးစဉ်ဘောင်ဆက် နေခဲ့ရာ ဒေသဟာ မြန်မာနိုင်ငံထဲကို ပါဝင်လာခဲ့တယ်။ အမြင်ကျဉ်းမြောင်းတဲ့ ဘာသာရေးဝါဒီတွေက မိမိရဲ့ အချုပ်အခြာ နိုင်ငံကို ဖဲ့ပေးလိုက်ရတာကို နှမြောရမှန်းတောင် ဆင်ခြင်နိုင်အား မရှိဘူးလို့ ပြောဆိုရတော့မှာပါ။

အင်ပါယာ ကြီးထွားလာခဲ့တဲ့ မြောက်ဦးနေပြည်တော်ဟာလည်း ဘာသာရေး အမြင်ကျဉ်းမြောင်းတဲ့ ဆရာတော် တစ်ချို့ကို အလိုလိုက်ရာက အချင်းချင်းသွေးကွဲ နိုင်ငံပဲ့ခဲ့ရပြီး နောက်ဆုံးမှာ ရခိုင်တို့ရဲ့ အချုပ်အခြာ ပျောက်ဆုံး ခဲ့ရတဲ့ သမိုင်းက အထင်အခြား ဖြစ်သလို၊ ခေတ်သစ်မြန်မာနိုင်ငံဟာလည်း သာသာရေး အမြင်ကျဉ်းမြောင်းမှုတဲ့ ဆရာတော် တစ်ချို့ကို အလိုလိုက်ရင်း နယ်နမိတ်ကျဉ်းမြောင်းခဲ့ရပါတော့တယ်။

အခု လက်ရှိကြုံနေရတဲ့ ရခိုင်ပြည်နယ် အရေးမှာလည်း နိုင်ငံရေးသမားများကိုယ်တိုင် ဘာသာရေး မှိုင်းမိနေ ခြင်း၊ ဘာသာရေး အယူသန် ဆရာတော် တစ်ချို့ရဲ့ သြဇာကို မလွန်ဆန်နိုင်ခြင်း အဖြစ်များကို ကြုံနေရပြီး မြေကို ယူမယ်- လူကိုမောင်းထုတ်မယ် ဆိုတဲ့ စီမံချက်တွေကို ထပ်ဆင့်ချမှတ်နေရပါတော့တယ်။

မရိုးနိုင်တမ်း ထိုးချနေရတဲ့ အဖြစ်က ခိုးဝင်လာသူများ ဆိုတဲ့ ဆိုင်းဘုတ်ဟောင်းကြီးကို ထပ်ဆင့် မိတ္တူကူးနေ ရတဲ့ အဖြစ်ပါ။

ခိုးဝင်လာသူများ

တိုင်းပြည်တစ်ခုနဲ့ တစ်ခု နယ်ခြား မသတ်မှတ်မှီက အင်္ဂလိပ်လက်ထက်မှာ ဘင်္ဂလားနယ်က လူတွေ ရခိုင်ထဲကို ခိုးဝင်လာခဲ့တယ်လို့ ပြောဆိုနေကြပါတယ်။ ဒါကိုလည်း ဟုတ်မဟုတ် သေချာ စစ်ဆေးဘို့ လိုပါမယ်။ (၁) နယ်တစ်ခုမှာ လုပ်ကိုင်စားသောက်စရာ ရှိရင် အဲ့ဒီနေရာကို အခြားက လုပ်စားလိုသူများ ၀င်လာမှာ သေချာပါ တယ်။ ဥပမာ- ထိုင်းနိုင်ငံ၊ မလေးရှားနိုင်ငံကို မြန်မာနိုင်ငံသားတွေ သွားရောက် လုပ်စားသလိုမျိုးပါ။- ဒါပေမယ့် အင်္ဂလိပ်ခေတ်က မြန်မာနိုင်ငံထဲကို ၀င်လာမယ် ဆိုရင် လုပ်ကိုင်စားသောက်လို့ ရတဲ့ နေရာ ရန်ကုန်၊ မန္တလေး စတဲ့နေရာများနဲ့ ဆန်စပါး စိုက်ပျိုးစားသောက်လို့ ရတဲ့ နေရာမျာကိုသာ ၀င်လာမှာပါ။ ရခိုင်နယ်မှာ သူ့လူဦးရေ ထက်ပိုပြီး ဆန်စပါး စိုက်ပျိုးစားသောက်စရာ မြေနေရာ မရှိပါ။ ရခိုင်ရိုးနဲ့ ပင်လယ်ပြင်အကြား မြေနေရာ ကျဉ်း မြောင်းပါတယ်။ ဒီတော့ ရှိပြီးသား လူများက လူပို လက်မခံနိုင်ပါ။ (၂) လူတစ်ဦး မိမိရဲ့ ရွာမှာ ဘယ်သူက အခြား အရပ်ကလာပြီး ရွာမှာ အိမ်ထောင်ကျတာ၊ ဘယ်သူတော့ ပြောင်းလာတာ ဆိုတာမျိုးကို အဲ့ဒီ သက်ဆိုင်ရာ ရွာ သားတိုင်းက သိနေပါတယ်။- ရခိုင်ပြည်နယ်က မြို့တွေဟာ ရန်ကုန်မြို့လောက် မကြီးကျယ်ပါ- အလွယ်တစ်ကူ ခွဲခြားလို့ ရပါတယ်။ ဒါကြောင့် ဘယ်သူက ၀င်လာသူ၊ ဘယ်သူက နဂိုမူလ လူဆိုတာမျိုးကို အလွယ်တစ်ကူ ခွဲ ခြားနိုင်ပါတယ်။ ရိုဟင်ဂျာကို မုန်းနေတဲ့ လူများက ရိုဟင်ဂျာ အားလုံးဟာ ခိုးဝင်လာသူများလို့ ပြောဆိုတာနေ တာကိုချည်း အတည်ယူပြီး- အမှန်ကို အမှန်အတိုင်း ပြောတဲ့ ရခိုင်များရဲ့ စကားများကို လျှစ်လျှူရှုထားတာမျိုးက အလွန်တရာ တစ်ဘက်သက် အမုန်းဆန်ပါတယ်။

ရသေ့တောင် မြို့သား နယ်သားဖြစ်တဲ့ “ကျွန်တော်တို့ဆီမှာ ခိုးဝင်လာသူများ မရှိဘူး၊ မွတ်စလင်ရွာတွေက အရင်ကတည်းက ရှိနေတယ်၊ ကျွန်တော်တို့နဲ့ ညီအစ်ကိုလိုပဲ ဘိုးစဉ်ဘောင်ဆက် နေခဲ့ကြတယ်၊ တစ်ယောက် နဲ့ တစ်ယောက် အားလုံးကို သိနေတယ်၊ ကျွန်တော်တို့ တော်လှန်ရေး လုပ်တော့ မဲ ဆောက်မှာ- ရခိုင်ပါတီ အတွက် လိုအပ်တဲ့ အလှုခံငွေတွေကို ရသေ့တောင်သား မွတ်စလင်တစ်ချို့ဆီက အလှုငွေတွေ ကျွန်တော် ကိုယ်တိုင် ယူခဲ့တယ်၊” ဆိုတဲ့ ALP ပါတီက ခိုင်ထွန်းထွန်းလို လူမျိုးရဲ့ စကားကိုတော့- ဘယ်သူကမှ မကြားချင် ကြဘူး ထင်ပါတယ်။

ဘယ်သူတွေ ကြားချင် မကြားချင်- အမှန်က အမှန်အတိုင်း ရပ်တည်နေမှာပါ။ တစ်ကယ်လို့ အမှန်ကို မုန်းပြီး ၀ိုင်း တိုက်မယ် ဆိုရင် မြန်မာနိုင်ငံ သမိုင်း ပြောင်းသွားနိုင်တယ် ဆိုတာကို တိုင်းချစ်ပြည်ချစ် ပုဂ္ဂိုလ်များ သတိ ထားနိုင်ကြပါစေ။--


ဆက်လက်တင်ပြပေးပါမည်။

ဌေးလွင်ဦး


(အထူးမှတ်ချက်- ကျွန်တော် ရေးသား တင်ပြနေတဲ့ သမိုင်းကြောင်းများကို ဘယ်သူနဲ့ မဆို ဘယ်နေရာမှာ မဆို ကမ္ဘာ့မီဒီယာ သက်သေရှေ့မှောက် ဖြစ်ရင် အချိန်မရွေး ဆွေးနွေးလိုပါတယ်။ အခုရေးနေတဲ့ သမိုင်းကြောင်းဟာ အမှန်အတိုင်း ဖြစ်လို့ အမှန် အတိုင်းရေးသားနေခြင်းသာ ဖြစ်ပါတယ်။ ဒီအတွက် ရိုဟင်ဂျာများကို မျက်နှာလိုက် တယ်၊ ရခိုင်လူမျိုးတွေကို မုန်းတီးမှုနဲ့ ဖန်တီးတယ်လို့- ခံစားနိုင်သူများ ရှိပါတယ်။ ကျွန်တော်ကိုယ်တိုင် ရခိုင် ဖြစ်လို့ ရခိုင်များကို ဘယ်တော့မှ မမုန်းပါ။ ရခိုင်လူမျိုးများ အတွက် ကျွန်တော် တတ်နိုင်သမျှ ကူညီပံ့ပိုး နေတယ်၊ ပံ့ပိုးခဲ့တယ်၊ ပံ့ပိုးဦးမယ် ဆိုတာ ကျွန်တော့ အနည်းအနားနေ ရခိုင်လူမျိုးတိုင်း သိနေပါတယ်။ ခွဲထွက် ရေးကို မကြိုက်လို့ ခွဲထွက်ရေး သီအိုရီကို လက်မခံတာကလွဲ ကျန်တဲ့ ကိစ္စအားလုံးမှာ အမြဲကူညီနေပါတယ်။ အိန္ဒိယထောင်မှာ ရခိုင်နဲ့ ကရင်လူမျိုး ၃၄ ဦး နှစ်ရှည်ထောင်ကျနေစဉ်- သူတို့ကို ကူညီထောင်ပံ့ဘို့ မျိုးချစ်ရခိုင် ဆိုသူတွေက ပိုက်ဆံ ၂ ပဲ ၁ ပြားကို တွက်ကပ်နေချိန်မှာ ကျွန်တော်က လစဉ် အပျက် အများဆုံး ခွဲတမ်းကို တာဝန်ယူပြီး သူတို့ ထောင်ကကျွတ်လွတ်ပြီးတဲ့ အထိ ကူညီခဲ့ပါတယ်။ ကျွန်တော် သန်းကြွယ် သူဌေး မဟုတ် သော်လည်း ငါ့အမျိုးသားတွေ ဒုက္ခရောက်နေ တယ် ဆိုတဲ့ စိတ်နဲ့ ကူညီခဲ့တာပါ။ကျွန်တော့ ရေးသားချက်များကို မိတ်ဆွေ တစ်ချို့က ဖေ့စ်ဘုတ်မှာ ဖြန့်ချီတော့ ကျွန်တော့ရဲ့ အကြောင်း မကောင်းပြောသူတွေ၊ ပုတ်ခတ်သူတွေ ကြုံရပါတယ်။ အဲ့ဒီ မကောင်းပြောသူ၊ ပုတ်ခတ်သူ အများစုသည်လည်း သူတို့အပေါ်မှာ ကျွန်တော့ကျေးဇူး မကင်းခဲ့ပါ။ သူတို့ကိုယ်တိုင် သိနေမှာပါ။--။ တင်ပြတဲ့ အကြောင်းအရာများ ကို သမိုင်းချက်များနဲ့ တကွ ပြန်လည်ဆွေးနွေးတာမျိုး မရှိဘဲ-၊ လူပုဂ္ဂိုလ် ပုတ်ခတ်မှုများသာ တွေ့ရတဲ့ အတွက် သူတို့အတွက် စိတ်မကောင်း ဖြစ်မိတာကလွဲ အခြား ဘယ်လိုမှ မခံစားမိပါ။- အနာဂါတ် မျိုးဆက်များ အနေနဲ့ သမိုင်းမှန်နဲ့ လက်ရှိ အမှန်တရားကို သိမှ- အမှန်ကို အမှန်အတိုင်း သုံးသပ်ပြီး အနာဂါတ် မြန်မာနိုင်ငံကို စနစ် တကျ ပြန်လည်ထူထောင်နိုင်မယ်လို့ ယုံကြည်တဲ့ အတိုင်း ကျွန်တော်တင်ပြလိုတဲ့ အမှန်တရား တံခါးချပ်ကို ဆက် လက်ဖွင့်လှစ်ပေးနေမှာပါ။-- မနာလို ၀န်တိုမှုနဲ့ အမှန်တရား တံခါးကို ပိတ်သူများဟာ အနာဂါတ်ရဲ့ တရား ခံများသာ ဖြစ်သွားမှာပါ။)
ဌေးလွင်ဦးhttp://www.myanmarmuslim.net
မှကူးယူဖော်ပြပါသည်။

အမှန်ကို ချစ်ပါ (၄)

မြန်မာပြည်ရဲ့ အနောက်ဖက်ပိုင်း ဒေသရှိ လူမျိုးများနဲ့ ပတ်သက်ပြီး နည်းနည်း ပြောလိုတယ်။ ယခုအခါ ကမ္ဘာသိ အငြင်းပွားနေတဲ့ လူမျိုးရဲ့ အမည်က “ရိုဟင်ဂျာ” ဖြစ်တယ်။ ဒီ အမည်နာမနဲ့ ပတ်သက်ပြီး ရိုဟင်ဂျာ ရယ်လို့ ခံယူသူများဘက်က သမိုင်းကြောင်းများ တင်ပြသလို၊ ရိုဟင်ဂျာဟူသည် မရှိဘူးလို့ ပြောဆိုသူများ ဘက်မှ လည်း သမိုင်းကြောင်းများ တင်ပြနေတာကို တွေ့ရပါတယ်။

ကျွန်တော့ အနေနဲ့ အမည်နာမ ကိစ္စမှာ ၀င်ရောက် မဆွေးနွေးလိုပါ။ ဗမာတွေက မိမတို့သည် ဗမာ ဖြစ်တယ်လို့ လွတ်လပ်စွာ ပြောခွင့်ရှိသလို၊ မိမိရဲ့ အမည်နာမကိုလည်း မိမိကိုယ်တိုင် လွတ်လပ်စွာ ရွေးချယ်ကင်ပွန်း တပ်ခွင့် ရှိပါတယ်။ အလားတူ မွန်တွေ အတွက်လည်း ဒီအတိုင်းပဲ၊ ရခိုင်တွေ အတွက်လည်း ဒီအတိုင်းပဲ ခံယူပါတယ်။ အမည်နာမ ဆိုတာက လူသားတစ်ဦး၊ လူမျိုးတစ်ဦး၊ လူမျိုးနွယ်တစ်ခု ရှိပြီးမှ ဖြစ်တည်လာတဲ့ ကိစ္စရပ်သာ ဖြစ်ပါတယ်။

အမှန်တကယ် လက်တွေ့မှာ ဒီလူမျိုးဆိုတာ သမိုင်းချီပြီး ရှိခဲ့၊ မရှိခဲ့ ဆိုတဲ့ အရာသာ ပင်မအဓိက ဖြစ်ပါတယ်။ ပုဂံခေတ်မှာ နှစ်ပေါင်း ၃၀၀ ကျော် သြဇာမိခဲ့လို့ ရခိုင်ဒေသ လူဦးရေ ထက်ဝက်လောက်က မြန်မာစကား လွှမ်းမိုးသွားခဲ့ပေမယ့်- ရခိုင်တွေရဲ့ ဓလေ့ စရိုက်များဟာ အိန္ဒိယပြည် အလယ်ပိုင်းနဲ့ တူညီနေပါတယ်ဆိုတာ ရခိုင် သမိုင်းဆရာများကိုယ်တိုင် ရေးသားနေပြီး ဖြစ်ပါတယ်။ တစ်ချို့ကလည်း မြန်မာစကား ဆိုတာ ရခိုင်က ခိုးယူသွားတာ၊ မြန်မာစာ ဆိုတာလည်း ရခိုင်ဘက်က ခိုးယူသွားတာလို့ ပြောဆိုမှုများလည်း ရှိပါတယ်။



ရခိုင် ဆိုတာ ယက္ခ (ကြမ်းတမ်းတဲ့ လူမျိုးနွယ်၊ သို့မဟုတ် မဖွံ့ဖြိုးသေးတဲ့ တောတောင်နေ လူမျိုးနွယ်) ဆို တာက ဆင့်ပွား ဆင်းသက်လာတာလို့ ပြောဆိုကြပေမယ့်-၊ ဘယ်လိုပြောပြော ရှေးမင်းများ အဆက်ဆက်မှာ ရခိုင် ဆိုတဲ့ အမည်ဟာ လူမျိုးတစ်မျိုးထဲကို ကိုယ်စားမပြုခဲ့ပါ။ တိုင်းနိုင်ငံဒေသ တစ်ခုကို ကိုယ်စားပြုပြီး အဲ့ဒီ ဒေသမှာ ရှိနေတဲ့ လူမျိုးအားလုံးကို ကိုယ်စားပြုခဲ့ခြင်းသာ ဖြစ်ပါတယ်။

ရခိုင်ဒေသ တစ်ခုလုံးဟာ အစဉ်အလာ နှစ်ထောင်ပေါင်းများစွာ အိန္ဒိယရဲ့ သြဇာလွှမ်းမိုးမှုအောက်မှာ ရှိခဲ့ပါ တယ်။ ဘင်္ဂေါဒေက လူသားများ ဟိန္ဒူဘာသာကို ကိုးကွယ်စဉ် ရခိုင်ဒေသက လူသားများက ဟိန္ဒူဘာသာကို ကိုးကွယ်ခဲ့တယ်၊ ဘင်္ဂေါဒေသ လူသားများ ဗုဒ္ဓဘာသာကို ကိုးကွယ်တော့ ရခိုင်ဒေသက လူသားများ ဗုဒ္ဓဘာသာကို ကိုးကွယ်ခဲ့တယ်။ ဘင်္ဂေါဒေက လူသားများ အစ္စလာမ်ကို ကူးပြောင်းကိုးကွယ်တော့ ရခိုင်ကို လည်း အစ္စလာမ်ဘာသာ သြဇာလွှမ်းမိုးလာခဲ့ပါတယ်။ (ဒီနေရာမှာ ပြောဆိုတဲ့ ဘင်္ဂေါဒေသ ဆိုတာ ဘင်္ဂလား ဒေ့ရှ်ကို မဆိုလိုပါ။ အိန္ဒိယ မဂဓ အင်ပါယာကြီးကို ဆိုလိုပါတယ်။) ဘင်္ဂေါဒေသကို အစ္စလာမ်သာ သာသာနာ ရောက်ရှိလာတဲ့ ခုနှစ်က ၁၂၀၃ ခုနှစ်ဝန်းကျင် ဖြစ်တယ်။ ဒီအချိန်ကာလက ရခိုင်ဒေသဟာ ပုဂံအင်ပါယာရဲ့ လွှမ်းမိုးမှုကို ခံနေရပြီး ရခိုင်မှာ ရှိတဲ့ နဂိုမူလ ဗုဒ္ဓဘာသာနဲ့ ပုဂံပြည်က ဗုဒ္ဓဘာသာတို့ရဲ့ ပူးပေါင်းကာ ဗုဒ္ဓဘာသာ အင်အား ထွားနေတဲ့ ကာလလည်း ဖြစ်ပါတယ်။

သမိုင်းဝင် ဓည၀တီ မတိုင်မှီ မာရယူ မင်းဆက်ရဲ့ အနွယ်တွေ ထူထောင်တဲ့ ပထမ ဓည၀တီ မင်းဆက်ရဲ့ အမည် များကို လိုက်ကြည့်ရင်- ဘာဟူ ဘိုလီ (ဘီစီ ၁၅၈- ၃၈)၊ ရာယာ ဖာဟီ (ဘီစီ ၃၈၀ အေဒီ ၈၂)။ အေဒီ ၈၂ မှ အေဒီ ၂၀၂ မင်း အမည်ကို ကျောက်စာ ဖတ်၍ မရပါ။ ဆန္ဒြာ ဒေယျာ (အေဒီ ၂၀၂- ၂၂၉)။ အန္နာ ၀ါကာ (အေဒီ ၂၂၉- ၂၃၄)။ အေဒီ ၂၃၄ မှ အေဒီ ၃၃၁ ၏ မင်းအမည်ကို ကျောက်စာ ဖတ်မရပါ။ ရာဘီယာ ပွား (အေဒီ ၃၃၁- ၃၃၄)။ ခွာရမ်ဒေ၀ီ (၃၃၄- ၃၄၁)။ အာဖါဝီရာ (၃၄၁-၃၆၁)။ ဇာဂူနာ (၃၆၁- ၃၆၈)။ လန်ဂီ (၃၆၈-၃၇၀) - ဆိုတဲ့ အမည်များကို တွေ့ရပါတယ်။

