by Nay Myo on Sunday, April 29, 2012 at 4:33pm
·
၂၀၀၇ ခုနှစ်
နှောင်းပိုင်းခန့်ဖြစ်ပါတယ်။ ၈၈ မျိုးဆက်ခေါင်းဆောင်တွေနဲ့အတူ လုပ်ဖော်ကိုင်ဖက်
အတော်များများ ၂၁.၈.၀၇ ညမှာ ဖမ်းဆီးခံရပြီးနောက် ကျွန်တော်လဲ
နယ်မှာ ၂ လကျော် ခန့် ရှောင်တိမ်းနေခဲ့ရပါတယ်။ နိုဝင်ဘာလဆန်းပိုင်းမှာတော့ မိမိနဲ့ အနီးကပ်ဆုံး
လက်တွဲခဲ့သူများကို စစ်ကြောရေးမှာ မထားတော့ဘဲ ထောင်ပို့လိုက်ပြီးတဲ့နောက်မှာ
ကျွန်တော်လဲ ရန်ကုန်ပြန်ဆင်းလာခဲ့ပါတယ်။ အပြင်မှာ ကျန်ခဲ့တဲ့သူတွေထဲက
ဆက်သွယ်လို့ရသလောက် ဆက်သွယ်ပြီး Range
တွေ
ပြန်ဆင်ရပါတယ်။ နိုဝင်ဘာလ အတွင်းမှာပဲ အဖမ်းခံရသူတချို့ ပြန်လွတ်လာကြပြီး တင်းကျပ်
ဆိုးရွားတဲ့ လုံခြုံရေးအခြေအနေကြားကနေပဲ နောက်တစ်ပွဲ နွှဲနိုင်ဖို့အတွက်
ကြိုးစားပြင်ဆင်ခဲ့ကြပါတယ်။
ဒီဇင်ဘာ
လဆန်းပိုင်းမှာ ၇၄ ရဲဘော်ဟောင်းတစ်ဦးမှ အလုပ်ကိစ္စနှင့် ပတ်သက်၍
တိုင်ပင်ဆွေးနွေးချင်ကြောင်း အကြောင်းကြားလာသည့်အတွက် သွားရောက် တွေ့ဆုံခဲ့ပါတယ်။
၎င်းနှင့် တွေ့ သည့်အခါ တိုင်းသိပြည်သိ စာရေးဆရာ သံဃာတော်တစ်ပါး ရန်ကုန်ကြွလာသည့်
အကြောင်းနှင့် ၄င်း ကြွရောက်လာခြင်းမှာ ရွှေဝါရောင် တော်လှန်ရေးတွင် နအဖ စစ်အစိုးရမှ
သံဃာတော်များအား အကြမ်းဖက်နှိမ်နှင်းခြင်းအပေါ် မခံမရပ်နိုင်၍ ဖြစ်ကြောင်း
သိရှိရပါတယ်။ ၄င်းဆရာတော်အနေဖြင့် ၈၈ မျိုးဆက်ကျောင်းသားများမှ
ဖမ်းဆီးထိန်းသိမ်းမခံရခင် ကာလများအတွင်း လုပ်ဆောင်ခဲ့သော White-Sunday Campaign ကဲ့သို့
ပြုလုပ်လိုကြောင်းနှင့် အဓိကအနေနှင့် ၈၈ မျိုးဆက်ကျောင်းသားများ၏ အိမ်များတွင်
မိသားစုဝင်များအား နှစ်သိမ့်အားပေးခြင်း၊ တရားဟောခြင်းများ
ဦးစွာပြုလုပ်လိုကြောင်း သိရပါတယ်။ ကျွန်တော့်အနေနဲ့
အခြားလုပ်ဖော်ကိုင်ဖက်များနှင့် တိုင်ပင်ပြီးလျှင် အကြောင်းပြန်မည်ဖြစ်ကြောင်း
ပြန်လည်ပြောဆို၍ လမ်းခွဲခဲ့ပါတယ်။
လုပ်ဖော်ကိုင်ဖက်များနှင့်
တိုင်ပင်ပြီးသည့် အချိန်မှာတော့ Tempo
