Monday, June 25, 2012

မြန်မာနိုင်ငံသို့ မိတ်ဆွေတဦး၏ မေတ္တာရပ်ခံချက်


                   ပြီးခဲ့သည့် နှစ်ပါတ် ကာလအတွင်း ရခိုင်ပြည်နယ်မှ အကြမ်းဖက်မှုများသည် လူအချို့အတွက် စိတ်ပျက် ရှုတ်ထွေးဖွယ် ဖြစ်စေပြီး လူအများစုအတွက် ကွဲပြားငြင်းခုံဖွယ် ဖြစ်စေသလို လူတဦးချင်းစီ အတွက်မူ သွေးပျက်ထိတ်လန့်မှုနှင့် ဒေါသဖြစ်စေခဲ့ရသည်။ အပေါ်ယံတွင် တည်ငြိမ်သကဲ့သို့ ထင်ရသော မျက်နှာပြင်အောက်တွင် နှစ်ပေါင်းများစွာ တိမ်မြုပ်ဆူပွက်နေခဲ့သည့် လူမျိုးရေး၊ ဘာသာရေး တင်းမာမှုများက ပေါက်ကွဲပေါ်ထွက်လာပြီး အရုပ်ဆိုး အကျည်း တန်လှသည့် အပြန်အလှန် ဖျက်ဆီးမှု သံသရာတွင်းသို့ ကျခဲ့ရသည်။ လက်စားချေမှုများ ဖြစ်ပေါ်လာခဲ့ရသည်။ ဤအခြေအနေများက မြန်မာနိုင်ငံ၏ ဒီမိုကရေစီ နှင့် ငြိမ်းချမ်းရေးခရီးစဉ်ကိုပင် လမ်းလွဲသွားစေရန် ခြိမ်းခြောက်နေ ပေတော့သည်။
                         အကြမ်းဖက်မှုများ၊ လူမျိုးရေးအရ စော်ကားမှုများ၊ တမင်တကာ လွဲမှားအဓိပ္ပါယ် ဖွင့်ဆိုမှုများ၊ လုပ်ကြံဖန်တီးထား သည့် ပုံများ၊ သတင်းအမှား ပေးမှုများ၊ ဘက်လိုက်သည့် သတင်းဖော်ပြမှုများက ရက်စက်ကြမ်းကြုတ်သည့် အလှည့်အပြောင်းကို ထပ်လောင်းဆင့်ပိုးလာခဲ့ပြီး သွေးစွန်းရသည့် ဝမ်းနည်းကြေကွဲဖွယ် အဖြစ်အပျက်များ ပေါ်ပေါက်လာစေခဲ့သည်။
                       အချို့သောသူများက မိမိကို ဘက်လိုက်သည်ဟု ပြောကောင်း ပြောကြပါလိမ့်မည်။ ဤသို့ စွပ်စွဲချက်အတွက်လည်း မိမိက ပြန်၍ လျှောက်လှဲလိုပါသည်။ သို့သော်လည်း မိမိ ဘက်လိုက်သည်ဆိုသည်မှာ လူအုပ်စုတခုကို သာစေ၊ တစုကို နာစေဟူ၍ ဘက်လိုက်ခြင်း မဟုတ်ပါ။ လူမျိုးတစုကို သာစေ၊ တခုကို နာစေ၊ ဘာသာကိုးကွယ် ယုံကြည်မှုတခုကို သာစေ၊ တခုကို နာစေ ဟူ၍ ဘက်လိုက်ခြင်း မဟုတ်ပါ။ နိုင်ငံရေးပါတီတခုကို သာစေ၊ တခုကို နာစေဟူ၍ ရည်ရွယ်ချက်လည်း မရှိခဲ့ပါ။ ၎င်းတို့အစား မိမိ ဘက်လိုက်သည် ဆိုသည်မှာ ဘာသာရေး လွတ်လပ်ခွင့်အပါအဝင် လူ့အခွင့်အရေးများ၏ တကမ္ဘာလုံးက လက်ခံကြသည့် တန်ဖိုးများဘက်က လိုက်ခြင်း ဖြစ်ပါသည်။
မိမိက အပြန်အလှန် လေးစားမှု၊ တန်းတူအခွင့်အရေး၊ ဘာသာ-လူမျိုးအုပ်စုများအကြား ငြိမ်းချမ်းရေးနှင့် သဟဇာတ ဖြစ်စေရေးဘက်က ဘက်လိုက်ခြင်းသာ ဖြစ်ပါသည်။ မိမိက မည်သည့်လူမျိုး၊ မည်သည့် ဘာသာကိုးကွယ်ယုံကြည် သည် ဖြစ်စေ၊ လူသားတဦးချင်းစီ၏ ဂုဏ်သိက္ခာအတွက် ဘက်လိုက်ခြင်း ဖြစ်ပါသည်။ မိမိက သည်းညည်းခံစိတ် မထားတတ်မှု၊ မုန်းတီးမှု၊ လူမျိုးစွဲဝါဒနှင့် အစွန်းရောက်ဝါဒကို ဆန့်ကျင်၍ ဘက်လိုက်ခြင်း ဖြစ်ပါသည်။
