ဆောင်းပါး — 01 April 2013
ဠင်းတ ၆ ကောင် ဘယ်မလဲ?
ဝီရသူနှင့် ဓမ္မန္တရာယ် ၉၆၉ ဂိုဏ်း
အောင်ဆန်းဝိညာဉ်
ရွှေတိဂုံစေတီတော်ပေါ် ဠင်းတ ၆ ကောင်တက်ခဲ့ပြီ။ ရွှေတိဂုံဟူသည် မြန်မာပြည်ထေရ၀ါဒ၏ သင်္ကေတ ဖြစ်သည်။ ဠင်းတဟူသည် အသေကောင်၊ အပုပ်ကောင်ကိုသာ စား၏။ ယင်းနိမိတ်ကား ၆ နှင့်ဆိုင် သော အခင်းအကျင်းကြောင့် မြန်မာပြည်တွင် ထေရ၀ါဒဗုဒ္ဓဘာသာ ပျက်ကြောင်းတရားဖြစ်၏။ စစ်မှန်သော ထေရ၀ါဒ ဗုဒ္ဓသာသနာ တည်တံ့ရေးအတွက် ယင်း ၆ မျိုးသော အန္တရာယ်များကို အမြန်ဆုံးအရေးယူရန် လိုအပ် နေပါသည်။ ယင်းတို့မှာ …
1. ဦးဝီရသူဦးဆောင်သော သာသနာဖျက်ဘုန်းကြီးတစ်စု
2. အကြမ်းဖက်ဝါဒနှင့် အတ္တကိုအခြေပြုပေါ်ပေါက်လာသော ၉၆၉ ဂိုဏ်း
3. တရုတ်အကျိုးစီးပွားကို ကာကွယ်နေသော ၀န်ကြီးချုပ်ဟောင်း ဦးခင်ညွန့်နှင့် သူ၏ သာသနာ့နုဂ္ဂဟ အသင်းများ
4. အထက်ပါ ၃ ချက်ကို ပံ့ပိုးနေသော ဦးခင်ရွှေကဲ့သို့ခရိုနီများ
5. အစွန်းရောက် အကြမ်းဖက် ရခိုင်ဗုဒ္ဓဘာသာဝင်များ
6. ယင်းသာသနာဖျက်လုပ်ငန်းများကို လစ်လျူရှုနေကြသည့် သံဃမဟာနာယကအဆင့်ဆင့်၊ အစိုးရအဖွဲ့နှင့် ထေရ၀ါဒ ဗုဒ္ဓဘာသာဝင်များတို့ ဖြစ်ကြပါသည်။
၁။ ဦးဝီရသူဦးဆောင်သူ သာသနာဖျက် ဘုန်းကြီးတစ်စု (၀ါ) ဠင်းတအမှတ်(၁)
မြတ်ဗုဒ္ဓက “သံကို သံချေးက ဖျက်ဆီးသကဲ့သို့ ငါ့သာသနာကိုလည်း အလဇ္ဈီရဟန်းတို့က ဖျက်ဆီးကြလတ္တံ့” ဟု ဟောကြားတော်မူခဲ့ပါသည်။ ဦးဝီရသူဦးဆောင်သော အလဇ္ဈီရဟန်းတစ်စု၏ သာသနာ ဖျက်လုပ်ငန်းများကို လေ့လာသုံးသပ်ရန် လိုအပ်နေပါသည်။ မန္တလေးမြို့၊ မစိုးရိမ်ကျောင်းတိုက်မှ ဦးဝီရသူသည် ဘာသာရေး၊ လူမျိုးရေးအဓိကရုဏ်းများဖြစ်ပွားစေသော စာရွက်စာတမ်းများဖြန့်ဝေခဲ့ပြီး ကျောက်ဆည်မြို့၌ မူစလင်-ဗုဒ္ဓဘာသာ အဓိကရုဏ်းဖြစ်စေခဲ့မှုကြောင့် ၂၀၀၃ ခုနှစ်တွင် ထောင်ဒဏ် ၂၅ နှစ် အပြစ်ပေးခံခဲ့ရသည်။
မူစလင်တို့က သံဃာတော်တစ်ပါးကိုသတ်သည်ဟု ၀ါဒဖြန့်လှုံ့ဆော်မှုကြောင့် သေကြေပျက်စီးမှုများစွာ ပေါ်ပေါက် လာခဲ့ရသည်။ ၂၀၁၂ ခုနှစ်တွင် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့်လွတ်မြောက်လာပြီး ထောင်တွင်းအတွေ့ အကြုံများအရ မူစလင်တို့ကောင်းကြောင်းပြောဆိုကာ ၂၀.၁.၂၀၁၂ နေ့က မန္တလေးမြို့၌ကျင်းပခဲ့သော ဆရာကြီး ဦးရာဇတ်အခမ်းအနားသို့တက်ရောက်လာပြီး ငြိမ်းချမ်းရေးနှင့် ဂုဏ်ပြုစကားပြောကြားခဲ့ရာ ရဟန်း ရှင်လူအားလုံး သာဓုခေါ်ဆိုခဲ့ကြသည်။
သို့သော် ၀န်ကြီးဦးအောင်သောင်းနှင့်တွေ့ဆုံပြီးနောက် အစ္စလာမ်ဘာ သာနှင့် မူစလင်ဆန့်ကျင်ရေးလုပ်ငန်းများကို ပြန်လည်ဆောင်ရွက်ခဲ့သည်။ ရခိုင်ပြည်နယ်အရေးအခင်းတစ် လျှောက်လုံးတွင် အစွန်းရောက်ရခိုင်-ဗုဒ္ဓဘာသာဝင်များနှင့်ပူးပေါင်း၍ ပြဿနာကိုကြီးထွားရန်၊ ပြည်ပသို့ ကူးစက်လာစေရန် နည်းမျိုးစုံဖြင့်ကြိုးပမ်းခဲ့သည်။ ထေရ၀ါဒ ဆရာတော်ကြီးများက မထောက်ခံ၍ မအောင်မြင်ခဲ့။ မစ္စတာကင်တားနားနှင့် ကုလသမဂ္ဂ၊ NGOများ ရခိုင်သို့လာရောက်ခြင်းကို ကန့်ကွက်စေခဲ့သည်။