ပြန်တင်ဖို့ အခွင့်အရေးကောင်းအဖြစ် သတ်မှတ်ပြီး လုပ်ဆောင်ဖို့ သဘောတူခဲ့ကြပါတယ်။
လုပ်ငန်းစဉ်ဆွေးနွေးရာမှာ ယခု ကမ်ပိန်းကို ဦးဆောင်ပြုလုပ်မယ့်သူဟာ တိုင်းသိပြည်သိ
ဆရာတော်တစ်ပါး ဖြစ်နေတဲ့အပြင်၊ အဖမ်းဆီးခံ ၈၈ မျိုးဆက် အတော်များများရဲ့
အိမ်တွေကိုလဲ စောင့်ကြည့်မှုများ ရှိနေဆဲဖြစ်ခြင်းကြောင့် အာဏာပိုင်များဘက်က
သိလျှင်သိချင်း ဟန့်တားနှောက်ယှက်မှုတွေ သေချာပေါက်ရှိလာနိုင်မှာ ဖြစ်သလို
ဖမ်းဆီးထိန်းသိမ်းခံရတဲ့ အခြေအနေထိ ဖြစ်သွားနိုင်တာကြောင့် ကိုမင်းကိုနိုင်
အိမ်ကို ပထမဆုံး တရားဟောအိမ်အဖြစ် သတ်မှတ်ကြပါတယ်။ အဲဒီနောက် ကိုမင်းကိုနိုင်
အိမ်နဲ့ တစ်ဆက်တည်း လမ်းကြောင်းသင့် အိမ်များဖြစ်တဲ့ ကိုပြုံးချို၊ ကိုမာကီး၊
ကိုမြအေး တို့အိမ်များမှာ ဆက်လက်တရားဟောဖို့ သတ်မှတ်ကြပါတယ်။ တရားဟောမယ့်
အိမ်များအားလုံးကို အကြောင်းကြားတဲ့အခါမှာ အားလုံးက လိုလိုလားလားနဲ့ သဘောတူခွင့်ပြုကြပါတယ်။
လိုအပ်တာများ
အားလုံးကို စီစဉ်ပြီးလို့ သတ်မှတ်ရက် နီးကပ်လာချိန်မှာတော့
မည်သည့်အကြောင်းပြချက်မျှ သေသေချာချာ မသိရဘဲနဲ့ ဆရာတော့်ဘက်မှ အဆက်အသွယ်
ဖြတ်တောက်ခြင်းကို ခံလိုက်ရပါတယ်။ လုပ်ငန်းမအောင်မြင်ခဲ့ပေမယ့်
ခြေလှမ်းကျွံနေပြီဖြစ်တဲ့ ကျွန်တော်နဲ့ လုပ်ဖော်ကိုင်ဖက် သူငယ်ချင်းတစ်ယောက်နဲ့ ကတော့ “ဗမာတစ်ပြည်လုံးကို ကိုယ့်အိမ်ကိုယ့်ယာ
မှတ်ပါ” ဆိုတဲ့ ဒို့ဗမာ အစည်းအရုံးရဲ့
ဆောင်ပုဒ်အတိုင်း ရန်ကုန်မြေကို လနဲ့ချီ ခွဲခွာခဲ့ရပြန်ပါတော့တယ်။
ကျွန်တော်
အထက်ပါ အဖြစ်အပျက်ကို ပြန်လည်ရေးသားပြနေရခြင်းဟာ တိုင်းသိပြည်သိ ဆရာတော်ကို
သိက္ခာကျစေလိုတဲ့ ဆန္ဒ စိုးစဉ်းမျှ မရှိသလို၊ ငါတို့ ဘာလုပ်ခဲ့တာကွ ဆိုပြီး
စားမြုံ့ပြန် မာန်တက်ကာ ကိုယ့်ကိုယ်ကိုဖော် မသူတော် လုပ်နေခြင်းလဲ မဟုတ်ပါဘူး။
အဓိက အကြောင်းအရာကတော့ လတ်တလောကာလအတွင်း အင်တာနက် စာမျက်နှာများ ပေါ်မှာ ၈၈
မျိုးဆက်ကျောင်းသားများ အဖွဲ့(အထူးသဖြင့်) ဘာသာခြား မွစ္စလင်ဖြစ်တဲ့ ကိုမြအေး ကို