                     ရခိုင်ပြည်နယ်ရှိ ဝမ်းနည်းဖွယ် အဖြစ်အပျက်များကြောင့် ရခိုင်နှင့် ရိုဟင်ဂျာ လူမှုအဖွဲ့အစည်းများမှ သာမန်ပြည်သူများ ထိခိုက်နစ်နာခဲ့ကြရပါသည်။ အိမ်များ မီးလောင်ပျက်စီးခဲ့ရပြီး၊ ဗလီများလည်း ဖျက်ဆီးခံခဲ့ကြရသည်။ အမျိုးသမီးများ မုဒိန်းပြုကျင့်ခံခဲ့ကြရပြီး၊ လူသတ်မှုများလည်း ရှိခဲ့ကြသည်။ မည်သည့်ရည်ရွယ်ချက်ဖြင့် ဤသို့ ဆောင်ရွက်ပြုမူခဲ့ကြပါ သနည်း။ ၎င်း အကြမ်းဖက်မှုများကြောင့် လူပေါင်း ၃ဝ,ဝဝဝ အထိ အိုးအိမ်စွန့်ပစ် ထွက်ပြေးခဲ့ကြရသည်ဟု ဆိုကြ
သော်လည်း အရေအတွက် အတိအကျကိုမူ အတည်မပြုနိုင်ခဲ့ပါ။ အကြောင်းမှာ ကုလသမဂ္ဂက ၎င်း၏ဝန်ထမ်းများကိုပြန်လည် ရုတ်သိမ်းခဲ့ပြီး သီးခြားလွတ်လပ်သည့် စောင့်ကြည့်သူများကိုလည်း ဤဒေသတွင်းသို့ ဝင်ရောက်ခွင့် မပြုခဲ့သောကြောင့် ဖြစ်ပါသည်။မြန်မာအစိုးရအနေဖြင့် ပထမဦးဆုံး ဆောင်ရွက်သင့်သည့်ကိစ္စမှာ ယခုအခြေအနေကို အကဲဖြတ်နိုင်ရန် နိုင်ငံတကာလေ့လာ စောင့်ကြည့်သူများ ဝင်ခွင့်ပြုရေးပင် ဖြစ်သည်။
                      မိမိက ယခုစာကို ရေးခြင်းမှာ မြန်မာနိုင်ငံနှင့် မြန်မာပြည်သူ များ၏ မိတ်ဆွေတဦးအနေဖြင့် ရေးသားခြင်း ဖြစ်ပါသည်။ မိမိက မြန်မာနိုင်ငံ လွတ်မြောက်ရေး၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး ကိစ္စများအတွက် ပြီးခဲ့သည့် ၁၅ နှစ်တာကာလ တွင် လှုပ်ရှားလုပ်ဆောင်ခဲ့ပြီး မြန်မာနိုင်ငံတွင်းနှင့် နယ်စပ်ဒေသများသို့ အကြိမ် ၄ဝ ကျော် ခရီးလှည့်လည်ခဲ့ဖူးပါ သည်။ မြန်မာ့ ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူများ၊နိုင်ငံရေး အကျဉ်းသားဟောင်းများနှင့် ပူးတွဲဆောင်ရွက်ခဲ့
ကရင်၊ ကရင်နီ၊ ရှမ်း၊ မွန်၊ ကချင်၊ ချင်း၊ ရခိုင်၊ ရိုဟင်ဂျာ ပြည်သူများနှင့်လည်း ပူးတွဲလုပ်ကိုင်ခဲ့ဖူးပါသည်။ အင်ဒိုနီးရှား၊ ပါကစ္စတန်၊ မောလ်ဒိုက်..စသည့် အစွန်းရောက် အစ္စလာမ်ဝါဒီများ ခေါင်းထောင်ထလာသည့် အခြားသောနိုင်ငံများတွင် ဘာသာရေးအရ သည်းညည်းမခံလိုစိတ် တိုးတက်ဖြစ်ပေါ်လာနေသည့် အခြေအနေကို အတွေ့အကြုံ များစွာ ရှိခဲ့သူတဦးအနေဖြင့် ယခုစာကို ရေးသားခြင်းလည်းဖြစ်ပါသည်။
                       ဤ နောက်ခံအကြောင်းအချက်များကြောင့် မြန်မာအစိုးရနှင့်ပြည်သူများကို အကြမ်းဖက်မှုများ ရပ်တန့်ရုံမျှသာမက ပြီးခဲ့သည့် ရက်သတ္တပါတ်များက ဘာသာရေးအရ သည်းညည်း
မခံနိုင်မှု၊ လူမျိုးရေး မုန်းတီးမှုများ ရှေ့တန်းရောက်လာသည့် ရပ်တည်ချက်များကို ပြောင်းလဲကြပါရန် မေတ္တာရပ်ခံ ပါသည်။ မြန်မာပြည်သူများ အနေဖြင့်လည်း မြန်မာနှင့် ဗုဒ္ဓဘာသာယဉ်ကျေးမှုများရှိ ကောင်းမြတ်မှန်ကန်သည့် တန်ဖိုးများနှင့် နေထိုင်ကြပါရန်၊ မိမိတို့ တောင်းဆို တိုက်ပွဲ ဝင်လာခဲ့ကြသည့် လွတ်လပ်ခွင့် နှင့် လူ့အခွင့်အရေး တန်ဖိုးများအတိုင်း ဆက်လက်ရပ်တည်ကြပါရန် မေတ္တာရပ်ခံ လိုပါသည်။ ဤသို့ မေတ္တာရပ်ခံရသည်မှာ အကြောင်းအချက်များစွာ ရှိပါသည်။
