Tuesday, June 2, 2009

ပီနန်မြန်မာမွတ်စလင်(မ်)လူငယ်များအသင်းနှင့်ပတ်သတ်၍ ဒေါက်တာလှလှဝင်း(ခ)ဒေါက်တာ ယာစမင်း(န်) ဧ။် အမြင်သုံးသပ်ချက်

ပီနန်မြန်မာမွတ်စလင်(မ်)လူငယ်များအသင်းနှင့်ပတ်သတ်၍
ဒေါက်တာလှလှဝင်း(ခ)ဒေါက်တာ ယာစမင်း(န်) ဧ။် အမြင်သုံးသပ်ချက်

ကျွန်ုပ်သည် ကျွန်ုပ်ဧ။်မိတ်ဆွေ ကိုသက်နိုင်ဝင်းဧ။် ဖိတ်ခေါ်မိတ်ဆက်ပေးမှုဖြင့် ပီနန်မြန်မာမွတ်စလင်မ် လူငယ်များကူညီမှုအသင်းကို သိကျွမ်းခွင့်ရခဲ့ပါသည်။ စတင်ရောက်ရှိခဲ့သောအချိန်မှာ စနေနေ့ညဖြစ်ပြီး၊ အသင်း၏ ဌာနချုပ်နေရာတွင် အစ္စလာမ်နှင့်ဆိုင်သောစကားပြောခွင့်ရခဲ့ပါသည်။

ကျွန်ုပ်အနေနှင့် အမိမြန်မာနိုင်ငံတွင် ရှိစဉ်ကာလကပင် အဇ်ဟရ်အစ္စလာမ့်ကောလိပ်နှင့် အခြားသော အစ္စလာမ့်ရေးရာကိစ္စများကို ဆောင်ရွက်ကြကုန်သောနေရာဌာနများတွင် ကျဉ်းပပြုလုပ်လေ့ရှိသော ဘာသာရေးဆိုင်ရာ သင်တန်းများတွင်၊ မိမိတတ်သိထားသော အသိပညာများကို ဟောပြောပို့ချ၊ ဖြန့်ဖြူးပေးခြင်း၊ အတွေ့အကြုံများရှိခဲ့ပါသည်။ သို့သော် သီးသန့်တရားဟောကြားခြင်းပုံစံဖြင့် မည်သည့်အခါတွင်မျှ ဖိတ်ခေါ်ခြင်းမခံခဲ့ရပါ။

အလ်ဟမ်းဒုလစ်လ္လာဟ် အရှင်မြတ်ဧ။် အသနားတော်ဖြင့် ကိုသက်နိုင်ဝင်းကို အကြောင်း ခံ၍ ကျွန်ုပ်နှင့်ကျွန်ုပ်ဧ။် ခင်ပွန်းမော်လ၀ီမုဟမ္မဒ် ယာစီး(န်)နှင့် ဆရာဦးကျော်ဖေ တို့သည် မလေးရှားတွင် ပထမခြေလှမ်းအဖြစ် ပီနန်အသင်းသို့ သွားရောက်တရားဟောကြားခွင့်ရသည့်အတွက် ဦးစွာပထမ တစ်ဆူတည်း၊ တစ်ပါးတည်း ဖြစ်တော်မူသောအလ္လာဟ်အရှင်မြတ်အား အထူးကျေးဇူးတင်ပါသည်။ အလ္လာဟ်အရှင်မြတ်၏ ကောင်းချီးမင်္ဂလာ ဟူသမျှသည် တမန်တော်မြတ်မုဟမ္မဒ်(ဆွ)၏ အပေါ်၌လည်းကောင်း၊ အားလုံးသော လွန်လေသောဆရာ့ ဆရာကြီးများ၊ သက်ရှိထင်ရှား ရှိနေသော သင်ဆရာ၊မြင်ဆရာ၊ ကြားဆရာ အားလုံးနှင့် မိဘဆွေမျိုးများ၊ ပီနန်အသင်းအမှုဆောင်အဖွဲ့ဝင်များ၊ အသင်းသားအားလုံးတို့အပေါ်၌ ကျရောက်တော်မူပါစေသော်။ ယင်း အခမ်းအနားဖြစ်မြောက်အောင် ကျင်းပပေးခဲ့သည့် ပီနန် မြန်မာမွတ်စလင်မ်လူငယ်များကူညီရေးအသင်း၏ ဥက္ကဌကြီးနှင့်တကွ၊ ဆပ်ကော်မတီများ၊ အသင်းသားများအားလုံးကို ကျေးဇူးဥပကာရတင်ရှိကြောင်း မှတ်တမ်းတင်အပ်ပါသည်။

ထိုနေ့ညက ကျွန်ုပ်တို့မှာ အလွန်ပင်ပန်းနွမ်းနယ်လျှက်ရှိသော်လည်း ပီနန်အသင်းမှ လှိုက်လှဲနွေးထွေးစွာ ကြိုဆိုခဲ့ပါသည်။ အစပိုင်းတွင် သာမန်အခန်းတစ်ခန်းဟုသာ ထင်ခဲ့သော်လည်း၊ အခန်းတွင်းသို့ဝင် ရောက်သွားသောအခါ ပီနန်အသင်းအမှုဆောင်အဖွဲ့၏ ကြီးကြပ်ရေးမှူးလူငယ်များကို စိတ်ထဲမှ ကြိတ်ချီးကျူးမိပါသည်။