ဒီနေ့ ဒီနာမည်မျိုးကို ရခိုင်လူမျိုးမှာ လုံးဝ မတွေ့ရပါ။ ရိုဟင်ဂျာလို့ ခံယူထားတဲ့ လူမျိုးများထဲမှာသာ- ဘိုလီ၊ ဖာဟီ၊ ဆန္ဒြာ၊ ၀ါကာ၊ အာဖာဝီရာ၊ ဇာဂူနာ၊ လန်ဂီး ဆိုတဲ့ အမည်များကို ရွာတစ်ရွာမှာ အနည်းဆုံး ဆယ်ဦး လောက် တွေ့နိုင်ပါတယ်။ အထူးသဖြင့် ဘိုလီ၊ ၀ါကာ၊ ဖာဟီ၊ ဇာဂူနာ ဆိုတဲ့ နာမည်တွေ ပိုမို များပါတယ်။ ဒီနာ မည်တွေက မွတ်စလင် ဖြစ်လာလို့ မွတ်စလင် အာရဗ်နာမည်တွေ မဟုတ်ပါ။ အာရ်ဗီစာပေ စကားမှာ ဒီနာမည် မျိုးကို မတွေ့ရပါ။

ရိုဟင်ဂျာ ဆိုသူများ ပြောဆိုနေတဲ့ စကား၊ အမည်နာမ၊ ဓလေ့စရိုက်များက ရခိုင်သမိုင်းဆရာများ ကျောက်စာ ပညာရှင်များ ကိုယ်တိုင်ရေးမှတ် ဖေါ်ထုတ်ထားတဲ့ ရှေးဦးမူလနေ လူမျိုးများနဲ့ ရာနှုန်းများစွာ တူညီနေပြီး- လက်ရှိ ရခိုင်ရယ်လို့ ခံယူထားသူများနဲ့ ရခိုင်သမိုင်းဖေါ်ပြပါ လူမျိုးဓလေ့တို့ ကွာခြားနေတာကို တွေ့နေရပါ တယ်။

ရိုဟင်ဂျာ ဟု မိမိကိုယ်မိမိ ခေါ်တွင်သော လူမျိုးစုဟာ မေယုမြစ်ရိုး စစ်တကောင်းတောင်တန်း တစ်လျှောက် စုန်ဆင်းကျက်စားလာတဲ့ လူမျိုးစု ဖြစ်တယ်။ ကုလားတန်မြစ်ရိုးကြောင်းက စတင်တဲ့ ဓည၀တီ နိုင်ငံတော်ဟာ မေယုဒေသကို သမိုင်းနှစ်ထောင်ချီပြီး ရခိုင်နိုင်ငံတော်ထဲမှာ ထည့်သွင်း အုပ်ချုပ်ခဲ့တယ်။ ရခိုင်နိုင်ငံတော်ဟာ အုပ်ချုပ်မှုအာဏာအရ စစ်တကောင်းနယ် တစ်ခုလုံးကို ကျော်ပြီး ဘင်္ဂေါဒေသထိ အုပ်ချုပ်မှု တိုးချဲ့ခဲ့ ပေမယ့် ယဉ်ကျေးမှု၊ စီးပွားရေး၊ နိုင်ငံရေး၊ ဘာသာရေး သဘောအရ ဘင်္ဂေါနယ်ဘက်က သြဇာကို ပြန်လည် သက် ရောက် ခံခဲ့ရတယ်။

ဗမာအင်ပါယာ ပုဂံမင်းတို့မှာ ရခိုင်အား သိမ်းပိုက်ခဲ့ပေမယ့် ဗမာ့ယဉ်ကျေးမှုနဲ့ သြဇာဟာ မေယုနယ်ဘက်ထိ မတိုးပေါက်နိုင်ခဲ့ဘူး။ တနည်းအားဖြင့် ရခိုင်မြောက်ဘက်စွန်း ဒေသတွေဟာ ဗမာအင်ပါယာထဲကို အရိပ်အ ရောင်မျှသာ အမည်ခံ ကျရောက်ခဲ့တဲ့ သဘောမျှ ဖြစ်တယ်။ သို့မဟုတ် ရခိုင်ဒေသ တစ်ခုလုံး လုံးလုံးလျှားလျှား ပုဂံ အင်ပါယာထဲကို ပါမသွားခဲ့ဘူး။

ဒါကြောင့် ပုဂံအင်ပါယာက နှစ်ပေါင်း ၃၀၀ စိုးမိုးထားခဲ့ပေမယ့်- ပုဂံအင်ပါယာကို ပြန်လည်တော်လှန်ပြီး မြောက် ဦး အင်ပါယာကို ထူထောင်မယ့် ရခိုင် ကောလိယ မင်းဆက် ဆိုတာ ကျန်ရှိနေခဲ့တာက သက်သေဖြစ်နေတယ်။ ကေလိယ မင်းဆက်ရဲ့ ၂၂ ဆက်မြောက် သားတော် ငနှလုံးမင်းက မြောက်ဦး အင်ပါယာကို စတင်ခဲ့ပြီး မင်းစော မွန်လက်ထက်မှာ မြောက်ဦး အင်ပါယာဟာ အကြီးအကျယ် ထွန်းတောက်ခဲ့ပြန်တယ်။

ဗမာများ အောက်မှာ သြဇာမခံလိုတဲ့ ကောလိယ မင်းဆက်ဟာ ရိုဟင်ဂျာ လို့ ခေါ်တွင်တဲ့ လူမျိုးနွယ်စု ထဲမှာ သာ အခြေချနေခဲ့ရတယ်- ဆိုတာ သမိုင်းမှာ ငြင်းလို့ မရပါ။

အစ္စလာမ် သာသနာ ပေါ်လာလို့ ရိုဟင်ဂျာ ပေါ်လာခြင်း မဟုတ်

ရခိုင်သမိုင်းမှာ ဒဏ္ဍာရီလိုလို ပုံပြင်လိုလိုတွေက များနေပြီး အာရဗ်သင်္ဘောပျက်ရာက ကမ်းတင်နေတဲ့ လူစုဆီမှ ရိုဟင်ဂျာများ ပေါ်လာသလိုလိုတွေ လျှောက်ပြောတာလည်း ရှိနေတယ်။ သင်္ဘောပျက်လို့ လူမျိုး ဖြစ်လာမယ် ဆိုရင် အများဆုံး ရွာလေးတစ်ရွာလောက်သာ ဖြစ်နိုင်မှာပါ။ ကြီးမားတဲ့ လူမျိုးစုကြီး ဖြစ်လာဘို့ အကြောင်း မရှိ ပါ။- ဘင်္ဂေါပြည်ကို အစ္စလာမ် သာသနာ လွှမ်းမိုးလာတော့- ဘင်္ဂေါနဲ့ နီးစပ်တဲ့ စစ်တကောင်းနယ်ကလည်း အစ္စလာမ် သာသနာပြုတို့ရဲ့ သာသနာပြုမှုကို ခံရပါတယ်။ ဒီမတိုင်မှီက စစ်တကောင်းမျိုးနွယ်စု၊ ဘင်္ဂလီမျိုးနွယ် စု အပါအ၀င် မာဂဓ အင်ပါယာထဲက လူမျိုးစုတွေဟာ ဗုဒ္ဓဘာသာဝင်များ အများစု ဖြစ်ခဲ့ပါတယ်။ ရိုဟင်ဂျာတို့ ရဲ့ ဘဘိုးမျိုးဆက်ဟာလည်း ဗုဒ္ဓဘာသာဝင်များ ဖြစ်ခဲ့ပါတယ်။ သူတို့ဆီကို အစ္စလာမ် သာသနာပြုတွေ ရောက်လာ တော့ အစ္စလာမ် သာသနာကိုလက်ခံလိုက်ကြပါတယ်။ ရိုးရာ နတ်မှ ဟိန္ဒူ၊ ဟိန္ဒူမှ ဗုဒ္ဓဘာသာ၊ ဗုဒ္ဓ ဘာသာမှ အစ္စလာမ် ကို ကူးပြောင်းခဲ့ကြတာ အယူဝါဒပါ။ လူသားကတော့ ဒီလူသားမျိုးနွယ်သာ ဖြစ်ပါတယ်။

ရခိုင်ပြည်ကိုလည်း အစ္စလာမ် သာသနာပြုများ ရောက်ခဲ့ပါတယ်- ရိုဟင်ဂျာ မဟုတ်တဲ့ အခြား လူမျိုးစုများ အစ္စလာမ် သာသနာထဲကို အစုလိုက်အပြုံလိုက် ၀င်လာလို့ ရခိုင်ဘုရင် မင်းဘာကြီး ကိုယ်တိုင် ကိုးကွယ်တဲ့ တောင်ညိုကျောင်းတိုက် အရှင်အဂ္ဂမုနရဲ့ တပည့် ရှင်ငယ် ဆရာမြ၀ါက “ငါတို့ သာသနာ တိမ်ကောတော့မယ်” ဆိုပြီး လျှောက်ထားရာက ဘုရင့်ခွင့်ပြုချက်နဲ့ ဗုဒ္ဓဘာသာ ကာကွယ်ရေး စည်းမျဉ်း “ရွေးမျဉ်းဓမ္မသတ်” ကျမ်းကို ပြုစုခဲ့တယ်။ အဲ့ဒီ ကျမ်းကို ဥပဒေပြု ထိမ်းကွပ်လိုက်လို့ အစ္စလာမ်သာသနပြုခွင့် ရပ်စဲသွားခဲ့တယ်။

ဒါပေမယ့် ရခိုင်သမိုင်းမှာ အစ္စလာမ် သာသနာပြုများကိုသာ ခွင့်မပြုခဲ့ပေမယ့်- မေယုဒေသ ရှိ မူလဇစ်မြစ် လူမျိုးများကို မောင်းထုတ်ပြီး ရခိုင်အင်ပါယာ ချဲ့ခဲ့တဲ့ သမိုင်းမရှိပါ။ ဒီတင်မက နှစ်ထောင်ပေါင်း များစွာ တည်နေ ခဲ့တဲ့ ရခိုင်သမိုင်းမှာ- အနောက်က ဘင်္ဂလီတွေ ၀င်လာပြီး ရခိုင်ကို အာဏာလုမယ် ဆိုတဲ့ ရန်စလည်း ကြီးကြီး ကျယ်ကျယ် မရှိခဲ့ပါ။ မေယုလူမျိုးစု အပါအ၀င် အဖြစ်တဲ့ ရခိုင်နိုင်ငံတော်ကသာ ဘင်္ဂလား (ဂင်္ဂါမြစ် အနောက် ဘက်ခြမ်း)ကို သွားရောက် သိမ်းပိုက်ပြီး အာဏာလု အင်ပါယာချဲ့ထွင်တာမျိုးကိုသာ တွေ့ရပါတယ်။ ရခိုင်ရဲ့ အရှေ့ဘက်က ဗမာတွေ ၀င်လာပြီး ရခိုင်ရဲ့ အာဏာကို လုတော့မှာပဲ ဆိုတဲ့ အကြောက်တရားများသာ ရခိုင်မှာ နှစ်ပေါင်းများစွာ ကြီးစိုး ဖိစီးထားခဲ့ပါတယ်။



ဆက်လက်တင်ပြပါမည်။

ဌေးလွင်ဦးhttp://www.myanmarmuslim.net/
မှကူးယူဖော်ပြပါသည်။

အမှန်ကို ချစ်ပါ-(၃)



လက်ရှိ မြန်မာနိုင်ငံရယ်လို့ ဖြစ်တည်လာမယ့် နိုင်ငံဧရိယာထဲကို ၀င်လာတဲ့ လူသားတွေဟာ အဓိက အားဖြင့် အာရှအလယ်ပိုင်း တိဘက်ကုန်းမြင့်ဘက်က ဖြစ်ပြီး- တိဘက်ကုန်းမြင့်ရဲ့ အရှေ့ဘက် မွန်ဂိုနိုက်အနွယ်တွေ ပါဝင်သလို၊ တိဘက်ကုန်းမြင့်ရဲ့ အနောက်ပိုင်း အာရိယာန်အနွယ်တွေလည်း ပါဝင်ခဲ့တယ်။ (တိဘက်ကုန်းမြင့် ဒေသကိုယ်က အာရိယာန်နဲ့ မွန်ဂိုအနွယ်တို့ ပေါင်းစပ်ရာ မြစ်ဆုံဒေသလို့ ဖြစ်နေတယ်၊ ဒါကြောင့် အာရိယာန် နဲ့ မွန်ဂို ကပြားတွေလည်း ပါဝင်ခဲ့တယ်။ ဒါကြောင့် မြန်မာပြည် အရှေ့ပိုင်းရှိ လူမျိုးနွယ်တွေက မွန်ဂိုလီးယား အနွယ်ရုပ်မျိုးကို ဆင်ပြီး မြန်မာပြည် နောက်ပိုင်းအခြမ်း လူမျိုးတွေက အာရိယာန် မွန်ဂိုကပြား ရုပ်ရည်မျိုးကို ဆင်နေတာ တွေ့ရပါမယ်။ (ဥပမာ ပခုက္ကူဒေသ သားများနဲ့ ရှမ်းကုန်းမြင့်ဒေသ သားများ ရုပ်ရည်များကို နှိုင်း ယှဉ်ကြည့်ပါ။ ရာသီဥတုကြောင့် အသားရောင် ကွာခြားလာတာလို့ ပြောနိုင်ပေမယ့်- နှာတံသွယ်ပုံချင်း ကွာ ခြားမှုဟာ ရာသီဥတု အပူအအေးနှင့် မဆိုင်ပါ။)ပြီးတော့ မြန်မာပြည်ထဲကို ၀င်လာခဲ့တဲ့ လူတွေဟာ အဓိကအားဖြင့် မြစ်ရိုးတစ်လျှောက် စုန်ဆင်းလာခဲ့တာ များပါတယ်။ သံလွှင်မြစ်ရိုးတစ်လျှောက် အခြေခံပြီး စုန်ဆင်းလာတယ်၊ ဧရာဝတီ မြစ်ရိုးတစ်လျှောက် အခြေခံပြီး စုန်ဆင်းလာတယ်၊ ချင်းတွင်းမြစ်ရိုးတစ်လျှောက် အခြေခံပြီး စုန်ဆင်းလာခဲ့တာများ ဖြစ်ပါတယ်။အလားတူပဲ ရခိုင်ဒေသလို့ ခေါ်နေတဲ့ မြန်မာပြည် အနောက်ပိုင်း အခြမ်းမှာလည်း လူသားတွေဟာ လေးမူး မြစ်ရိုး၊ ကုလားတန် မြစ်ရိုးနဲ့ မေယုမြစ်ရိုး များတစ်လျှောက် စုန်ဆင်းလာခဲ့တာ ဖြစ်ပါတယ်။ လေးမူးမြစ်ရိုးဟာ တိုပြီး ရခိုင်ရိုးမကြီးမှာ ဆုံးသွားတယ်၊ ချောင်းသွယ်မြောင်းသွယ် အဖြစ် ဆက်စပ်ခဲ့ရင်တောင့် ကျောက်ပန်း တောင်းကို ဆက်စပ်နိုင်တယ်- ဒါကြောင့် အဲ့ဒီ မြစ်ရိုးတစ်လျှောက် စုန်ဆင်းလာခဲ့ရင် သူတို့ဟာ ပျူလူမျိုးနွယ် များ ဖြစ်နိုင်တယ်။ ကုလားတန်မြစ်ရိုးကတော့ အာသံ- မဏိပူရကိုကျော်ပြီး အခုခေတ်နီပေါလ်နားအထိ ဆိုက် တယ်- ဒါကြောင့် ကုလားတန်မြစ်ရိုးတစ်လျှောက် ဆင်းလာသူများက အာရိယာန်အနွယ်များ ဖြစ်ပါတယ်။ အလားတူ- မေယုမြစ်ရိုးဟာ မဏိပူရနယ်အထိ ဆိုက်တယ်- အဲ့ဒီက ဆင်းလာသူများဟာလည်း အာရိယာန် အနွယ်ဝင်များ ဖြစ်ပါတယ်။ (ကုလားတန်မြစ်၊ လေးမူးမြစ်၊ မေယုမြစ် များ စီးဆင်းပုံကို မြန်မာနိုင်ငံမြေပုံ၌ သေချာစွာကြည့်ပါ။)

သံလွှင်မြစ်ရိုးတစ်လျှောက် စုန်ဆင်းခဲ့သူ(ကရင်၊ ပအို့ဝ်၊ ကရင်နီ၊ ရှမ်း)များနဲ့ ဧရာဝတီမြစ်ရိုးတစ်လျှော် စုန်ဆင်းခဲ့သူ (ဗမာ)များ ရုပ်ရည် ကွဲပြားသလို၊ ရခိုင်မှာလည်း မေယု၊ ကုလားတန် မြစ်ရိုးတစ်လျှောက်စုန်ဆင်းခဲ့ သူများနဲ့ လေးမူးမြစ်ရိုးမှသည် ရခိုင်တောင်ပိုင်းနယ်သား အားလုံးရဲ့ ရုပ်ရည်ဟာ သီးသန့်ဖြစ်နေပါတယ်။ကုလားတန်၊ လေးမူးလူမျိုးနွယ်များ ပေါင်းစပ်လာပြီး ရပ်ရွာတည်တံ့လာတဲ့ အချိန်ကစ ကိုယ်ပိုင်အုပ်ချုပ်ရေးနဲ့ နိုင်ငံငယ်လေး ဖြစ်လာခဲ့ပါတယ်။ ဒဏ္ဍာရီလိုလို၊ သဘောင်လိုလို ပြောစမှတ်အရ ဘီစီ ၃၀၀၀ ကျော်ကတည်းက မာရယူမင်းက နိုင်ငံထူထောင်ခဲ့တယ် ဆိုပေမယ့်- သေချာတဲ့ သမိုင်းများ မတွေ့ရသေးပါ။ အေဒီ ၄ ရာစု (မြန်မာ နိုင်ငံ ပုဂံအင်ပါယာထက် နှစ်ပေါင်း ၇၀၀ ကျော်စောပြီး) လောက်မှာ မဟာစန္ဒြမင်းက ဓည၀တီ နေပြည်တော်ကို စတင်ထူထောင်ခဲ့ကြောင်း ဗုဒ္ဓဘာသာကို ကိုးကွယ်ယုံကြည်ခဲ့ကြောင်း သမိုင်းများ ရှိနေပါတယ်။ အဲ့ဒီ ဗုဒ္ဓသာသ နာဟာ ဗမာများဆီက ကူးစက်ခဲ့ခြင်း မဟုတ်ပါ။ ဒီအချိန်မှာ ဗမာများကိုယ်တိုင်က ထေရ၀ါဒ ဗုဒ္ဓဘာသာကို လက်မခံသေးပါ။ ဓည၀တီနေပြည်တော်ဟာ နိုင်ငံရေးအရ အနောက်ဘက် အိန္ဒိယအင်ပါယာ (ထိုစဉ်က မာဂဓ အင်ပါယာ)ကို တည်မှီအားကိုးနေရတဲ့ သဘောမှာ ရှိနေတော့ မာဂဓ အင်ပါယာတွင်းမှ ကူးစက်ပြန့်နှံ့လာခဲ့ခြင်း သာ ဖြစ်ပါတယ်။ဓည၀တီနေပြည်တော်ဟာ လေးမူးနဲ့ ကုလားတန် မြစ်ရိုးကြားဒေသမှာ စတည်ခဲ့ပေမယ့်- နိုင်ငံကျယ်ပြန့်လာ တာနဲ့ အမျှ အနောက်ဘက် အရှေ့ဘက်ကို နယ်နိမိတ်တိုးချဲ့လာခဲ့ပါတယ်။ တောင်ဘက်မှာ ပင်လယ်ပြင် မြောက်ဘက်မှာ ရခိုင် ရိုးမကြီးကာဆီးထားတဲ့ အတွက် နယ်နမိတ်က တိုးချဲ့လို့ မရနိုင်ပါ။ မြေပုံကို ကြည့်ပါ။
အေဒီ ၄ ရာစုက စတည်ခဲ့တဲ့ ဓည၀တီ၊ ဝေလာလီ၊ လေးမူး၊ မြောင်းဟောင်း နယ်ပြည်တော်များမှာ အနောက်ဘက် မေယုမြစ်၊ နာ့ဖ်မြစ်ရိုးများကို ကျော်လွန်ပြီး ပိုင်ဆိုင်ခဲ့သလို၊ တောင်ဘက် ဒွာယာဝတီ (သံတွဲ) အထိ နယ်နမိတ်ကျယ်ဝန်းလာခဲ့ပါတယ်။ လေးမူး ခေတ်နှောင်းပိုင်းမှာ ဗမာအင်ပါယာ (မြန်မာနိုင်ငံ)က အင် အား ထွားလာပြီး လေးမူးနေပြည်တော်နိုင်ငံကို မြန်မာအင်ပါယာအတွင်း သိမ်းသွင်းနိုင်ခဲ့ပါတယ်။
အရေးနိမ့်သွားတဲ့ ရခိုင်နယ်သားများက အနောက်ဘက် ဘင်္ဂေါနယ်မှာ ခိုလှုံခဲ့ပါတယ်။ (ထိုစဉ်က ဘင်္ဂေါနယ်- ဆိုတာ နာ့ဖ် မြစ်ရဲ့ အနောက်ပိုင်းဒေသ များဖြစ်ပြီး နာ့ဖ်မြစ်ရဲ့ အရှေ့ပိုင်းဒေသ စစ်တကောင်းနယ်က ဓည၀တီ အုပ်ချုပ်လိုက်၊ ဝေသာလီ အုပ်ချုပ်လိုက်၊ ဘင်္ဂေါက အုပ်ချုပ်လိုက်နဲ့ သူသိမ်း၊ ကိုယ်သိမ်း ကြားခံ ဒေသ ဖြစ်နေခဲ့ပါတယ်။ ဘင်္ဂေါပြည်ကို အုပ်ချုပ်ထားတဲ့ မွတ်စလင်မွန်ဂိုမင်းရဲ့ စစ်သားအကူအညီ၊ စစ်ရေးအထောက်အပံ့အကူအညီများ နဲ့ မင်းစောမွန်ဟာ ဗမာများ သိမ်းပိုက်ထားတဲ့ လေးမူးနေပြည်တော်ကို ပြန်လည် သိမ်းပိုက်နိုင်ခဲ့ပြီး မြောက်ဦး အင်ပါယာကို ထူထောင်နိုင်ခဲ့ပါတယ်။ မြောက်ဦးအင်ပါယာရဲ့ အင်အားကို ဗမာဘက်က သြဇာတန်ခိုးကြီးထွား တဲ့ ဘုရင့်နောင် (တောင်ငူမင်းဆက်)တောင် မဖြိုခွင်းနိုင်ခဲ့ပါ။ မြေပုံကို ကြည့်ပါ။
Restored Toungoo or Nyaungyan Dynasty c. 1650
မြောက်ဦး အင်ပါယာဟာ စစ်တကောင်းနယ် တစ်ခုလုံးကို နှစ်ပေါင်း ၃၈၀ ကျော် အုပ်ချုပ်စိုးမိုးခဲ့ပါတယ်။ ဒါကြောင့် စစ်တကောင်းနယ်က လူမျိုးအားလုံးဟာ မြောက်ဦးနိုင်ငံတော်အတွင်းက တရားဝင် လူမျိုးများ ဖြစ်ပြီး မူလဇာတိ လူမျိုးများလည်း ဖြစ်ပါတယ်။ မြောက်ဦးမင်းဆက် အားလုံးက မွတ်စလင်ဘွဲ့အမည်များ ခံယူပြီး ဘာသာရေး လွတ်လပ်ခွင့်ပေးခဲ့တဲ့ အတွက် စစ်တကောင်းနယ်က မွတ်စလင်များကလည်း အုပ်ချုပ်ခံရမှုကို ကျေနပ်ခဲ့ပါတယ်။