                       ပထမအချက်မှာ လူသားဆန်မှုနှင့် လူ့အခွင့်အရေး အခြေခံပေါ်မှ လူသားတို့၏ အသိဉာဏ်ရှိမှုကို မေတ္တာရပ်ခံတောင်းဆိုခြင်း ဖြစ်ပါသည်။ တကမ္ဘာလုံးလက်ခံသည့် လူ့အခွင့်အရေးကြေညာစာတမ်း ဆိုသည်မှာ အတိအကျ အားဖြင့် လူသားအားလုံးအတွက် ရည်ရွယ်ခြင်း ဖြစ်ပါသည်။ ပြီးခဲ့သည့် စနေနေ့က နိုဘယ်ဆုချီးမြှင့်ပွဲ မိန့်ခွန်းတွင်ဒေါ်အောင်ဆန်းစုကြည် ပြောကြားခဲ့သကဲ့သို့ လူ့အခွင့်အရေးများသည် “အားလုံးအနက် အထွန်းတောက်ဆုံးအရာ”
ဖြစ်ပါသည်။ မြန်မာ စစ်အစိုးရက ပြည်သူများကို ကာလကြာရှည် ဖိနှိပ်ပြုမူခဲ့သလို မည်သူတဦးကိုမျှ နှိမ်ချ သိက္ခာ မကျစေသင့်၊ ကန့်သတ်ထားခြင်း၊ ဖိနှိပ် ချိုးနှိမ်ခြင်း မပြုသင့်ပါ။ ၎င်းကိစ္စတွင် ရိုဟင်ဂျာ ပြည်သူများလည်း အပါအဝင်ဖြစ်ပါသည်။
                      ဒုတိယအချက်မှာ ဘာသာရေးအခြေခံဖြင့် မေတ္တာရပ်ခံခြင်း ဖြစ်ပါသည်။ ဗုဒ္ဓဘာသာနှင့် ပတ်သက်၍ မိမိ၏ အခြေခံ နားလည် သဘောပေါက်မှုအရ ‘မေတ္တာ’ကို ရှေ့ထားကြပါသည်။ ၎င်းသည် မိမိ ယုံကြည်ကိုးကွယ်သည့် ခရစ်ယာန် ဘာသာ၏ အခြေခံမူလည်း ဖြစ်ပါသည်။ “သင်၏ အိမ်နီးချင်းကို သင့်ကိုယ်တိုင်ကဲ့သို့ ချစ်လော့” ဟု သွန်သင်ထားပါ သည်။ ခရစ်ယာန် အယူတွင်၊ “မိမိ၏ ရန်သူကိုပင် ချစ်ရန်” သင်ကြားထားပါသည်။ အိမ်နီးချင်းဖြစ်စေ၊ ‘ရန်သူ’ဖြစ်စေ၊ ရခိုင်ဖြစ်စေ၊ ရိုဟင်ဂျာ ဖြစ်စေ၊ ဗုဒ္ဓဘာသာဖြစ်စေ၊ ခရစ်ယာန်၊ မူစလင်၊ နတ်ကိုးကွယ်သူ ဖြစ်စေ၊ မေတ္တာကို ရှေ့တန်း မထားသင့်ပါသလော။ အားလုံးကို မချစ်သင့်ပါသလော.. ဟု စောကြော မေးမြန်းလိုပါသည်။
                     အရိုးရှင်းဆုံးသော လူသားဝါဒ၊ အခြေခံလူ့အခွင့်အရေး၊ ဘာသာရေး အနှစ်သာရများကြောင့် မေတ္တာထားရန်၊ သည်းခံ စိတ်ထားရန်၊ လေးစားကြပါရန်၊ ငြိမ်းချမ်းရန်နှင့် တန်းတူအခွင့်အရေးကို ထိန်းသိမ်းကာကွယ်ပေးရန် တိုက်တွန်းမှု မပြုနိုင်စေသည့်တိုင်၊ နောက်ဆုံး မိမိတို့၏ အကျိုးစီးပွား အခြေခံအပေါ် စဉ်းစားဆောင်ရွက်ကြပါရန် မေတ္တာရပ်ခံ လိုပါသည်။
