Saturday, June 30, 2012

လူသားဖြစ်တည်ခွင့်ကို ဆန့်ကျင်သူများသို့

                     ကျွန်တော်တို့ ယခု မြင်နေကြားနေရတဲ့ သတင်းတွေထဲမှာ မြန်မာနိုင်ငံရှိ ရခိုင်ပြည်နယ် အတွင်း ဖြစ်နေတဲ့ ပြဿနာ၊ ရခိုင်ဗုဒ္ဓဘာသာနှင့် ရိုဟင်ဂျာ မွတ်ဆလင်တို့အကြားဖြစ်နေကိစ္စတွေပဲ တွေ့နေရတာများပါတယ်။ ဒါ့အပြင် အင်တာနက်ဖွင့်ကြည့် ဖေ့ဘွတ်သုံးဖြစ်ရင်လည်း ဒီသတင်းတွေပဲ ထပ်တလဲလဲ တွေ့နေရတော့၊ ရခိုင်ဗုဒ္ဓဘာသာနှင့် ရိုဟင်ဂျာ မွတ်ဆလင်များအကြား ဇွန်လအတွင်း ဖြစ်သွားတဲ့ ပြဿနာ၇ဲ့ အစ တရားခံဟာ သတင်းဂျာနယ်များနှင့် အင်တာနက် ၀က်ဘ်ဆိုဒ်များ၊ ဘလောခ့်များက အဓိကတရားခံများလို့ ရဲရဲကြီးပြောရဲပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ကျွန်တော်တို့ နေထိုင်တဲ့ မလေးရှားနိုင်ငံမှာလည်း သတင်းတွေထဲမှာ ရခိုင်ပြည်နယ် ကျောက်နီမော် ကိစ္စလို အဓ္ဓမ ပြုကျင့်ခံရတဲ့ သတင်းတွေက အမြဲပါနေကျပါပဲ။ ဒါပေမယ့် ယခုလို လူမျိုးတစ်မျိုးနဲ့တစ်မျိုး ဘ၀တွေပျက် အသက်တွေဆုံးရှုံးလိုက်ရတဲ့ အထိ ဆိုးဆိုးဝါးဝါးအဖြစ်အပျက်မျိုး ကျွန်တော်နေနေတဲ့ ဆယ်စုနှစ်နှစ်ခုအတွင်း လုံးဝမရှိခဲ့ပါဘူး။ တရုတ်၊ မလေးရှား၊ ဟင်ဒီ ပေါင်းနေပြီး ဒီမိုကရေစီ အပြည့်အ၀မရှိပါဘူးပြောနေတဲ့ မလေးရှားလိုနိုင်ငံမှာတောင်လူမျိုးရေး ပြဿနာ ကြီးကြီးကျယ်ကျယ် ဖြစ်ခဲ့ခြင်းမျိုး မရှိခဲ့ပါဘူး။ ဖြစ်မယ့်အခြေအနေရှိလည်း နိုင်ငံတော်အစိုးရ အနေနဲ့ အချိန်မှီတားဆီးခဲ့ပါတယ်။ ကျွန်တော်တို့နိုင်ငံမှာကျတော့ အခြေအနေက တစ်မျိုးတစ်ဖုံပြောင်းလဲသွားပါတယ်။ အစိုးရက တားဆီးဖို့နေနေသာသာ နိုင်ငံပိုင်သတင်းစာကိုယ်တိုင်က လူနည်းစုဖြစ်တဲ့ မြန်မာမွတ်စလင်များကို ကုလားဟု သုံးနှုံးသွားသည်ကို တွေ့ခဲ့ရပါတယ်။ ဒီအချက်ဟာ အစိုးရရဲ့ သတင်းမီဒီယာများလည်း ပြဿနာကို ကြီးထွားအောင် လုပ်ခဲ့သည်ကို အထင်အရှားမီးမောင်းထိုးပြနေပါတယ် ။ နောက်ပြီး ပုဂ္ဂလိကပိုင်မီဒီယာများကလည်း သတင်း လွတ်လပ်ပိုင်ခွင့်ကို တစ်လွဲသုံးပြီး လူနည်းစု မွတ်ဆလင်တွေအတွက် အဆိပ်အတောက်ဖြစ်စေမယ့်အရေးအသားများကို မွတ်ဆလင်မုန်းတီးရေးစိတ်နှင့် ဖော်ပြနေခဲ့ပါတယ်။