မည်သည့်နိုင်ငံကိုမျှ စစ်ရေး၊ စီးပွားရေး၊ ဘာသာရေးမလွှမ်းမိုးစေဘဲ အချုပ်အနှောင်မဲ့အကူအညီပေးနေသော OIC (အစ္စလာမ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့)ကိုလည်း မဟုတ်မမှတ် လုပ်ကြံဇာတ်များခင်း၍ ကန့် ကွက်ဆန္ဒပြခဲ့သည်။ ယခုအခါ ရခိုင်ပြည်မှာ စီးပွားပျက်ပြီး ရခိုင်များပင် ပြည်မနှင့် နိုင်ငံခြားသို့ ထွက်ခွာ နေကြရသည်။ သူ့လုပ်ငန်းကိုမထောက်ခံသော ဒေါ်အောင်ဆန်းစုကြည်နှင့် NLD အဖွဲ့ကိုလည်းကောင်း၊ မင်းကိုနိုင် ကိုလည်းကောင်း ရှုတ်ချစကား ပြောကြားသေးသည်။
ဝီရသူသည် မြန်မာပြည်အနှံ့မွတ်စလင်မ်မုန်းတီးရေးနှင့် ဗုဒ္ဓဘာသာစစ်သွေးကြွတရားများ ဆက်လက် ဟောကြားခဲ့ရာ ဖြူး၊ မုတ္တမ၊ မော်လမြိုင်နှင့် ဖားအံ့ဝန်းကျင်တို့၌ သာသနာဖျက်လုပ်ငန်းအတွက် ကိုယ်ပွားများ ရရှိလာကာ ယခုအခါ အကြမ်းဖက်ခြင်းနှင့်အတ္တကိုအခြေပြုသည့် ၉၆၉ ဂိုဏ်း ပေါ်လာခဲ့ပါသည်။
၂။ အကြမ်းဖက်ခြင်းနှင့် အတ္တအခြေပြု ၉၆၉ ဂိုဏ်း (၀ါ) ဠင်းတ အမှတ်-၂
မြတ်ဗုဒ္ဓက ”ချစ်သားအာနန္ဒာ၊ ငါဘုရားဟောကြားထားသော ဓမ္မ၀ိနယ ခေါ် သုတ်၊ ၀ိနည်းနှင့် အဘိ ဓမ္မာတရားတော်သည် ငါဘုရား ပရိနိဗ္ဗာန်စံတော်မူသောအခါ အသင်တို့၏ဆရာဖြစ်သည်”ဟု ဟောကြားတော် မူခဲ့ပါသည်။ ယခု ၀ီရသူနှင့် ၉၆၉ ဂိုဏ်း၏ အတွေးအခေါ်နှင့် လုပ်ရပ်များကိုကြည့်လျင် ဗုဒ္ဓ၏ သစ္စာတရား ၄ ပါး၊ ကမ္မဌာန်းတရား ၄၀ နှင့် ဗြဟ္မစိုရ်တရား ၄ ပါးတို့နှင့် လုံးဝ အပ်စပ်ခြင်းမရှိသည့်ဂိုဏ်းအသစ်ဖြစ်ကြောင်း တွေ့ရ ပါသည်။
အထူးသဖြင့် ၀ီရသူသည် ရဟန်းသိက္ခာပုဒ် ၂၂၇ အနက် ကျူးလွန်မိက ပြန်ကုသ၍မရသော “ပါရာဇိက”သိက္ခာပုဒ် ၄ ပါးအနက် သူတစ်ပါးပစ္စည်းခိုးယူမှုနှင့် လူသတ်မှု၊ သေအောင်လှုံ့ဆော်မှုဟူသော သိက္ခာပုဒ် ၂ ပါးကို ပြောင်ပြောင်တင်းတင်း ကျူးလွန်လျက်ရှိနေပါသည်။ ပရိသတ်ကို လိမ်လည်လှည့်ဖျားရာ တွင်လည်း ထိပ်ဆုံး၌ ရှိနေပါသည်။
၉၆၉ ဟူသော ဂဏန်း၏အဓိပ္ပာယ်မှာ ဘုရားဂုဏ်တော် ၉ ပါး၊ တရားဂုဏ်တော် ၆ ပါးနှင့် သံဃာ ဂုဏ်တော် ၉ ပါးကို ရည်ညွှန်းသည်ဟု ၀ီရသူနှင့်အပေါင်းအပါများကဆိုသော်လည်း လက်တွေ့တွင် မူဆလင်တို့၏ ၇၈၆ ဂဏန်းကိုတုပ၍ မုန်းတီးရေးဖန်တီးကာ လူသေစေအောင်လှုံ့ဆော်သော သင်္ကေတဖြစ်နေ ပါသည်။ (၉+၆+၉ =၂၄) (၂+၄=၆) ဖြစ်ရာ ၉၆၉ ဂဏန်းကို ဗုဒ္ဓသာသနာအလံတော်ပေါ်တင်လိုက်ခြင်းမှာ ထေရ၀ါဒ သင်္ကေတ ရွှေတိဂုံစေတီတော်ပေါ်သို့ ဠင်းတ ၆ ကောင် တက်စေခြင်းသာဖြစ်ပါသည်။