ဦးတည်ကာ အပုပ်ချ တိုက်ခိုက်ခြင်းများကို တွေ့ မြင်လာရလို့ပဲ ဖြစ်ပါတယ်။
၎င်းယုတ္တိကင်းမဲ့၍
ကျိုးကြောင်းခိုင်လုံမှုမရှိသော အပုပ်ချစာမှာပါသည့် သဘောထားမျိုး ကိုမြအေး သာမက
ကိုမြအေး နှင့် ပတ်သက်သည့် မိသားစုဝင်များမှာပါ လုံးဝမရှိကြောင်း
ကျွန်တော့်အနေနှင့် ရဲရဲတင်းတင်း အာမခံဝံ့သလို အားလုံး ထင်သာမြင်သာ ရှိစေနိုင်သည့် သက်သေ
အထောက်အထောက်ထားလဲ ပြနိုင်ပါတယ်။
အထက်မှာ
ရေးသားပြခဲ့တဲ့ တိုင်းသိပြည်သိ ဆရာတော်၏ ကန်ပိန်းအတွက် လုပ်ငန်းအစီအစဉ်
ရေးဆွဲသတ်မှတ်ရာမှာ အချိန်ကိုလဲ မဖြစ်မနေ ထည့်သွင်း စဉ်းစားရပါတယ်။ ကန်ပိန်းကို
အဓိက ဦးဆောင်လုပ်မယ့်သူဟာ သံဃာတစ်ပါး ဖြစ်နေတဲ့ အတွက် နေ့ဆွမ်းဘုဉ်းပေးရာမှာ
အခက်အခဲမရှိအောင် စီစဉ်ရပါတယ်။
ကမ်ပိန်းအတွက်
လမ်းကြောင်းသတ်မှတ်ရာမှာ ကိုမင်းကိုနိုင် အိမ်ကို ပထမဆုံး တရားဟောအိမ်အဖြစ်
သတ်မှတ်ပေမယ့် ကိုမြအေး အိမ်ကို ခန့်မှန်းရောက်ရှိချိန်ဟာ
နေ့ဆွမ်းဘုဉ်းပေးချိန်နဲ့ တိုက်ဆိုင်နေတဲ့အတွက် ခေါင်းခဲခဲ့ရပါတယ်။ ဒါပေမယ့်
အားလုံးအတွက် အံ့သြ၀မ်းမြောက်စရာဖြစ်ခဲ့ရတာက မွစ္စလင်ဘာသာဝင်များဖြစ်တဲ့ ကိုမြအေး
မိသားစုဝင်များဟာ ၄င်းတို့နေအိမ်မှာ ဆရာတော်အား တရားဟောခွင့် ပြုခဲ့ရုံသာမက
နေ့ဆွမ်းဘုဉ်းပေးဖို့အတွက်ပါ တာဝန်ယူပေးခဲ့ခြင်းပါပဲ။
ဒီအဖြစ်အပျက်ကိုဖတ်ပြီးခဲ့ရင်
စဉ်းစားတွေးခေါ်တတ်တဲ့သူတွေအနေနဲ့ ကိုမြအေး တင်မက ၄င်းရဲ့မိသားစုဝင်များပါ
မွစ္စလင်ဘာသာဝင်ဖြစ်ပေမယ့် ဘာသာရေးနဲ့ နိုင်ငံရေးကို
ခွဲခြားမြင်နိုင်သူများဖြစ်တာကို သိရှိနားလည်နိုင်လိမ့်မယ် ထင်ပါတယ်။ ၈၈
မျိုးဆက်ကျောင်းသားများအဖွဲ့ နဲ့ ပတ်သက်လို့တော့ အပုပ်ချစာပါ စွပ်စွဲချက်များကို
အထူးတလည် ဖြေရှင်းချက် မပေးလိုပါဘူး။ မြန်မာ့နိုင်ငံရေးနဲ့
မျက်ခြည်မပြတ်ရှိသူမှန်ရင် ၈၈ မျိုးဆက် ဘာလဲ၊ ဘယ်လဲ ဆိုတာတော့ သိရှိပြီး
ဖြစ်ပါလိမ့်မယ်။
အွန်လိုင်းမှာ
ပြန့်နှံ့နေတဲ့ အပုပ်ချစာကို ခွဲခြမ်းစိတ်ဖြာကြည့်ရာမှာ တွေ့ရတာကတော့
မြန်မာပြည်မှာ အဓိက အင်အားအကောင်းဆုံး အတိုက်အခံအဖွဲ့အစည်း နှစ်ခုဖြစ်တဲ့
