Tuesday, July 7, 2009

အမေရိကန်သမ္မတအိုဗားမား၏ အီဂျစ်နိုင်ငံ၊ ကိုင်ရိုတက္ကသိုလ်မှနေ၍ ကမ္ဘာ့မွတ်စလင်မ်များအားလုံးသို့ ပြောကြားခဲ့သည့်မိန့်ခွန်း

အမေရိကန်သမ္မတအိုဘားမားသည် အီဂျစ်နိုင်ငံရှိ ကိုင်ရိုတက္ကသိုလ်မှနေ၍ ကမ္ဘာတစ်ဝှမ်းလုံးရှိ အစ္စလာမ်နိုင်ငံများထံသို့ ရည်ရွယ်ကာ မိန့်ခွန်းတစ်ခုပြောကြားခဲ့သည်။ အဆိုပါ မိန့်ခွန်းသည် အချိန် (၅၅)မိနစ်တိတိကြာမြင့်ခဲ့ပြီး အိုဘားမား၏သက်တမ်းအတွင်း အရှည်ဆုံးမိန့်ခွန်း တစ်ခုလည်း ဖြစ်ခဲ့သည်။ အိုဘားမား ၏မိန့်ခွန်းသည် မွတ်စလင်မ်များအားလုံးသို့ ရည်ရွယ်ပြောကြားသောအမေရိကန်သမ္မတတစ်ဦး၏ ပထမဆုံးမိန့်ခွန်းအဖြစ် သမိုင်းဝင်ခဲ့ပြီဖြစ်သည်။
“အခု ကျွန်တော်ဟာ ဂုဏ်သရေကြီးမားလှတဲ့ ကိုင်ရိုမြို့ကြီးကနေ အစ္စလာမ်ကမ္ဘာကို မိန့်ခွန်းတစ်ခုပြောဖို့ ရောက်ရှိနေပါပြီ။ ဒီမြို့ကြီးမှာ လွန်ခဲ့တဲ့နှစ်ပေါင်းထောင်ကျော်က အစ္စလာမ့်ပညာရေး လေ့လာမှုအတွက် အဓိကနေရာမှာ ပါဝင်ခဲ့တဲ့ အလ်-အဇ်ဟရ်ကျောင်းတော်ကြီးရှိသလို လွန်ခဲ့တဲ့ရာစုနှစ်အတွင်းမှာ အီဂျစ်ရဲ့ အဆင့်မြင့်ယဉ်ကျေးမှုကို ဖော်ဆောင်ပေးတဲ့ ကိုင်ရိုတက္ကသိုလ်ကြီး ရှိနေပါတယ်။ ဒါကြောင့် ဒီမြို့မှာ ခုလို မိန့်ခွန်း ပြောခွင့်ရခဲ့တာကို ကျွန်တော် အလွန် ဂုဏ်ယူပါတယ်။
ခင်ဗျားတို့ရဲ့ ပျူငှာမှုနဲ့ကြိုဆိုမှုအတွက် ကျွန်တော် ဂုဏ်ယူမိသလို၊ အမေရိကန်ပြည်သူလူထုရဲ့ စိတ်စေတနာကောင်းတွေကို ယူဆောင်ပြီး ဒီနေရာကိုလာခဲ့ရတဲ့အတွက်လည်း အင်မတန်မှ ဂုဏ်ယူမိပါတယ်။ အမေရိကားက မွတ်စလင်မ်တွေ ကိုယ်စားလှယ်ပါးလိုက်တဲ့ ငြိမ်းချမ်းရေးနှုတ်ဆက်စကား ခင်ဗျားတို့ကို ကျွန်တော်ပြောပါရစေ။ “အတ်စလာမုအလိုင်းကွန်းမ်”
