Sunday, October 21, 2012

ကုရ်ဘာနီအိးဒ်နှင့် ပတ်သတ်၍ မြန်မာမွတ်စလင်မ်များသို့ MMSY မှနှိုးဆော်ပြန်ကြားလွှာထုတ်ပြန်

ကုရ်ဘာနီအီးဒ်နှင့်ပတ်သက်၍ မြန်မာမွတ်စလင်မ်များအနေနှင့် ဆောင်ရန်ရှောင်ရန်များကို မြန်မာမွတ်စလင်မ် ကျောင်းသား လူငယ်များအဖွဲ့မှ ယခင်နှစ်များကလည်း နှိုးဆော် ပန်ကြားခဲ့သည့် နည်းတူ ယခုနှစ်တွင်လည်း နှိုးဆော်ပန်ကြားလွှာထုတ်ပြန်လိုက်ကြောင်း သိရှိရပါတယ်။ လာမည့် ၂၀၁၂ အောက်တိုဘာ ၂၇ ရက်(စနေနေ့)တွင် ကျရောက်မည့် အီသွလ်အသွာဟာ ကုရ်ဘာနီ အီးဒ်အခါ သမယတွင် မိမိဘေး ပတ်ဝန်းကျင်ရှိ အများပြည်သူတို့  စိတ်အနှောင့်အယှက် မဖြစ်စေရန်၊ နေထိုင်သွားလာရေး အခက်အခဲ မရှိစေရေးတို့အတွက် မြန်မာမွတ်စလင်မ် ပြည်သူများက စံပြအနေဖြင့် လိုက်နာပေးပါရန် ကြေငြာချက်တွင် ထည့်သွင်းဖော်ပြထားတာတွေ့ရပါတယ်။ ကြေငြာချက်အပြည့်အစုံမှာ
“ကုရ်ဘာနီအီးဒ်နှင့် ပတ်သက်၍ ရှောင်ရန်ဆောင်ရန် မြန်မာမွတ်စလင်မ် ပြည်သူများသို့ နှိုးဆော် ပန်ကြားလွှာ” အလ္လာဟ်အရှင်မြတ်ထံတော်မှ ငြိမ်းချမ်းသာယာမှု အဖြာဖြာ အသင့်အပေါ်သို့ကျရောက်ပါစေ . . . ၂၀၁၂ အောက်တိုဘာ ၂၇ ရက် စနေနေ့တွင် ကျရောက်မည့် အီသွလ်အသွာဟာ ကုရ်ဘာနီ အီးဒ်အခါ သမယတွင် မိမိဘေး ပတ်ဝန်းကျင်ရှိ အများပြည်သူတို့  စိတ်အနှောင့်အယှက်မဖြစ်စေရန်၊ နေထိုင်သွားလာရေး အခက်အခဲ မရှိစေရန် လိုအပ်ပါသည်။ သို့  ဖြစ်ပါ၍ မြန်မာမွတ်စလင်မ် ပြည်သူများ အနေဖြင့် အောက်ပါအချက်များအား စံပြအနေဖြင့် လိုက်နာပေးပါရန် လေးစားစွာ နှိုးဆော်ပန်ကြားအပ်ပါသည်။ ကုရ်ဘာနီ မတိုင်မှီ ● သားကောင်များအား သူတပါးခြံများ၊ နေအိမ်ပတ်ဝန်းကျင်များ၊ အများပိုင်လမ်းများတွင် စားကျက်လွတ်ထားခြင်းမပြုရန်။ ● လမ်းသွားလမ်းလာများ အနှောင့်အယှက်ဖြစ်စေနိုင်သည့် အပြိုင်အဆိုင်နွားမောင်းခြင်း၊ ပိုင်ရှင်မဲ့ သွားလာနေစေခြင်း၊ လမ်းများပိတ်နေခြင်း မရှိစေရန်။ ● ဘေးပတ်ဝန်းကျင်တွင် သားကောင်များ၏ မစင်များ၊ အနံ့အသက်များနှင့် မြက်၊ ကောက်ရိုးစသည့် စားကြွင်းစားကျန်များ မကျန်ခဲ့စေရန် ၊ သန်ရှင်းရေးပြန်လုပ်ရန်။ ကုရ်ဘာနီနေ့  ● သားကောင်များ လှီးဖြတ်ခြင်းကိစ္စများကို မှတ်တမ်းတင် ဓါတ်ပုံ နှင့် ဗီဒီယိုရိုက်ကူးခြင်းများ မပြုကြပါရန် နှင့် အခြားသူများ ရိုက်ကူးလျှင်လည်း တားဆီးပေးကြရန်။ ● ကုရ်ဘာနီနှင့် ပတ်သက်ပြီး ဆိုရှယ်မီဒီယာနှင့် ဝဘ်ဆိုဒ်များတွင် အဆိုပါ ဓါတ်ပုံနှင့် ဗီဒီယိုများကို မတင်ကြပါရန်။ ● မိမိတို့ အရပ်ဒေသတွင် နိုင်ငံတော်အစိုးရက ကုရ်ဘာနီအတွက် သီးသန့်  နေရာသတ်မှတ်ထားပါက ထိုနေရာတွင်သာ ကုရ်ဘာနီလုပ်ရန်။ ● ကုရ်ဘာနီလုပ်ပြီးပါက အသုံးပြုသည့် ဓားများ၊ ပစ္စည်းကိရိယာများနှင့် အသားများအား လုံခြုံစွာ ဖုံးအုပ်ပြီးမှ သယ်ဆောင်ရန်။ ● သွေးပေကျံနေသော ကိုယ်လက်များဖြင့်သော်လည်းကောင်း၊ အ၀တ်အထည်များဖြင့်သော် လည်းကောင်း၊ ဓားများကိုင်ဆောင်၍သော် လည်းကောင်း အများမြင် လမ်းများပေါ်တွင် အမြင်မတော် သွားလာခြင်းမပြုရန်။ ● အသား သယ်ဆောင်ရာလမ်းတလျှောက် သွေးများ တစက်စက်ကျခဲ့ခြင်း မရှိစေရန်။ ● နေရာတိုင်းတွင် သွေးများနှင့် အခြားကြွင်းကျန်များကို စနစ်တကျ ဆေးကြောသန့် စင်ရန်။ ● ဆူညံစွာ ဟွန်းတီးခြင်း၊ အော်ဟစ်သွားလာခြင်းမပြုဘဲ တည်ငြိမ်အေးချမ်းစွာ၊ ဂုဏ်သိက္ခာရှိစွာ နေထိုင်ပြုကျင့်ရန်။ ● ပတ်ဝန်းကျင် အနှောင့်အယှက်ဖြစ်နိုင်သည့်အချက်မှန်သမျှအားလုံး စဉ်းစားရှောင်ကြဉ်ရန်။ ● ကုရ်ဘာနီ မတိုင်ခင်၊ ကုရ်ဘာနီအတွင်းနှင့် ကုရ်ဘာနီအီးဒ်ပြီးသည် အထိ မိမိပတ်ဝန်းကျင်တွင် သော်လည်းကောင်း၊ ရောက်ရာအရပ်တွင်သော်လည်းကောင်း ပျူပျူငှာငှာ၊ လေးလေးစားစား ဆက်ဆံပြီး အများပြည်သူအကျိုး တတ်နိုင်သမျှဆောင်ရွက်ရန်။ မြန်မာမွတ်စလင်မ် ကျောင်းသားလူငယ်များ (Myanmar Muslim Students and Youth) အောက်တိုဘာ ၊ ၂၀၁၂

No comments:

Post a Comment

Note: Only a member of this blog may post a comment.