Monday, August 3, 2009

အလ္လာပေးသော ဆင်ခြင်စရာအသိလေးတစ်ခု

ထွေထွေထူးထူးတော့မဟုတ်ပါဘူး။ ဆင်ခြင်စရာအကြောင်းအရာလေးတစ်ခုပါ။ သိပ်မကြာသေးခင်အချိန်က ကျွန်တော်ကြုံတွေ့ခဲ့ရတဲ့ အတွေ့အကြုံလေးကို စာဖတ်သူများကို မျှဝေပေးချင်လို့ပါ။ ကျွန်တော်မလေးရှားမှာ နေခဲ့တာ အတော်ကြာခဲ့ပါပြီ။ ဒီတော့မလေးရှားနိုင်ငံရဲ့ လူနေမှုဓလေ့စရိုက်၊ယဉ်ကျေးမှု၊ သူတို့တွေရဲ့စိတ်နေ သဘောထား၊ သူတို့နိုင်ငံရဲ့ ဥပဒေတော်တော်များများကို သိထားပြီးသားပါ။ ကျွန်တော်ကိုတိုင်လည်း ဒီစည်မျဉ်း ဥပဒေ၊ယဉ်ကျေးမှုဓလေ့စရိုက်တွေနဲ့လိုက်လျောညီထွေစွာ နေတတ်ခဲ့ပါပြီ။ ဒါပေမယ့် တစ်ချို့ကိစ္စတွေမှာ သူတို့နိုင်ငံရဲ့ဥပဒေကို ကြားတော့ကြားဖူးတယ်၊ ဘယ်ပုံဘယ်နည်းနဲ့ အရေးယူဆောင်ရွက်တယ်ဆိုတာကိုတော့ မမြင်ဖူးဘူး။ တကယ်တမ်းကိုယ်တွေ့ကြုံလာရတဲ့အချိန်မှာတော့ တော်တော်တုန်လှုပ်သွားမိတယ်။ ဖြစ်ပုံကဒီလိုပါ။ ကျွန်တော်က ညဘက်ဆိုတော်တော်နဲ့မအိပ်ဘူး။ အိပ်လို့မရတာရယ်၊ဘောလုံးပွဲတွေကြောင့်ရယ်ပေါ့။ မန်ချက်စတာပွဲဆိုပိုဆိုးပါတယ်။ ဘောလုံးပွဲကြည့်ပြီးလျှင်လည်း ချက်ချင်းမအိပ်သေးဘဲ အပြင်ထွက်တစ်ခုခုစားပြီးမှပြန်အိပ်တတ်တယ်။ ဒါက ဘောလုံးပွဲကြည့်တိုင်းလုပ်နေကြကျွန်တော့ရဲ့ အကျင့်ပါ။ ကျွန်တော်ဘောလုံးပွဲကြည့်တယ်ဆိုတာလည်း အခုမှ မဟုတ်ပါဘူး။ ဟိုးခပ်ငယ်ငယ်အချိန်ကတည်းကပါ။ ဒီအကျင့်ဟာ အရင်လူပျိုဘ၀က ကိစ္စမရှိပါဘူး။အခုတော့ အိမ်ထောင်ကျပြီလေ။ အိမ်ထောင်ကျပြီးတော့ ကျွန်တော်ကအိပ်မပျော်ရင် ဘေးကဇနီးကလည်းမအိပ်၊ ဘောလုံးပွဲကြည့်ရင်လည်းသူကတစ်ယောက်တည်းမအိပ်တတ်၊ ကျွန်တော်က အပြင်ထွက်ပြန်ရင်လည်း သူကစိတ်မချ၊ သူတစ်ယောက်တည်းလည်းအိမ်မှာမနေခဲ့ချင်ဘူး။ ဒီလိုနဲ့ သံသရာလည်နေလိုက်တာ တော်တော်ကြာသွားပြီ။ တစ်ခါတစ်ခါလည်းစိတ်ပျက်မိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဘောလုံးပွဲကြည့်တယ်ဆိုတာ ကိုယ်ပိုင်အချိန်တော်တော်များများကိုရင်းနှီးလိုက်ရတာလေ။ ညဘက်မအိပ်တော့ မနက်အလုပ်နောက်ကျ၊ အအိပ်ပျက်လျှင်စိတ်ကမရွှင်၊ ဘောလုံးပွဲမကြည့်ဘူးလို့ဆုံးဖြတ်ပြန်တော့လည်း ၀ါသနာက တော်တော်နဲ့ဖျောက်မရ။ ဒီလိုနဲ့ တစ်နေ့ ကျွန်တော်တို့စုံတွဲ အိမ်မှာဘောလုံးပွဲကြည့်ပြီး ထုံးစံအတိုင်း အပြင်ထွက်ပြီးတစ်ခုခုစားတဲ့အချိန်မှာ ဒီအဖြစ်အပျက်နဲ့ကြုံခဲ့ရတော့တာပဲ။ အဲဒီနေ့က စနေနေ့၊ မလေးလူမျိုးတွေအခေါ် မာလန်းမင်းဂူး ပေါ့။ သူတို့မလေးရှားလူမျိုးတွေအတွက် စနေနေ့ညကစပြီး တနင်္ဂနွေနေ့ မနက်အထိအချိန်ဟာ အတော်ပျော်စရာကောင်းတဲ့ အချိန်ပါ။ဒီအချိန်ဟာ သူတို့အတွက်တော့ အပါတ်စဉ် အပန်းဖြေတဲ့အားလပ်ချိန်ပေါ့။ ကျွန်တော့အထင်တော့ အိစ်ဒ်နေ့ထက်တောင် ဒီအချိန်ကိုသူတို့ပိုပျော်လိမ့်မယ် ထင်တယ်။ ဒီလိုပြောလို့ မလေးလူမျိုးတွေဟာမကောင်းတဲ့နည်းနဲ့အပျော်ရှာကြတယ်လို့တော့မထင်လိုက်ပါနဲ့။ ဒီမှာရှိတဲ့မလေးလူမျိုးတွေဟာ အခြားတရုတ်၊ တမလ် လူမျိုးတွေလို အရက်သောက်တာ၊နိုက်ကလပ်သွားတာ၊ ဒစ္စကိုသွားတာ အင်မတန်နည်းပါတယ်။(မလေးလူမျိုးအနည်းငယ် နိုက်ကလပ်သွားတာကတော့ ချွင်းချက်ပေါ့လေ။) ကျွန်တော်ပြောခဲ့တဲ့ အစ်ဒ်နေ့ထက်ပျော်တဲ့ကိစ္စက ဆိုင်ကယ်ပြိုင်မောင်း၊ကားပြိုင်မောင်းတဲ့ ကိစ္စ။ ဒီလိုပြိုင်မောင်းတာဟာ မလေးလူငယ်တွေကြားမှာ အင်မတန် population ဖြစ်နေတယ်။ ဘာလို့ဖြစ်ရ တာလဲဆိုတော့ သူတို့နိုင်ငံအစိုးရကလည်း သူတို့အားကျရလောက်အောင် ကားမောင်းပြိုင်ကွင်း၊ဆိုင်ကယ် မောင်းပြိုင်ကွင်းတွေတည်ဆောက်ပြီးဝင်ငွေရှာနေကြတယ်။ ဒီပြိုင်ပွဲတွေကြောင့်တိုင်းပြည်ထဲက ဆယ်ကျော်သက်လူငယ်တွေအတုခိုးမှားပြီးလမ်းလွဲနေတာ အစိုးရက တဖြည်းဖြည်းသဘောပေါက်လာပြီး ထိန်းချုပ်ဖို့ဥပဒေတွေထုတ်ပြန်လာတော့တယ်။ဒါပေမယ့်လည်း ဆယ်ကျော်သက်တွေကိုထိန်းချုပ်ဖို့ အင်မတန်ခက်ပါတယ်။ကားတွေ၊ဆိုင်ကယ်တွေပြိုင်တဲ့လူငယ်တွေဟာ အများပြည်သူအသုံးပြုနေတဲ့ Highway လမ်းတွေအထိတက်ပြိုင်ကြတယ်။ ဒီလူငယ်တွေဟာ မာလန်းမင်းဂူးမှာ ခရီးသည်တွေနားနေတဲ့
(ကာဝါဆန်ရီဟာဒ်)ခေါ် ယာဉ်ရပ်နားစခန်းမှာ ထောင်နဲ့ချီပြီးလူစုပြီးကားပြိုင်မောင်းကြတော့ လူအများစိတ်အနှောက်အယှက်ဖြစ်ရုံသာမက အန္တရာယ်လည်းအရမ်းများပါတယ်။ အရင်ကတော့ ရဲတွေက ဖမ်းဆီးပြီးအပြစ်ပေးတယ်။ အခုတော့ ရဲတွေတင်မကတော့ပါဘူး၊ အဖွဲ့ပေါင်းစုံက စီမံကိန်းဆွဲပြီးဖမ်းတော့တယ်။ ပြည်သူ့ရဲ၊ယာဉ်ထိန်းရဲ၊မူးယစ်ဖမ်းဆီးရေးအဖွဲ့၊Rela ခေါ် အရပ်သားဖမ်းဆီးရေးအဖွဲ့(မြန်မာပြည်မှာဆိုရင်တော့ ကြံ့ခိုင်ရေးအဖွဲ့မျိုးပေါ့) ။ ဒါတွေတင်မကသေးပါဘူး။ အစ္စလာမ့်ဥပဒေအတိုင်းလုပ်ကိုင်ဆောင်ရွက်တဲ့ Kumpulan Haji ခေါ် ဟာဂျီအဖွဲ့ လည်းပါတယ်။ ညနက်သန်းခေါင်ဆိုင်ကယ်၊ကားတွေ ပြိုင်မောင်းသူတွေရဲ့ အနောက်မှာ ဆယ်ကျော်သက်အရွယ်အဆောင်နေ ကျောင်းသူတွေလည်းပါတယ်။ အခြားရပ်ကွက်နေ စုံတွဲတွေလည်းပါတယ်။ ဒီတော့ဖမ်းဆီးရေးအဖွဲ့ပေါင်းစုံမှာ မူးယစ်ရဲက Urine Test စစ်၊ ယဉ်ထိန်းရဲက ပြိုင်မောင်းသူတွေ၊အိပ်ဇောဖွင့်မောင်းတဲ့သူတွေကိုဖမ်း၊ ဟာဂျီအဖွဲ့ကတော့ အချိန်မတော်တွေ့တဲ့စုံတွဲတွေကို တရားဝင်လက်ထပ်ထားကြောင်း(စူရပ်နေကာ)လက်ထပ်စာချုပ်ပြနိုင်လျှင်ပြ၊ မပြနိုင်လျှင်တော့ရဲစခန်းကို ခေါ်သွားတယ်။ရဲစခန်းကိုပါသွားရင်ပြသ၁နာကအရှည်ကြီး၊ အခန့်မသင့်လျှင်တီဗွီသတင်းထဲအထိပါသွား နိုင်တယ်လေ။ပြိုင်ကြတဲ့သူတွေတော့မသိဘူး၊ ကျွန်တော်တို့စုံတွဲတော့ အတော်လေးကြောက်သွားတယ်။ ကျွန်တော်ကအပြင်သွားရင် လိုင်စင်နဲ့ ပတ်စပို့ ယူသွားဖို့မကြာခဏမေ့တတ်တယ်။ အဲဒီနေ့ကကျွန်တော်တို့ ဇနီးမောင်နှံနှစ်ယောက် ကားမယူဘဲ၊ ဆိုင်ကယ်စီးပြီး ညလယ်စာသွားစားရင်း ဒုက္ခဖြစ်တော့မလို့၊ အလ္လာအရှင်ကယ်ပေလို့ပေါ့။ ကျွန်တော်တို့က ပတ်စပို့ပါလာတယ်၊ ဒါပေမယ့် လိုင်စင်နဲ့ နေကာစာချုပ်တစ်ခုမှ ပါမလာဘူး။ ကျွန်တော်တို့စားသောက်နေတဲ့ နားနေစခန်းကို အဖွဲ့တွေအားလုံးပိတ်ဆို့ပြီးစစ်ကြတယ်။ ထွက်ပေါက်လည်းမရှိဘူး၊ ထွက်လည်းမထွက်ရဲဘူး။ ထွက်တဲ့ကားတွေ၊ဆိုင်ကယ်တွေကို အကုန်လုံးစစ်တယ်။ သူတို့မလေးနိုင်ငံသားတွေကိုတောင်မှ IC (မှတ်ပုံတင်)မပါရင် ရဲစခန်းခေါ်သွားတယ်။ အဲဒါတွေမြင်ပြီး အနားမှာရှိတဲ့ကျွန်တော့်အမျိုးသမီးကလည်းအတော်ကြောက်နေတယ်။ သူကလည်းညဘက်လိုက်ချင်တာ မဟုတ်ဘူး။ ကျွန်တော်ခေါ်လာတာ။ မြန်မာပြည်မှာကလည်းဒီလိုမျိုးရှိမှမရှိတာ။ ကျွန်တော်လည်းမထွက်သေးဘဲ ဘာလုပ်သင့်သလဲသေချာစဉ်းစားလိုက်တယ်။ နောက်ဆုံးတော့အကြံတစ်ခုထွက်လာတယ်။ အိမ်မှာအိပ်နေတဲ့သူတွေကိုဖုန်းဆက်ပြီး မေ့ကျန်နေခဲ့တဲ့ လက်ထပ်စာချုပ်ကိုယူလာခိုင်းဖို့ပါပဲ။ အိပ်ပျော်နေတဲ့ လူတွေကိုနိုးပြီးခိုင်းတော့ သူတို့ခမျာလည်းအိပ်ရေးပျက်ရပြီး ကျွန်တော်လည်းအားနာမိတယ်။ ဒါပေမယ့် ကံကောင်းချင်တော့ သူတို့ကိုမခိုင်းခင် ဖမ်းဆီးရေးအဖွဲ့တွေပြန်သွားတော့ အစစ်မခံရတော့ဘူး။ အဲဒီအချိန်မှာမနက်ငါးနာရီထိုးနေပြီ။ ကျွန်တော်တို့နားနေစခန်းထဲမှာ နှစ်နာရီလောက်ကတည်းက ပိတ်မိနေခဲ့တာလေ။ ကျွန်တော်တို့ပြန်လည်းလာရော အလ္လာထံမှာချက်ချင်းဒုအာလုပ်လိုက်တယ်။ နောက်နောင် ညအချိန်မတော်အပြင်မထွက်တော့ဘူး၊ အလ္လာကယ်ပေလို့ပေါ့။ အိမ်ပြန်ရောက်တော့ ကျွန်တော်ပြန်စဉ်းစားပြီးတွေးမိတယ်။ ဪ...ဆင်ခြင်စရာ အတွေ့အကြုံလေးတစ်ခု အလ္လာပေးလိုက်ပါလားလို့။
အယ်ဟာဂ်ျ ထွန်းသစ်အောင်

No comments:

Post a Comment

Note: Only a member of this blog may post a comment.