မြန်မာအင်ပါယာဟာ ကုန်းဘောင်ခေတ်မှာ ပြန်လည် ကြီးထွားလာပြီး- ၁၇၈၄ ခုနှစ်မှာ မြောက်ဦး အင်ပါယာကို ပြန်လည်ဝင် ရောက် သိမ်းပိုက်ခဲ့ပါတယ်။ ပြင်းထန်တဲ့ စစ်ပွဲပြီး နှစ်ပေါင်း လေးဆယ် ဖြစ်ခဲ့ကာ ရခိုင်လူမျိုးပေါင်း များစွာ မျိုးပြုတ်လုနီး သတ်ဖြတ်ခံခဲ့ရပါတယ်။ နောက်ဆုံးမှာ မြောက်ဦး အင်ပါယာဟာ ဘင်္ဂေါကို အုပ်ချုပ်ပြီး ဖြစ်တဲ့ ဗြိတိသျှကို စစ်ကူတောင်းလိုက်ရပါတော့တယ်။

ဆက်လက်တင်ပြပါမည်။- ဌေးလွင်ဦးhttp://www.myanmarmuslim.net/
မှကူးယူဖော်ပြပါသည်။

Saturday, August 4, 2012

အမေရိကန် မူဆလင်မ်ရေးရာ ကိုယ်စားလှယ် မြန်မာနိုင်ငံခရီး

ရန်ကုန် ဗလီကျောင်းတကျောင်းတွင်း ရာမာဒန် ဥပုသ်ထွက် ဝတ်ပြုဆုတောင်းနေစဉ် (၀၈၊ ၃၁၊ ၂၀၁၁။)

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန မူဆလင် လူ့အဖွဲ့အစည်းဆိုင်ရာ အထူးကိုယ်စားလှယ် မစ်္စဖာရာပန်ဒစ်သ် (Farah Pandith) ဟာ မြန်မာနိုင်ငံကို ဇူလိုင်လ (၂၈) ရက်နေ့ကနေ သြဂုတ်(၁) ရက်နေ့အထိ သွားရောက်ခဲ့တယ်လို့ သြဂုတ်လ (၃) ရက်နေ့က အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာနက ပြောကြားပါတယ်။

မြန်မာနိုင်ငံမှာ မစ္စပန်ဒစ်သ်ဟာ လူထုအခြေပြု လူမှုအဖွဲ့အစည်းတွေ၊ တိုင်းရင်းသားတွေရဲ့ ဘာသာရေး အဖွဲ့အစည်းတွေ၊ ရိုဟင်ဂျာအဖွဲ့အစည်းတွေ၊ လူငယ် အဖွဲ့အစည်း ခေါင်းဆောင်တွေ၊ ပြည်တွင်းနဲ့ နိုင်ငံ တကာ လူမှုရေး အဖွဲ့အစည်းတွေနဲ့ သာသနာရေး ပြည်ထောင်စုဝန်ကြီးနဲ့ပါ တွေ့ဆုံခဲ့တယ်လို့ ပြောဆိုခဲ့ ပါတယ်။

မြန်မာနိုင်ငံထဲက မူဆလင်အဖွဲ့အစည်းတွေနဲ့ ပညာရေး၊ တရားဥပဒေ စိုးမိုေးရးနဲ့ စီးပွားရေး လုပ်ဆောင်နိုင်မှု အခွင့်အလမ်းတွေ အပါအ၀င် ပူးပေါင်း ဆောင်ရွက်နိုင်တဲ့ နယ်ပယ်တွေကို လူငယ်တွေနဲ့ အဓိကထားပြီး ဆွေးနွေးခဲ့တယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုပါတယ်။

ဇူလိုင်လ (၃၀) ရက်နေ့က ရန်ကုန်မြို့အမေရိကန်သံရုံးက အစ်ဖ်တာ (Iftar) အစ္စလမ်ဘာသာရေးပွဲ အပါအ၀င် မူဆလင်တွေရဲ့ ရာမာဒန် (Ramadan) ဥပုသ်ကာလ ဘာသာရေး စီစဉ်ဆောင်ရွက်မှုတွေ မှာလည်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန မူဆလင် လူ့အဖွဲ့အစည်းဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စဖာရာပန်ဒစ်သ် က ပါဝင်ဆင်နွှဲခဲ့တယ်လို့ ဆိုပါတယ်
။http://burmese.voanews.com/
မှကူးယူဖော်ပြပါသည်။
 

ဖြိုးဝေအောင်လွတ်ပြီ

မအေးအေးမာ
၂၀၁၀ ခုနှစ်က လူ ၁၀ ဦးသေဆုံးပြီး ၁၆၀ ကျော် ဒဏ်ရာရရှိခဲ့တဲ့ ရန်ကုန်မြို့က ဗုံးပေါက်ကွဲမှုနဲ့ ပတ်သက်လို့ သေဒဏ်ချခြင်း ခံထားရတဲ့  နိုင်ငံရေးအကျဉ်းသား ကိုဖြိုးဝေအောင်ကို အာဏာ ပိုင်တွေက ပြန်လွှတ်ပေး လိုက်ပါတယ်။ နောက်ထပ် ပြစ်မှုကျုးလွန်ရင် ကျန်နေသေးတဲ့ ပြစ်ဒဏ်နဲ့ အတူ တပေါင်းတည်း ကျခံရမယ် ဆိုတဲ့  ပုဒ်မ ၄၀၁ အရ  ခံဝန်လက်မှတ် ရေးထိုးခိုင်းပြီး ထောင် အာဏာပိုင်တွေက ပြန်လွှတ်ပေးခဲ့တာ ဖြစ်ပါတယ်။ အကြောင်းစုံကို ထိုင်းအခြေစိုက် ဗွီအိုအေ သတင်းထောက် မအေးအေးမာက သတင်းပေးပို့ ထားပါတယ်။

အင်းစိန် အကျဉ်းထောင်တွင်းမှာ ကိုယ်အောက်ပိုင်း လှုပ်ရှားလို့ မရတဲ့ ဝေဒနာနဲ့အတူ ကင်ဆာရောဂါ ဝေဒနာ နောက်ဆုံးအဆင့်ကို ရောက်ရှိနေတဲ့ နိုင်ငံရေးအကျဉ်းသား ကိုဖြိုးဝေအောင်ကို သြဂုတ်လ ၃ ရက်နေ့ နေ့လည် ပိုင်းမှာ ပုဒ်မ ၄၀၁ အရ ခံဝန်လက်မှတ် ထိုးပြီး ပြန်လွှတ်ပေးခဲ့တယ်လို့ ကိုဖြိုးဝေအောင်ရဲ့ ဇနီးဖြစ်သူ မဌေးဌေး က ပြောပါတယ်။

“အခု ကျန်းမာရေး အနေအထားအရ ၄၀၁ နဲ့ပဲ လွှတ်တာပါ။ လက်မှတ်တော့ ထိုးရပါ တယ်။ နောက် ပြစ်မှု ဘာညာ ကျူးလွန်ရင် --ဘာ ညာ၊ ကျမတို့လည်း သေချာတောင် မဖတ်ဖြစ်ပါဘူး။ ထိုးဆို ထိုးလိုက်တော့ ပီးရောပေါ့။”

သေဒဏ်ချခံရပြီး ပြန်လည်လွတ်မြောက်လာမှုအပေါ်မှာ ဘာမှ ထွေထွေထူးထူး ခံစားမူမရှိတဲ့ အကြောင်းနဲ့ သူ့အနေနဲ့ ကိုယ်တပိုင်းသေသွားတဲ့အထိ ဖြစ်ရတဲ့ အခြေအနေအပေါ်မှာ နစ်နာ မှုတွေ ဖြစ်ခဲ့ရတယ်လို့ ကိုဖြိုးဝေအောင်က ပြောပါတယ်။

“ထူးထူးခြားခြားတော့ မရှိပါဘူး ခင်ဗျ။ အဖမ်းခံထားရတာ တရက်ရက်တော့ လွတ်မယ်လို့တော့ ထင်ထားပါတယ်။ လောလောဆယ်တော့ လမ်းလျှောက်လို့မရအောင် ခြေထောက်က ထိထားတယ်။”

ကိုဖြိုးဝေအောင်ရဲ့ ရှေ့နေကြီး ဦးကျော်ဟိုးကတော့  ပုဒ်မ ၄၀၁ အရ ပြန်လွတ်ခြင်းဟာ ပြစ်မှု ကျုးလွန်တယ်လို့ သတ်မှတ်ထားတဲ့အတွက် လာမယ့် သြဂုတ်လ ၁၄ ရက်နေ့ကျရင် နေပြည်တော်မှာ ရှိတဲ့ ပြည်ထောင်စု တရား လွှတ်တော်ချုပ်မှာ ကိုဖြိုးဝေအောင် အနေနဲ့ အပြစ်မရှိကြောင်း ဥပဒေကြောင်းအရ အယူခံကို လျှောက်လဲ တင်ပြသွားဖို့ ရှိတယ်လို့ ဆိုပါတယ်။

“အပြစ်ဒဏ်ကို နိုင်ငံတော် သမ္မတကနေပြီးတော့ လွတ်ငြိမ်းခွင့်ပေးတယ်။ လွတ်ငြိမ်းခွင့် ပေးနိုင် တယ်၊ လျှော့ပေါ့ပေးနိုင်တယ်။ အဲဒီ သဘောနဲ့ ပေးတယ်။ သဘောကတော့ ကိုဖြိုးဝေအောင် က ပြစ်မှုကျူးလွန်တယ်ပေါ့ဗျာ။ ပြစ်မှုကျူးလွန်တဲ့ဒဏ်ကို သမ္မတ ကနေပြီးတော့ လျှော့ပေါ့ပေး တယ်ပေါ့။ ကျနော်တို့ဘက်က အစဉ်အဆက် တင်ပြနေတာက ကိုဖြိုးဝေအောင်ဟာ ဒီအမှုနဲ့ ပတ်သက်လို့ ငြိစွန်းခြင်း မရှိဘူး။ ပြစ်မှု ကျူးလွန်ခြင်းလည်း မရှိဘူး။ အဲဒီအတိုင်းပဲ ကျနော်တို့ တင်ပြမှာပါ။ အခု လာမယ့် ၁၄ ရက်နေ့မှာ ပြည်ထောင်စု တရား လွှတ်တော်ချုပ်မှာ အပြီး သတ် လျှောက်လဲချက်ရှိတယ်။

ကျနော်တို့တင်မယ့် အယူခံမှုရယ်၊ တဘက်က အစိုးရဘက်က သေဒဏ် အတည်ပြုမှုရယ်၊ အဲဒီနှစ်ခုနဲ့ ပတ်သက်ပြီး လျှောက်လဲချက် ပေးဖို့ ရှိတယ်။ လျှောက်လဲချက် ပေးတဲ့နေရာမှာလည်း ကိုဖြိုးဝေအောင်ဟာ ဒီပြစ်မှုကို မကျူးလွန်ဘူးဆိုတဲ့ အနေအထားကို တင်ပြသွားမှာ ဖြစ်ပါတယ်။”

ကိုဖြိုးဝေအောင်ရဲ့ ဇနီးဖြစ်သူမဌေးဌေးကတော့ ၂ နှစ်တာအတွင်း သူတို့ မိသားစုဘ၀ ပြောင်းလဲ သွားတာတွေ အသက် အန္တရာယ် ထိခိုက်ရမယ့် အခြေအနေထိ နစ်နာခဲ့တာတွေကြောင့် ပြန်လွတ် လာတာ တခုတည်းနဲ့ အစားထိုးလို့ မရနိုင်ကြောင်း ပြောသွားပါတယ်။

“နှစ်နှစ်ကျော် ကာလအတွင်းမှာ ကျမတို့မှာ နစ်နာမှုတွေ အများကြီး ရှိတယ်။ သာမန်လူ တယောက် က ဘာမှမဟုတ်ဘဲနဲ့ အဖမ်းခံရတယ်၊ နှိပ်စက်ညှင်းပန်းမှု ခံရတယ်။ ပြီးလို့ ရှိရင် နှစ် နှစ် ကျော်ကြာအောင် တရားစွဲခံရပြီးတော့ နောက်ဆုံး သေဒဏ်အပါအဝင် ပြစ်ဒဏ်တွေ အများကြီး အချခံရတယ်။ အဲဒီအပြင်ကို ကျမ အမျိုးသားက ပွင့်ပွင့်လင်းလင်း ပြောမယ်ဆိုရင် အကျဉ်းထောင် ဆရာဝန်တွေ၊ အုပ်ချုပ်သူတွေရဲ့ ညံ့ဖျင်းမှုကြောင့် သူတို့ရဲ့ တာဝန် မကျေပွန် မှုကြောင့် နောက်ဆုံး အသည်းကင်ဆာဆိုတဲ့ ဝေဒနာကို ခံစားရတယ်။ အဲဒီ ကင်ဆာရဲ့ နောက်ဆက် တွဲ ကျောရိုးထိပြီးတော့ အောက်ပိုင်းသေတဲ့ ဝေဒနာကို ခံစားရတယ်ဆိုတော့ ကျမတို့မိသားစု အနေနဲ့တော့ ခံလိုက်ရတာတွေက အများကြီးပါပဲ။ အဲဒါတွေအတွက် ကျမအမျိုးသား လွတ်သွားတာလေးတခုတည်းနဲ့တော့ ကျမ ဘယ်လိုမှ ဖြေလို့ မရတာ အမှန်ပဲ။”

ကိုဖြိုးဝေအောင်ရဲ့ လက်ရှိ ကျန်းမာရေးအရ အိမ်မှာ ပြန်နေထိုင်ဖို့အတွက် မဖြစ်နိုင်သေးသလို သူရဲ့ ကျန်းမာရေးအတွက် ဆေးရုံမှာပဲ ကုသဖို့ လိုအပ်နေသေးတယ်လို့ မိသားစုက ပြောပါတယ်။
မကြာသေးခင် ရက်ပိုင်းကပဲ ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ သောမတ် အိုဟေး ကင်တားနာက မြန်မာနိုင်ငံကို လာရောက်ချိန် နိုင်ငံရေးအကျဉ်သား တချိုနဲ့အတူ ကိုဖြိုးဝေအောင်ကို လည်း သီးခြား တွေ့ဆုံသွားခဲ့ပြီး အကျဉ်းသားတွေ ပြန်လည် လွတ်မြောက်ရေးအတွက် လုပ်ဆောင်သွားမယ့် အကြောင်း ပြောဆိုသွားခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ လက်ရှိ နိုင်ငံရေးအကျဉ်းသား ၄၄၀ ကျော် ကျန်နေသေးကြောင်း နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း မြန်မာနိုင်ငံကလည်း ပြောဆိုထားပြီး ကုလသမဂ္ဂ အပါအ၀င် နိုင်ငံတကာ ကလည်း ကျန်နေသေးတဲ့  နိုင်ငံရေး အကျဉ်းသားတွေ အမြန်ဆုံး ပြန်လွှတ်ပေး ဖို့ မြန်မာအစိုးရကို တောင်းဆိုထားတာလည်း ဖြစ်ပါတယ်ရှင်။http://burmese.voanews.com/
မှကူးယူဖော်ပြပါသည်။