ထို့ကြောင့် ဗုဒ္ဓသာသနာ အလံတော်ပေါ်တွင် ၉၆၉ တံဆိပ်ရိုက်နှိပ်ထားသော အဆောင်အယောင်များမှာ သာသနာဖျက်ရာ အမင်္ဂလာ တံဆိပ်ဖြစ်၍ အမြန်ဆုံးဖယ်ရှားကြရန်လိုအပ်ပါသည်။ ၉၆၉ ဂဏန်းကို ယခင်ကလည်း မသုံးစွဲခဲ့၊ ၀ါရင့် ထေရ ၀ါဒသံဃာတော်များနှင့် သံဃမဟာနာယကအဖွဲ့ကလည်း အသိအမှတ်မပြုကြပါ။
ဦးဝီရသူနှင့်အပေါင်းအပါတစ်စုက မူဆလင်တို့၏ အသက်၊ အိုးအိမ်၊ စည်းစိမ်နှင့် ဗလီများကို တိုက်ခိုက် ဖျက်ဆီးရန် မိမိတို့၏နောက်လိုက်တို့အား ဘုရားလောင်းကြွက်မင်းက မြေခွေးကိုတိုက်ခိုက်သတ်ဖြတ်သည့် နိပါဌ်တော်ကို လွဲမှားစွာ ကိုးကားသင်ကြားပေးလျက်ရှိပါသည်။ ထို့အပြင် မူစလင်တို့သည် ဗုဒ္ဓဘာသာနှင့် ဗမာ လူမျိုးအကျိုးဖျက်ဆီးနေသော မြေခွေးသဖွယ် မဟုတ်မမှန် လုပ်ကြံဇာတ်များ ခင်းကျင်းလေ့ကျင့်ပေးနေ ပါသည်။ မူစလင်နှင့် ဗုဒ္ဓဘာသာဝင်အချို့၏ လောကီပုဂ္ဂိုလ်ရေးကိစ္စများကို ဥပဒေနှင့်အညီ ဖြေရှင်းရမည့်အစား လူမျိုးရေး ၊ ဘာသာရေးအသွင်ပြောင်း၍ အဓိကရုဏ်းဖြစ်အောင် ဆောင်ရွက်လျက်ရှိပါသည်။ ဥပမာ… သူလင် သူမယား ကြိုက်၍ယူထားကြပြီး ပြဿနာတက်သောအခါ မူစလင်တို့က ဗုဒ္ဓဘာသာအမျိုးသမီးများကို စော် ကားနေသည်ဟုလည်းကောင်း၊ ဈေးအရောင်းအ၀ယ်အမှားဖြစ်ပါက မူဆလင်တို့က ဗုဒ္ဓဘာသာလူမျိုးများကို စော်ကားပြီဟုလည်းကောင်း ပုံကြီးချဲ့ခြင်းပင်ဖြစ်သည်။
မူဆလင်ဆရာများ၏ ရှင်းလင်းချက်အရ သိရသည်မှာ ၇၈၆ ဟူသောဂဏန်းကို အိန္ဒိယ၊ ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာနိုင်ငံမှာ အရဗီစာပေ မကျွမ်းကျင်သော မူဆလင်တို့ကသာ သုံးစွဲခြင်းဖြစ်ပြီး ကျန်ကမ္ဘာ့ မူဆလင်တို့က မသုံးစွဲကြောင်း၊ ယင်းဂဏန်းဖြစ်ပေါ်လာပုံမှာ ကိုရန်ကျမ်းစာ၏ ပထမဆုံးအဖွင့်ဗျာဒိတ်တော် ဖြစ်သည့် “မဟာကရုဏာတော်ရှင်၊ အနန္တကောင်းချီးကရုဏာတော်ရှင်၊ အလ္လာဟ်အရှင်မြတ်၏ နာမတော်ဖြင့် အစပြုပါ၏”ဟု အဓိပ္ပါယ်ရသည့် စာသားကိုရည်ညွှန်းပြီး ယင်းဝါကျတွင် အာရဗီဗျည်းအက္ခရာ ၁၉ လုံးဖြင့် ဖွဲ့စည်း ထားရာ ယင်း ၁၉ လုံး၏ ကိုယ်ပိုင်နံပါတ်များကိုပေါင်းရာ ၇၈၆ ရရှိခြင်းသာဖြစ်ကြောင်း၊ ခွန်ရှစ်ခြောက် မဟုတ်ကြောင်း၊ ၂၁-ရာစုတွင် သာသနာပြန့်အောင်ပြုရန် ညွှန်ကြားချက်မဟုတ်ကြောင်း၊ ယင်းဂဏန်းကို မူလဆင် တို့၏ အစားအသောက်ဆိုင်များ၌သာ အများဆုံးတွေ့နိုင်ကြောင်း၊ အကြောင်းမှာ အသားဟင်း ချက်ပြုတ်စားသုံးရာတွင် ကိုရန်ကျမ်းစာအရ ပညတ်ချက်များရှိရာ ယင်းသို့ ပြင်ဆင်ချက်ပြုတ်နည်းမှာ မူဆလင် အချင်းချင်းသာသိရှိကြောင်း၊ ထို့ကြောင့် အသားဟင်းစားသုံးမည့်မူဆလင်တို့သည် ၇၈၆ သို့မဟုတ် HALAL ဟု ရေးထားသောဆိုင်များ၌သာ စားသုံးနိုင်ကြောင်း၊ အခြားပစ္စည်းများဝယ်ယူစားသုံးရာတွင် မူဆလင်တို့သည် လူမျိုး၊ ဘာသာဆိုင်မရွေးဘဲ ၀ယ်ယူကြကြောင်း သိရှိရပါသည်။ သို့သော် ဦးဝီရသူနှင့် အပေါင်းပါတို့က ၇၈၆ ဟူ သည် ဗုဒ္ဓဘာသာ ဆန့်ကျင်ဖျက်ဆီးရေးဂဏန်းဟု လူထုကို လွဲမှားစွာသင်ကြား၍ မူဆလင်တို့နှင့် ဗလီများကို တိုက်ခိုက်စေခြင်းမှာ ပါရာဇိကကံ ထိုက်နေပါသည်။