                      မိမိဖော်ပြ ပြောဆိုခဲ့သမျှအပေါ် လူအချို့က စိတ်မကွက်စေသည့်တိုင်အောင် မိမိ ဆက်လက် ဖော်ပြလိုသည့် အချက် များအပေါ် လူအချို့က စိတ်ကွက်ဒေါသ ဖြစ်နိုင်ပါသေးသည်။ မည်သို့ဖြစ်စေ ဆိုရေးရှိက ဆိုရပါလိမ့်မည်။ မိမိ ကြုံတွေ့ ခဲ့ရသမျှတွင် ရိုဟင်ဂျာများသည် အစွန့်ပယ်၊ အခွဲခြား အခံရဆုံး၊ အဖိနှိပ်အခံရဆုံးသူများ ဖြစ်ကြပါသည်။ မိမိအနေဖြင့် ဘင်္ဂလားဒေ့ရှ်-မြန်မာ နယ်စပ် ရိုဟင်ဂျာ ဒုက္ခသည်များထံ သွားရောက်ခဲ့ဖူးပြီး သူတို့၏ မျက်လုံးများထဲတွင် စိတ်ပျက် အားငယ်မှုများကို မြင်တွေ့ခဲ့ရပါသည်။ ရိုဟင်ဂျာဒုက္ခသည်များကို ၎င်းဒေသပြင်ပတွင် တွေ့မြင်ခဲ့ရဖူးပါသည်။ ထိုသူတို့ ၏ နှလုံးအိမ်ထဲတွင် စိတ်ဓာတ်ကျဆင်းနေမှုကို မြင်ခဲ့ကြရပါသည်။ မိမိသိရှိသမျှ ရိုဟင်ဂျာများမှာ ဧည့်ဝတ်အကျေ ပြွန်ဆုံး၊ ကြင်နာသည့်၊ ယဉ်ကျေးသိမ်မွေ့သည့်၊ ရည်မွန်သည့်၊ သည်းညည်းခံတတ်သည့်၊ ငြိမ်းချမ်းရေးမြတ်နိုးသည့် လူသားများ ဖြစ်ကြပါသည်။ အခြားသူများက သူတို့၏ လူသားဂုဏ်သိက္ခာကို ငြင်းပယ်ကြသည့်တိုင် လူသားဆန်သည့် ရည်မွန်မှုကို ဆုပ်ကိုင်နိုင်ကြသူများ ဖြစ်ပါသည်။
                    သို့သော်လည်း သူတို့ကို စစ်အစိုးရက သာမက လူမှုအသိုက်အဝန်းကပါ ဆက်လက်ခွဲခြား ငြင်းပယ် ဖိနှိပ်နေပါက ဆက်လက်ဖြစ်ပေါ်လာမည့် အန္တရာယ်ကိုလည်း မိမိသိမြင်နေပါသည်။ ၎င်းမှာ သဘောထား အစွန်းရောက်လာမည့် အန္တရာယ် (radicalization) ပင် ဖြစ်ပါသည်။
                       ရိုဟင်ဂျာများကို ‘အကြမ်းဖက်သမားများ’ ဟု မည့်သည့်အခြေခံအကြောင်းမျှ ခိုင်ခိုင်လုံလုံ မရှိပါဘဲ လူမျိုးရေး မုန်းတီးမှုဖြင့် စတင်စွပ်စွဲမှုများ ရှိနေပြီ ဖြစ်ပါသည်။ သို့သော်လည်း ဤ စွပ်စွဲပြောဆိုချက်များမှာ မိမိဘာသာ စိတ်ကျေနပ်အောင် လုပ်ကြံ ပြောဆိုကြခြင်းသာ ဖြစ်ပါသည်။ အကယ်၍ ရိုဟင်ဂျာများကို အစိုးရက ဖိနှိပ် နှိပ်ကွပ်နေခဲ့လျှင်၊ ဒီမိုကရေစီလှုပ်ရှားမှုက ဖယ်ကြဉ်ထားခဲ့လျှင်၊ လူမှုအသိုက်အဝန်းက ခွဲခြားဖိနှိပ်ဆက်ဆံပြီး တိုက်ခိုက်နေ လျှင်၊ နိုင်ငံတကာမိသားစုက သူတို့အရေးကို လျစ်လျူရှုထားခဲ့လျှင်၊ အစွန်းရောက် အစ္စလာမ်ဝါဒီများက ရိုဟင်ဂျာ လူထုများအကြား ရှိနေသည့် စိတ်ပျက်အားငယ်မှုကို အသုံးချ စည်းရုံးလာခဲ့လျှင်၊ ရိုဟင်ဂျာများအနေဖြင့် သူတို့ အတွက် နောက်ဆုံးထွက်ပေါက်လမ်း မရှိတော့ဟု မြင်လာလျှင်၊ ရိုဟင်ဂျာအများစုက သဘောထားပြင်းထန် အစွန်းရောက်သူများ ဖြစ်လာကြဖွယ် ရှိပါသည်။ ပါကစ္စတန်၊ အင်ဒိုနီးရှားတို့တွင် အစွန်းရောက် အစ္စလာမ်ဝါဒီများ လှုပ်ရှားလာခဲ့သည်ကို မြင်တွေ့ခဲ့ကြရသည့်နည်းတူ မော်လ်ဒိုက် နှင့် လန်ဒန်မြို့၏ လမ်းမများ၊ ဆက်ဖော်ပြ၍ မဆုံးနိုင်သည့် အချို့သော နေရာများတွင်လည်း အစွန်းရောက်အစ္စလာမ်ဝါဒီများ စည်းရုံးလှုပ်ရှားလာသည်ကို တွေ့ခဲ့ကြရသည်။ မြန်မာနိုင်ငံတွင် ရှိနေသည့် ပြဿနာများအပေါ် နောက်ထပ်ရန်စွယ်တခု တိုးလာမည်ကို မိမိ စိုးရိမ်မိပါ သည်။ မိမိဆိုလိုသည်မှာ ဗုံးခွဲခြင်း၊ လေယာဉ်ပြန်ပေးဆွဲခြင်း ကိစ္စများ မဟုတ်ပါ။ မိမိဆိုလိုသည်မှာ နိုင်ငံရေးသွေးထိုးမှုပါသည့် အစ္စလာမ်အယူဝါဒ ရှေ့တန်း ရောက်လာမည့်အရေး ဖြစ်ပြီး လူအများစု ကိုးကွယ်ယုံကြည်ကြသည့် အစ္စလာမ် ဘာသာရေး အယူအဆနှင့် ခြားနားပါသည်။ ကျန် ကိုးကွယ်ယုံကြည်သူ အများစုက ငြိမ်းချမ်းသည့် ဘာသာတရားကိုသာ လက်ကိုင်ထား ယုံကြည်ကြပါသည်။
ခွဲခြားဖယ်ကြဉ်ခြင်း၊ စိတ်ပျက်အားငယ်ခြင်း၊ နိုင်ငံမရှိသူများ ဖြစ်နေခြင်း စသည့် အချက်များမှနေ၍ သဘောထား အစွန်းရောက်စေရန် ရေခံမြေခံ ဖြစ်ပေါ်လာစေနိုင်ပါသည်။ အော်စလိုမြို့တွင် ဒေါ်အောင်ဆန်းစုကြည် ပြောခဲ့သကဲ့သို့ “စစ်ပွဲများသည် ငြိမ်းချမ်းရေးကို သေကြေစေနိုင်သည့် နယ်ပယ်တခုမျှသာ မဟုတ်ပါ။ အကယ်၍ နစ်နာခံစားနေရမှု များကို ငြင်းပယ် ပါက၊ ပဋိပက္ခများ ပေါက်ဖွားလာစေမည့် မျိုးစေ့များ ဖြစ်လာစေနိုင်ပါသည်။ နစ်နာခံစားရမှုများကြောင့် သိမ်ငယ်ပြီး၊ နာကျည်းမှုများ၊ ဒေါသများ ဖြစ်ပေါ်လာစေနိုင်ပါသည်။”
                   မိမိကို အထင်အမြင် မလွဲစေလိုပါ။ မိမိပြောဆိုသည့်အချက်အပေါ် အခြေခံ၍                 ရိုဟင်ဂျာများကို တိုက်ခိုက်ရန် အကြောင်းပြချက် မဖြစ်စေလိုပါ။ အမှန်တွက် ၎င်း၏ ဆန့်ကျင်ဖက်ကို ရည်ရွယ်ပြောဆိုရင်း ဖြစ်ပါသည်။ အစ္စလာမ်ဝါဒီ များကို စိန်ခေါ်သွေးဆွမှုကို ရှောင်လွှဲနိုင်ရန်အတွက်၊ ရခိုင်များ၊ ဗမာများ၊ မြန်မာပြည်သူများအားလုံးက သဘောထားပျော့ပြောင်းသည့်၊ အခြားသူများနှင့် တန်းတူအခွင့်အရေး ရရှိရေးသာ အလိုရှိကြသည့်၊ လူ့ဂုဏ်သိက္ခာနှင့် ထိုက်တန် သည့် လေးစားမှု ရလိုကြသည့်၊ ငြိမ်းချမ်းစွာ နေလိုကြသည့် ရိုဟင်ဂျာများနှင့် ပူးပေါင်းအလုပ်လုပ်သင့်ပါသည်။ လွန်ခဲ့သည့် နှစ်ပေါင်းများစွာက ရိုဟင်ဂျာတဦးက သူ၏မြော်မြင်ချက်ကို မိမိထံ လှပစွာ ပုံဖော်ပြောပြခဲ့ဖူးပါသည်။ သူက မြန်မာနိုင်ငံကို ပန်းပေါင်းစုံ ပွင့်သည့် ဥယျာဉ်ကြီးဖြင့် တင်စားပြီး၊ ရိုဟင်ဂျာများမှာ ၎င်းတို့အနက်မှ ပန်းတမျိုး ဟု ဖော်ပြခဲ့ဖူးပါသည်။
                       ရိုဟင်ဂျာများနှင့် ပတ်သက်၍ ယုံမှတ်မှားချက် နှစ်ခု ရှိနေပြီး ၎င်းတို့ကိုလည်း ချေဖျက်ရန် လိုအပ်ပါသည်။ ပထမ အချက်မှာ ၎င်းတို့၏ လူမျိုးဖြစ်မှု၊ တိုင်းရင်းသားဖြစ်မှုကို မြေကြီး သို့မဟုတ် ပြည်နယ်နှင့် ပူးတွဲထားသည်ဟူသည့် အမြင်ဖြစ်ပါသည်။ ရိုဟင်ဂျာများက အနည်းဆုံး မိမိသိရှိရသမျှ သူတို့ကိုယ်ပိုင်နယ်မြေ တောင်းဆိုနေခြင်း မဟုတ်ပါ။ သူတို့က မြန်မာနိုင်ငံ၏ နိုင်ငံသားဖြစ်ခွင့် အသိအမှတ်ပြုမှု လိုချင်နေခြင်းမျှသာ ဖြစ်ပါသည်။ အကယ်၍ သူတို့ ကိုယ်ပိုင်ပြည်နယ် တောင်းဆိုနေသည့်တိုင် သူတို့ကို ဂုဏ်သိက္ခာ၊ တန်းတူအခွင့်အရေးနှင့် ဆက်ဆံနေသမျှ ကာလ ပတ်လုံး ဤသို့ ပေးအပ်ရန်လည်း အကြောင်းအချက် မရှိပါ။