ကင်တားနားနဲ့ ဒေါ်အောင်ဆန်းစုကြည် ဆွေးနွေး

  
မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စတာ ကင်တားနားနဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့ ဒီကနေ့ တက္ကသိုလ်ရိပ်သာလမ်း နေအိမ်မှာ တွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်။
၂၀၁၂ ခုနှစ် သြဂုတ်လ ၂ ရက်က ကုလ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် မစ္စတာ ကင်တားနားနှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့ တက္ကသိုလ်ရိပ်သာလမ်း နေအိမ်တွင် တွေ့ဆုံ ဆွေးနွေးနေစဉ်။
ပြောရေးဆိုခွင့်ရှိသူ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအုန်းကြိုင်က ဆွေးနွေးတဲ့ အကြောင်းအရာတွေကို တစုံတရာ ထုတ်ပြန်ခြင်း မရှိဘူးလို့ ပြောပါတယ်။
"မနက်က ၉ နာရီကနေပြီးတော့ ၁၀ နာရီခွဲအထိ မစ္စတာ ကင်တာနားနဲ့ ကျွန်တော်တို့ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့နေအိမ်ခြံထဲမှာ ဆွေးနွေးကြတယ်။ ဆွေးနွေးပြီးတဲ့ အခါကျတော့ သတင်းစာ ဆရာများနဲ့ တွေ့ဆုံဖို့ မလုပ်ဘူး။ ဓာတ်ပုံသတင်းထောက် တချို့တောင်မှ ခြံထဲကို ဝင်ပြီး ဓာတ်ပုံရိုက်ခွင့် မရဘူး။ မစ္စတာ ကင်တားနားကလည်း ပြန်အထွက်မှာ တစုံတရာ သတင်းထောက်တွေရဲ့ မေးခွန်းကို ဖြေကြားသွားတာ မရှိဘူး"
ဆွေးနွေးပွဲနဲ့ ပတ်သက်ပြီး တစုံတရာ ထုတ်ပြန်ခြင်း မရှိပေမယ့် ဒေါ်အောင်ဆန်းစုကြည်နဲ့ မစ္စတာ ကင်တားနားတို့ဟာ ရခိုင်ပြည်နယ်က လက်ရှိ ပြဿနာတွေကို အဓိကထားပြီး ထည့်သွင်း ဆွေးနွေးခဲ့ဖွယ် ရှိတယ်လို့ မြန်မာ့နိုင်ငံရေး အသိုင်းအ၀ိုင်းက ပြောဆိုနေကြပါတယ်။
မစ္စတာ ကင်တားနားဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံပြီးနောက် ညနေပိုင်းမှာ နေပြည်တော်ကို ရန်ကုန်မြို့ကနေ ထွက်ခွာ သွားရောက်ကြောင်း ရန်ကုန် ကုလ သမဂ္ဂရုံး ပြန်ကြားရေး တာဝန်ခံ ဦးအေးဝင်းက RFA ကိုပြောပါတယ်။
"မစ္စတာ ကင်တားနာက အခုကတော့ နေပြည်တော် သွားနေပါတယ်ခင်ဗျ။ မနက်ဖြန်ကျမှ နေပြည်တော်က အကြီးအကဲတွေနဲ့ တွေ့ပါမယ်"
မစ္စတာ ကင်တားနားဟာ ပြီးခဲ့တဲ့ ရက်တွေအတွင်း အင်းစိန်ထောင်ကို သွားရောက်ခဲ့ပြီး ယုံကြည်ချက်ကြောင့် အကျဉ်းကျနေတဲ့ နိုင်ငံရေး အကျဉ်းသားတချို့နဲ့ တွေ့ဆုံခဲ့သလို ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်တွေ၊ တခြား ကျောင်းသား အဖွဲ့အစည်းတွေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။
ဒါ့အပြင် ရခိုင်ပြည်နယ်ကို သွားရောက်ခဲ့ပြီး စစ်တွေမြို့နဲ့ မောင်တောမြို့တွေက ရခိုင် တိုင်းရင်းသားနဲ့ မူဆလင် ဒုက္ခသည်တွေကို သွားရောက် ကြည့်ရှုခဲ့ပါတယ်။ သူ့ရဲ့ ခရီးစဉ်အတွင်း မစ္စတာ ကင်တားနားဟာ သမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဖို့ စီစဉ်ထားသလို လူမှုအဖွဲ့အစည်းတွေနဲ့လည်း တွေ့ဆုံမယ်လို့ သိရပါတယ်။
မြန်မာပြည်ကို ခြောက်ကြိမ်မြောက် ခရီးစဉ်အဖြစ် ရောက်ရှိလာတဲ့ မစ္စတာ ကင်တာနားဟာ မနက်ဖြန် ညနေပိုင်းမှာ မြန်မာနိုင်ငံကနေ ပြန်လည် ထွက်ခွာပါလိမ့်မယ်။
မစ္စတာ ကင်တားနားရဲ့ မြန်မာပြည် ခရီးစဉ်နဲ့ ပတ်သက်ပြီး NLD နာယက ဦးတင်ဦးနဲ့ RFA က ကိုနေရိန်ကျော် ဆက်သွယ် မေးမြန်းထားတာကို နားဆင်ရမှာ ဖြစ်ပါတယ်။http://www.rfa.org/burmese/news
မှကူးယူဖော်ပြပါသည်။

Thursday, August 2, 2012

ရခိုင်/ဗမာများ၏ ယုတ်မာပက်စက်မှုကို ပြည်ထောင်စု အစိုးရသို့ အိတ်ဖွင်ပေးစာ


ရခိုင်ပြည်နယ်တွင်ဖြစ်ပွားခဲ့သောအဖြစ်အပျက်များ၏ နောက်ပိုင်းရက်များတွင် ကျောက်ဖြူ၊ကျောက်နီမော်၊ ဘူးသီတောင် ၊မောင်းတော၊ ရသေ့တောင်၊မင်းပြား၊မြောက်ဦး၊ကျောက်တော်မြို့ များတွင်ရှိသောအစ္စလာမ် ဘာသာဝင်များမှာယနေ့ အချိန်ထိ
ရက်ပေါင်းများစွာ ပိတ်ဆို့ခြင်းခံနေရပါသည်။ စားနပ်ရိက္ခာများဝယ်မရပါ။ ပြင်ပမြိုရွာများသို့ ခရီးသွားလာခွင့်မရပါ။ ထို့ ပြင် မွတ်စလင်များ၏ စီပွားရေလုပ်ငန်းများ ရပ်ဆိုင်းထားရပါသည်။

စားနပ်ရိက္ခာရရှိရေးအတွက်အပြင်အထန် ကြိုးစားနေရပါသည်။ ရခိုင်ဗုဒဘာသာ ကြင်နာသနားတတ်သူတချို့ ၏ကူညီပေးမှု ဖြင့် ၀ယ်ယူ ရရှိထားသောစားနပ်ရိက္ခာအနည်းငယ်ကို မျှဝေစားသုံးနေရပါသည်။ ကျန်းမာရေးအတွက်ဆေးကုသရန်လိုအပ်နေသူများ သက်ဆိုင်ရာမြို
့များထံဆေးကုသရန်မသွားနိုင်ပါ။ ဒေသတွင်းရှိဆရာဝန်များကလည်း အစ္စလာမ်ဘာသာဝင်များကိုဆေးကုမပေးကြပါ။ ရပ်ဝေးရောက် ပညာသင်သွားနေသော ကျောင်းသားကျောင်းသူများ မိဘရပ်ထံပြန်ခွင့် မရပါ။

အစောပိုင်းရက်များမှခွင့်ဖြင့်ပြန်လာသောကျောင်းသား/သူ၊၀န်ထမ်းများမှာအချို့ အသတ်ခံရပြီး အသက်ရှင်လျက်ကျန်ရှိသော လူများမှာလည်း ရောက်ရှိနေသော ဒေသများတွင်ပိတ်မိနေပါသည်။ ကျောက်နီမော်တွင် အစောပိုင်းရောက်ရှိနေသော အစ္စလာမ်ဘာသာဝင်များ သာသနာပြုအဖွဲ့ (၁၆)ယောက် [မိထ္ထီလာမြို့ မှ(၁၀)ယောက်စစ်တွေ မှ(၆)ယောက်] တို့ မှာလွန်ခဲ့ သော၃ရက်၎ရက်ခန့် တွင်မှ တပ်ရင်အပြောင်းအရွေ့ အကူအညီဖြင့် ကျောက်ဖြူ သို့ ရောက်ရှိခဲ့ပါသည်။ ထိုမှတဆင့် လေယာဉ်ဖြင့် သက်ဆိုင်ရာမြို့ များသို့ ပြန်ခဲ့ ရပါသည်။ ထိုအကြောင်းအရာကိုလည်း ဘက်လိုက်ယုတ်မာသောမီဒီယာများက ကူးယူလာသောဘင်္ဂါလီကုလားများအား နေရပ်သို့ ပြန်ပိုလိုက်သည်ဟု တလွဲဖော်ပြခဲ့ပါသည်။


စစ်တွေထောင်တွင်းမှာလည်း အဖမ်းခံရထားသော အကျဉ်းသားအစ္စလာမ်ဘာသာဝင်များကို အ၀တ်အစား ၊စားနပ်ရိက္ခာနှင့် ဆေးဝါးများမပြည်စုံမှုတို့ ကြောင့်နောက်ပိုင်းတွင်အစုလိုက်အပြုံလိုက်သေဆုံးခဲ့ ရပါသည်။ကွယ်လွန်သေဆုံးသွားသောရုပ်အလောင်းများကိုကျင်းတစ်ကျင်းထဲတွင် စုပြုံမြုပ်နှံခဲ့ပါသည်။ ထိုကဲသို့ ဖြစ်ပျက်နေသောအခြေအနေများကို RNDP မှဦးဆောင်လှုပ်ရှားနေပြီးပြည်ခိုင်ဖြိုးပါတီ(UNDP)မှ ယင်းလှုပ်ရှားမှုကိုအားပေးအားမြှောက်ပြုနေပါသည်။ လှုံခြုံရေးတပ်ဖွဲ
့များ၏သက်ဆိုင်ရာတာဝန်ရှိသူများမှ အရေးယူဆောင်ရွက်ခြင်းလုံးဝမရှိဘဲ ၊တာဝန်မဲ့ လက်ပိုက်ကြည့်နေပါသည်။ ထိုကဲ့ သိုဘက်စုံပိတ်စို့ ခံရ ခြင်း၊စားနပ်ရိက္ခာနှင့်ဆေးဝါးများ ဖြတ်တောက်ခြင်းတို့ ကြောင့် သေဆုံးရမည့်အခြေအနေတွင် ရခိုင်ပြည်နယ် တစ်ပြည်လုံးရှိအစ္စလာမ်ဘာသာဝင်များရင်ဆိုင်ကြုံတွေ့ နေရပါသည်။ အဆင့်အတန်းမရှိ ယုတ်မာသောသူများ၊အကြင်နာ တရားခေါင်းပါးသောသူများ၊ သူတပါးအသက်အိုးအိမ်စည်းစိမ်ထိခိုက်ပျက်စီးစေလိုသောသူများ၊ အကျင့်ပျက်သီလပျက် မီဒီယာနှင့် FB ပိုင်ရှင်များမှလည်း မဟုတ်မတရားမမှန်သတင်းများလုပ်ကြံလီဆယ်ပြီးဖွကြပါသည်။ ထို့ ကြောင့်ကုလသမဂ္ဂ လုံခြုံရေးအဖွဲ့ အပါအ၀င် နိုင်ငံတကာလုံခြုံရေးတပ်ဖွဲ့ ဝင်များမှ ၀င်ရောက်ကာကွယ်ပေးရန်အချိန်တန်နေပြီဖြစ်ကြောင်းယုံကြည်မိပါသည်။

ကုလသမဂ္ဂ လူ့ အခွင့်အရေးကော်မရှင်မှ Mr.ကင်တားနားရောက်လာခါနီးမှ စားနပ်ရိက္ခာဝယ်ယူခွင့်ဈေးဆိုင်ဖွင့်ခွင့်တို့ကိုခွင့်ပြုပေးခဲ့သည်။ ထောင်တွင်းရှိ အကျဉ်းချ အစ္စလာမ်ဘာသာဝင်များကိုလည်း ယခုအခါမှ အ၀တ်အစားများထုတ်ပေးပါသည်။ ပိတ်ဆို့ခံရသောဒေသခံ မွတ်စလင်များနှင့် ထောင်သားများကို ကုလသမဂ္ဂမှ တာဝန်ရှိသူများ လာရာက်မေးမြန်းသည့်အခါတွင်လည်း "ယခုရရှိခဲ့သောအခွင့်အရေးများ ယခင်ကတည်းကရရှိခဲ့ ပါ ကြောင်း၊ ပိတ်ဆို့ ခံရခြင်းများ မဟုတ်ခဲ့ ပါကြောင်း " ဟု ဖြေဆိုရန်ညွှန်ကြားချက်များဖြင့်အကျပ်ကိုင်ခြင်းခံခဲ့ ရပါသည်။ ဗဟိုအစိုးရမှ အချိန်နှင့်တပြေးညီ အမြန်ဆုံးဒေသခံပြည်သူများထံမှ ဖုန်းသတင်းဖြင့် လည်းကောင်း၊ကွင်းဆင်းစစ်ဆေးချက်များဖြင့် လည်းကောင်း၊ အရေးယူဆောင်ရွက်ပေးပါရန် ဆက်သွယ်ပြောကြားချက်များကို အိတ်ဖွင့်ပေးစာအဖြစ် တင်ပြအပ်ပါသည်။

အောင်နိုင်မင်းhttp://www.myanmarmuslim.net/
မှကူးယူဖော်ပြပါသည်။

မြန်မာပြည်တွင် ဘာသာရေး ချုပ်ချယ်မှုများရှိဟု အမေရိကန်ပြော

အမေရိကန်ပြည်ထောင်စုနဲ့ မြန်မာနိုင်ငံအကြား ၂ နိုင်ငံ သံတမာန်ဆက်ဆံရေး နဂိုအတိုင်း ပြန်ကောင်းလာနေတုန်းမှာပဲ မြန်မာနိုင်ငံမှာ ဘာသာရေးအရ ကန့်သတ်ချုပ်ချယ်မှုတွေ ရှိနေဆဲလို့ ထည့်သွင်းရေးသား ထားတဲ့ ၂၀၁၁ နိုင်ငံတကာ ဘာသာရေးလွတ်လပ်မှုအစီရင်ခံစာ (International Religious Freedom Report for 2011 – IRFR) ကို အမေရိကန် နိုင်ငံခြားရေးဌာနက ထုတ်ပြန်လိုက်ပါတယ်။
မြန်မာအစိုးရအနေနဲ့ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေကို အတိုင်းအတာတခုအထိ အကောင်အထည်ဖော်ခဲ့ပေမယ့် ဘာသာရေးလွတ်လပ်ခွင့်ကို လေးစားတဲ့အပိုင်းမှာရော ကာကွယ်တဲ့အပိုင်းမှာပါ တိုးတက်မှု မတွေ့ရဘူးလို့ မနေ့က ထုတ်ပြန်တဲ့ အဲ့ဒီအစီရင်ခံစာထဲမှာ ရေးသားထားပါတယ်။
ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတွေရဲ့ နိုင်ငံတွင်း လူ့အခွင့်အရေးအခြေအနေတွေ တိုးတက်လာဖို့နဲ့ နိုင်ငံရေး ပြု ပြင်ပြောင်းလဲမှုတွေ ပိုမိုလုပ်ဆောင်ဖို့ ကြိုးပမ်းအားထုတ်မှုတွေကို မြန်မာအစိုးရက ဆက်လက် ကန့်သတ် ချုပ်ချယ်ထားခဲ့တဲ့အပြင် မွတ်ဆလင်တွေရဲ့ လှုပ်ရှားမှုတွေကိုလည်း အနီးကပ် ဆက်လက် စောင့်ကြည့်ခဲ့တယ်လို့ အစီရင်ခံစာက ဆိုပါတယ်။ ဗုဒ္ဓဘာသာဝင်မဟုတ်တဲ့ လူနည်းစုတွေရဲ့ ယုံကြည်ကိုးကွယ်မှုအပေါ်မှာလည်း စည်းမျဉ်းတင်းကျပ်မှုတွေ ဆက်လက်ရှိနေတယ်လို့ ဆိုပါတယ်။
ဒီအစီရင်ခံစာကို အမေရိကန်ပြည်ထောင်စုဆိုင်ရာ မြန်မာနိုင်ငံသံအမတ်သစ် ဦးသန်းဆွေက သမ္မတ ဘားရက် အိုဘားမားကို အိမ်ဖြူတော်မှာ သူရဲ့ သံအမတ်ခန့်အပ်လွှာ ပေးအပ်ချိန်နဲ့ တချိန်တည်းလောက်မှာပဲ ထုတ်ပြန်ခဲ့တာပါ။
ဦးသန်းဆွေဟာ အမေရိကန်ပြည်ထောင်စုဆိုင်ရာ မြန်မာနိုင်ငံသံအမတ်အဖြစ် ၈ နှစ်အတွင်း ပထမဆုံးအကြိမ် စတင် တာဝန်ထမ်းဆောင်ရသူဖြစ်ပါတယ်။ သူမတိုင်ခင် ၁၇ ယောက်မြောက် သံအမတ်အဖြစ်တာဝန်ယူသွားသူက ဦးလင်းမြိုင်ဖြစ်ပြီး ၂၀၀၄ ခုနှစ်ကစလို့ မြန်မာအစိုးရက ဝါရှင်တန်ဒီစီမှာ သံအမတ်အစား စစ်သံမှူးပဲ ခန့်အပ်ခဲ့တာပါ။
အမေရိကန်လွှတ်တော်ရဲ့ခွင့်ပြုချက်နဲ့ နှစ်စဉ် ထုတ်ပြန်တဲ့ IRFR မှာ လတ်တလော ရခိုင်ပြည်နယ်မှာဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေအကြောင်းကိုလည်း ထည့်သွင်းရှင်းပြခဲ့ပါတယ်။
IRFR ရဲ့ မြန်မာပြည်ကဏ္ဍမှာဆိုရင် နိုင်ငံထဲမှာရှိတဲ့ မွတ်စလင်တွေကို ဘာသာရေးအရ ကန့်သတ်ချုပ်ချယ်မှုတွေ ရှိတဲ့အကြောင်း ထောက်ပြထားပါတယ်။ နိုင်ငံတဝှမ်းမှာရှိတဲ့ မွတ်စလင်တွေ၊ ပြီးတော့ တရုတ်နဲ့ အိန္ဒိယလူမျိုးတွေ ဟာ သူတို့မြို့တွေကနေ အပြင်ထွက်မယ်ဆိုရင် မြို့နယ်အာဏာပိုင်တွေဆီမှာ ခွင့်ပြုချက်ယူရလေ့ရှိတယ်လို့လည်း အစီရင်ခံစာထဲမှာ ရေးထားပါတယ်။
“ရခိုင်ပြည်နယ်မှာနေတဲ့ ရိုဟင်ဂျာနဲ့ တခြားမွတ်စလင်တွေ ဘာကိစ္စနဲ့ပဲဖြစ်ဖြစ် ခရီသွားမယ်ဆိုရင် အာဏာပိုင်တွေ က ခွင့်မပြုဘဲ ငြင်းလေ့ရှိတယ်၊ ဒါပေမယ့် တခါတလေမှာ လာဘ်ထိုးပြီး ခွင့်ပြုချက်ယူလို့ရတယ်။ တခြားဒေသတွေမှာ ရှိတဲ့ မွတ်စလင်တွေက ပိုလွတ်လွတ်လပ်လပ်နဲ့ ခရီးသွားလိုပေမယ့် ကန့်သတ်ချုပ်ချယ်မှုတွေနဲ့ ကြုံနေရဆဲပဲ။ ဥပမာ – ရန်ကုန်နေတဲ့က ရိုဟင်ဂျာတွေဆိုရင် ရခိုင်ပြည်ထဲကို အဝင်အထွက်လုပ်ဖို့ လဝကအရာရှိတွေဆီက ခွင့်ပြုချက် လိုတယ်” လို့ အစီရင်ခံစာက ဆိုပါတယ်။
“ရခိုင်ပြည်နယ်မှာရှိတဲ့ မွတ်စလင်တွေ အထူးသဖြင့် လူနည်းစုဖြစ်တဲ့ ရို ဟင်ဂျာတွေဟာ ဥပဒေကြောင်းအရ၊ စီးပွားရေးအရ၊ ပညာရေးအရနဲ့ လူမှုရေးအရ အဆိုးဆုံး ခွဲခြားဆက်ဆံမှုတွေနဲ့ ဆက်လက်ကြုံတွေ့နေရဆဲဖြစ်တယ်။ မွတ်စလင်တွေ ပြည်နယ်အပြင်မှာ ဆေးထွက်ကုဖို့ ကျန်းမာရေးဝန်ကြီးဌာနက ခွင့်ပြုချက်ရအောင် ဗုဒ္ဓဘာသာဝင် ဆရာဝန်တွေက ထောက်ခံစာမရေးပေးဘူးဆိုတဲ့ အစီရင်ခံစာတွေလည်း ရှိတယ်” လို့ ပြောပါတယ်။
မြန်မာအစိုးရအနေနဲ့ ရိုဟင်ဂျာတွေကို နိုင်ငံသားအဖြစ် ငြင်းဆန်ခဲ့တယ်၊ ၁၉၈၂ ခုနှစ် နိုင်ငံသားဖြစ်မှု ဥပဒေမှာ ပြဌာန်း ထားတဲ့အတိုင်း သူတို့ရဲ့ ဘိုးဘေးဘီဘင်တွေက မြန်မာနိုင်ငံကို ဗြိတိသျှအုပ်ချုပ်တဲ့ ကာလအစမှာ နိုင်ငံထဲ ဝင်ရောက် အခြေချခဲ့တာမဟုတ်တဲ့အတွက် အခုလို ငြင်းဆန်တာဖြစ်တယ်လို့ ဒီအစီရင်ခံစာအရ သိရပါတယ်။
ရိုဟင်ဂျာတွေဟာ နိုင်ငံသားမဖြစ်တဲ့အတွက် အစိုးရကျောင်းတွေမှာ အလယ်တန်းနဲ့ အထက်တန်းအဆင့် ဆက်လက် သင်ယူခွင့်မရှိဘူးလို့ အစီရင်ခံစာက ဆိုပါတယ်။ ဒါ့ပြင် ရခိုင်ပြည်နယ်မှာ အထက်တန်းအောင်တဲ့ မွတ်စလင်တွေ အနေနဲ့လည်း ကောလိပ် ဒါမှမဟုတ် တက္ကသိုလ်တက်ဖို့ ပြည်နယ်ပြင်ပကို ခရီးသွားခွင့်မရဘူးလို့ ဆိုပါတယ်။
နိုင်ငံတကာဘာသာရေးလွတ်လပ်မှု အက်ဥပဒေအရ အမေရိကန်အစိုးရက မြန်မာနိုင်ငံကို စိုးရိမ်စရာနိုင်ငံတခု (Country of Particular Concern) အဖြစ် ၁၉၉၉ ခုနှစ်ကတည်းက သတ်မှတ်ခဲ့တာပါ။
ဒီအတောအတွင်း အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး မာတီ နာတာလီဂါဝါ (Marty Natalegawa) ကလည်း အင်ဒိုနီးရှား နိုင်ငံအနေနဲ့ မြန်မာနိုင်ငံမှာ ရိုဟင်ဂျာတွေအပေါ် အကြမ်းဖက်တာတွေနဲ့ပတ်သက်ပြီး အနီးကပ်စောင့်ကြည့်နေတယ်၊ ဘာဖြစ်လို့လည်းဆိုတော့ မွတ်စလင်အများစုနေထိုင်တဲ့ သူတို့နိုင်ငံထဲမှာလည်း ဒီကိစ္စအပေါ် စိုးရိမ်မှုတွေ တစ ထက်တစ ပိုမြင့်လာနေလို့ဖြစ်တယ်လို့ ပြောလိုက်ပါတယ်။
“ကျနော့်တို့ ရပ်တည်ချက်က ရှင်းပါတယ်။ ခွဲခြားဆက်ဆံမှုဆိုတာကို ဘယ်သူ့ကိုပဲလုပ်လုပ် ဘယ်နေမှာပဲလုပ်လုပ် ကျနော်တို့ ဆန့်ကျင်ပါတယ်။ ဒီလိုဆက်ဆံမှုမျိုးကို ကျနော်တို့သီးမခံနိုင်ပါဘူး၊ ဒါကြောင့် မြန်မာနိုင်ငံဟာ ဒီမိုကရေစီ ဖော်ဆောင်ရေးဆီ ဦးတည်နေတာမို့ မြန်မာအစိုးရအနေနဲ့ ဒီကိစ္စကို စနစ်တကျ ကိုယ်တွယ်ဆောင်ရွက်သွားဖို့ ကျနော် တို့ တိုက်တွန်းနေတာပါ” လို့ သူက ဆိုပါတယ်။
တချိန်တည်းမှာ ၅၇ နိုင်ငံပူးပေါင်းဖွဲ့စည်းထားသော အစ္စလမ်မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (Islamic Cooperation Organization)ကလည်း ရခိုင်အရေးမှာ ဒုက္ခရောက်သူ ရိုဟင်ဂျာတွေကို ကူညီပံ့ပိုးကြဖို့ တိုက်တွန်းလိုက်ပါတယ်။ အဖွဲ့ရဲ့ အထွေထွေအတွင်းရေးမှူး အက်မီလဒ်ဒင် အီစန်နော့ဂ်လူးက မြန်မာနိုင်ငံမှာ သံရုံးဖွင့်ထားတဲ့ အဖွဲ့ဝင်နိုင်ငံများအနေနဲ့ ရိုဟင်ဂျာများအပေါ် ပြုမူဆက်ဆံမှုတွေ ပိုကောင်းမွန်လာဖို့ မြန်မာအစိုးရကို တောင်းဆိုကြဖို့ ဆော်ဩထားပါတယ်။
အစ္စလမ်မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့အနေနဲ့ လာမယ့်သောကြာနေ့ကျရင် မလေးရှားမြို့တော် ကွာလာလမ်ပူမှာ ရခိုင်ဒေသက ဒုက္ခရောက်နေတဲ့ ရိုဟင်ဂျာတွေကို ကူညီဖို့ လမ်းစရှာဖို့နဲ့ အိမ်နီးချင်းနိုင်ငံတွေကို ထွက်ပြေးကြတဲ့ ဒုက္ခသည်တွေကိစ္စ ဆွေးနွေးရကြမှာဖြစ်ပြီး ဩဂုတ် ၁၄၊ ၁၅ ရက်တွေမှာ ဆော်ဒီအာရေးဗျနိုင်ငံ မက္ကာမြို့မှာ ကျင်းပမယ့် အဖွဲ့ထိပ်သီး အစည်းအဝေးမှာလည်း ဆွေးနွေးကြမယ်လို့ သိရပါတယ်။