၉၆၉ ဂိုဏ်းသားတို့က အမျိုး ဘာသာ သာသနာစောင့်ရှောက်ရာတွင် အောက်မြန်မာပြည်တွင် ရွှေည၀ါ၊ အထက်မြန်မာပြည်တွင် ၀ီရသူသာ ရှိပါသည်ဟူ၍ အခြား ထေရ်ကြီး ၀ါကြီး ဆရာတော်ကြီးများကိုပင် ပြစ်မှား ပြောဆိုလာခဲ့ကြပါသည်။ ဘားအံ့မြို့ပေါ်မှာ သံဃာအချို့ လူပေါင်းမှားပြီး မူစလင်တို့ကို သပိတ်မှောက် ဆန့်ကျင်ရေးကြေငြာချက်များထုတ်ပြန်ခဲ့ရာ ကရင်ပြည်နယ်တစ်ခုလုံး စီးပွားရေးကမောက်ကမ ဖြစ်သွားခဲ့ပါ သည်။
ဘားအံ့မြို့ပေါ်သို့ ရွာမှလာရောက်သော အသက်အရွယ်ကြီးရင့်ပြီး မျက်စိအမြင်မကောင်းသည့် မူစလင်အဘိုးအိုတစ်ဦးမှာ နံနက်စောစောတွင် ဆွမ်းခံသံဃာတန်းကြီးခေတ္တအပြတ်၌ ဖြတ်ကူးမိသဖြင့် ဗုဒ္ဓ သားတော်ဆိုသူ သံဃာတစ်သင်းက လမ်းမပေါ်၌ပင် အသေ၀ိုင်းရိုက်ကြရာ အပြစ်မဲ့အဘိုးအိုမှာ ဆေးရုံပေါ် တွင် ကွယ်လွန်သွားခဲ့ရာ ကရင်ပြည်နယ် ဗုဒ္ဓဘာသာသမိုင်း၌ ဖျက်မရသော အစွန်းကြီးတစ်ရပ် ဖြစ်ခဲ့ရသည်။ သင်္ကန်းဝတ်ဘုန်းကြီးများမှာပင် လူစိတ်ပျောက်နေပြီဖြစ်ရာ လူဝတ်ကြောင် ၉၆၉ ဂိုဏ်းသားများ မည်မျှ ဘီလူး စိတ်ပေါက်နေပြီဆိုသည်ကို ခန့်မှန်းနိုင်ပါသည်။
၎င်းတို့၏ သာသနာဖျက်၊ တိုင်းပြည်ဖျက်လုပ်ငန်းများ လွန်ကဲ လာရာ (KNU) ကရင်ခရစ်ယာန်များက လူသားချင်းစာနာထောက်ထားသောအားဖြင့် မူဆလင်ရွာများကို ထိပါး ပါက ၎င်းတို့ကြည့်နေမည်မဟုတ်ဟု ရာဇသံပေးရသည့်အဆင့် ရောက်လာမှ ရှေ့မတိုးရဲဘဲ ရှိသွားပါသည်။ မွန် ပြည်နယ်၌ ၉၆၉ ဂိုဏ်းသားတို့၏လုပ်ငန်းကို ထေရ၀ါဒကိုယ်တော်အများစုက လက်မခံ၍ မအောင်မြင်ဘဲ ရှိနေ သည်။ သို့သော်မုတ္တမမြို့၌ သင်တန်းကျောင်းဖွင့်ကာ မွန်လူငယ်များကို မူဆလင်မုန်းတီးတိုက်ခိုက်ရေးသင် တန်းများ ပေးလျက်ရှိနေပါသည်။ မကြာခဏ လူအုပ်ဖြင့် မူဆလင်များကို ခြိမ်းခြောက်လျက်ရှိနေပါသည်။
ဤသို့ဖြင့် ၉၆၉ ဂိုဏ်းသားတို့ဒ အဖျက်လုပ်ငန်းမှာ ရန်ကုန်၊ သာကေတ၊ လှိုင်သာယာ မှတဆင့် မိတ္ထီလာ မြို့သို့ရောက်ရှိသွားပြီး ပဲခူးတိုင်းအနောက်ခြမ်းမြို့များသို့ ကူးစက်သွားခဲ့ပါသည်။ ဦးဝီရသူဟာ ရုပ် ပိုင်းဆိုင်ရာမပေါ်လွင်တဲ့ Gay တစ်ဦးဖြစ်ပြီး စိတ်ပိုင်းဆိုင်ရာအရ နူးညံ့လွန်းခြင်းနဲ့ ကြမ်းကြုတ်လွန်းခြင်း အစွန်း နှစ်ဘက်ရှိသူဖြစ်ပါတယ်။ ဂျာမနီက ဟစ်တလာလိုပါပဲ။