                     ဒုတိယအချက်မှာ ၎င်းတို့ကို ခိုးဝင်ကျူးကျော်လာသည့် ဘင်္ဂါလီရွှေ့ပြောင်း အခြေချလာသူများဟု မြင်နေခြင်းဖြစ်ပါသည်။ ယခုစွပ်စွဲချက်အတွက် မိမိတွင် တုံ့ပြန်ရန်အချက်များစွာ ရှိပါသည်။
                    ပထမအချက်မှာ သမိုင်းမှတ်တမ်းများအရ ရိုဟင်ဂျာများသည် ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် မျိုးဆက်ပေါင်းများ စွာကတည်းက အခြေချ နေထိုင်လာခဲ့ကြသည်မှာ ထင်ရှားပါသည်။ ပညာရှင်များက တိကျသည့်အထောက်အထား များဖြင့် ငြင်းခုံနိုင်ကြပါသည်။ မည်သို့ပင်ဖြစ်စေ ထိုသူများ ဤနေရာတွင် မျိုးဆက်ပေါင်းများစွာ ရှိနေကြသည်မှာ ငြင်းဆိုမရသည့် အချက်ပင်ဖြစ်သည်။ မြန်မာနိုင်ငံ၏ ပထမဦးဆုံး သမ္မတ ရှမ်းလူမျိုး တဦးဖြစ်သူ စဝ်ရွှေသိုက်က “ရခိုင် မူဆလင်များသည်မြန်မာနိုင်ငံ၏ ဌာနေတိုင်းရင်းသားများ ဖြစ်ကြသည်မှာသေချာသည်။ အကယ်၍ သူတို့ကိုသာ ဌာနေတိုင်းရင်းသားထဲသို့ မထည့်ပါက မိမိတို့ကိုယ်တိုင်လည်း ဌာနေတိုင်းရင်းသားအဖြစ် မခံယူသင့်” ဟု ပြောဆိုခဲ့ ဖူးပါသည်။ မြန်မာနိုင်ငံ၏ပထမ ဝန်ကြီးချုပ် ဦးနုကလည်း ယခု အငြင်းပွားနေကြသည့် ရိုဟင်ဂျာအမည်ကို သုံးစွဲခဲ့ဖူး ပါသည်။ ရိုဟင်ဂျာဘာသာဖြင့် အသံလွှင့်ရန် မြန်မာ့အသံကိုပင် အသုံးပြုခွင့်ပေးခဲ့ပါသည်။ ရိုဟင်ဂျာအမတ်များလည်း လွှတ်တော်တွင်း နေရာယူခဲ့ကြဖူးပါသည်။ ဦးနေဝင်း အာဏာရရှိသည့်အချိန်မှသာ သူ၏လူမျိုးရေး အစွဲ၊ မူဆလင် ဆန့်ကျင်ရေး စိတ်ဓာတ်ကြောင့် ယခုကိစ္စများ ဖြစ်ပေါ်လာခြင်း ဖြစ်ပါသည်။ ၎င်းတို့ကို နိုင်ငံသားအဖြစ်မှ ရုပ်သိမ်း၍ ဆယ်စုနှစ်များစွာ ဖိနှိပ်ညှဉ်းပမ်းမှုများ ဒုက္ခတွင်းသို့ ပစ်ချထားခဲ့ပါသည်။
                    အကယ်၍ သူတို့က ဘင်္ဂလားဒေ့ရှ်မှ တရားမဝင် ခိုးဝင်လာသူများ ဆိုပါက သူတို့အများစုက အဘယ်ကြောင့်မြန်မာစကား လည်ပတ်စွာ ပြောဆိုနိုင်ကြပါသနည်း။ မြန်မာအမည်များ မှည့်ခေါ်ကြပါသနည်း။ အကယ်၍ သူတို့က ဘင်္ဂလားဒေ့ရှ်မှ တရားမဝင် ခိုးဝင်လာသူများ ဆိုပါက ၎င်းဒုက္ခသည်များကို လက်ခံရန် ဘင်္ဂလားဒေ့ရှ်က အဘယ်ကြောင့် လက်ခံရန် ငြင်းပယ်ရပါသနည်း။ အကယ်၍ သူတို့က ဘင်္ဂလားဒေ့ရှ်မှ တရားမဝင် ခိုးဝင်လာသူများ ဆိုပါက အဘယ်ကြောင့် ယခုလို ဖိနှိပ်မှုများ ခံစားနေကြရသည့် ကြားထဲတွင် မြန်မာနိုင်ငံ၌ အခြေချနေထိုင်လိုပြီး သူတို့အိုးအိမ် သဖွယ် သဘောထားကြပါသနည်း။ ယေဘုယျအားဖြင့် တရားမဝင် ခိုးဝင်လာကြသူများသည် ဆင်းရဲမှုနှင့် ဖိနှိပ်သည့်နေရာများမှ ထွက်ပြေးလာကြသူများသာ ဖြစ်ပါသည်။ ပို၍ကြွယ်ဝသည့် လွတ်လပ်သည့် နေရာကိုသာ ရှာဖွေကြသူများ သာ ဖြစ်ပါသည်။ အဘယ်ကြောင့် သူတို့က ဘင်္ဂလားဒေ့ရှ်ကို စွန့်ခွာ၍ မြန်မာနိုင်ငံသို့ ထွက်ပြေးကြပါသနည်း။