အခုအချိန်ဟာ အမေရိကားနဲ့ ကမ္ဘာတလွှားက မွတ်စလင်မ်တွေ တင်းမာမှုမြင့်မားနေတဲ့အချိန်မှာ ကျွန်တော်တို့ တွေ ဆုံတွေ့ကြရတာပါ။ သမိုင်းမှာလဲ ဒီလို အချိန်တွေရှိခဲ့ပါတယ်။ ဒါပေမဲ့ ခင်ဗျားတို့ မမေ့ပါနဲ့။ အစ္စလာမ် ကမ္ဘာနဲ့ အနောက်ကမ္ဘာတို့ဟာ အဆင်မပြေမှုတွေ၊ စစ်ပွဲတွေနဲ့သာ တစ်လျှောက်လုံးဆက်ဆံခဲ့ကြတာ မဟုတ်ပါဘူး။ အတူတကွ ပူးပေါင်းဆောင်ရွက်ခဲ့ကြတဲ့ အချိန်တွေလဲ အများကြီး ရှိခဲ့ပါတယ်။
အခုလတ်တလောနှစ်တွေမှာ နယ်ချဲ့ဆန်ဆန် ကျူးကျော်ပြီး မွတ်စလင်မ်တွေရဲ့အခွင့်အရေးကို ငြင်းပယ်မှု တစ်ချို့ရှိခဲ့တာကြောင့်ရော၊ မွတ်စလင်မ်တွေရဲ့ဆန္ဒကို အသိအမှတ်မပြုခဲ့တာတွေကြောင့်ရော ဒီတင်းမာမှုဟာ ပိုမိုမြင့်တက်လာပါတယ်။ ဒီထက်ပိုပြီး ပြဿနာ ကျယ်ပြန့်လာတဲ့အခါမှာတော့ အနောက်ကမ္ဘာဟာ အစ္စလာမ့်ယဉ်ကျေးမှုကို ဆန့်ကျင်နေသူတွေလို့ မွတ်စလင်မ်တွေက ယူဆလာတဲ့အခြေအနေမျိုး ရောက်လာပါတော့တယ်။
အဲ့ဒီအခါမှာ ဒီတင်းမာမှုပေါ်ကနေ အမြတ်ထုတ်သွားသူတွေကတော့ လူနည်းစုဖြစ်ပေမဲ့ အန္တရာယ်ကြီးမားလွန်းတဲ့ အစွန်းရောက် အကြမ်းဖက်သမားတွေပါဘဲ။ သူတို့ဟာ အစွန်းရောက်ဝါဒီ အနည်းငယ်ကို အသုံးချပြီး ၂၀၀၁ခုနှစ်က ၉/၁၁ တိုက်ခိုက်မှုကို ပြုလုပ်ခဲ့ပြီး အပြစ်မဲ့တဲ့ အရပ်သားတွေကို သေဆုံးစေခဲ့ပါတယ်။ ကျွန်တော် ပွင့်ပွင့်လင်းလင်း ပြောပါရစေ။ အဲ့ဒီ အဖြစ်အပျက်နောက်မှာတော့ အမေရိကားအပါအ၀င် အနောက်ကမ္ဘာဟာ မွတ်စလင်မ်တွေကို ဆန့်ကျင်လာပြီး မယုံမကြည် ဆက်ဆံလာပါတော့တယ်။
ကျွန်တော်တို့ (နှစ်ဖက်စလုံး)ဟာ ကွဲပြားခြားနားမှုတွေနဲ့ ကျွန်တော်တို့ရဲ့ ဆက်နွယ်မှုကို အဓိပ္ပါယ် ဖွင့်ဆိုခဲ့ကြပါတယ်။ ပြီးတော့ ကျွန်တော်တို့ဟာ ငြိမ်းချမ်းရေးထက် မုန်းတီးမှုကို လိုလားသူတွေ၊ ပူးပေါင်း ဆောင်ရွက်မှုထက် အငြင်းပွားကွဲလွဲမှုကို လိုလားသူတွေကို လုပ်ပိုင်ခွင့်တွေ လွှဲပေးမိခဲ့ကြပါတယ်။ သူတို့ကသာ ပြည်သူတွေအတွက် တရားမျှတမှုနဲ့ အောင်မြင်မှုကို ယူဆောင်လာပေးနိုင်မယ်လို့ ယူဆခဲ့ကြပါတယ်။ အခုအချိန်ဟာ ဒီလိုသံသယနဲ့ သဘောထားကွဲလွဲမှုတွေကို ရပ်တန့်ပြစ်ဖို့ အကောင်းဆုံးအချိန်ပါဘဲ။ ဒီသံသရာကို ရပ်တံ့နိုင်ဖို့ ကျွန်တော်တို့ ကြိုးစားကြရပါမယ်။