သူ့ရဲ့ ဆန့်ကျင်ဘက် personality နှစ်ရပ်ကို မန္တလေး အခမ်းအနားနဲ့ မိတ္ထီလာအရေးအခင်းမှာ မယုံကြည်လောက်အောင် တအံ့တသြတွေ မြင်ခဲ့ကြရပါတယ်။ ၁၉.၃.၂၀၁၃ နေ့က မန္တလေးမြို့ Oriental House မှာ မန္တလေးဝါရင့်သံဃာအပါး ၅၀ လောက်ဦးဆောင်တဲ့ ဘာသာပေါင်းစုံချစ်ကြည်ရေးအခမ်းအနားတစ်ရပ်ကျင်းပခဲ့ပါတယ်။
ဘာသာပေါင်းစုံ၊ လူမျိုးပေါင်းစုံချစ်ကြည်ရေး ကို မလိုလားတဲ့ဦးဝီရသူဟာ ပွဲမစမီ ခန်းမထဲမှာ မူဆလင်ဆန့်ကျင်မုန်းတီးရေးစာအုပ်များကို ဝေစေခဲ့ပြီး ခန်းမ ပြင်ပမှာလည်း ၉၆၉ ဂိုဏ်းသားတချို့ လာရောက်စေပြီး ပွဲဖျက်ဖို့ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့် ၀ါရင့်သံဃာတော် ကြီးတွေရဲ့ ဦးဆောင်ထိန်းသိမ်းနိုင်မှုကြောင့် အခမ်းအနားကို အောင်မြင်စွာကျင်းပနိုင်ခဲ့ကြပါတယ်။ ဒါဟာ ရဟန်း ရှင်လူ အားလုံးရှေ့မှာ၊ မြိ့ပေါ်မှာ ၀ီရသူရဲ့ စိတ္တဇရောဂါကို စတင်မြင်ရခြင်းဖြစ်ပါတယ်။ နောက်တစ်နေ့ မိတ္ထီလာအရေးအခင်းရက်များမှာတော့ သူ့ရဲ့ ပါရာဇိကကံထိုက်တဲ့ ရက်စက်ကြမ်းကြုတ်မှုဟာ အမြင့်ဆုံး ရောက်ရှိသွားပါတော့တယ်။
၂၀-၃-၂၀၁၃ မနက်ပိုင်းမှာ မိတ္ထီလာမြို့ရဲ့ မူဆလင်ပိုင်ရွှေဆိုင်တစ်ခုမှာ ရွှေလာရောင်းတဲ့ ဗုဒ္ဓ ဘာသာ ၀င်တစ်ဦးတို့ အချင်းများ ပြဿနာဖြစ်ခဲ့လို့ ရဲက ဖမ်းဆီးအရေးယူလိုက်လို့ ပြီးသွားပါပြီ။ ဒါပေမယ့် နေ့လည်မှာ ၉၆၉ ဂိုဏ်းဝင်မိန်းမနှစ်ဦး ရွှေဆိုင်ရှေ့ရောက်လာပြီး မနက်ကရွှေရောင်းသူဟာ သူမတို့ရဲ့အစ်ကိုဖြစ်ကြောင်း၊ ယင်းကိစ္စကိုမကျေနပ်ကြောင်း လူအုပ်နဲ့ပြဿနာရှာဖန်တီးပြီး ရွှေဆိုင်နဲ့အိမ်အချို့ကို မီးရှို့ဖျက်ဆီးခဲ့ကြ ပါတယ်။ ဒီမှာလည်း ကိစ္စပြီးသွားပေမယ့် ဦးဝီရသူက ကျောက်ဆည်အရေးအခင်းကပုံစံအတိုင်း မူစလင်တွေ ဟာ သံဃာတစ်ပါးကို ဗလီထဲဆွဲခေါ်သွားပြီး အက်ဆစ်လောင်းကာ မီးရှို့သတ်ခဲ့ပါတယ်ဆိုပြီး ၀ါဒဖြန့်ချိကာ အဓိကရုဏ်းဖြစ်လာအောင် လူတွေသေစေအောင် လှုံ့ဆော်မှုပြုပါတော့တယ်။
သူ့ရဲ့ Facebook ထဲမှာ လက်ပံတောင်း တောင်အရေးအခင်းတုံးက ဗုံးထိပြီး မီးလောင်ဒဏ်ရာတွေ့ရထားတဲ့ သံဃာတစ်ပါးရဲ့ ဓာတ်ပုံကို အခု မိတ္ထီလာမှာ သတ်ခံရတဲ့ သံဃာတော်ရဲ့ဓာတ်ပုံဆိုပြီး လိမ်လည်လှည့်ဖျားကာ တင်ခဲ့ပါတယ်။ ဒီလိမ်လည်မှုကိုသိတဲ့ ဒကာတစ်ပါးက Face book ထဲမှာ ဦးဝီရသူကိုဘာလို့ ဒီပုံကိုထည့်ရတာလည်းလို့မေးတဲ့ အခါ ဓာတ်ပုံမရလို့ ရှိတဲ့ပုံတင်လိုက်တာ ၊ ဘာပြဿနာရှိလို့လဲဆိုပြီး ၀ီရသူက အရှက်ကင်းမဲ့စွာ ပြန်ပြောထား တာကိုလည်း တအံ့တသြ ဖတ်ရှုကြရပါတယ်။