ရှစ်လေးလုံးမျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုကိုကြီးသို့ စစ်အာဏာရှင်တို့၏ ကြိုးပေးကွပ်မျက်ခြင်းခံခဲ့ရသည့် ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦး မိသားစုမှ အိတ်ဖွင့်ပေးစာ

 
ရှစ်လေးလုံးမျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုကိုကြီးသို့
စစ်အာဏာရှင်တို့၏ ကြိုးပေးကွပ်မျက်ခြင်းခံခဲ့ရသည့်
ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦး မိသားစုမှ အိတ်ဖွင့်ပေးစာ

ရှစ်လေးလုံးမျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုကိုကြီးရှင့် ...

အိပ်ဖွင့်ပေးစာ ရေးသားပေးပို့လိုက်ပါတယ်။ ကျမကတော့ ကျောင်းသားလှုပ်ရှားမှု၊ လူထုဆန္ဒပြပွဲတွေကို ဦးဆောင်ရင်း စစ်အစိုးရရဲ့ ကြိုးပေးကွပ်မျက်မှုခံလိုက်ရလို့ ကျဆုံးသွားတဲ့ (၁၉၇၄- ၁၉၇၆ မျိုးဆက်) ကျောင်းသားခေါင်းဆောင် ဆလိုင်းကိုတင်မောင်ဦးရဲ့ ညီမ မလှမြိုင် (ခေါ်) မိုင်ပိုပိုတင် ဖြစ်ပါတယ်။

ကျမတို့မိသားစုအကြောင်းကို ကိုကိုကြီး ကြားဖူးကောင်း ကြားဖူးနိုင်ပါတယ်။ အနည်းငယ် ပြန်ပြီး မိတ်ဆက်ပါရစေ။ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တိုက်ပွဲဝင်ခဲ့တဲ့အတွက် အကိုကြီးက သေဒဏ်၊ ကျမက ထောင်ဒဏ် ၉ နှစ်၊ ကျမ မောင် ကိုလှရွှေက ထောင်ဒဏ် ရ နှစ်၊ ဘာမှ အပြစ်မရှိတဲ့ မိဘနှစ်ပါးက ထောင်ဒဏ် ၅ နှစ်စီ၊ မောင် အငယ်ဆုံးကလေး မောင်သန့်ဇင်က နှိပ်စက်ညှင်းပန်းခံခဲ့ရ ... စသဖြင့် မိသားစုတစုလုံး ဘ၀ပျက်ခဲ့ရတာ မြန်မာနိုင်ငံတနိုင်ငံလုံးမှာ ကျမတို့မိသားစုတစုပ ရှိမယ်ထင်ပါတယ်။ ဒီလို ဘ၀ပေးအသိ ရရှိခဲ့တာကြောင့် စစ်အာဏာရှင်စနစ်ကို စက်ဆုပ်ရွံမုန်းပြီး စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တိုက်ပွဲဝင်တဲ့ ရဲရင့်သတ္တိရှိတဲ့ ကျောင်းသားခေါင်းဆောင်တွေကို လေးစားချစ်ခင်တဲ့နေရာမှာ ကျမတို့ထက်သာသူ မရှိဘူးလို့တောင် ပြောနိုင်ပါတယ်ရှင်။

ကျမတို့မိသားစုဟာ ရှစ်လေးလုံးမှာ တတပ်တအား ဆက်လက်ပါဝင်ဆင်နွှဲပြီး ပြည်တွင်းမှာ နေလို့ မရတော့လောက်အောင်ကို အခြေအနေဆိုက်ရောက်လာတဲ့အတွက် ရှစ်လေးလုံးပြီးကတည်းက ထွက်လာကြပြီး အခုတော့ ကနေဒါနိုင်ငံမှာ အခြေချ နေထိုင်လျက်ရှိပါတယ်။

ကျမရဲ့အကိုကြီး ကျောင်းသားခေါင်းဆောင် ဆလိုင်းကိုတင်မောင်ဦး ကျဆုံးတဲ့ နှစ်ပတ်လည်နေ့ကို ပြီးခဲ့တဲ့ ဇွန်လ၂၆ ရက်နေ့တုန်းက ရန်ကုန်မှာ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ရာမှာ ဦးဆောင်သူတွေဖြစ်တဲ့ (အသက်ကြီးလှပြီဖြစ်ပေမယ့် သတ္တိရှိစွာ လှုပ်ရှားဆဲဖြစ်တဲ့) သတင်းစာဆရာကြီး ဦးဝင်းတင်၊ ၁၉၆၂ ခုနှစ် ကျောင်းသားခေါင်းဆောင် ဦးလှရွှေ၊ ၁၉၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်နဲ့ အခြားခေါင်းဆောင်များအားလုံးကို ကျေးဇူးတင်ကြောင်း ပထမ ပြောခြင်ပါတယ်။ အဲသည်ပွဲမှာ ဦးဆောင်ကျင်းပသူတွေ ဒါမှမဟုတ် တက်ရောက်သူတွေထဲမှာ ကိုကိုကြီးလည်း ပါရင် ကျေးဇူးတင်ပါရစေရှင်။

“တကယ်တော့ သံလျက်တော်ယူတဲ့ သူခိုးက ဆိုတဲ့ ဇာတ်ထဲကလို ဘုရင်ကိုယ်တိုင်က သူခိုးဖြစ်နေတာပဲ မဟုတ်လား။ ဦးသိန်းစိန် ဦးဆောင်တဲ့ စစ်အာဏာရှင်လက်သစ်တွေက တရားခံဖြစ်နေတာ မဟုတ်ဘူးလား။ အားနည်းသူ ရိုဟင်ဂျာတွေကို ဖိနှိပ်ရက်စက်၊ ရခိုင်အမျိုးသားတွေကို ကာကွယ်သယောင်ပြပြီး စစ်တပ်ကို လူစွမ်းကောင်းနေရာမှာရောက်အောင် တွန်းတင်တဲ့ အကြံနဲ့ စစ်အာဏာရှင်တွေနဲ့ ပူးပေါင်းကြံစည်တဲ့အထဲမှာ ကိုကိုကြီးက ဘာကြောင့်ပါချင်ရတာလဲ။”

ရှစ်လေးလုံးအတွင်းမှာ ကိုမင်းကိုနိုင်၊ ကိုကိုကြီး ... စတဲ့ကျောင်းသားခေါင်းဆောင်တွေ ဦးဆောင်ဆင်နွှဲခဲ့ကြတာတွေ၊ ၂၀၀၇ ခုနှစ် သံဃာ့လှုပ်ရှားမှုကြီး မတိုင်ခင် လူထုလှုပ်ရှားမှုကို စတင် ဦးဆောင်ခဲ့ကြတာတွေ၊ နှစ်ရှည်ထောင်ဒဏ်တွေ ကျခံရင်း ထောင်ထဲမှာ ကောင်းမွန်စွာ ရပ်တည်ပြီး ဆက်လက်တိုက်ပွဲဝင်ခဲ့ကြတာတွေ ... စတာတွေကို ကျမတို့မိသားစုတစုလုံးက လေးစား အသိအမှတ်ပြုလျက်ရှိဆဲပါရှင်။

အခု လူတွေအတော်များများ ပြောနေကြတဲ့ အပြောင်းအလဲဆိုတာကို ကျမတို့မိသားစုတစုလုံး မျက်ခြေမပြတ် ကြည့်နေပါတယ်။ ကျမတို့ကတော့ လုံးဝ မယုံဘူး။ ဘာကြောင့်လဲဆိုတော့ အသွင်သဏ္ဍာန် အရသာ အရေခွံဟောင်းကို ခွာ၊ အရေခွံအသစ်ကို ထပ်တင်လိုက်တာကလွဲလို့ အနှစ်သာရအရ ဘာမှမပြောင်းဘူး။ ၁၉၆၂ ခုနှစ်တုန်းက ကျောင်းသားသမဂ္ဂကို ဖြို၊ သားသမီးတွေလို သဘောထားရမယ့် ကျောင်းသားတွေကို သတ်ပြီး ဗိုလ်ချုပ်နေ၀င်းက ဓားဓားချင်း လှံလှံချင်း စိမ်ခေါ်ခဲ့တာ ကိုကိုကြီး မေ့သွားပြီလား။ ကိုကိုကြီး အမွှမ်းတင်ဖို့ အစချီလာတဲ့ တပ်မတော် ဆိုတာဟာ သည်အတွေးအခေါ်နဲ့ သည်အနှစ်သာရကို ဆက်လက်ကိုင်စွဲထားတာကို သတိမပြုမိဘူးလားရှင့်။ အခု ခဏကလေး ဖုံးထားတဲ့ အချိန်မှာတောင် မအောင့်နိုင်ဘဲ ပြီးခဲ့တဲ့ ဆဲဗင်းဇူလိုင် နှစ်ငါးဆယ်ပြည့်နေ့မှာ ကျောင်းသားတွေကို ကြက်ကလေး ငှက်ကလေးဖမ်းသလို ဖမ်းသွားခဲ့တယ် မဟုတ်လား။ ဒါက စစ်အာဏာရှင်စနစ်ရဲ့ အစွယ်ကို တချက်လောက်ပဲ လှစ်ပြလိုက်တာ မဟုတ်ပါလားရှင်။

အပေါ်ယံ အပြောင်းအလဲတွေ၊ လိုက်လျောမှုတွေ လုပ်ပြနေပေမယ့် စစ်အာဏာရှင်စနစ်ဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပေါ် တက်နင်းရပ်ပြီး အခုအချိန်မှာ ခိုင်ခိုင်မာမာ ဆက်တည်ရှိနေတယ်ဆိုတာ ကိုကိုကြီး သိမှာမလွဲပါဘူး။ အဲဒါသာမကဘဲ စစ်ဗိုလ်ချုပ်ဟောင်းတွေနဲ့ စစ်ဗိုလ်ချုပ်သစ်တွေကပဲ တိုင်းပြည်အာဏာကို ဆက်လက်ချုပ်ကိုင်ထားတာကြောင့် လူသစ်တွေလည်း နေရာရသင့်တယ် ရယ်လို့ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်တောင် ပြောဆိုသွားခဲ့တာ ကိုကိုကြီး ကြားမှာပါ။

ဒီလို နောက်ခံအခြေအနေအောက်မှာ ရိုဟင်ဂျာကိစ္စကြီး ဖြစ်ပေါ်လာတယ်။ အဲသည်အပေါ်မှာ ကိုကိုကြီး တိုင်းသိပြည်သိ ပြောကြားလိုက်တဲ့ အောက်ပါစကားတွေကို ကြားလိုက်ရတော့ ကျမတို့ အံသြတုန်လှုပ်သွားခဲ့တယ်ရှင့်။ ဒါကြောင့်လည်း ဒီအိတ်ဖွင့်ပေးစာကို ရေးလိုက်တာပါပဲ။

“ရိုဟင်ဂျာကိစ္စမှာ ကျနော်တိုနိုင်ငံမှာ အမျိုးသားပြန်လည်သင့်မြတ်ရေး လုပ်နေတဲ့အချိန်မှာ တတ်နိုင်သမျှ သည်းခံဆောင်ရွက်နေတဲ့ကိစ္စသာ ဖြစ်ပါတယ်။ ဒါပေမယ့် ရိုဟင်ဂျာကိစ္စကို အခု အပြတ်ပြောပါမယ်။ ရိုဟင်ဂျာဆိုတာ ကျနော်တို့ မြန်မာနိုင်ငံတိုင်းရင်းသား လုံးဝမဟုတ်ပါဘူး။ အခုဖြစ်နေတဲ့ ဘူးသီးတောင် မောင်းတောကိစ္စတွေမှာ နိုင်ငံတကာ နိုင်ငံကြီးတွေက မြန်မာနိုင်ငံကိစ္စကို အပြည်အစုံ နားမလည်ဘဲ ၀င်ရောက်ပက်သတ် စွက်ဖက်နေတာကို လုံးဝလက်မခံပါဘူး။ ကျနော်တို့နိုင်ငံရဲ့ အချုပ်အခြာကို ထိပါးတယ်လို့ ကျနော်တို့ သတ်မှတ်ပါတယ်။ နိုင်ငံတကာနဲ့ မျက်နှာမပျက်အောင် ဒုက္ခသည်များလို့ ယူဆပြီး လူသားချင်းစာနာမှု ကိုယ်ခြင်းစာနာမှုနဲ့ လိုက်လျောမှုကို နိုင်ငံကြီးတွေက ဖိအားပေးလာရင် ကျနော်တို့ လက်ခံမှာမဟုတ်ဘူး။ ဆက်ပြီး ဖိအားပေးလာရင် ကျနော်တို့ ဒီမိုကရေစီအင်အားစုတွေအားလုံးက အမျိုးသားရေးကိစ္စအဖြစ် သတ်မှတ်ပြီး မြန်မာ့တပ်မတော်နဲ့ လက်တွဲဖြေရှင်းသွားမယ်။”

အထူးသဖြင့် ကိုကိုကြီးရဲ့အောက်ပါ စကားလုံးတွေဟာ ကျမတို့မိသားစုကို အံ့သြတုန်လှုပ်သွားစေပါတယ်။

“နိုင်ငံကြီးတွေက ဖိအားပေးလာရင် ကျနော်တို့ လက်ခံမှာမဟုတ်ဘူး။ ဆက်ပြီး ဖိအားပေးလာရင် ကျနော်တို့ ဒီမိုကရေစီအင်အားစုတွေအားလုံးက အမျိုးသားရေးကိစ္စအဖြစ် သတ်မှတ်ပြီး မြန်မာ့တပ်မတော်နဲ့ လက်တွဲဖြေရှင်းသွားမယ်။”

ကိုကိုကြီးရဲ့ အဲသည်စကားကို နားထောင်ပြီးတဲ့အခါမှာ ကိုကိုကြီးဟာ စစ်အာဏာရှင်စနစ်ကို တကယ်ပြတ်ပြတ်သားသား ဆန့်ကျင်တိုက်ပွဲဝင်သွားမယ့် ကျောင်းသားခေါင်းဆောင်တဦးမှ ဟုတ်ပါရဲ့လားရယ်လို့ ကျမတို့ သံသယ ၀င်သွားခဲ့တယ်ရှင့်။ ကိုကိုကြီးလေမျိုးကို ကျန်တဲ့ကျောင်းသားတွေ အတုယူလာရင် စစ်အာဏာရှင်စနစ်ကို တော်လှန်တဲ့ ကျောင်းသားတွေ ဖြစ်မလာဘဲ စစ်အာဏာရှင်စနစ်ကို အကျိုးပြုတဲ့ ကျောင်းသားတွေဖြစ်သွားမှာ စိုးရိမ်မိတယ်။

ရှစ်လေးလုံးကာလအတွင်းမှာ ဒီမိုကရေစီဖခင်ကြီး ဦးအောင်ကြီး သက်တော်ရာကျော်ရှည်ပါစေလို့ လူထုက တန်ဖိုးထား ကြွေးကြော်ခဲ့ရာကနေ ဦးအောင်ကြီးက “တပ်မတော်ကို စိတ်နဲ့တောင် မပစ်မှားနဲ့” လို့ ပြောခဲ့တဲ့အတွက် လူထုက နိုင်ငံရေးမြောင်းထဲကို ပြန်ဆွဲချလိုက်တာ ကိုကိုကြီး သတိရစေချင်ပါတယ်။ အခုအချိန်မှာ ဒီမိုကရေစီအသွင်ကူးပြောင်းသယောင်နဲ့ စစ်အာဏာရှင်စနစ်ကိုသာ ခိုင်မာအောင် လုပ်နေကြတာ မျက်မြင်ပါပဲ။

စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တဲ့ တိုက်ပွဲတွေကို ပုံသဏ္ဍာန်မျိုးစုံနဲ့ ဆက်ပြီး ဆင်နွှဲသွားအောင် ရှင်းလင်းတဲ့ အမြင်တွေ တင်ပေးရမယ့်အစား စစ်အာဏာရှင်စနစ်ကို ဒူးထောက်တဲ့ လမ်းကြောင်းကို ဦးတည်မယ့် စကားလုံးတွေကို ကျောင်းသားခေါင်းဆောင်တဦးအနေနဲ့ မသုံးသင့်ဘူးလို့ ပွင့်ပွင့်လင်းလင်း ပြောပါရစေရှင်။