                            တကယ်တော့ မြန်မာပြည်တွင်းက သတင်းသမားတစ်ချို့ စာနယ်ဇင်းသမားတစ်ချို့ဟာ ကမ္ဘာမီဒီယာ ကွန်ဖရင့်တွေမှာ အတိအလင်းကြေငြာထားတဲ့ လူတစ်ဦးတစ်ယောက်ရဲ့ ကိုးကွယ်သည့် ဘာသာ လူမျိုးကို မလိုအပ်ဘဲ ဖော်ပြခြင်းမပြုရန် အတိအလင်းတားမြစ်ထားတဲ့ စာနယ်ဇင်းကျင့်ဝတ်ကို လျစ်လျူရှုမေ့လျောထားကြပါတယ်။ ဒါကို မြန်မာပြည် ဂျာနယ်လစ်များက မဟာလူမျိုးကြီးဝါဒကို ရှေ့တန်းတင်ပြီး ဗမာမှဗမာ ၊ ရခိုင်မှ ရခိုင် တိုင်းရင်းသားတွေဆိုပြီး လူမျိုးခြားတွေ ကျူးကျော်ဝင်ရောက်ခြင်းဖြစ်တယ်ဆိုတဲ့ ရန်တိုက်လှုံ့ဆော်မှုတွေကို ထင်ထင်ရှားရှားတွေ့လိုက်ရတဲ့အတွက် ကျွန်တော့်အနေနဲ့ သတင်းမီဒီယာ တွေက အဓိက တရားခံဖြစ်တယ်လို့ပြောလိုပါတယ်။
                             ဒါ့အ့ပြင် ရခိုင်ပြည်နယ် ကျောက်နီမော်ကိစ္စမဖြစ်ခင်ကတည်းက လူနည်းစုတွေကို အမျိုးမျိုးရန်ရှာ နိုင့်ထက်စီးနင်းလုပ်နေတာတွေရှိခဲ့ပါတယ်။ ရိုဟင်ဂျာတွေရဲ့ လူသားဖြစ်တည်မှုကို လက်မခံဘဲ တစ်ဖက်နိုင်ငံမှ ခိုးဝင်သူများဟု အမြဲစွတ်စွဲနေခြင်းဟာ တရားမျှတမှု မရှိပါဘူး။ ရိုဟင်ဂျာဆိုတာ မြန်မာပြည်မှာ မရှိဘူး ဆိုပြီး အကုန်မောင်းထုတ်ခံရခြင်း၊ တစ်နေရာနှင့်တစ်နေရာ ခရီးသွားလာခွင့်မရှိခြင်း၊ ရိုဟင်ဂျာ အချင်းချင်း လက်ထပ်ထိမ်းမြားခွင့်ကိုတောင် အကန့်အသတ်နှင့် ထိန်းချုပ်ကန့်သတ်ခံထားရပါတယ်။ ယခုလို ဖိနှိပ်ချုပ်ချယ်ခံရတဲ့ အကြောင်းတွေကို ယခင်ကသတင်းများမှာဖတ်ရရုံသာမက ရခိုင်ပြည်နယ်ဘက်မှာ နေထိုင်ခဲ့တဲ့လူတွေရဲ့ ကိုယ်တွေ့ကြုံခဲ့ရတာတွေကို ပြန်လည်ပြောပြချက်တွေကိုပါ ကြားခဲ့ရပါတယ်။ နဂိုကတည်းက လူမျိုးရေးအမုန်းတရားတွေ ဘာသာရေးအမုန်း တရားတွေ ပေါက်ကွဲလုမတတ်ဖြစ်နေတဲ့ အခြေအနေကို ကျောက်နီမော်ပြဿနာကို ရှေ့တန်းတင်ပြီး အကွက်ကျကျ လူမျိုးရေးအစွန်းရောက်တွေက ဖန်တီးခဲ့တယ် ဆိုတာဟာ လယ်ပြင်မှာ ဆင်သွားသလို အရှင်းသား သိမြင်နိုင်ပါတယ်။ ဘာကြောင့်လည်းဆိုတော့

