Wednesday, May 1, 2013

ဥက္ကံမြို့ အနီးတ၀ိုက်ရှိ မွတ်စလင်မ်ရွာ ၄ ရွာ မီးရှို့ခံရ ဆက်သွယ်မေးမြန်းချက်

 မေလ ၁၊ ၂၀၁၃

ထွန်းတောက်
2
ဓါတ်ပုံ- 7Days မှ ကူးယူဖော်ပြသည်။
 
ဥက္ကံမြို့နှင့် အနီးတ၀ိုက်ရှိ မွတ်စလင်မ်ရွာများ၏ နောက်ဆက်တွဲအခြေအနေများကို ဒေသခံများအား ဆက်သွယ်မေးမြန်းထားတာ ဖြစ်ပါတယ်။
 
“ဥက္ကံမှာ နောက်ဆုံးအခြေအနေက လုံခြုံရေးတွေရောက်လာတော့ လူအားလုံးရှဲသွားကြတာပေါ့။ လူတွေက တုတ်ကိုင် ဓါးကိုင်နဲ့ပေါ့။ အဲဒါက ညနေ ၄-နာရီလောက်ကပါ။ မွတ်စလင်မ်ဆိုင်တွေကတော့ ကုန်သွားပြီ၊ ရပ်ကွက်ထဲက မွတ်စလင်မ်အိမ်တော်တော်များများရယ် အကုန်လုံးပျက်စီးသွားပြီ။ ပြီးတော့ ပနီပင်ကျေးရွာ၊ ခြောက်ကဲကျေးရွာ၊ ကျွဲကုန်းကျေးရွာတွေလည်း မီးရှို့ခံရတယ်။ အဲဒီရွာတွေက ရွာလုံးကျွတ် မွတ်စလင်မ်တွေပါ။ ဥက္ကံနဲ့ဆို ပနီပင်က ၁-မိုင်ခွဲ၊ ခြောက်ကဲကတော့ ချောင်းဟိုဘက်ကမ်းမှာဆိုတော့ ၂-မိုင်ပဲ ဝေးပါတယ်။ အဲဒီရွာတွေမှာလည်း ဗလီတွေ၊ စာသင်ကျောင်းတွေရှိပါတယ်။” ဟု ဥက္ကံမြို့ခံက ပြောပြလာပါတယ်။
 
ပနီပင်ကိုလည်း ဆက်သွယ်မေးမြန်းခဲ့ပါတယ်။ “ပနီပင်မှာလည်း မီးရှို့ခံရပါတယ်။ အားလုံးလည်း တပ်ပျက်ပြီးတော့ ချောင်းကမ်းပါးဘေးထဲကို ၀ရမ်းပြေးလိုပြေးနေကြတယ်။ နောက် ဘေး ရွာတွေလည်း အကုန်မီးလောင်သွားပြီ။ ပနီပင်ရွာထဲမှာလည်း သုံးပုံနှစ်ပုံက မီးလောင်သွားပြီ။ ညနေကတော့ ပနီပင်ကို ခရိုက်က ရဲတွေလာတယ်။ ပတ်ကြည့်စာရင်းယူပြီး ဒီအတိုင်းပြန်သွားတယ်။ မီးလောင်တာတွေလည်း သူတို့မြင်တယ်။ သူတို့ကိုပြောတယ် ဟိုဘက်ရွာမှာ လူစုနေတယ်။ ညကိုဝင်ပြီး ကုလားတွေကို သတ်မယ်၊ မီးရှို့မယ်လို့ပြောရဲ့သားနဲ့ ၁၀-မိနစ် ၁၅-မိနစ်လောက် ရပ်ပြီး သူတို့ပြန်သွားကြတယ်။ အခု ဘာလုံခြုံရေးမှ မရှိဘူး။ အခု ပနီပင်မှာတော့ တော်တော်ကုန်သွားပြီ။ ”
 