၁၉၆၇ ခုနှစ် အာဏာရှင် ဗိုလ်ချုပ်နေ၀င်း ဖန်တီးခဲ့တဲ့ တရုတ်-မြန်မာ အရေးအခင်းတုန်းက ကျမတို့မိဘတွေရော ကျမအကိုကြီး ဆလိုင်းကိုတင်မောင်ဦးပါ ကြုံခဲ့ပြီးပြီ။ ဆန်ပြဿနာဖြစ်ပြီး စစ်တွေမှာ ဆန်လုပွဲတွေပေါ်တော့ ရခိုင်လူထုတွေကို စစ်တပ်က ရက်ရက်စက်စက် သေနတ်နဲ့ ပစ်ခတ်နှိမ်နင်းခဲ့တာ ကိုကိုကြီး မေ့သွားပြီလား သို့မဟုတ် ငယ်သေးလို့များ မသိတာလား။ ဆန်ပြဿနာအရေးအခင်းကို အာရုံလွှဲချင်တော့ တရုတ်-ဗမာ အဓိကရုဏ်းဖြစ်အောင် နေ၀င်းက ဖန်တီးခဲ့တယ်။ တရုတ်ဆန့်ကျင်ရေး ကြွေးကြော်သံတွေ ထုတ်၊ သူ့လုံခြုံရေးအဖွဲ့ လက်ပါးစေတွေကို
အရပ်ဝတ်လဲ၊ အခြေမဲ့အနေမဲ့ လူရမ်းကားတွေကို မြှောက်ပေး၊ တရုတ်အိမ်တွေကို ၀င်ရောက် မီးရှို့ဖျက်ဆီး (တချို့သတ်ဖြတ်တာတွေပါ) လုပ်ကြတော့ မီးသတ်ကားနဲ့ စစ်တပ်က လူအုပ်ကြီးနောက်က လိုက်ပေးတယ်။ ဘာမှ မတားဆီးဘူး။ အရေးမယူဘူး။ အခြားအိမ်တွေ မလောင်အောင်သာ မီးငြှိမ်းပေးတယ်။ တရုတ်မိသားစုတွေကို သတ်ဖြတ်၊ နှိပ်စက်၊ တရုတ်အိမ်တွေ မီးရှို့တဲ့ လူရမ်းကားတွေအပေါ် ဘာမှ ထိထိရောက်ရောက် အရေးမယူခဲ့ဘူး။

ကျမအကိုကြီး ဆလိုင်းကိုတင်မောင်ဦးဆိုရင် အဲသည်တုန်းက သူ့အသက် ၁၆ နှစ်ပဲ ရှိသေးတာပေါ့။ အသက်ဘေးကနေ လက်လွတ်ထွက်ပြေးကြရတဲ့ တရုတ်မိသားစုတစုကို ဘုန်းကြီးကျောင်းထဲမှာ ၀ှက်ပြီး ကယ်ခဲ့သေးတယ်။ တရုတ်တွေအပေါ် လူမျိုးမတူတာ အပထား၊ လူသားချင်းစာနာစိတ်နဲ့ (ဘာပြစ်မှုမှ မကျူးလွန်တဲ့ လူတွေရဲ့) လူ့အသက်တွေကိုတော့ ကယ်တင်သင့်တယ်ဆိုတဲ့ ခံယူချက်နဲ့ ကိုတင်မောင်ဦး သည်လိုလုပ်ဆောင်ခဲ့တာ ဖြစ်တယ်ရှင့်။

စစ်အာဏာရှင်တွေက လူမျိုးရေး အဓိကရုဏ်းတွေဖြစ်၊ တိုင်းပြည်မတည်မငြိမ်အောင် သူတို့ပဲဖန်တီးပြီး လက်နက်အားကိုးနဲ့ အုပ်ချုပ်ခွင့်ရအာင် အဲသည်လို လုပ်ခဲ့ကြတာပါ။ ကိုကိုကြီး ပြန်စဉ်းစားကြည့်ပါ။ ရခိုင်ပြည်နယ်မှာ သည်လိုမျိုးဖြစ်မှာ ကျမတို့ သိပ်ကို စိုးရိမ်တယ်။ ဖြစ်သွားခဲ့ပြီလို့လည်း ယူဆတယ်။

ကျမတို့က ရိုဟင်ဂျာတွေဘက်က သတ်ဖြတ်ကျူးလွန်မှုတွေ မရှိဘူးလို့ ဘက်လိုက်ပြီး ခုခံကာကွယ်ပြောဆိုနေတာ မဟုတ်ဘူးရှင့်။ ဘုန်းကြီးကျောင်းတွေ မီးရှို့ခံရတာတွေ ရှိသလို ဗလီတွေ ဖျက်ဆီးခံရတာတွေရှိကြောင်း ကြားရတယ်။ ပြစ်မှုကျူးလွန်တဲ့ နှစ်ဘက်လုံးကို ထိထိရောက်ရောက် အရေးယူပေါ့။ အဲသလို မဟုတ်ဘဲနဲ့ အမျိုးသားရေးကိစ္စဆိုပြီး ရိုဟင်ဂျာတွေကိုသာ ကွက်ပြီး သတ်ဖြတ်တာ၊ နှိပ်စက်တာ၊ လူမဆန်တဲ့ အပြုအမူတွေ ပြုကျင့်မယ်ဆိုရင်တော့ ကျမတို့ လက်မခံနိုင်ဘူးရှင့်။ ကိုကိုကြီး သုံးနှုန်းသွားတဲ့ စကားလုံးအသုံးအနှုန်းတွေဟာ သည်လို မတရားတာတွေ ပြုကျင့်စေဖို့ အားပေးရာရောက်တာမျိုး မဖြစ်သင့်ဘူးလို့ ပြောပါရစေ။

ကိုကိုကြီး အပါအ၀င် ပြည်တွင်းက လူထုတွေ တကယ့်အများစုကြီးဟာ ဆယ်စုနှစ်တချို့လာက် ပြင်ပကမ္ဘာနဲ့ အဆက်အသွယ်ဖြတ်ခံထားခဲ့ရတယ်။ မြန်မာနိုင်ငံလိုပဲ စစ်အာဏာရှင် လွှမ်းမိုးကြီးစိုးခဲ့တဲ့ အင်ဒိုနီးရှားနိုင်ငံကို ထွက်ပြီး လေ့လာကြည့်ပါ။ မြန်မာနိုင်ငံမှာ အခု လူထုတွေ အများစုကြီးက အပြောင်းအလဲလို့ ယူဆနေကြတဲ့ အနေအထားတွေဟာ လွန်ခဲ့တဲ့ ၁၅ နှစ်လောက်က (၁၉၉၇ ခုနှစ်အထိ) အင်ဒိုနီးရှားနိုင်ငံမှာ အာဏာရှင် ဆူဟာတိုက ကျင့်သုံးခဲ့တဲ့ Guided Democracy လို့ခေါ်တဲ့ လမ်းညွှန်ဒီမိုကရေစီအောက်က ရခဲ့တဲ့ ဒီမိုကရေစီအခွင့်အရေးကို တောင်မမီသးဘူးရှင့်။ အခုမြန်မာနိုင်ငံမှာ အာဇာနည်နေ့မှာ ဆန္ဒပြခွင့်ကလေးတွေ ရလာတာကို လူထုတွေက ကျေးဇူးတင်နေကြရတဲ့အဆင့်ပဲ ရှိသေးတယ်။ သည့်ထက်သာတဲ့ အခွင့်အရေးမျိုးတွေကို အင်ဒိုနီးရှားမှာ အာဏာရှင်ဆူဟာတို ရှိစဉ်ကတည်းက ရခဲ့တာပါ။ တကယ်တော့ အနှစ်သာရအရ ဘာမှမပြောင်းလဲသေးဘူးဆိုတာ ရှင်းနေပါတယ်။

ဘာဘဲဖြစ်ဖြစ် ရသမျှ အခွင့်အရေးကလေးတွေကို ယူပြီး စစ်အာဏာရှင်စနစ်ကို တောက်လျှောက်ဆန့်ကျင် တိုက်ပွဲဝင်ခဲ့တဲ့အတွေ့အကြုံရှိတဲ့ မြေပေါ်တော်လှန်ရေးသမားကြီးတွေ၊ နိုင်ငံရေးအကျဉ်းသားဟောင်းကြီးတွေ၊ ၁၉၆၂ ခုနှစ် ကျောင်းသားခေါင်းဆောင်ဟောင်းကြီးတွေက အချင်းချင်း အပြန်အလှန် စုစည်းစည်းရုံးနေကြတာတွေ၊ ကိုမင်းကိုနိုင်၊ ကိုကိုကြီးတို့ ခေါင်းဆောင်တဲ့ ရှစ်လေးလုံးမျိုးဆက်ကျောင်းသားတွေက တပြည်လုံးထွက်၊ စည်းရုံးလှုပ်ရှားနေကြတာတွေ၊ ကိုကျော်ကိုကို ခေါင်းဆောင်တဲ့ ဗကသ ကျောင်းသားတွေက တပြည်လုံးမှာ ဗကသတွေ ပြန်လည်ဖွဲ့စည်းဖို့ လုပ်နေကြတာတွေ၊ ဒါတွေအားလုံးကို ကျမတို့ လုံးဝ တန်ဖိုးထား အသိအမှတ်ပြုပါတယ်။ အခက်အခဲတွေကြားကနေ လုပ်နေကြရတဲ့ အခြေအနေကိုလည်း သဘောပေါက်ပါရဲ့ရှင်။

ဒါပေမယ့် တချိန်တည်းမှာ လူထုတွေကျောင်းသားတွေကို အခြေအနေမှန်ကို အမှန်အတိုင်း အသိပေးဖို့၊ မျှော်လင့်ချက်အမှားတွေ ရှိမလာစေဖို့၊ နိုင်ငံရေးအရ လမ်းကြောင်းချော်သွားစေမယ့် အပြောအဆိုမျိုးတွေ မပြောမိစေဖို့ ရိုးရိုးသားသား အကြံပေးချင်တာကြောင့် သည်စာကို ရေးလိုက်တာပါပဲရှင်။

“ကျနော်တို့ ဒီမိုကရေစီအင်အားစုတွေအားလုံးက အမျိုးသားရေးကိစ္စအဖြစ် သတ်မှတ်ပြီး မြန်မာ့တပ်မတော်နှင့် လက်တွဲဖြေရှင်းသွားမယ်” လို့ ကိုကိုကြီး ပြောသွားခဲ့တယ်။ “ဒီမိုကရေစီ အင်အားစုတွေ အားလုံးက” လို့ ကိုကိုကြီး ဘာကြောင့် သုံးသွားတာလဲ။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သဘောဆန္ဒလည်း တိတိကျကျ ထုတ်ဖော်တာ ဘာမှ မကြားရသေးဘူး။ ဒေါ်အောင်ဆန်းစုကြည် ဖွင့်ပြောတာလည်း နားထောင်ခွင့်မရသေးဘူး။ ရိုဟင်ဂျာတွေက ရခိုင်လူထုအပေါ် သတ်ဖြတ်တာ၊ နှိပ်စက်ညှင်းပန်းတာ၊ ရွာတွေ မီးရှို့တာရှိရင် အဲဒါတွေ အားလုံးကို ကျမတို့ ပြင်းပြင်းထန်ထန် ရှုတ်ချတယ်။ ထိထိရောက်ရောက် အရေးယူဖို့လည်း တာင်းဆိုတယ်။ ဒါပေမယ့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရော ဒေါ်အောင်ဆန်းစုကြည်ကပါ ရိုဟင်ဂျာနဲ့ ရခိုင်လူထုတွေ ဖြစ်ပွားခဲ့တဲ့ လူမျိုးရေးအသွင်ဆောင်တဲ့ ပြဿနာမှာ အမျိုးသားရေးလို့ သတ်မှတ်တယ်ဆိုပြီး ဘက်တဘက်ထဲကပဲရပ်၊ ရိုဟင်ဂျာတွေအပေါ် သတ်ဖြတ်ချင်သလိုသတ်ဖြတ်၊ ရက်စက်ချင်သလို ရက်စက်၊ လူသားချင်း စာနာထောက်ထားတဲ့ အခြေခံကနေ အသက်ရှင်ရပ်တည်လို့တောင် မရအောင် ခံစားနေကြရတဲ့ အခြေအနေမျိုး ဖြစ်စေမယ်ဆိုရင်တော့ ဒါကို လျှစ်လျှရှုထား၊ မသိချင်ယောင်ထားပြီး ထောက်ခံတဲ့သဘောနဲ့ နေလိမ့်မယ်လို့ ကျမတို့တော့ မထင်ဘူးရှင့်။

ပြီးတော့ ဒီမိုကရေစီအင်အားစုတွေ အားလုံးကလို့ ကိုကိုကြီး သုံးသွားတာ ကျမတို့လို မလွှဲသာလို့ တိုင်းပြည်ပြင်ပရောက်နေကြတဲ့ ပုဂ္ဂိုလ်တွေ၊ အင်အားစုတွေ၊ နိုင်ငံတကာမှာ ရောက်နေကြတဲ့ ဒီမိုကရေစီရေး လှုပ်ရှားတက်ကြွတဲ့ အဖွဲ့အစည်းအသီးသီးတွေကို ထည့်မတွက်တော့ဘူးလားရှင့်။ ဒီမိုကရေစီအင်အားစုတွေ အားလုံးကို ကိုယ်စားပြုပြီး ပြောခြင်ဆိုချင်တယ်ဆိုရင် သူတို့သဘောထားဆန္ဒကို ကြိုတင်မေးဖို့ မလိုဘူးလား။ ဒီပုဂ္ဂိုလ်တွေ၊ အဖွဲ့အစည်းတွေ အားလုံးဟာ ကိုကိုကြီးတို့ ထောင်ထဲမှာ ရှိနေတုန်းက နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးဖို့ ကမ္ဘာပတ်ပြီး တောင်းဆို၊ စစ်အစိုးရကို ဖိအားပေးခဲ့ကြသူတွေပါ။ သူတို့သဘောဆန္ဒကိုရော အလေးမထားသင့်ဘူးလား။ သူတို့သဘောဆန္ဒကိုလည်း မယူဘဲနဲ့ ကိုကိုကြီးနဲ့ နီးစပ်သူတချို့လောက်ရဲ့ သဘောထားနဲ့ပဲ ဘာကြောင့် အမျိုးသားရေးကိစ္စဆိုပြီး သတ်မှတ်လိုက်တာလဲရှင့်။

ဒီမိုကရေစီအင်အားစုတွေအားလုံးက သတ်မှတ်တယ်ဆိုရင်ရော ဒါဟာ အမျိုးသားရေးကိစ္စ ဖြစ်သွားပြီလား။ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တိုက်ပွဲဝင်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့တွေရဲ့ သဘောဆန္ဒကို မယူသင့်ဘူးလား။ သူတို့သဘောမပါဘဲနဲ့ ဦးသိန်းစိန် ဦးဆောင်တဲ့ စစ်အစိုးရသစ်နဲ့ သဘောထားချင်းတူရုံနဲ့ အမျိုးသားရေးကိစ္စလို့ သတ်မှတ်လို့ ရပါ့မလားရှင့်။

အခု ရိုဟင်ဂျာ ရခိုင်အရေးအခင်းမှာ တာဝန်အရှိဆုံးက ဘယ်သူလဲ။ ကိုကိုကြီး စဉ်းစားကြည့်ပါ။ လက်ရှိ တက်နေတဲ့ သမ္မတ ဦးသိန်းစိန်နဲ့ သူ့အောက်က ပြည်နယ်အုပ်ချုပ်ရေး အာဏာပိုင်တွေပဲ။ တိုင်းပြည်အုပ်ချုပ်နေရင် ကိုယ့်လူထုအကြောင်းကို ကိုယ်သိရမှာပေါ့။ ရိုးရိုးသားသား ဖြစ်ဦးတော့ ရခိုင်ပြည်နယ်မှာ ဒါမျိုးဖြစ်လာရင် လူမျိုးရေးပဋိပက္ခ ဖြစ်သွားနိုင်တယ်ဆိုတာ ကလေးကအစ သိတယ်။ ဖြစ်ဖြစ်ချင်း ဘယ်ဘက်ကပဲ ကျူးလွန်ပါစေ၊ ပြစ်မှုကျူးလွန်သူ နှစ်ဘက်လုံးကို ချက်ချင်း အရေးယူ၊ လုံခြုံရေးတပ်ဖွဲ့တွေ ချက်ချင်းချ၊ လူထုအတွင်း ရှင်းလင်းမှုတွေ ချက်ချင်းလုပ်၊ အဓိကရုဏ်း မဖြစ်အောင် တားဆီးနိုင်ရမှာပေါ့။ သည်လို ဘာကြောင့် မလုပ်ခဲ့သလဲ။ သမိုင်းအတွေ့အကြုံတွေအရ စဖြစ်ကတည်းက ကျမတို့မှာ သံသယရှိခဲ့တာ။ အခု နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့အစည်းကြီးဖြစ်တဲ့ Human Rights Watch ရော အခြားလူ့အခွင့်အရေးအဖွဲ့အစည်းတွေ အတော်များများကပါ ဦးသိန်းစိန်အစိုးရရဲ့ ပါဝင်ပတ်သက်မှုကို အတိအကျ စွပ်စွဲလာတဲ့ အခါကျတော့မှ ကျမတို့ ပိုပြီး သေချာသွားတယ်။

တကယ်တော့ သံလျက်တော်ယူတဲ့ သူခိုးက ဆိုတဲ့ ဇာတ်ထဲကလို ဘုရင်ကိုယ်တိုင်က သူခိုးဖြစ်နေတာပဲ မဟုတ်လား။ ဦးသိန်းစိန် ဦးဆောင်တဲ့ စစ်အာဏာရှင်လက်သစ်တွေက တရားခံဖြစ်နေတာ မဟုတ်ဘူးလား။ အားနည်းသူ ရိုဟင်ဂျာတွေကို ဖိနှပ်ရက်စက်၊ ရခိုင်အမျိုးသားတွေကို ကာကွယ်သယောင်ပြပြီး စစ်တပ်ကို လူစွမ်းကောင်းနေရာမှာရောက်အောင် တွန်းတင်တဲ့ အကြံနဲ့ စစ်အာဏာရှင်တွေနဲ့ ပူးပေါင်းကြံစည်တဲ့အထဲမှာ ကိုကိုကြီးက ဘာကြောင့်ပါချင်ရတာလဲ။

ရိုဟင်ဂျာတွေ ၀င်လာတာဟာ အမျိုးသားရေးကို ထိပါးတယ်၊ အမျိုးသားလုံခြုံရေးပြဿနာ ဖြစ်တယ်ဆိုရင် တရုတ်တွေကိုတော့ ဘာကြောင့်အရေးမယူသလဲ။ မန္တလေးတမြို့လုံးလောက်နီးနီး တရုတ်တွေ သိမ်းထားသလိုဖြစ်တာ ဘယ်လိုရှင်းမလဲ။ လူဝင်မှုကြီးကြပ်ရေးကို အကြီးအကျယ် လာဘ်ထိုးပြီး နိုင်ငံသားလက်မှတ်အမျိုးမျိုး ကိုင်နေကြတာတွေကို ဘယ်လိုရှင်းမလဲရှင့်။

နိုင်ငံခြားသားတွေ ဆယ်စုနှစ်တချို့အတွင်း သန်းတချို့ချီပြီး ၀င်လာတဲ့ကိစ္စမှာ အဓိက တာဝန်ရှိသူတွေဟာ ၁၉၆၂ ခုနှစ်က စပြီး တိုင်းပြည်ကို အာဏာသိမ်းအုပ်ချုပ်ခဲ့တဲ့ စစ်ခေါင်းဆောင်တွေ မဟုတ်ဘူးလား။ တရုတ်ပြည်က အခုအချိန်မှာ အင်အားတောင့်တင်းနေတော့ စစ်အာဏာရှင်တွေက ကြောက်တာကြောင့် တရုတ်ကိုတော့ ဘာမှ သွားပြီး ပြဿနာမရှာရဲ၊ အားနည်းတဲ့ ရိုဟင်ဂျာတွေကို ဖိထောင်းပြတာမျိုးဟာ တရားရဲ့လား။ သည်လိုတရားမဲ့ လုပ်တဲ့အတွက် မကောင်းတဲ့ အကျိုးဆက်အနေနဲ့ ရခိုင်အမျိုးသားလူထုတွေအတွင်းမှာ မတည်မငြိမ် တောက်လျှောက်ဖြစ်၊ ကိုယ့်လုံခြုံရေးတောင် ကိုယ်စိတ်မချရဘူးဆိုရင် စီးပွားရေးလည်း စိတ်အေးလက်အေး လုပ်ခွင့်မရ၊ ဒီလိုအခြေအနေဟာ ရခိုင်လူထုအတွက် အမျိုးသားအကျိုးစီးပွားလို့ ပြောနိုင်ပါ့မလားရှင့်။