အန်အယ်လ်ဒီ နဲ့ ၈၈ မျိုးဆက်ကို သွေးခွဲလိုခြင်း ရည်ရွယ်ချက်ကို တွေ့ရပါတယ်။
ဒီနေရာမှာ မွစ္စလင်ဘာသာဝင်ဖြစ်တဲ့ ကိုမြအေး နဲ့ ၈၈ မျိုးဆက်ရဲ့ အဓိကအကျဆုံး
ခေါင်းဆောင်ဖြစ်တဲ့ ကိုမင်းကိုနိုင် ဟာ ဓားစာခံဖြစ်သွားရခြင်းပါပဲ။
ကျွန်တော့်အနေနဲ့
ကြားဖြတ်ရွေးကောက်ပွဲမတိုင်ခင် (
မတ် ၃၀
ဖြစ်လိမ့်မယ် ထင်ပါတယ်)
ကျောက်ပန်းတောင်းမှာ
ဗလီဖျက်တဲ့ကိစ္စ ဖြစ်ကတည်းက ကြားဖြတ်ရွေးကောက်ပွဲကို ထိခိုက်အောင် အစိုးရအနေနဲ့ ဘာသာရေးခုတုံးလုပ်ပြီး နိုင်ငံရေးကစားပြန်ပြီဆိုတဲ့ သံသယ၀င်ခဲ့မိပါတယ်။
များမကြာမီအတွင်းမှာပဲ အခြားနယ်များမှာပါ ဘာသာရေးဆိုင်ရာ အရေးအခင်းငယ်များ
ဆက်လက်ဖြစ်ပွားလာတဲ့အခါမှာတော့ သတိကြီးကြီးထားရမယ့်အချိန်ဖြစ်ကြောင်း
နားလည်ခဲ့ပါတယ်။ စစ်အစိုးရ အဆက်ဆက်ကို လေ့လာကြည့်ရင် မြန်မာပြည်မှာ နိုင်ငံရေးဒီရေ
မြင့်တက်နေတဲ့အချိန်တိုင်း အတိုက်အခံ အင်အားစုတွေနဲ့ ပြည်သူလူထုကို
အာရုံစူးစိုက်မှုလွှဲမှားစေမယ့် နိုင်ငံရေးကစားမှုတွေ လုပ်လေ့ရှိတာကို သတိထားမိပါတယ်။
၈၈ မျိုးဆက်နဲ့ ကိုမြအေး ကို အပုပ်ချထားတဲ့ ၀က်ဆိုက်ဖြစ်တဲ့ Myanmar Express ကို ၀င်ရောက်ပြီး
တင်ထားတဲ့ ပို့စ်များကို ကြည့်မိရင်ပဲ ရွှေသမင် ဘယ်တာက ထွက်လာတယ်ဆိုတာ
ရှင်းလင်းလှပါတယ်။ ဒီနေရာမှာ အခွင့်သင့်တုန်း ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ အစိုးရရဲ့
ဘာသာရေး ခုတုံးလုပ် နိုင်ငံရေးကစားမှုတစ်ခုကို မျှဝေချင်ပါတယ်။
၂၀၁၀
ခုနှစ်အတွင်း ရွေးကောက်ပွဲ မတိုင်ခင်ကာလ ဖြစ်ပါတယ်။ ကိစ္စတစ်ခုနဲ့ လှည်းတန်းဘက်ကို
သွားရင်း လက်ထဲမှာ စာရွက်တွေ အများအပြား ပွေ့ပိုက်ထားသူတွေ အများပြည်သူ
လမ်းသွားလမ်းလာတွေကို လိုက်လံဝေနေတာ တွေ့ရပါတယ်။ ကျွန်တော့်လက်ထဲကို ဝေနေတဲ့
စာရွက်ရောက်လာလို့ ကြည့်လိုက်မိတဲ့ အချိန်မှာတော့ မိုးပြာဂိုဏ်းနဲ့ ပတ်သက်ပြီး
ထေရ၀ါဒ ဗုဒ္ဓဘာသာနဲ့ ကိုက်ညီမှု မရှိပုံ၊ မိုးပြာဂိုဏ်း၏ လှုပ်ရှားမှုများအား