“ဟိုဘက်က ခြောက်တဲရွာ၊ ကျွဲကုန်းရွာ၊ မီးတောက်စခန်းရွာ အကုန်လုံးကုန်သွားပြီ။ တစ်ရွာလုံး ပြာကျသွားပြီ။ အဲဒါတွေက မွတ်စလင်မ်ရွာတွေပေါ့ဗျာ။ လွတ်လွတ်လပ်လပ် မီးရှို့ပြီးပြာချပစ်လိုက်ကြတာပေါ့ဗျာ။ မီးလောင်တာတွေမှာ ဗုဒ္ဓဘာသာတစ်ယောက်မှမပါဘူး။ ရွာလုံးကျွတ် မွတ်စလင်မ်တွေချည်းပါပဲ။ ပနီပင်မှာ မွတ်စလင်မ်အိမ်ခြေ (၁၀၀)၀န်းကျင်ရှိပါတယ်။ ဗလီ(၁)လုံးရှိတယ်။ ခြောက်တဲမှာက အာရဗီစာသင်ကျောင်း(၁)ကျောင်း၊ မီးတောက်စခန်းမှာက ဗလီတစ်လုံး၊ ကျွဲကုန်းမှာက ဗလီ(၁)လုံးနဲ့ စာသင်ကျောင်း(၁)ကျောင်းရှိပါတယ်။ အဲဒါတွေလည်း မီးရှို့တာ။ ကျွန်တော့်မျက်စိနဲ့မြင်တာပါ။ ကျွန်တော်ဖြင့် လုံးဝကို မကြည့်ရက်ဘူးဗျာ။ မီးခိုးလုံးတွေ မည်းတက်လာတာ မိုးပါ မှောင်မည်းသွားတယ်။ အဲဒါက ညနေ(၄)နာရီလောက်ကပါ။ ၄-နာရီလောက်မှာ ကျွဲကုန်း၊ ခြောက်တဲ၊ ပနီပင် ၃-ရွာလုံးကို တစ်ချိန်တည်းလုပ်တာပါ။”
 
“ကျွန်တော်က ဥက္ကံကပါ။ ဥက္ကံမှာနေတယ်။ မနက်က ဥက္ကံမှာဖြစ်တော့ ကျွန်တော့်ရဲ့ ချက်မြှုပ်ရွာဖြစ်တဲ့ ပနီပင်ကို ပြေးလာတာပါ။ ဘာပဲပြောပြော ပနီပင်က ကွင်းပြင်ရှိတယ်ဆိုတော့ ပြေးရရင်လည်း ပြေးလို့ရအောင်ပါ။ ကလေးတွေနဲ့ဆိုတော့လည်း ပြေးဖို့လုပ်ရတာပေါ့။ ပြေးလို့ရမလားဆိုပြီးပြေးလာတာ။ ဥက္ကံမှာဆိုလည်း မနည်းလွတ်အောင်ပြေးလာရတယ်။ ဥက္ကံမှာဆို အော်ဟစ်ပြီး မွတ်စလင်မ်အိမ်တွေကို ဖျက်ဆီးနေတယ်။ ကျွန်တော့်နားနဲ့ အကုန်ကြားနေကြတယ်။ အမျိုးသမီးနဲ့ ကလေးတွေကလည်း စိတ်အားငယ်ပြီး တအားကြောက်နေကြတယ်။ ဒါနဲ့ ကျွန်တော်လည်း လွတ်ရာကျွတ်ရာကို ပြေးခဲ့လိုက်တာ။
 
အဲဒါ လမ်းမှာ ကျွန်တော့် ဆိုင်ကယ်ကိုလည်း ထားပစ်ခဲ့ရပြီး ပြေးလာလိုက်ရတယ်။ အခုတော့ ဆိုင်ကယ်လည်း တစ်စစီဖြစ်သွားပြီ ထင်တာပေါ့ဗျာ။ မနက်ကဖြစ်တဲ့ကိစ္စက ဘာမှ ပြဿနာအကြီးကြီးမဟုတ်ပါဘူး။ မတော်တဆ ထိခိုက်မှုပါ။ အဲဒါ စခန်းမှာ အချိန်ဆွဲပြီး လူတွေကို ၁၁-နာရီခွဲ ၁၂-နာရီထိပဲ။ တချို့က ၉၆၉ ဘုန်းကြီးမလာသေးလို့စောင့်နေတယ်ဆိုပြီးပြောတယ်။
 