အခု ကျွန်တော် ဒီနေရာကို လာခဲ့တာဟာ အမေရိကားနဲ့မွတ်စလင်မ်တွေကြားမှာ ဆက်ဆံရေးခေတ်သစ်ကို ဖွင့်လှစ်ဖို့ အတွက်ပါ။ အဲ့ဒီဆက်ဆံရေးဟာ အပြန်အလှန်လေးစားမှု၊ အပြန်အလှန် အကျိုးရှိမှုတွေနဲ့ တည်ဆောက်ထားတဲ့ ခိုင်မြဲတဲ့ ဆက်ဆံရေးမျိုးပါ။ အမေရိကားနဲ့ မွတ်စလင်မ်ကမ္ဘာရဲ့ ကွဲလွဲမှုတွေကို တစ်ထပ်တည်းကျစေမဲ့ ဆက်ဆံရေးမျိုးပါ။
ကျွန်တော် ဒီလို မိန့်ခွန်းပြောရုံနဲ့၊ ဒီနေ့ည တစ်ညတည်းနဲ့တော့ နှစ်ပေါင်းများစွာ ဖြစ်ပွားလာတဲ့ မယုံကြည်မှုတွေ၊ ကွဲလွဲမှုတွေကို ပြောင်းပြန်လှန်ပစ်လိုက်နိုင်ဖို့ ကျွန်တော် မျှော်လင့်မထားပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့တွေဟာ ရင်ထဲမှာရှိတာတွေကို ပွင့်ပွင်းလင်းလင်း ဆွေးနွေးမယ်။ မကြာခဏတွေ့ဆုံမှုတွေ ပြုမယ်။ အပြန်အလှန် နားထောင်မယ်။ အပြန်အလှန် သင်ယူမှုပြုမယ်။ အပြန်အလှန် လေးစားမှုရှိမယ်ဆိုရင် ခိုင်မာတဲ့ ဆက်ဆံရေးမျိုး မရနိုင်စရာမရှိပါဘူး။
ကျမ်းမြတ်ကုရ်အာန်က အမှန်တရားကိုသာ ပြောဖို့ ဆိုဆုံးမထားပါတယ်။ ဒါကြောင့် ကျွန်တော် တတ်စွမ်းနိုင်သမျှ ကြိုးစားပြီး အမှန်တရားကို ပြောပါ့မယ်။ ကျွန်တော်တို့တွေ ပူးပေါင်းဆောင်ရွက်ကြမယ်ဆိုရင် သီးခြားစီ ဆောင်ရွက်နေတာထက် အဆပေါင်းများစွာ အင်အားကြီးမားမယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။
ကျွန်တော်ဟာ ခရစ်ယာန်ဘာသာကို သက်ဝင်ယုံကြည်သူတစ်ယောက်ပါ။ ဒါပေမဲ့ ကျွန်တော့် အဖေဟာ ကင်ညာက မွတ်စလင်မ် အဆက်အနွယ်ကနေ ဆင်းသက်လာသူတစ်ဦးပါ။ ကျွန်တော်ဟာ ကဘေးဘ၀ အင်ဒိုနီးရှားမှာ နေခဲ့စဉ်က စိတ်ကြည်နူးဘွယ် အာဇံသံကို အမြဲကြားခဲ့ရပါတယ်။ လူငယ်ဘ၀ရောက်ပြန်တော့လဲ ချီကာဂိုမှာ နေခဲ့တုံးကလဲ ငြိမ်းချမ်းပြီး မြင့်မြတ်တဲ့ ယုံကြည်ချက်ရှိတဲ့ မွတ်စလင်မ်အသိုင်းအ၀ိုင်းကို တွေ့ခဲ့ရပါတယ်။