ယခုအတိုင်း လွှတ်ထားလျှင် မြန်မာ့မြေပေါ်မှ ထေရ၀ါဒ ဗုဒ္ဓဘာသာပင်
ကွယ်ပျောက်သွားနိုင်ကြောင်း အစရှိသဖြင့် ပါရှိတာကို တွေ့ရပါတယ်။
စာရွက်ဝေနေသူများထဲမှာပဲ ဆင်ရေတွင်းနေ အသိတစ်ယောက်ကို တွေ့လိုက်ရတာကြောင့်
သွားရောက်နှုတ်ဆက်ရင်း ညနေဘက်တွေ့ဖို့ ချိန်းဆိုခဲ့ပါတယ်။ ညနေဘက် တွေ့ဖြစ်တဲ့အခါ
မနက်ပိုင်းဝေတဲ့ စာရွက်တွေနဲ့ ပတ်သက်ပြီး မေးမြန်းကြည့်ရာမှာတော့ ကြံ့ဖွံ့ မှ
တစ်ယောက်လျှင် ၃၀၀၀ ပေး၍ ဝေခိုင်းသည့် အကြောင်းနှင့် လှည်းတန်း အတွက်တင် ရွက်ရေ
၂၀၀၀၀ အသုံးပြုခဲ့ကြောင်း သိလိုက်ရပါတယ်။ အာဏာပိုင်တွေ အနေနဲ့ မိုးပြာဂိုဏ်းကို
၎င်းတို့ကိုယ်တိုင် တားဆီးထိန်းသိမ်း နိုင်ရက်နဲ့ ပြည်သူလူထုနဲ့ ရန်တိုက်ပေးခြင်းဟာ ဘာသာရေးခုတုံးလုပ်
နိုင်ငံရေးကစားခြင်းပါပဲ။
လတ်တလော အွန်လိုင်းပေါ်မှာ ပျံ့နှံ့နေတဲ့
အပုပ်ချစာနဲ့ ပတ်သက်ပြီးတော့လဲ နားမလည်နိုင်တာ ရှိပါတယ်။ ၄င်း အပုပ်ချစာ
စတင်ထွက်ပေါ်လာရာ Mynmar
Express ဆိုက်ကတော့
ဘာဆိုတာ ရှင်းရှင်းလင်းလင်း သိပြီးဖြစ်လို့ ၄င်းတို့ အလုပ်ကို တာဝန်ကျေပွန်စွာ
လုပ်ဆောင်နေခြင်း အဖြစ်သာ ရှုမြင်ပါတယ်။ အံ့သြမိတာကတော့ ၄င်းအပုပ်ချစာကို
အွန်လိုင်းပေါ်မှာ ထပ်ဆင့်ဖြန့်ဝေနေသူတွေ ပါပဲ။ ထပ်ဆင့်ဖြန့်ဝေနေသူတွေ အနေနဲ့
ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေတာ ဆိုရင်တော့ မှတ်ချက်တစ်စုံတစ်ရာ မပေးလိုပါဘူး။
သို့ပေမယ့် စာပါအကြောင်းအရာ ကိုတောင် သေချာမဖတ်ဘဲ (သို့)
ဖတ်မိရင်တောင်
ဖြစ်နိုင်ချေ ရှိ၊ မရှိ မိမိကိုယ်ပိုင်ဥာဏ်နှင့် စဉ်းစားမှုမပြုဘဲ မိမိစာမျက်နှာပေါ်မှာ
ပို့စ် များများ တင်ရရင်ပြီးရော ပုံစံမျိုးဖြစ်နေတဲ့
အွန်လိုင်းတော်လှန်ရေးသမားများကိုတော့ အံ့သြခြင်းကြီးစွာ ဖြစ်မိတာ အမှန်ပါ။
၎င်းတို့အတွက် နပိုလီယန် ရဲ့ “ရန်သူနှစ်သက်စေမယ့်
အရာကို ဘယ်တော့မှ မလုပ်ပါနဲ့”
ဆိုတဲ့ စကားကို
မျှဝေရင်းနဲ့ပဲ ဒီစာကို အဆုံးသတ်ပါတယ်။
Ref: "We Fight We Win " blog မှကူးယူဖော်ပြပါသည်။