ကျမတို့မိသားစုအနေနဲ့ကတော့ ရိုဟင်ဂျာလူထုအပေါ်ဖြစ်ဖြစ်၊ ရခိုင်လူထုအပေါ်ဖြစ်ဖြစ် လူ့အခွင့်အရေးချိုးဖောက်တာ၊ Genocide လို့ ခေါ်တဲ့ လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်မှာမျိုးကိုတော့ ဘယ်လိုနည်းနဲ့ ဘယ်အကြောင်းပြချက်နဲ့မှ လက်မခံနိုင်ဘူး ဆိုတဲ့အကြောင်း ကိုကိုကြီးကို အသိပေးလိုက်ပါရဲ့ရှင်။

စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးစိတ်ဓာတ်ကို ကျမတို့မိသားစုဟာ အသက်နဲ့ရင်း ဘ၀နဲ့ ရင်းပြီး ထူထောင်ခဲ့ရတာပါ။ တချိန်ကျရင် စစ်အာဏာရှင်စနစ်ဟာ မြန်မာနိုင်ငံမှာ ပြုတ်ပြုတ်ပြုန်းသွားလိမ့်မယ်လို့ လုံးဝယုံကြည်တယ်။ တော်လှန်ရေးဟာ မပြီးသေးဘူးလို့ ကျမတို့ ခံယူတယ်။ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးတိုက်ပွဲဟာ နည်းလမ်းပေါင်းစုံနဲ့ အရှိန်အဟုန်ပြင်းပြင်း လာဦးမယ်လို့ ကျမတို့ တွက်တယ်။ အရေးကြီးတာက စိတ်ဓာတ်ပဲ။ ကျောင်းသားခေါင်းဆောင် ဆလိုင်းကိုတင်မောင်ဦးဟာ သူ့အသက်ကို ပေးပြီး စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးစိတ်ဓာတ်ကို အမြင့်ဆုံး တင်သွားခဲ့တယ်။ ကိုကိုကြီး ပြောလိုက်တဲ့ စကားတလုံး၊ နောင်သည်လိုမျိုး ဆက်ပြောနိုင်တဲ့ စကားလုံးတွေကြောင့် ကျောင်းသားတွေ၊ လူထုတွေ စိတ်ဓာတ်ဦးကျိုးသွားမှာကို စိုးရိမ်တယ်။

စစ်အာဏာရှင်စနစ်ကို အသက်သွင်းတဲ့ စစ်ခေါင်းဆောင်အဆက်ဆက်အောက်မှာ ကိုကိုကြီး ပြောတဲ့ တပ်မတော် ဆိုတာဟာ လူထုကို ကာကွယ်တဲ့ အနှစ်သာရပျက်ယွင်းနေတဲ့ အဖွဲ့အစည်းဖြစ်တာ ကြာနေပြီ။ ဗိုလ်ချုပ်အောင်ဆန်း စတင်တည်ထောင်ခါစက လူထုချစ်တဲ့ တပ်မတော်ဆိုတာ သမိုင်းထဲမှာပဲ ကျန်သွားပြီ။ တိုင်းရင်းသားပေါင်းစုံ လူထုတွေကိုသာမက သံဃာတော်တွေကိုပါ ပစ်သတ်တဲ့ “သတ် မတော်” ဖြစ်သွားပြီ။ စစ်အာဏာရှင်စနစ်အောက်မှာ စစ်ခေါင်းဆောင်အဆက်ဆက် ကျူးလွန်ခဲ့တဲ့ လူ့အခွင့်အရေးချိုးဖောက်မှု ရက်စက်မှုတွေကြောင့် အမျိုးသားစည်းလုံးညီညွတ်ရေး ပြိုကွဲခဲ့တာပဲရှင့်။ အမျိုးသားပြန်လည်သင့်မြတ်ရေး ဆိုတာကို စစ်အာဏာရှင်စနစ်ရှိနေသမျှ ကိုကိုကြီး စိတ်ကူးမယဉ်စေချင်ဘူး။ ရဲရင့်တဲ့ ကျောင်းသားခေါင်းဆောင်တဦးအနေနဲ့ ခင်ဗျားတို့ စစ်ခေါင်းဆောင်တွေ
စစ်အာဏာရှင်စနစ်ကို အရင်ဖြုတ်ပါလို့ ဘာကြောင့် မပြောသလဲရှင့်။

ရိုဟင်ဂျာကို လက်ညှိုးထိုးပြီး အဲဒီစစ်တပ်ကို သူရဲကောင်းလို လူထုတွေက ထင်ယောင်ထင်မှား ဖြစ်လာစေမယ့် စကားမျိုးတွေကို ကျောင်းသားခေါင်းဆောင်တဦးနေရာကနေ မသုံးဖို့ မေတ္တာရပ်ခံပါရစေရှင်။

မတရားမှုကို ဆန့်ကျင်၊ တရားမျှတမှုအတွက် တိုက်ပွဲဝင်တဲ့ ကျောင်းသားတို့ရဲ့ ခွပ်ဒေါင်းစိတ်ဓာတ်ကို ပြန်လည်တည်ဆောက်ရင်း စစ်အာဏာရှင်စနစ်ကို ပြတ်ပြတ်သားသား ဆန့်ကျင်တိုက်ပွဲဝင်သွားမယ့် ကျောင်းသားခေါင်းဆောင်တဦးအဖြစ် ကိုကိုကြီးကို မြင်တွေ့လိုပါကြောင်း ပြောရင်း သည်စာကို နိဂုံးချုပ်လိုက်ပါတယ်။

မလှမြိုင် (ခေါ်) မိုင်ပိုပို
ကျောင်းသားခေါင်းဆောင် ဆလိုင်းကိုတင်မောင်ဦး၏ မိသားစုတစုလုံးကိုယ်စား
ဇူလိုင်လ ၃၀ ရက်၊ ၂၀၁၂ ခုနှစ်

http://drlunswe.blogspot.com/
မှကူးယူဖော်ပြပါသည်။

အမှန်ကို ချစ်ပါ (၂)

ဌေးလွင်ဦး

အခုခေတ် မြန်မာနိုင်ငံလို့ သတ်မှတ်ထားတဲ့ ဧရိယာ နယ်နိမိတ်ဟာ- ကုန်းမြေဆက်စပ်မှု မရှိတဲ့ သီးခြား ကျွန်းမဟုတ်သလို အလွတ်တစ်နေရာမှာ မြေသားထု မြေပုံဆွဲ ယူလာပြီး အိန္ဒိယနဲ့ တရုတ်ကြားမှာ လာကပ်ထားတဲ့ မြေနေရာလည်။ မဟုတ်ပါ။ ကမ္ဘာတည်ကတည်းက ရှိနေတဲ့ အာရှတိုက်ရဲ့ ကုန်းမြေ ဆက်စပ် နေတဲ့ အပိုင်းထဲက မြေနေရာတကွက်မျှသာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံရယ်လို့ သတ်သတ်မှတ်မှတ် ဖြစ်လာခဲ့တာ အေဒီ ၁၁ ရာစု (၁၀၄၄ ခုနှစ်)ကမှ ဖြစ်လာခဲ့ပြီး- အိမ်ဘေးက တရုတ် အိန္ဒိယတို့နဲ့ နှိုင်းယှဉ်လိုက်ရင် ကလေး အဆင့်မျှသာ ရှိပါသေးတယ်။

မြန်မာရယ်လို့ ဖြစ်လာတဲ့ လူတွေ ဘယ်က ၀င်ခဲ့သလဲ၊

လက်ရှိ တရုတ်ပြည်လို့ သတ်မှတ်ထားတဲ့ ဧရိယာထဲက သို့မဟုတ် တိဘက်ကုန်းမြင့်ဒေသက တရုတ်ပြည်ကို ဖြတ်ပြီး မြန်မာနိုင်ငံရယ်လို့ ဖြစ်တယ်လာမယ့် ဧရိယာထဲကို ပင်မလူမျိုးနွယ် သုံးစု ၀င်လာခဲ့တာကိုတော့ အထူး ပြောနေစရာ မလိုပါ။

ဒီနေရာမှာ - ဒီလူမျိုးစု သုံးစု မတိုင်မှီက မြန်မာနိုင်ငံမှာ လူတွေ မရှိဘူးလား- ဆိုတဲ့ အချက်ကို ဆင်ခြင်ဘို့ လိုပါတယ်။ - သမိုင်းပညာရှင်တွေက ပျူတွေ နေထိုင်ခဲ့တယ်၊ ဟံလင်းကြီး ပိဿနိုး စသည်ဖြင့် ပျူမြို့ပြနိုင်ငံ ငယ်တွေ တည်ဆောက်ခဲ့တယ်- လို့ အခိုင်အမာပြောဆိုတာကိုလည်း မူလတန်းအောင်ပြီးသား ကလေးတိုင်း အနည်းဆုံးတော့ ကြားဘူးနားဝ ရှိပြန်ပါတယ်။- ဒီလိုတွက်ရင် လက်ရှိ လူမျိုးများထက် ပျူလူမျိုးများက ပိုမိုရှေ့ကျတဲ့ Native တွေ ဖြစ်တယ်လို့ ဆိုရမှာပါ။

မြန်မာပြည်လို့ ဖြစ်တည်လာမယ့် ဧရိယာရဲ့ နံဘေးမှာ မြန်မာမတိုင်မှီ ၅၀၀၀ ကျော်ကတည်းက နိုင်ငံအဖြစ် အင်ပါယာ အဖြစ် တည်ရှိနေတဲ့ အိန္ဒိယနဲ့ နှစ်ပေါင်း ၄၀၀၀ ကျော်ကတည်းက တည်ရှိနေတဲ့ တရုတ်နိုင်ငံတို့ ရှိ နေတယ် ဆိုတာကို မေ့ထားလို့ မရပါ


မြန်မာမတိုင်မှီ ၀င်လာတဲ့ လူမျိုးတွေက သက်ဆိုင်ရာ ဒေသနိုင်ငံများ ထူထောင်ခဲ့ပေမယ့်- သူတို့ကို နိုင်ငံအဖြစ် အိန္ဒိယနဲ့ တရုတ်တို့က အသိအမှတ်မပြုပေးခဲ့ဘူး- ဆိုလိုတာက အဲ့ဒီဒေသတွေဟာ သူတို့ဆီက ပဲ့လွင့်သွားတဲ့ လူတွေက ရပ်ရွာထူထောင်ထားသလိုလို၊ သို့မဟုတ် သူတို့လူမျိုးတွေက မြို့တွေထူထောင်ထားလို့ သူတို့ကပဲ ပိုင်ဆိုင်သလိုလို၊ သို့မဟုတ် မြေလွတ်မြေရိုင်းတစ်ခုမှာ ဘယ်သူမဆို ၀င်ရောက်ရွာတည်ပြီး နေထိုင်နိုင်တယ်- ငါတို့ရဲ့ အင်ပါယာကို လိုအပ်ရင် အဲ့ဒီ ဒေသများထိ လွှမ်းမိုးထားလို့ ရတယ်လို့ ခံယူထားသလိုလိုမျိုးတွေနဲ့ ရှိနေ ခဲ့တယ်။

၁၁ ရာစုမှာ နန်ဇို ဘုရင့်နိုင်ငံရဲ့ လက်အောက်က ရုန်းထွက်ပြီး ဗမာများ ၀င်ရောက်လာခဲ့တယ်။ ဗမာတို့က ပျူ များကို သိမ်းပိုက်နိုင်ငံထူထောင်လိုက်တယ်၊ အခုမြန်မာပြည်အောက်ပိုင်း ကမ်းရိုးတန်းဒေသမှာ သူ့အရင်က ထူ ထောင်ပြီး ရှိနေတဲ့ မွန်တွေကိုပါ သိမ်းပိုက်လိုက်တယ်။ အနောက်ဘက်တောင်တန်းကြီးရဲ့ အနိမ့်ပိုင်းများကို ဖြတ်ကျော်ပြီး လက်ရှိ ရခိုင်ပြည်နယ်ရဲ့ တောင်ကုတ်လောက်ကစ ဗမာထူထောင်ထားတဲ့ ပုဂံအင်ပါယာထဲကို သိမ်းသွင်းနိုင်ခဲ့တယ်၊-- အဲ့ဒီ အချိန်ကစ အိန္ဒိယကို စိုးမိုးထားတဲ့ ချိုလာအင်ပါယာကနဲ့ တရုတ်ပြည်မှာ စိုးမိုးထား တဲ့ ဆွန်မင်းဆက်တို့က ပုဂံကို အင်ပါယာ တစ်ခုအဖြစ် အသိအမှတ်ပြုပေးလိုက်တယ်။ ဒါကြောင့် မြန်မာနိုင်ငံ ဟာ အချုပ်အခြာပိုင်တဲ့ ကိုယ်ပိုင်ဧရိယာနဲ့ အင်ပါယာနိုင်ငံတစ်ခု ဖြစ်လာခဲ့တယ်။

ဒါပေမယ့် မြန်မာ့သမိုင်းမှာ မပေါ်လွင် တိမ်ငုတ်နေတဲ့ အရာတစ်ခုက ဧရာဝတီမြစ်ဖျားက ဆင်းလာတဲ့ ဗမာ များက မြန်မာနိုင်ငံရယ်လို့ မထူထောင်မှီကတည်းက မြန်မာနိုင်ငံ အနောက်ပိုင်းမှာ ရှိတဲ့ ကုလားတန် မြစ်ဖျား ဘက်က ဆင်းလာတဲ့ လူမျိုးက သီးခြားနိုင်ငံငယ်လေး ရှိပြီးသား ဖြစ်နေပါတယ်။ အဲဒီမှာ နိုင်ငံရှိပြီးသား ဖြစ်တယ်၊ ပုဂံအင်ပါယာက မသိမ်းသွင်းမှီကတည်းက လူတွေရှိပြီးသား ဖြစ်တယ်၊ အဲ့ဒီ လူတွေက ဘယ်က လာခဲ့ပါသလဲ။- အောက်မှာ ပုဂံခေတ်က မြန်မာနိုင်ငံရဲ့ မြေပုံကို ကြည့်ပါ။-
http://en.wikipedia.org/wiki/Pagan_Kingdom
ပုဂံခေတ် ဆိုတာ အထက်မှာ ပြောပြီးတဲ့အတိုင်း ၁၁ ရာစုမှာမှ ပေါ်လာတဲ့ အင်ပါယာ ဖြစ်ပါတယ်။ ၁၁ ရာစု မတိုင်မှီ နှစ်ပေါင်းထောင်နဲ့ချီပြီး အနောက်ဘက်ဒေသမှာ တိုင်းနိုင်ငံက တည်ရှိပြီး ဖြစ်နေပါပြီ။- ရခိုင်သမိုင်းအရ ဘီစီ ၃၃၂၅ ခုကတည်းက မာရယူမင်းက နိုင်ငံကို တည်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါဟာ ပုဂံအင်ပါယာ မထွန်း ကား မဖြစ်ပေါ်မှီ နှစ်ပေါင်း ၄၀၀၀ ကျော် ရှေ့ကျနေပါတယ်။

ဗမာမ၀င်မှီ နှစ်ပေါင်း ၄၀၀၀ ကျော်တည်ရှိတဲ့ နိုင်ငံက လူသားတွေဟာ ဘယ်က လာခဲ့ပါသလဲ။ သမိုင်းကို ပြန် လိုက်ရင် သူတို့တွေဟာ အိန္ဒိယ အင်ပါယာဘက်က ဖြတ်ပြီး လာခဲ့တဲ့သူများသာ ဖြစ်ပါတယ်။ နှစ်ပေါင်း ၄၀၀၀ ကျော်က အိန္ဒိယအင်ပါယာရဲ့ မြေပုံဟာ မသေချာသေးပေမယ့်- မြန်မာအင်ပါယာ မပေါ်မှီ နှစ်ပေါင်း ၁၅၀၀ စော ပြီး တည်ရှိတဲ့ အိန္ဒိယ မာဂဓ အင်ပါယာရဲ့ စတည်မှုနဲ့ ကျယ်ပြန့်လာတဲ့မြေပုံကို ကြည့်ပါ။
http://en.wikipedia.org/wiki/Magadha
http://en.wikipedia.org/wiki/Mauryan_Empire


























ဒီမြေပုံအရ မြန်မာနိုင်ငံ အနောက်ပိုင်း အခု ရခိုင်ဒေသ မြောက်ပိုင်းက လူသားတွေဟာ မာဂဓ အင်ပါယာ ထဲက ၀င်ရောက်လာတဲ့ မာဂဓ မျိုးနွယ်များသာ ဖြစ်နိုင်ခြေ ရှိနေပါတယ်။ ရခိုင်သမိုင်းဆရာ တစ်ချို့ရဲ့ အဆိုအရလည်း ရခိုင်ဆိုတာ- လက်ဦးအစက မာဂဓ လူမျိုးတွေ ဖြစ်တယ်၊ ဗုဒ္ဓဘာသာ အဓိက လွှမ်းမိုးရာ ဖြစ်ပြီး ဗမာများထက် အလွန်တရာ ရှေးကျစွာ ဗုဒ္ဓဘာသာကို ကိုးကွယ်ယုံကြည်ခဲ့သူများ ဖြစ်တယ်လို့ ဆိုပါတယ်။ လက်ရှိခေတ် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ အိန္ဒိယနိုင်ငံနဲ့ မဏိပူရမှာ ရှိနေတဲ့ ရခိုင်များကို မော့ဂ်ဒ် (မဂဓ ဒေသမှ လူမျိုး)လို့ ခေါ်နေဆဲ သတ်မှတ်နေဆဲ ဖြစ်ပါတယ်။

ဒီနောက်မှာ အိန္ဒိယရဲ့ ကမ္ဘာကျော် အင်ပါယာ ပြည့်ရှင် အာသောကရဲ့ မောရိယ အင်ပါယာကြီး တစ်ဆက်တည်း ပေါ်ထွန်းလာခဲ့ပါတယ်။ အဲ့ဒီ အင်ပါယာထဲမှာ ရခိုင်ဒေသနဲ့ ချင်းတောင်အောက်ပိုင်းဒေသများဟာ မင်းဘဏ္ဍာ ဆက်သ လက်အောက်ခံ တိုင်းနိုင်ငံငယ်များ ဖြစ်ခဲ့ပါတယ်။ မြေပုံမှာ ကြည့်ပါ။

http://en.wikipedia.org/wiki/Maurya_Dynasty


ဒီကာလဟာ ပုဂံအင်ပါယာ မပေါ်ထွန်းမှီ နှစ်ပေါင်း ၁၂၀၀၊ ၁၃၀၀ ကတည်းက တည်ရှိနေတဲ့ လူတွေ ဖြစ် ပါတယ်။

မာဂဒတွေရဲ့ စကားက မာဂဓ တွေရဲ့ စကားက မာဂဓီ စကားဖြစ်တယ်။ အဲ့ဒီ ဘာသာစကားကို ရှင်ဂေါတမ ဘုရား ရှင်လက်ထက်က ရှင်ဂေါတမပွင့်ပေါ်ရာ အရပ်မှာ အများသုံး ဘာသာစကား အဖြစ် လူသိများပါတယ်။ ရှင်ဂေါတမ ကိုယ်တိုင်ကတော့ အို့ဓ် ဘာသာစကားကို ပြောတယ်လို့ ဂျာမန်သမိုင်းပညာရှင် မောရစ်ဝင်တာနစ် က သူ့ရဲ့ History of Indian culture –Buddhism ဆိုတဲ့ စာအုပ်မှာ ဖေါ်ပြထားပါတယ်။

ဒီနေ့ ရခိုင်ပြည်မြောက်ပိုင်းက ရိုဟင်ဂျာလို့ ခံယူသူများ ပြောတဲ့ စကားဟာ မြန်မာများက ပါဠိဘာသာစကားလို့ သတ်မှတ်ထားတဲ့ မာဂဓ ဘာသာစကားနဲ့ အလွန်တရာ နီးစပ်နေတာကို တွေ့ရပါတယ်။ ရိုဟင်ဂျာတို့ရဲ့ ဘာသာ စကားဟာ မိုင်ပေါင်းထောင်ချီကွာဝေးနေတဲ့ နီပေါလ်ဘာသာစကား၊ မဏိပူရ် ဘာသာစကားများနဲ့လည်း အတော့ကို နီးစပ်နေပါတယ်။

ဒီလို ပြောလို့ မြန်မာအမျိုးသားရေးဝါဒီများ အနေနဲ့ စိတ်မဆိုးအပ်ပါ။ ကျွန်တော်က ရိုဟင်ဂျာ တစ်ဦး မဟုတ်ပါ။ ဒါပေမယ့် ရခိုင်ပြည်မှာ အတူနေတဲ့ ရိုဟင်ဂျာ လူမျိုးများရဲ့ ဘာသာစကားများကို နီးစပ်ရာ သူငယ်ချင်းများက တစ်ဆင့် ထမင်းစားရေသောက်လောက် တတ်မြောက်ပါတယ်။