(၁) အဓ္ဓမပြုကျင့်ခဲ့သော တရားခံသုံးယောက်မှာ တရားခံတစ်ယောက်က ကိုယ့်ကိုယ်ကို ဆွဲကြိုးချသေတယ်ဟု မီဒီယာတွေက ဖော်ပြခဲ့ပြီး ကျန်နှစ်ယောက်ကို သေဒဏ်ကြိုးမိန့်အပြစ်ပေးခဲ့တယ်လို့ ကြေငြာခဲ့ပါတယ်။ ဒါဟာကြေကွဲစရာ လူပေါင်းများစွာသေဆုံးခဲ့ရတဲ့ ဇာတ်လမ်းတစ်ခုကို အစပြု ဖန်တီးသွားတာပါ။

(၂) ဒီကိစ္စကြောင့် တောင်ကုတ်မှာ မြန်မာမွတ်ဆလင် ၁၀ ယောက် တရားစခန်းကပြန်အလာမှာ အကြောင်းမဲ့ သတ်ဖြစ်ခံခဲ့ရတယ်။ ဒီလို အသတ်ခံရတဲ့အတွက် စုံစမ်းစစ်ဆေးရေး ကော်မရှင် ဖွဲ့ကာ စုံစမ်းစစ်ဆေးပြီး အပြစ်ရှိသူများကို တရားဥပဒေအရ အရေးယူ အပြစ်ပေးမယ် ဟု ကြေငြာခဲ့ပြန်ပါတယ်။ သို့ပေမယ့်လည်း လူသတ်မှုကျူးလွန်ခဲ့တဲ့ လူသုံးရာလောက် လူအုပ်ကြီးဟာ တောင်ကုတ်မြို့မှ မြို့ခံများမဟုတ်ဟု ဆိုပြန်ပါတယ်။ ဒီလူတွေဟာမြို့ခံတွေ မဟုတ်တဲ့အတွက် တရားခံကို စုံစမ်းလို့ မရသေးဘုး၊ မပေါ်သေးဘူး၊ ရှာလို့မတွေ့ဘူးဆိုပြီး အရူးကွက်စနင်းပြီး ဘာမှထပ်ဖော်ပြတော့ပဲ သတင်းဖျောက်ထားခဲ့ပါတော့တယ်။ ဒါဟာ အကွက်စေ့စေ့နဲ့ လူမျိုးတုန်းသတ်ဖြစ်ခြင်းကို ဆက်လက်ဖြစ်ပွါးအောင် လောင်စာလောင်းပေးလိုက်ခြင်းပါပဲ။

(၃) ယခုနောက်ဆုံးသတင်းမှာတော့ ရိုဟင်ဂျာနဲ့ပါတ်သတ်တဲ့ကြေငြာချက်တွေထုတ်ပြီး ရခိုင်အဖွဲ့ အသီးသီးမှ တတိယနိုင်ငံကို ပို့ဖို့ပြောကြတယ်။ ဘန်ဂါလီတွေနဲ့ အတူတူနေလို့မဖြစ်နိုင်တော့ဘူးလို့ ဖော်ပြပြီးတော့ ယဉ်ယဉ်ကျေးကျေးမောင်းထုတ်တာကို လူနည်းစုဖြစ်တဲ့ရိုဟင်ဂျာတွေက ခံနေရတယ်။ တကယ်တော့ ဒါတွေဟာရီစရာကောင်းပါတယ် ။ အခြားကမ္ဘာ့မည်သည့်နိုင်ငံမှ မရှိခဲ့တဲ့ ဆိုးရွားလှတဲ့ ခွဲခြားမှုပါပဲ။ ဘာသာမတူရင်အရောင်အသွေးမတူရင်ခွဲနေရမယ်လို့ ဘယ်နိုင်ငံ၊ ဘယ်ဥပဒေမှာမှ မရှိခဲ့ပါဘူး။ မောင်းထုတ်တာနဲ့ တင်မလုံလောက်သေးဘူး။ မွတ်ဆလင်တွေရဲ့ပိုင်ဆိုင်မှုတွေကို အဓ္ဓမသိမ်းပြီး မွတ်ဆလင်များရဲ့ ဘိုးဘွားပိုင်လုပ်ငန်းကိုင်များကိုပါ အတင်းဖယ်ရှားခံနေသတင်းတွေကို ကြားနေရတာ စိတ်မကောင်းမိပါဘူး။
                        အချုပ်အားဖြင့်ဆိုရရင်တော့ တိုင်းပြည်တစ်ခု ဖွံ့ဖြိုးတိုးတက်ဖို့ အားယူနေချိန်မှာ ခေတ်နောက်ပြန်ဆွဲတဲ့ လူမျိုးရေး စိတ်ကြီးဝင်နေတဲ့ အတွေးအခေါ်များကို ဖျောက်ဖျက်ဖြစ်ဖို့ သင့်ပါပြီ။ လူကျင့်ဝတ်ကို ဖောက်ပြန်တဲ့ လူနည်းစုအပေါ်ညှည်းပမ်းအနိုင်ကျင့်မှုမျိုးကို မည်သည့်နိုင်ငံကမှ လက်ခံနိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် နိုင်ငံအတွင်းမှာရှိတဲ့ လူတစ်ဦးချင်းတစ်ယောက်ချင်းဆီက အသိစိတ်ဓါတ်ရှိစွာနဲ့ ချစ်ချစ်ခင်ခင် ညီညီညွတ်ညွတ်နေထိုင်ပြီး ဒီမိုကရေစီခေတ်ကို လျှောက်လှမ်းကြဖို့ ကျွန်တော်မျှော်လင့်တောင့်တမိပါတော့တယ်။

                                                                                         ထွန်းသစ်

No comments:

Post a Comment

Note: Only a member of this blog may post a comment.