စိတ္တဇလူသတ်သမား ဦးဝီရသူရဲ့ ဒီလိုလိမ်လည်လှည့်ဖျားတာကိုမသိတဲ့ လူအုပ်ကြီးဟာ ဒီဓာတ်ပုံ ကြည့်ပြီး ဒေါသမထိန်းနိုင်ဖြစ်ကာ ၂၁.၃.၂၀၁၃ နေ့မှာ မိတ္ထီလာမှာရှိတဲ့ ဗလီ ၁၅ လုံး၊ မူဆလင်တို့ရဲ့အိမ်တွေ၊ ဆိုင်တွေကို မီးရှို့ဖျက်ဆီးမှု ပြုခဲ့ကြပါတယ်။ မီးလောင်မှုကြောင့် ဗုဒ္ဓဘာသာအိမ်အချို့လည်း မီးထဲပါသွားခဲ့ပါ တယ်။ုအဲဒီအချိန်မှာ တောင်ကုတ် (ရခိုင်)မှာတုံးက အကြမ်းဖက်ခဲ့ကြတဲ့ ဦးအောင်သောင်းရဲ့လက်မရွံ့အကြမ်း ဖက်သမားတွေနဲ့ ၉၆၉ ဂိုဏ်းသားတွေကို အချိုကရည်ထဲမှာ မူးယစ်ဆေးထည့်တိုက်ခဲ့လို့ လူစိတ်ပျောက်ကုန်ပြီး တွေ့တဲ့မူစလင်တွေကို ယောက်ျား၊ မိန်းမ၊ ကလေးမရှောင်တော့ဘဲ ခေါင်းတွေဖြတ်၊ လည်လှီး၊ ခြေဖြတ်၊ လက် ဖြတ်ပြီး အလောင်းတွေကိုမီးနဲ့ရှို့၊ အလောင်းဖျောက်တာတွေကို သွေးအေးအေးနဲ့ လုပ်ခဲ့ကြပါတယ်။ မင်္ဂလာ ဇေယျုံမှာရှိတဲ့မူစလင်ကျောင်းသတ်ဖြတ်မှုဟာ အဆိုးဆုံးပါပဲ။
စိတ္တဇလူသတ်ကောင် ဦးဝီရသူဟာ အဲဒီ ကျောင်းထဲဝင်သွားပြီး ရဲတွေရောက်လာပြီဖြစ်လို့ လုံခြုံပြီး အသက်မသေချင်ရင် လက်အုပ်ချီပြီးထွက်ခဲ့ကြဆိုပြီး အဓမ္မသူ့ကို ရှိခိုးခိုင်းပါတယ်။ အသက် ၁၀ နှစ်မှ ၁၅ နှစ်အတွင်း ကလေးကျောင်းသား ၁၀၀ လောက်နဲ့ ဆရာ ၄ ဦးကို ရဲတွေကြားထဲကနေ မိတ္ထီလာကန်ဘောင်ဘက်ခေါ်သွားရင်း ရဲတွေရှေ့မှာပဲအကြမ်းဖက်သမားတွေက အပြစ်မဲ့ကလေးတွေကို ခေါင်းဖြတ်၊ လက်ဖြတ်၊ ခြေဖြတ် သတ်လိုက်တာ ကလေး ၂၄ ဦးနဲ့ ဆရာ ၄ ဦး ရက်ရက် စက်စက် သတ်ခံလိုက်ရပါတယ်။ အဲဒီအချိန်မှာ ရွှေည၀ါဆရာတော်ရောက်လာပြီး ၉၆၉ မပါတဲ့ မူရင်း သာသနာ့အလံတော်နဲ့တားပြီး ဒါဟာ ဗုဒ္ဓဘာသာရဲ့လုပ်ရပ်မဟုတ်ဘူးဆိုပြီး သတ်ဖြတ်နေမှုကိုတားလိုက်လို့ ကျန်ကလေးတွေ လွတ်မြောက်သွားခဲ့ပါတယ်။ ဒီအစုလိုက်အပြုံလိုက် လူသတ်မှုကြီးကို ဦးဝီရသူဟာ သူ့ရှေ့ မှာပဲ သွေးအေးအေးနဲ့ ပြုလုပ်စေခဲ့တာဖြစ်ပါတယ်။ ရဲတွေ၊ လူသက်သေတွေ အမြောက်အများ ရှိနေပါတယ်။ အခုအခါမှာတော့ သူဟာ သူ့ရဲ့ ပါရာဇိက ကံထိုက်တဲ့ အိုးအိမ်ပျက်စီးစေမှု၊ လူသေစေမှုကို ဖုံးကွယ်ချင်လို့ မူဆလင်တွေက သံဃာကိုသတ်လိုက်လို့ ဒါတွေဖြစ်တာ၊ ဒါပေမယ့် ငြိမ်းချမ်းစွာယှဉ်တွဲနေထိုင်ရေးလုပ်ရမယ်ဆို ပြီး သံကောင်းဟစ်နေပါတယ်။
၃။ တရုတ်အကျိုးစီးပွားကာကွယ်နေကြသော ဦးခင်ညွန့်နှင့် သာသနာ့နုဂ္ဂဟအသင်းများ (၀ါ) ဠင်းတ အမှတ်(၃)
မြန်မာ့သမိုင်းမှာ ဦးခင်ညွန့်ထောက်လှမ်းရေးကိုင်စဉ်က နိုင်ငံရေးအကြပ်အတည်းဆိုက်ရောက် တိုင်း မူဆလင်-ဗုဒ္ဓဘာသာအဓိကရုဏ်းများ နှစ်စဉ်ဖန်တီးပြီး လမ်းကြောင်းပြောင်းလေ့ရှိခဲ့တာ လူတိုင်းအသိပါ။ အခု လည်း တရုတ်ရဲ့မြစ်ဆုံစီမံကိန်းကြီးကို လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံက မြန်မာဆိုတဲ့အသိနဲ့ ၀ိုင်းဝန်းဆန္ဒပြ ခဲ့ကြလို့ တရုတ်အစိုးရရော၊ မြန်မာအစိုးရပါ တုန်လှုပ်သွားခဲ့ရပါတယ်။ ဒီအခါမှာ တရုတ်အစိုးရနဲ့ တရုတ်စီးပွား ရေးသမားတွေက သူတို့ရဲ့မိတ်ဆွေဟောင်းကြီး ဦးခင်ညွန့်ကိုအကူအညီတောင်းခဲ့ကြပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ မြန်မာလူထုရဲ့ဒုတိယဦးတည်ချက်က ကျောက်ဖြူဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်းနဲ့ အခြား တရုတ်အကျိုး စီးပွားဘက်လှည့်လာလို့ဖြစ်ပါတယ်။