တက္ကသိုလ်ကျောင်းသားဘ၀ရောက်တော့လဲ သမိုင်းဘာသာမှာ သင်ယူရတဲ့ ကျောင်းသားတစ်ယောက်အနေနဲ့ ကျွန်တော်တို့ရဲ့ ယဉ်ကျေးမှု ဖွံ့ဖြိုးတိုးတက်ခဲ့ခြင်းအပေါ်မှာ အစ္စလာမ့်ယဉ်ကျေးမှုရဲ့ ကျေးဇူးမကင်းဘူးဆိုတာ နားလည်ခဲ့ရတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်းထောင်ကျော်က အလ်-အဇ်ဟရ်ရဲ့လေ့လာမှု နည်းစနစ်တွေဟာ ဥရောပသားတွေရဲ့ Renaissance နဲ့ Enlightenment ခေတ် ယဉ်ကျေးမှုတွေ အတွက် အဓိကအခြေခံ အုတ်မြစ်ခဲ့ပါတယ်။ အစ္စလာမ်တွေရဲ့ ကြိုးပမ်းမှု၊ ဖွံ့ဖြိုးတိုးတက်စေမှု၊ ပြုပြင် မွမ်းမံမှုတွေကြောင့် ဒီနေ့ ကျွန်တော်တို့ အလ်ဂျစ်ဘရာဆိုတဲ့ အဆင့်မြင့် သင်္ချာနည်းပညာကို နားလည် အသုံးပြုနိုင်ခဲ့တယ်။ ဒီလိုဘဲ ကျွန်တော်တို့တွေ သံလိုက်အိမ်မြှောင်နဲ့ ရေကြောင်းပြ ကိရိယာတွေကို အသုံးပြုတတ်ခဲ့တာ၊ ရောဂါတွေ ဘယ်လို ကူးဆက်တယ်။ ဘယ်လို ကုသရတယ် ဆိုတာတွေကို နားလည်ခဲ့တာ ဒါတွေအားလုံးဟာ အစ္စလာမ့် ယဉ်ကျေးမှုရဲ့ ကျေးဇူးမကင်းဘူးဆိုတာကိုလည်း သမိုင်းဘာသာ လေ့လာသင်ယူတဲ့အခါမှာ ကျွန်တော်တို့ တွေ့ရှိခဲ့ရပါတယ်။ အစ္စလာမ့်ယဉ်ကျေးမှုဟာ ခန့်ညား ထင်ရှားတဲ့ မုခ်ဦးကြီးတွေ၊ မျှော်စင်ကြီးတွေကို ပေါ်ပေါက်လာစေခဲ့တယ်။ တန်ဖိုး မဖြတ်နိုင်တဲ့ကဗျာတွေနဲ့ မြတ်နိုးဖွယ်ရာသီချင်းတွေကို သီကုံးခဲ့ကြတယ်။ ကာလီဂရပ်ဖ်ဆိုတဲ့ သီချင်းတွေကို သီကုံးခဲ့ကြတယ်။ ကာလီဂရပ်ဖ်ဆိုတဲ့ လက်ရေးစာလုံး ဒီဇိုင်းအတတ်ပညာကို ဖြန့်ဝေခဲ့ကြတယ်။
ဆက်လက်တင်ပြသွားပါမယ်။

No comments:

Post a Comment

Note: Only a member of this blog may post a comment.