                     အချို့မြန်မာများက နယ်စပ်မျဉ်းက ဟင်းလင်းပွင့်နေသောကြောင့်ဟု မိမိကို ပြောကြပါသည်။ ရိုဟင်ဂျာဟု ဆိုနေကြသူ များမှာ တရားမဝင် ခိုးဝင်လာသည့် ဘင်္ဂါလီများဟု ဆိုကြပါသည်။ သို့ဆိုလျှင်လည်း မြန်မာနိုင်ငံတွင် စနစ်တကျ လူသတ်မှတ် ခွဲခြားသည့် စနစ်လို အပ်ပါသည်။ အကယ်၍ မြန်မာနိုင်ငံတွင် မွေးဖွားသူများမှန်ပါက သူတို့ကို နိုင်ငံသား အဖြစ် လက်ခံသင့်ပါသည်။ အကယ်၍ ခိုးဝင်လာသူများဟု ခိုင်လုံစွာ တွေ့ရှိပါက၊ လျော်ကန်စွာ ဆက်လက်
ဆောင်ရွက်သင့်ပါသည်။ ထိုသူများကို နိုင်ငံသားအဖြစ်ပေးသည် ဖြစ်စေ၊ သို့မဟုတ် အခြား နိုင်ငံများတွင် ခိုးဝင်လာ သူများကို ကိုင်တွယ်ကြသည့်နည်းတူ သူတို့မူရင်းလာရာ နိုင်ငံသို့ ပြန်လည် ပို့ဆောင်သင့်ပါသည်။ မည်သည့် အခြေအနေမျိုးတွင်မဆို သူတို့ကို လူမဆန်သည့် ခွဲခြားဖိနှိပ်မှုမျိုး မပြုသင့်ပါ။ တရားမဝင် ခိုးဝင်လာကြသူများ သည်ပင်လျှင် လူ့အခွင့်အရေး ရှိပါသည်။
                       ဤအကြောင်းကို မာတင်လူသာကင်း က ကောင်းစွာဖော်ပြခဲ့ပြီး ဖြစ်ပါသည်။ သူက “မည်သည့်နေရာတွင် ရှိနေသည့် မတရားမမျှတမှု မဆို၊ နေရာတိုင်းတွင် ရှိနေသည့် တရားမျှတမှုကို ခြိမ်းခြောက်နေသည်” ဟု ဆိုခဲ့သည်။ ရိုဟင်ဂျာ များမှာ နိုင်ငံမဲ့များ၊ ပညာရေးရရှိခွင့်ကို ငြင်းပယ်ခံနေရသူများ၊ ခရီးသွားလာရန်၊ လက်ထပ်ထိမ်းမြားရန်၊ ဝတ်ပြုကိုးကွယ်ရန် ကန့်သတ် ပိတ်ပင်ခံနေရသူများ၊ ပြင်းထန်ဆိုးရွားသည့် မတရားမမျှတမှုများ နှစ်ပေါင်းများစွာ ခံစားလာကြရသူများ ဖြစ်ပါသည်။ ရခိုင်ပြည်သူများမှာလည်း မြန်မာနိုင်ငံသား အခြားသူများကဲ့သို့ပင်၊ မတရား မမျှတမှုကို ခံစားလာကြရသူများ ဖြစ်ပါသည်။ ၎င်းလူ့အဖွဲ့အစည်းနှစ်ရပ်က အကြမ်းဖက်မှုနှင့် ဖျက်ဆီးမှု သံသရာကို ဆက်လက်ကျူးလွန်နေကြလျှင်မူ အချင်းချင်း အပြန်အလှန် ဖျက်ဆီးနေကြသကဲ့သို့ ရှိလိမ့်မည် ဖြစ်ပြီး ယခု ပဋိပက္ခ အကျပ်အတည်းသာ ဆက်လက်ဖြစ်ပေါ်နေပါက မြန်မာနိုင်ငံ၏ ဒီမိုကရေစီခရီးလည်း လမ်းလွဲသွားစေနိုင်ပါသည်။
                       သို့အတွက်ကြောင့် မြန်မာနှင့် နိုင်ငံတကာ ပြည်သူများအတွက် ကမ္ဘာလုံးဆိုင်ရာ လူ့အခွင့်အရေး၊ လူသားဂုဏ်သိက္ခာ၊ ငြိမ်းချမ်းရေးတို့အပေါ် အလေးထား လေးစားကြရတော့မည့် အချိန်ဖြစ်ပြီး အကြမ်းဖက်မှုများ ရပ်စဲစေရန် ရပ်တည်ပေးကြရတော့မည် ဖြစ်ပါသည်။