ဒီအခါမှာ ဦးခင်ညွန့်ဟာ ရခိုင်ပြည်နယ်နဲ့ အခြားဒေသတွေမှာ သာသနာ့ နုဂ္ဂဟအသင်းတွေ အမာခံတည်ထောင်လိုက်ပါတယ်။ ဒီအသင်းတွေရဲ့ရည်ရွယ်ချက်က အမျိုး၊ ဘာသာ၊ သာသနာ စောင့်ရှောက်ရေးလို့ ဘန်းပြထားပေမယ့် တရုတ်အကျိုးစီးပွားကာကွယ်ရေးဖြစ်ပါတယ်။ တရုတ်ရဲ့ အထောက်အပံ့ကိုလည်း ကောင်းစွာခံစားကြရပါတယ်။ ဦးခင်ညွန့် ရခိုင်သွားပြီး ရက်ပိုင်းအတွင်း တောင်ကုတ်မှာ အပြစ်မဲ့မူဆလင် ၁၀ ဦးကို အကြမ်းဖက် ၃၀၀ လောက်က ဆွဲချပြီး ရက်ရက်စက်စက် သတ် ဖြတ်မှုပေါ်ခဲ့ပါတယ်။ တောထဲမှာ လူမမြင်ဘဲဖြစ်တဲ့မုဒိမ်းမှုအတွက် တရားခံ ၃ ဦးဖော်ခဲ့ပေမယ့် မြို့လည်ခေါင် လူအများရှေ့မှာဖြစ်တဲ့ လူသတ်တရားခံတစ်ဦးမှ မပေါ်ခဲ့ပါဘူး။
တစ်ဖက်သတ်အသတ်ခံရတာကို ရုန်းရင်းဆန် ခတ်မှုဆိုသုံးပါသေးတယ်။ မီဒီယာတွေကတဆင့် မူစလင်ကုလားတွေဆိုပြီး အမုန်းစိတ်ထည့်သွင်းပေးခဲ့ပါ တယ်။ ဒီနောက် ရခိုင်အရေးအခင်းကြီး ဖန်တီးခံရပါတယ်။ နစ်နာသွားတာကတော့ ရခိုင်ဗုဒ္ဓဘာသာရော၊ မူဆလင်တွေပါဖြစ်ပါတယ်။ ဦးခင်ညွန့်ဟာ သူ့ရဲ့ တရုတ်အကျိုးစီးပွားကာကွယ်ရေးလုပ်ငန်းအတွက် ၀ီရသူနဲ့ ရွှေည၀ါဆရာတော်တို့ကို အသုံးချခဲ့ပါတယ်။ ကောင်းစွာ ထောက်ပံ့မှုပေးခဲ့ပါတယ်။ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ရန်ကုန်၊ မန္တလေးအပါအ၀င် နေရာတွေကိုသွားပြီး သူ့ရဲ့ သာသနာနုဂ္ဂအသင်းတွေကတစ်ဆင့် ၀ီရသူနဲ့ ၉၆၉ ဂိုဏ်းသားတွေက မူဆလင်တွေအပေါ် အကြမ်းဖက်လုပ်ငန်းတွေလုပ်နိုင်အောင် အခင်းအကျင်း တွေ ကြိုတင်စီမံပေးခဲ့ပါတယ်။ ဒါဟာ မြန်မာပြည်မှာ ထေရ၀ါဒ ပျက်ရာပျက်ကြောင်း ဖြစ်ပါတယ်။
၎။ ၀ီရသူနဲ့ ၉၆၉ ဂိုဏ်း၊ ဦးခင်ညွန့်နှင့် သာသနာ့နုဂ္ဂအသင်းတွေကို ထောက်ပံ့နေတဲ့ ခရိုနီဦးခင်ရွှေနှင့် အပေါင်းအပါများ (၀ါ) ဠင်းတအမှတ် (၄)
ခရိုနီ ဦးခင်ရွှေလိုလူတွေကတော့ လွှတ်တော်ထဲမှာ သူတို့နဲ့ တရုတ်အကျိုးစီးပွား ထိခိုက်မယ့်ဥပဒေ တွေမပေါ်ရေး ကြိုးစားနေကြပါတယ်။ အရပ်ထဲမှာတော့ ခင်သုံးခင်လို့ခေါ်တဲ့ ခင်ညွန့်၊ ခင်ရီ၊ ခင်ရွှေ နာမည် ကြီးပါတယ်။ ၀န်ကြီး ဦးခင်ရီအနေနဲ့တော့ ဠင်းတတွေဘက်ပါမလား….လူထုဘက်ပါမလားဆိုတာ စောင့်ကြည့် ရမှာဖြစ်ပါတယ်။ သူ့ရဲ့ဝန်ကြီးအာဏာနဲ့ မူစလင်တွေကို နိုင်ငံသားအရည်အသွေးလျှော့ချဖို့ကြိုးစားနေတယ်လို့ ယူဆရပါတယ်။ သူ့အနေနဲ့ တရားမျှတမှုဘက်ရပ်ရင် ကောင်းမှာပါ။ သာသနာဖျက် မဖြစ်ပါစေနဲ့။
၅။ အစွန်းရောက် အကြမ်းဖက် ရခိုင်ဗုဒ္ဓဘာသာဝင်များ (၀ါ) ဠင်းတ အမှတ်(၅)
