Thursday, June 6, 2013

ကျေးစွပ်နေကြသည့် လူမျိုးရေးအစွန်းရောက်များ

          အစွန်းဆိုတာ ဘယ်အစွန်းမှ မကောင်းဘူးဗျာ။ မြောင်းစွန်းလည်းမကောင်းဘူး၊ ချောက်စွန်းလည်းမကောင်းဘူး။ ရခိုင်ပြည်နယ်မှာ ဒီ two-child policy ကို ထောက်ခံဆန္ဒပြပွဲပြုလုပ်နေတယ်ဆိုပဲ။ ကမ္ဘာပေါ်မှာ လူသားတွေ အများစုဟာ လူ့အခွင့်အရေးမြတ်နိုးသူတွေပါ။ အခုလို လူ့အခွင့်အရေးကိုချိုးဖောက်တဲ့ ဥပဒေကို လက်ခံဖို့ ဆန္ဒပြပွဲ ကျင်းပတယ်ဆိုတော့ ဒီအပြုအမူဟာ လူမျိုးတစ်မျိုးကို ရက်စက်တယ်ဆိုတာထက် ကမ္ဘာ့တစ်ဝှမ်းက လူ့အခွင့်အရေးမြတ်နိုးသူတွေကိုပါ စော်ကားလိုက်ခြင်းနဲ့ အတူတူပါပဲ။
               ဒီဆန္ဒပြပွဲမှာ ထောက်ခံပါဝင်တဲ့သူတွေကို ကျွန်တော်မေးချင်ပါတယ်။ အကယ်၍များ ဒီဥပဒေကို လူမျိုးဘာသာမခွဲခြားဘဲ (ရိုဟင်ဂျာရော၊ ရခိုင်နှင့် အခြားတိုင်းရင်းသားတွေကိုပါ) ရခိုင်ပြည်နယ်တစ်ခုလုံးမှာ ပြဌာန်းလိုက်မယ် ဆိုရင် ခင်ဗျားတို့ လက်ခံနိုင်မလား။ အခုတော့ ရိုဟင်ဂျာအတွက်ပဲ သီးသန့် ဥပဒေထုတ်ပေးတယ် ဆိုတော့ ဒါဟာလူသားအချင်းချင်းခွဲခြားဆက်ဆံတဲ့ ပြရုပ်တစ်ခုပါပဲ။ ဒီဥပဒေကို လူသားချင်းစာနာစိတ်ရှိတဲ့ လူတိုင်း၊ လူ့အခွင့်အရေးကို မြတ်နိုးသူတိုင်းက လက်ခံနိုင်မှာ မဟုတ်ပါဘူး။ လူသားမျိုးနွယ်စုတစ်ခုကိုသာ မွေးဖွားမှုကန့်သတ်ထားတဲ့ ဒီဥပဒေဟာ ဥပဒေအယောင်ဆောင်ထားတဲ့ လူမျိုးစု ပျက်စီးပျောက်ကွယ်သွားအောင် ရည်ရွယ်ချက်ပါပါ ပြုလုပ်ကြံစီချက်ပါ။။
                  များမကြာခင်ကလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ အိမ်ရှေ့ကိုသွားရောက်ပြီး လူမျိုးရေးအစွန်းရောက် တစ်စုက ကြမ်းတမ်းစွာ ဆန္ဒပြခဲ့ကြပါတယ်။ တကယ်တော့ ဒီလူတွေအနေနဲ့ သေသေချာချာ စဉ်းစားဆင်ခြင်သင့်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ဆိုတာ လူ့အခွင့်အရေးကို မြတ်နိုးလွန်းလို့ ဆယ်စုနှစ်ပေါင်းများစွာ စစ်ကျွန်ဘ၀ရောက်နေတဲ့ မြန်မာပြည် သူ ပြည်သားတွေ လွတ်မြောက်ဖို့အတွက် နှစ်ပေါင်းများစွာ စစ်အစိုးရကို အန်တုလာခဲ့သူပါ။ သူမရဲ့ လုပ်ဆောင်ချက်တွေအားလုံးဟာ လူ့အခွင့်အရေးနဲ့ ဆန့်ကျင်လာရင် လူမျိုးစွဲ ဘာသာစွဲ မရှိဘဲ အမှန်တရားဘက်က မားမားမတ်မတ် ရပ်တည်တတ်တယ်ဆိုတာကို ပြည်သူလူထုတွေ အားလုံးက ယုံကြည်နားလည်ထားသင့်ပါတယ်။
               အခုလို ဆန္ဒပြခွင့်ရတာ၊ သိန်းစိန်ရုပ်သေးအစိုးရက အထိုက်အလျှောက်လွတ်လပ်ခွင့်တွေ ပေးလာတာတွေဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကြိုးပမ်းမှုရလာဒ် အသီးအပွင့်တွေပါပဲ။ ဒီလို ကိုယ်ကျိုးစွန့် တိုက်ပွဲဝင်ပေးခဲ့တဲ့ ကျေးဇူးရှင်ကို ကျေးဇူးမတင်ရင်တောင်မှ အိမ်ရှေ့အထိ သွားပြီး စော်ကားတဲ့ အပြုအမူမျိုး မလုပ်သင့်ပါဘူး။ နှစ်ပေါင်းများစွာ လူထုအတွက် ပေးဆပ်ခဲ့တဲ့ ခေါင်းဆောင်ကောင်းတစ်ယောက်ကို တစ်ကြိမ်တစ်ခါ သူ့တို့ရဲ့ တစ်ဖက်သက်ဆန္ဒနဲ့ မကိုက်ညီတာနဲ့ပဲ ရန်သူကြီးသဖွယ် ဆက်ဆံသွားတဲ့ ခင်ဗျားတို့ ရဲ့လုပ်ရပ်တွေဟာ အစွန်းတစ်ဖက်ကို သိပ်ရောက်လွန်းနေတယ်။ နိုင်ငံတကာမှာလည်း မကောင်းတဲ့ အမည်းစက်ဖြစ်နေတဲ့ ခင်ဗျားတို့ရဲ့ လုပ်ရပ်တွေကို ရပ်တန်းက အမြန်ဆုံးရပ်သင့်ပြီး လူသားဖြစ်တည်ခွင့်ကို သဘောပေါက် နားလည်အောင် ကြိုးစားသင့်ချိန်ရောက်နေပါပြီ။
 
                                                                                              ထွန်းသစ်အောင်

No comments:

Post a Comment

Note: Only a member of this blog may post a comment.