ရှည်ကြာခက်ခဲမည့် ပြန်လည်တည်ဆောက်ရေး၊ ပြန်လည်ရင်ကြားစေ့ရေးခရီးကို လျှောက်လှမ်း ကြရတော့မည့် အချိန်လည်း ဖြစ်ပါသည်။
                           ယနေ့ကာလတွင် အကြမ်းဖက်မှုတွင် သားကောင် ဖြစ်ကြရသူများအတွက် အရေးပေါ် လူသားချင်းစာနာမှု အကူအညီများ လိုအပ်နေပါသည်။ အိုးအိမ်ဆုံးရှုံးခဲ့ကြရသူ ထိုသူများမှာ စားရေရိက္ခာ မရှိဘဲ ဖြစ်နေကြရပါသည်။
                     မနက်ဖြန်တွင်မူ လူမျိုးကွဲ၊ ဘာသာကွဲများအကြား စေ့စပ်ညှိနှိုင်းဆွေးနွေးမှုများနှင့် ပြန်လည်ရင်ကြားစေ့ရေး ပံ့ပိုးပေးမှု များ လုပ်ဆောင်ရန် လိုအပ်ပါသည်။ မိမိတို့စတင်ရမည့် လုပ်ငန်းမှာ ဒေါ်အောင်ဆန်းစုကြည် နိုဘယ်ဆု လက်ခံရယူ စဉ် ပြောကြားသွားသည့် မိန့်ခွန်းကို အခြေပြုရမည် ဖြစ်ပါသည်။
                     “မိမိတို့၏ အန္တိမ ရည်မှန်းချက်မှာ အိုးအိမ်ပြောင်းရွှေ့ထွက်ပြေးရသူများ၊ အိုးအိမ်မဲ့နှင့် မျှော်လင့်ချက်မဲ့သူများ မရှိသည့် ကမ္ဘာကြီးတခု၊ မည်သည့်အရပ်တွင်ပင် ဖြစ်စေ မှီခိုနေထိုင်သူများကြသူများကို ကာကွယ်လုံခြုံစေမည့်၊ လွတ်လပ်စွာနေထိုင်နိုင်မည့်၊ အရည်အသွေးကို ပြနိုင်မည့်၊ ငြိမ်းချမ်းသည့် ကမ္ဘာကြီးတခု ဖန်တီးကြရန်ပင် ဖြစ်ပါသည်။ တွေးခေါ်မှု တခုချင်းစီ၊ စကားလုံး တခုချင်းစီ၊ လှုပ်ရှားမှု တခုချင်းစီတိုင်းသည် အပြုသဘောဆောင် ပေါင်းစည်းစေရမည် ဖြစ်ပြီး အလုံးစုံ ပေါင်းစည်းပါက ငြိမ်းချမ်းရေးကို ဦးတည် အထောက်အကူ ပြုစေကြရမည် ဖြစ်ပါသည်။ မိမိတို့ တဦးချင်းက ယခုကဲ့သို့ ဖြည့်ဆည်းဆောင်ရွက်ရန် တတ်စွမ်းကြပါသည်။ မိမိတို့လက်များ တွဲဆက်၍ မိမိတို့ အိပ်နေစဉ် လုံခြုံ၍နိုးထသည့်အချိန်တွင် ပျော်ရွှင်ချမ်းမြေ့စွာ နိုးထရသော ငြိမ်းချမ်းသည့် ကမ္ဘာကြီးကို ဖန်တီးကြပါစို့” ဟု ပြောဆိုခဲ့ပါ သည်။
                     မြန်မာများ၊ ရခိုင်များ၊ ရိုဟင်ဂျာများ၊ အစိုးရအရာရှိများနှင့် နိုင်ငံရေး အကျဉ်းသားများ၊ မြန်မာနိုင်ငံသူ နိုင်ငံသားများနှင့်မြန်မာပြည်၏ မိတ်ဆွေ နိုင်ငံခြားသားများလည်း ဤနည်းအတိုင်းသာ ရှေ့ဆက်ကြစေလိုပါတော့သည်။

Benedict-Rogers ရေးသားသည့် A friend’s appeal to Burma ကို ဆီလျော်အောင် ပြန်ဆိုဖော်ပြပါသည်။
ဘန်နဲဒစ် ရော်ဂျာစ် (Benedict Rogers) ၏ စာအုပ်အသစ် [လမ်းဆုံ လမ်းခွမှ မြန်မာပြည်] “Burma: A Nation at the Crossroads” ယခုလတွင်ပင် Rider ကုမ္ပဏီမှ ထုတ်ဝေ ဖြန့်ချိခဲ့သည်။
မဇ္ဈိမသတင်းဌာန မှ ကူးယူဖော်ပြပါသည်။

No comments:

Post a Comment

Note: Only a member of this blog may post a comment.