ရခိုင်ပြည်နယ်အရေးအခင်းမှာ ပြည်မက ၀ါရင့်သံဃာတော်တွေ၊ ၀ါရင့်နိုင်ငံရေးသံဃာတော်တွေနဲ့ ကျောင်းသားခေါင်းဆောင်တွေဟာ အစွန်းရောက်ရခိုင်ဗုဒ္ဓဘာသာဝင်တွေကို အပြည့်အ၀ မထောက်ခံခဲ့ကြ ပါဘူး။ ဒါကြောင့်လည်း သူတို့က ငါတို့ဆီမှာဖြစ်တဲ့ ပဋိပက္ခတွေ ပြည်မကိုကူးစက်စေရမည်လို့ ကြုံးဝါးခဲ့ပါတယ်။ အခုလည်း မွန်ပြည်နယ်၊ ရန်ကုန်၊ မိတ္ထီလာ၊ ပဲခူးတိုင်းအနောက်ခြမ်းမှာဖြစ်တဲ့ အဓိကရုဏ်းတွေမှာ ၉၆၉ ဂိုဏ်းသားတွေရဲ့နောက်ကွယ်မှာ ရခိုင်အစွန်းရောက်တွေရှိနေတာ အထင်အရှားတွေ့နေရပါတယ်။ တကယ်တော့ ထေရ၀ါဒဗုဒ္ဓဘာသာပျက်စေတဲ့ ဠင်းတများသာဖြစ်ပါတယ်။
၆။ ထေရ၀ါဒ သာသနာဖျက်လုပ်ငန်းများကို လစ်လျူရှုနေသည့် သံဃာ့မဟာနာယကအဆင့်ဆင့်၊ အစိုးရအဖွဲ့နှင့် ထေရ၀ါဒဗုဒ္ဒဘာသာဝင်များ (၀ါ) ဠင်းတ အမှတ်(၆)
“ခေါင်းတုံးကာမျှဖြင့် ရဟန်းမည်သည်မဖြစ်၊ သီလအကျင့်၊ ဓုတင်အကျင့်လည်းမရှိသော ချွတ်ယွင်းသော စကားကိုလည်း ပြောတတ်သော၊ လိုချင်မက်မောမှုနှင့် ပြည့်စုံသောသူသည် အဘယ်မှာရဟန်း ဟုတ်နိုင်ပါအံ့နည်း၊” (ဓမ္မပဒ ၂၆၄)
“မကောင်းမှု၌ စိတ်ကိုမွေ့လျော်တတ်၍ ကောင်းမှုပြုသောအခါ၌ နုံ့နှေးနေတတ်ရကား မကောင်းမှုမှ စိတ်ကိုတားမြစ်၍ ကုသိုလ်ကောင်းမှုတို့ကို လျင်မြန်စောစွာ ပြုလုပ်ရာ၏။” (ဓမ္မပဒ ၁၁၆)
ကာလမရွာသားတို့အား မြတ်ဗုဒ္ဓက …
“ကြားယုံမျှဖြင့် လည်းကောင်း၊ အစဉ်အလာရှိပြီးသားဟုဆိုလျှင်လည်းကောင်း၊ ကျမ်းဂန်ထဲမှာပါတယ် ဆိုယုံမျှဖြင့်လည်းကောင်း….တထစ်ချမမှတ်ယူနဲ့ဦး”ဟု မှာကြားတော်မူခဲ့ပါသည်။
ဒီနေ့ မြန်မာနိုင်ငံမှာ အကြမ်းဖက်လုပ်ရပ်တွေဖြစ်နေတာကို သံဃမဟာနာယကအဆင့်ဆင့်ကလည်း မဟန့်ထားဘူး၊ အစိုးရကတော့ အားလုံးသေကြေပျက်စီးပြီးမှ ပုဒ်မ ၁၄၄ တို့၊ ကြေညာချက်တို့ ထုတ်တယ်။
ဗုဒ္ဓ ဘာသာဝင်တွေကလည်း လူနည်းစုဒုက္ခရောက်နေရင် ၀င်မကူတဲ့အပြင် စာနာစကားတောင် ပြောဖော်မရ ကြဘူး။ အဲဒီလို အမျိုး ဘာသာ သာသနာ တည်တံ့ရေးဆိုပြီး သူတစ်ပါးအပေါ် အုပ်စုဖွဲ့အနိုင်ကျင့်တာ၊ ဗုဒ္ဓ၀ါဒီ မဟုတ်သလို မတရားလုပ်နေတာကို မဟန့်တားဘဲ ငြိမ်နေတာလည်း ပြစ်မှုဖြစ်ပါတယ်။ ကိုယ့်သာသနာ ကိုယ် ဖျက်ရာလည်းရောက်ပါတယ်။ ကမ္ဘာပေါ်မှာ ဘာသာတရားတစ်ခုကဖျက်လိုက်လို့ အခြားဘာသာတစ်ခု ပျက်သွားတယ်ဆိုတာ ဘယ်တုံးကမျှ မရှိခဲ့ပါဘူး။ ကိုယ့်သာသနာ ကိုယ်ဖျက်နေကြတာပဲရှိပါတယ်။ မီဒီယာတွေ ကလည်း ၀ိုင်းလိမ်မပေးသင့်ပါဘူး။ ဒါကြောင့် ၉၆၉ သင်္ကေတ၊ အယူဝါဒ တွေကို သုတ်သင်ရှင်းလင်းပါ။ သင့်ကြောင့် ထေရ၀ါဒ ဗုဒ္ဓဘာသာ မပျက်ပါစေနှင့်။ သင်ကိုယ်တိုင် ဠင်းတဖြစ်ခြင်းနဲ့ ဠင်းတကို ကူညီသူမဖြစ်ပါ စေနဲ့။ ။
အောင်ဆန်းဝိညာဉ်
31.3.2013
No comments:
Post a Comment
Note: Only a member of this blog may post a comment.