ဆယ်တန်းအောင်ပြီး မြန်မာစာ မေဂျာကို ယူတော့ ပါဠိစာပေကို စတင်သင်ယူရပါတယ်။ ဒီအခါမှာ ပါဠိစာပေကို သင်ယူရတာ အလွန်လွယ်ကူနေတာကို တွေ့ရပါတယ်။ ဥပမာ ပါဠိစာမှာ အဟံ ဘတ္တံ ခါဒန္တိ- ကျွန်ုပ်သည် ထမင်းကို စားသည်။ ဆိုတဲ့ ၀ါကျဟာ ရိုဟင်ဂျာ ဘာသာစကားက ဟမ်း ဘတ် ခိုက်တဲ ဆိုတဲ့ စကား ဖြစ်နေပါ တယ်။ ဒီလို အသံကွဲရတာက- မြန်မာပါဠိက မြန်မာသံလုပ်ပြီး မြန်မာစာနဲ့ ရေးထားတဲ့ စာဖြစ်နေလို့ပါ- ဥပမာ What is this? ဆိုတာကို မြန်မာလို ၀ှတ် (တ) အက် (စ်) ဿဲ့စ် (စ်) ဆိုသလိုပါ။ ဒါကို အင်္ဂလိပ်စကားပြော တက်ကယ်မတတ်သူက အသံထွက်အတိုင်းကျက်ထားပြီး ၀ှတ်တ အက်စ ဿဲ့စ လို့ ဖတ်ပြီး ပြောနေသလိုပါ။
အချို့နေရာများမှာတော့ မူရင်းအသံ စ သို့မဟုတ် ဆ ကို မြန်မာက သ အဖြစ် ပြောင်းထားတာမျိုး ရှိပါတယ်။ ဥပမာ ၀က်သားကို ပါဠိမှာ သူရက (သူရ်က)လို့ ခေါ်ပါတယ်။ ဒါကို ရိုဟင်ဂျာစကားမှာ ဆူဝဲလ် လို့ခေါ်ပါတယ်။ မနုဿ လူသားကို မနုဆ် လို့ခေါ်ပါတယ်။ အရပ်သုံး စကားလုံးထဲမှာပဲ မြောက်များစွာသော ရာနှုန်းများက တူညီနေတာကို အလွယ်တစ်ကူတွေ့နိုင်ပါတယ်။

စကားကိုမတတ်တဲ့ စာသံနဲ့ မူလဇစ်မြစ် စကားသံ မတူညီဘူး ဆိုတာတေ့ စာတတ်သူတိုင်း ဆင်ခြင်မိမယ် ထင်ပါတယ်။

ဒီလို ဆိုရင် ရခိုင်မြောက်ပိုင်းနေ လူသားတွေဟာ ဗမာများရောက်ပြီးမှ အဲ့ဒီ ဒေသကို ရောက်လာတာလား၊ သို့မဟုတ် သူတို့တွေက Native တွေလား ဆိုတာတော့ ရိုးသားသူတိုင်း မြင်နိုင်လောက်မယ် ထင်ပါတယ်။
အမှား ထောက်ပြမယ် လို့ ရည်သန်သူများ အနေနဲ့ ပညာတတ်ဆန်ဆန် ယဉ်ကျေးစွာ ဆွေးနွေးလိုသူတိုင်းကို အချိန်မရွေး ဖိတ်ခေါ်ပါတယ်။

Wiki မှ History of Burma, History of Rakhine နှင့် History of India များကို ကိုးကားတင်ပြသည်။
ဆက်လက်ဖေါ်ပြပါမည်။

ဌေးလွင်ဦးhttp://www.myanmarmuslim.net
မှကူးယူဖော်ပြပါသည်။

အမှန်ကို ချစ်ပါ (၁)

ဌေးလွင်ဦး

နိုင်ငံတစ်ခုကို စည်းလုံးညီညွတ်မှုများနဲ့ အခြေခံပြီး စနစ်တကျ ခိုင်ခိုင်မာမာ တည်ဆောက်လိုတဲ့ နိုင်ငံချစ်သူ တိုင်းဟာ- မိမိနိုင်ငံရဲ့ ဖြစ်တည်လာတဲ့ သမိုင်းကို အတတ်နိုင်ဆုံး အမှန်အတိုင်း သိဘို့၊ လက်ခံဘို့ လိုအပ်ပါ တယ်။ သမိုင်းမှန်ကို သိမှ- ဘယ်ခေတ် ဘယ်ဘုရင်လက်ထက်က ကောင်းတာလုပ်ခဲ့လို့ ငါတို့ တိုင်းပြည်ကြီး တိုးတက်ခဲ့တယ်လို့ အတုယူနိုင်သလို-၊ ဘယ်ခေတ် ဘယ်ဘုရင်လက်ထက်က မကောင်းမှုများနဲ့ အာဏာပြခဲ့လို့ ငါတို့တစ်တွေ ဒုက္ခရောက်ခဲ့ရတယ်- လို့ သင်ခန်းစာယူနိုင်ပြီး- ကောင်းတဲ့ဘက်ကို အတုယူပြီး နိုင်ငံကို တည် ဆောက်လို့ ရနိုင်ပါတယ်။

ကမ္ဘာ့နိုင်ငံတိုင်းမှာ ပြသနာဆိုတာ ရှိနေမြဲ ဖြစ်ပါတယ်။ တစ်ချို့နိုင်ငံတွေမှာ လူမျိုးရေး ပြသနာ၊ တစ်ချို့နိုင်ငံတွေ မှာ ဘာသာရေးပြသနာ၊ တစ်ချို့နိုင်ငံတွေမှာ ဘာသာတူ ဂိုဏ်းကွဲ ပြသနာ၊ တစ်ချို့နိုင်ငံတွေမှာ နိုင်ငံရေး သီအိုရီ ပြသနာနဲ့ တစ်ချို့နိုင်ငံတွေမှာ စီးပွားရေးပြသနာ ဆိုပြီး တည်ရှိနေဆဲပါ။

ဒီအထဲမှာ တိုးတက်တဲ့ပွင့်လင်းတဲ့နိုင်ငံများက စီးပွားရေးပြသနာများသာ ရှိနေပြီး- ကျန် လူမျိုးရေး၊ ဘာသာရေး၊ အယူဝါဒရေးတွေ လွင့်ပျယ်ပပျောက်နေပါပြီ။ ဥပမာအားဖြင့် အမေရိကန်နိုင်ငံ ဆိုပါတော့- သူတို့မှာ စီးပွားရေး ပြသနာပဲ ရှိနေပါတယ်။ စီးပွား ဘယ်လောက်ကျသွားတယ်- အလုပ်လက်မဲ့ ဘယ်လောက်များလာတယ်- ဆို တာမျိုးပါ။ ဒါတွေကို အစိုးရတစ်ရပ်က ဖြေရှင်းတဲ့အခါမှာ အဲ့ဒီ အစိုးရကို ထောက်ခံအားပေးရတဲ့ ပြည်သူတွေက လည်း အားရကျေနပ်ကြပါတယ်။ လူတစ်ဦးချင်းရဲ့ စားဝတ်နေရေးနဲ့ သက်ဆိုင်နေတော့ လူတစ်ဦးချင်းစီက စိတ် ဓါတ်ခိုင်မာစွာနဲ့ ကြိုးစားယူတဲ့ သဘောမျှသာ ဖြစ်နေတယ်။

နိုင်ငံရေးပြသနာကြောင့်- အာဏာရှင်စနစ် ဆိုတာ ပေါ်ပေါက်လာနိုင်သလို၊ လူမျိုးရေး ပြသနာကြောင့် အမျိုးသားရေး ၀ါဒီများ ပေါ်ပေါက်လာလေ့ ရှိပါတယ်။ အဲ့ဒီ ပြသနာကို ရင်ဆိုင်ရတဲ့ နိုင်ငံတိုင်းက အဆိုးဝါးဆုံး သော ပြသနာများကို ကြုံရခြင်း ဖြစ်ပါတယ်။ တနည်းအားဖြင့် ပေါက်ကွဲလုဆဲဆဲ ဗုံးကြီးကို ရင်ခွင်ထဲမှာ ထည့်ထားရသလိုပါပဲ။ ဘယ်သူတစ်ဦးတစ်ယောက်မှ စိတ်ချမ်းသာမှု မရရှိနိုင်ပါ။

လက်ရှိမြန်မာနိုင်ငံက နိုင်ငံရေးပြသနာ၊ အမျိုးသားရေး ပြသနာ၊ ဘာသာရေးပြသနာ၊ စီးပွားရေးပြသနာ အားလုံး ပေါင်းပြီး ကြုံကြိုက်နေရတဲ့ အခြေအနေဖြစ်နေတယ်။ ဒီပြသနာတွေကြောင့် နိုင်ငံရေး အယူသည်းတဲ့ အာဏာရှင်များနဲ့ အာဏာရှင်စိတ်ရှိသူများ၊ အမျိုးသားရေး အယူသည်းတဲ့ လူမျိုးရေးဗိုလ်ကျ အမျိုးသားရေးဝါဒီ များ၊ ဘာသာရေးခွဲခြားတဲ့ ဘာသာရေးမောင်ပိုင်စီး အာဏာရှင်များ၊ ဘယ်သူသေသေ ငတေမာပြီးရော ဆိုတဲ့ မသမာ စီးပွားရေးသမားများ ကြီးစိုးရာ အရပ်ကြီး ဖြစ်နေတယ်။

ဒီအခြေအနေမှာ နိုင်ငံရေး ခေါင်းဆောင်များက သူ့အာဏာအတွက် လူထုကြီးကို နည်းမျိုးစုံနဲ့ လိမ်လည်တယ်။ ဘာသာရေးသမားတွေက အာဏာတည်နေတဲ့ ဘာသာတစ်ခု အတွက် နောက်လိုက်ဒကာများကို ဘာသာခွဲခြား အမုန်းဓါတ်တွေ သွင်းပေးတယ်၊ အမျိုးသားရေးဝါဒီတွေက လူမျိုးရေး သမိုင်းတွေကို လိမ်လည်ပြီး သမိုင်းမှန်ကို ဖုံးဖိဖျောက်ဖျက် လာတယ်၊ စီးပွားရေးသမားတွေက နီးစပ်ရာ အာဏာပိုင်များကို ပေါင်းပြီး တရားသည် မတရာ သည် မရှိ လူထုကို လှည့်စား ပါးပါးလှီးလာတယ်။ ဒါတွေ အားလုံးကို တစ်ကယ် ခံရတာက ပြည်သူများသာ ဖြစ် ပါတယ်။

ပြည်သူများမှာလည်း အာဏာရှင်နဲ့ အမျိုးသားရေးဝါဒီများရဲ့ စနစ်တကျရေးဆွဲ ပြဌာန်းတဲ့ ပညာရေးစနစ် အောက်က ကြီးပြင်းလာရတော့- အဖြူထည် သတ္တတစ်ခုကို ရွှေရည်ငွေရည် စိမ်ထားသလို အရောင်စွဲနေတော့ တယ်။ စာသင်ကျောင်းများ နေရာတိုင်းမှာ တိုးပွားလာလေ- အရောငက်ဆိုးခံရလေ ဖြစ်လာပြီး ဘွဲ့ရ ပညာတတ် လို့ နာမည်ခံလေ- သမိုင်းလိမ်အောက်မှာ ကျင့်သားရ ဒဏ်သေပြီး ခေါက်ရိုးကျိုးလေ ဖြစ်လာပါတယ်။ ဒီလို ဦးနှောက်ဓါတ်စာနဲ့ ကြီးပြင်းလာရသူ များလာတော့- လူများစုကြီးက မှန်မှားမသိ အမျိုးသားရေးဝါဒီတွေ ဖြစ်လာ ပြန်တယ်။-

အာဏာရှင် စနစ်ဆိုးအောက်မှာ ဒဏ်ခံရတာ များလွန်းလို့ အာဏာရှင်ကို မုန်းစိတ်တွေ ဖြစ်လာပေမယ့်- သူတို့ရင်ထဲက အမျိုးသားရေးဝါဒီကြီးက သူတို့ဘ၀ စိုးမိုးပြီး ဖြစ်နေတာကို သူတို့ မသိနိုင်တော့ပါ။ သာမန် လူထုကို မဆိုထားနဲ့ ဆယ်တန်း အောင်ဘွဲ့ရ ဆိုသူတွေတောင်- ရှင်ဂေါတမ ဗုဒ္ဓသည်ပင် မြန်မာနိုင်ငံထဲက မိတ္ထိ လာမြို့နားမှာ မွေးဘွား ပွင့်ပေါ်ခဲ့တယ်လို့ စွဲမှတ်နေသူတွေက ရာနှုန်းများနေပါသေးတယ်။- ကမ္ဘာ့အလယ်မှာ အတော့ကို မျက်နှာပူစရာ ကိစ္စပါ။

ခေတ်စနစ်ပြောင်းလာပြီး ကမ္ဘာ့ဗဟုသတ အတော်အတန် ရှိလာတဲ့ လူတစ်ချို့ကလည်း လူများစုကြီးရဲ့ အကြည်ညိုပျက်မှာ စိုးလို့- မှန်တာမှားတာ ခဏထား ကုလားကိစ္စ လက်ဝင်မနှိုက်နဲ့ ဆိုတဲ့ အများကြိုက် လိုက် လျှော ဆင်ခြင်မှားကို လက်ကိုင်ပြု ၀ါဒီတွေ အဖြစ် အသွင်ပြောင်းလာတာကို တွေ့ရပြန်ပါတယ်။ ပကတိ အမှောင်ကျနေတဲ့ လူထုကြီးကို အမုန်းခံပြီး မီးရှုးတစ်ဆောင် အဖြစ် ပေါ်လာတဲ့ လူသား ဆိုတာ ရှာမတွေ့နိုင် လောက်အောင်ကို ဖြစ်ရတော့တယ်။

တစ်ကယ့် အမှောင်ကျနေတဲ့ လူထုကို မှန်မှန်မှားမှား အလိုလိုက်နေခြင်းဟာလည်း လူထုကို နှက်သတ်တာနဲ့ တူနေပြီလို့ တွေးမိဘို့တော့ လိုပါမယ်။ တိုင်းပြည်နဲ့ လူထုကို တစ်ကယ်စေတနာနဲ့ ချစ်ရိုးမှန်ရင် ငါနေရာ ရဘို့ ဆိုတဲ့ အတ္တကို ပါယ်သတ်ပြီး ဗဟုသုတ ရှိသူတိုင်းက လူထုအတွက် မီးရှုးတန်ဆောင် ဖြစ်သင့်တယ်။

တစ်ဦးနဲ့တစ်ဦး တစ်ဘက်နဲ့တစ်ဘက် အငြိုးအာဃာတများကို ဖယ်ရှားပြီး တိုင်းပြည်ရဲ့ သမိုင်း၊ တိုင်းပြည်ရှိ လူမျိုးအားလုံးရဲ့ သမိုင်းများကို စနစ်တကျ ဖေါ်ထုတ်သင့်တယ်။ ပူးပေါင်းလေ့လာသင့်တယ်။ အနာဂါတ် အတွက် ပူးပေါင်းဆောင်ရွက်သင့်ပါတယ်။

ဥပမာ- မြန်မာလူမျိုးအများစုကြီးက မိမိတို့ရဲ့ ကိုးကွယ်ပူဇော်ရာ ဘုရားရှင်ဟာ အန္ဒိယ လူမျိုးဖြစ်တယ် ဆိုတာ မေ့လျှော့နေသလို- မိမိတို့ဆီကို ဗုဒ္ဓသာသနာ ရောက်လာရတဲ့ မွန်လူမျိုးတွေရဲ့ ကျေးဇူးကြောင့် ဆိုတာကိုလည်း မေ့ပျောက်နေပါတယ်။ ဒီထက်ပိုဆိုးတာက ပုသိမ်၊ ပဲခူး၊ သံလျှင်၊ ရန်ကုန်က အစ မြန်မာပြည်အောက်ပိုင်း တစ် ခုလုံးက- လက်ရှိ ဗမာ ဆိုသူများဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ၅၀၀ က ပကတိ မွန်အစစ်များ ဖြစ်ခဲ့တယ်- ဗမာများက မွန်ဘုရင်များကို စစ်နိုင်ပြီး ဗမာစကား မပြောမနေရ ပြဌာန်းမှုမျိုး (တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝှိက်၍ ဖြစ်စေ ကျင့် သုံးခဲ့ခြင်း) ကြောင့် သူတို့တွေဟာ မွန်စကားပြော ပျောက်ဆုံးသွားပြီး ဗမာစကားပြောတဲ့ လူသားတွေ ဖြစ်လာခဲ့ ရတယ် ဆိုတာများကိုတောင် မသိတော့တဲ့ လူက ၉၀ ရာနှုန်းကျော် ရှိနေပါတယ်။ တစ်ကယ်တော့ ဒီအဖြစ်က မိမိတို့ရဲ့ မိဘဘိုးဘွား မျိုးစဉ်မျိုးဆက် သမိုင်းကို ကျေးဇူးကန်းသလို ဖြစ်နေပါတယ်။ သမိုင်းကို သမိုင်း အဖြစ် သာ တင်ပြခြင်း ဖြစ်ပါတယ်။ မွန်ပြည်ခွဲထွက်ရေးကို အားပေးခြင်း မဟုတ်ပါ။ မွန်စင်စစ် ဗမာအရေခွံဝတ် ထားပြီး ဖြစ်တဲ့ မြန်မာပြည်အောက်ပိုင်း လူထုကလည်း မွန်ခွဲထွက်ရေးကို စိတ်မ၀င်စားတော့ပါ။ (မွန်များ ဗမာ ဖြစ်သွားရခြင်း အကြောင်းကို Mon People လို့ ရိုက်ပြီး Wiki မှာ ဖတ်ကြည့်ပါ။)

သူ့လူမျိုးကို သူချစ်ပြီး ရပ်တည်နေတဲ့ မွန်တွေကိုတော့ ဗမာအစိုးရလက်ထက် အဆက်ဆက်မှာ နားလည်မှု တည်ဆောက်ရေး၊ ဖြူစင်ရိုးသားတဲ့ ပူးပေါင်းနေထိုင်ရေး၊ ပြည်ထောင်စုစိတ် ဖြစ်တည်ရေးကို မဆောင်ရွက်ဘဲ မွန်သောင်းကျန်းသူများလို့ သခိုး ဂျပိုး စာရင်းသွင်းက ၀ါဒဖြန့်မှိုင်းတိုက်ထားပါတယ်။ လူထုကလည်း အဲ့ဒီ အရောင်တင်မှုအောက်မှာ ယုံကြည်မှု ခိုင်မာလာပြီး-၊ တစ်ကယ်လို့ မွန်တွေဟာ သောင်းကျန်းသူတွေ သူခိုး ဂျပိုးတွေ အဖျက်ကောင်တွေ ဖြစ်ခဲ့ရင် ငါတို့ကို အမွေပေးလိုက်တဲ့ ဗုဒ္ဓဘာသာဟာလည်း သူခိုးဂျပိုးတို့ဆီက တစ်ဆင့် ကူးစက်လာတာ- လို့ ဖြစ်နေမယ်။ ဒီတော့ အာဏာရှင်တွေ မှိုင်းတိုက်သလို မွန် လူမျိုးတွေဟာ သူခိုး ဂျပိုး လူမျိုးတွေ မဖြစ်နိုင်ဘူး- ရယ်လို့ ဆင်ခြင်သုံးသပ်နိုင်စွမ်းတောင် မရှိတော့ပါ။

ပကတိ သဘောမှာ လူသားတွေဟာ ရိုးသားမှုကို ကြိုက်ပါတယ်။ အေးချမ်းမှုကို မြတ်နိုးပါတယ်။ စည်းလုံး ညီညွတ်ပြီး တိုးတက်ကောင်းစားရေးကို ခုံမင်ပါတယ်။- အလားတူပဲ ခွဲခြားဆက်ဆံမှုကို မုန်းတီးပါတယ်။ နှိပ် ကွပ်မှုကို နားကျည်းပါတယ်။ သမိုင်းဖျောက်မှုကို ရွံရာစက်ဆုတ်ပါတယ်။

နားကျည်းမှုများမှသည် လက်စားချေမှု- လက်တုံ့ပြန်မှုဘက်ဆီသို့ ဦးတည်သွားနိုင်ပါတယ်။

ဆက်လက် ဖေါ်ပြပါမည်။

ဌေးလွင်ဦးhttp://www.myanmarmuslim.net/
မှကူးယူဖော်ပြပါသည်။