ကျွန်ုပ်မှာ မလေးရှားသို့ ရောက်ရှိနေသည်မှာ တစ်နှစ်နီးပါးလောက်ရှိသော်လည်း ကျွန်ုပ်တို့ မြန်မာမွတ်စလင်မ်များ၊ အများစု နေထိုင်ကြသော ကွာလာလမ်ပူမြို့ကြီးတွင် ထိုကဲ့သို့ စနစ်တကျဖွဲ့စည်းထားသောအသင်းရှိသည်ဟု မကြားဘူးသေးပါ။ ပီနန်အသင်းသည် KL မှ ၅နာရီ ခန့် ကားနှင့် မောင်းယူရလောက်အောင် ဝေးသောကျွန်းမြို့ကလေးတွင်၊ ဤသို့စနစ်တကျ ဖွဲ့စည်းထားသော မွတ်စလင်မ် လူငယ်များအသင်းကလေးကို ကျွန်ုပ်အလွန်သဘောကျနှစ်ခြိုက်မိပါသည်။

အသင်းဧ။်ဌာနချုပ်ရှိရာ အခန်းအတွင်းဝင်ရောက်လိုက်သောအခါ၊ အမျိုးသားဝတ်ပြုခန်း၊ အမျိုးသမီးဝတ်ပြုခန်း၊ စာကြည့်တိုက်(စာကြည့်ခန်း)၊ တရားဟောခြင်းအပါအ၀င်၊ ဆွေးနွေးနှီးနှောရာခန်းမ (speech hall) ၊ ၀ုသူခန်း၊ အိမ်သာ၊ စားဖိုချောင်၊စတိုခန်း စသည်ဖြင့် စနစ်တကျ နေရာချထားအသုံးပြုနေသည် ကိုတွေ့ရပါသည်။ အလွန်အားရစရာ ကောင်းပါသည်။

ထိုနေ့ညတွင် ကျွန်ုပ်တို့ဧ။် ဟောပြောချက်များအပေါ်ပီနန်မွတ်စလင် ပရိတ်သတ်ဧ။် တုန့်ပြန်အား ပေးမှုမှာ အလွန်ကောင်းလှသောကြောင့် ၀မ်းသာဝမ်းနည်းဖြစ်ရသည်။ ၀မ်းသာခြင်းမှာ အလ္လာဟ်အရှင်မြတ်ဧ။် သာသနာကို တင်ပြခွင့်ရသောကြောင့်ဖြစ်ပြီး၊ ၀မ်းနည်းခြင်းမှာ မိမိတို့နေထိုင်ရာနေရာနှင့် ဝေးကွာသောကြောင့် အပတ်စဉ်မလာရောက်နိုင်သောကြောင့်ဖြစ်ပါသည်။

တရားပွဲအပြီးအမှုဆောင် ကြီးကြပ်ရေးမှုးလူငယ်များနှင့် ဆွေးနွေးခွင့်ရခဲ့ပါသည်။ အရစ်ဖ်ဘိုင်၊ အလီဘိုင်၊ ဟာဂျီအစ်က္ကဘားရ် နှင့် ဇနီး ရဟီမာ(ဒေါက်တာမီလာနုနုဌေး) တို့နှင့် စကားပြောရင်း ပီနန်အသင်းဧ။် လှုပ်ရှားမှုများကို ပို၍သိခွင့်ရခဲ့ပါသည်။ ဘာသာရေးသီးသန့်သာမက၊ ဘာသာ လူမျိုးမရွေး မြန်မာပြည်သား၊မြန်မာလူမျိုးများအား လူမှုရေး၊ နာရေးကူညီမှု အမျိုးမျိုးဆောင်ရွက်နေကြောင်း၊ အစိုးရမှ အသိအမှတ်ပြုခံထားသော အဖွဲ့အစည်းဖြစ်ကြောင်းသိရပါသည်။ အလွန်ကျေနပ်နှစ်သက်မိပါသည်။

ခြုံ၍ပြောရလျှင် အသင်းဧ။်ရှေ့လုပ်ငန်းစဉ်တွင် ထည့်သွင်းစဉ်းစားဖွယ်အချက်များကို တင်ပြလိုပါသည်။

(၁)အသင်းသားဦးရေ ပို၍တိုးတက်အောင်ပြုလုပ်သင့်သည်။

(၂)မြန်မာမွတ်စလင်ပိုင် ဗလီငယ်တစ်လုံးဆောက်နိုင်ရန် ကြိုးစားသင့်သည်။

(၃)ဒအ်ဝါဟ်လုပ်ငန်းတွင် မွတ်စလင်နှင့် မွတ်စလင်မ် အလောင်းအလျာများ(နောင်မွတ်စလင်မ် ဖြစ်လာမည့်သူ) ကိုပါ ထည့်သွင်းဖိတ်ခေါ်သင့်သည်။

(၄)မလေးရှားအသိအမှတ်ပြုခံ( မြန်မာမွတ်စလင်မ် အားလုံးကို ကိုယ်စားပြုသောအသင်း )ဖြစ်ရန် အဆင့်မြှင့်သင့်သည်။

(၅)အမျိုးသမီးဦးရေ ယခုထက်ပို၍များများပါဝင်နိုင်အောင် စီစဉ်သင့်သည်။

(၆)အသင်းအနေနှင့် အစ္စလာမ့်အကျိုးပြုစာပေများ ထုတ်ဝေဖြန့်ချိသင့်သည်။

(၇)အခြေအနေပေးပါက သုတေသန လုပ်ငန်းများကို ဆောင်ရွက်သင့်သည်။

လေးစားစွာဖြင့်

ဒေါက်တာ လှလှဝင်း(ခ) ဒေါက်တာ ယာစမင်းန်

ခေတ္တ ရှားဟ်အာလမ်(မ်)

မလေးရှားနိုင်ငံ။



No comments:

Post a Comment

Note: Only a member of this blog may post a comment.