မွတ်စလင်မ်အိမ်တွေချည်းပဲရွေးပြီးဖျက်ဆီးကြတယ်။ ဘယ်အိမ်ကုလားအိမ်၊ ဘယ်အိမ်ကုလားအိမ်ဆိုပြီး ရွေးရွေးပြီး အကုန်ဖျက်တယ်။ ၉၆၉ ဘုန်းကြီးဆိုတာ မှော်ဘီကလို့ပြောတယ်။ အရင်လက ဥက္ကံမှာ ၃-ရက်တရားပွဲလုပ်တော့ နောက်ဆုံးရက်မှာ ဟောသွားတဲ့ ဘုန်းကြီးခင်ဗျ။ သူကိုယ်တိုင်ကလည်း မုန်းတီးရေးကို ပေါ်တင်ဟောတာပဲ။ ဓမ္မာရုံမှာဟောသွားတာ ကျွန်တော့်နားနဲ့ ဆတ်ဆတ်ကြားတာ။
 
ကုလားဆိုင်က ဈေးမ၀ယ်နဲ့။ ဘာညာဟောတာ။ အဲဒီမှာ လုံခြုံရေးတော်တော်လာလိုက်တော့ စကားနည်းနည်း လျှောချလိုက်တယ်။ အဲဒီဘုန်းကြီးပါ။ အခုလည်း ဒီညတော့ ဥက္ကံမှာ ၀င်မယ်လို့တော့ သတင်းရတာပဲဗျာ။ ကျွန်တော်လည်း ဥက္ကံကို အခု ဖုန်းခေါ်လို့မရဘူး။ ဖုန်းလိုင်းတွေလည်း ပြတ်တယ်။”
 
“အခု ဒီဖြစ်ရပ်က လုံးဝကို စနစ်တကျနဲ့လုပ်တာပါ။ တစ်ခြား ဘာမှကို တွေးစရာတောင်မလိုဘူး။ ကျွန်တော်ကတော့ မီဒီယာကနေ ကျွန်တော်တို့နိုင်ငံရဲ့ ခေါင်းဆောင်ကြီးတွေကို တဆင့်ပြောချင်တယ်ဗျာ။ ခေါင်းဆောင်ကြီးတွေအနေနဲ့ ‘အစ္စလာမ်တွေကို ဒီနိုင်ငံမှာ မထားဘူး။ ဒီနိုင်ငံက မဟုတ်ဘူးလို့ဆိုရင် အစ္စလာမ်နိုင်ငံတွေကို မင်းတို့အစ္စလာမ်တွေကို မင်းတို့လာခေါ်၊ ၁-လတန်သည် ၂-လတန်သည်အတွင်းလာခေါ်။
 
 မင်းတို့ လာမခေါ်ရင် ငါတို့ ပေါ်တင် ပစ်သတ်မယ်ကွာဆိုပြီးတော့ နိုင်ငံတကာကို ပြောပေးပါလို့’ အခုတော့ ဒီအတိုင်းကြီး ဒုက္ခပေးပြီး သက်သက်မဲ့ အသေခံနေရတာ။ အခု ကျွန်တော်တို့ ဘ၀တွေပျက်နေရတယ်။ အခု ဟိုမှာ အမျိုးသမီးတွေနဲ့ ကလေးတွေ ငိုတဲ့သူငို၊ နှလုံးရောဂါ တက်သူတက်နဲ့။ ရွာက လူတွေဆိုလည်း အိမ်လေးတွေ ဆောက်ထားကြတယ်။ အခု အကုန်လုံးပြာဖြစ်သွားတယ်။ အကုန်လုံး လူတွေ ဒုက္ခရောက်နေကြတယ်။
 
 အခုလို စနစ်တကျ ဖျက်ဆီးနေတဲ့ပုံစံ မကောင်းဘူးပေါ့ဗျာ။ လူသားချင်းနည်းနည်းပါးပါး စာနာပေါ့ဗျာ။ မထားချင်ဘူးလား ပို့လိုက်ပေါ့ဗျာ လက်ခံတဲ့နိုင်ငံ၊ မထားချင်ဘူးလား ပစ်သတ်လိုက်ပေါ့ဗျာ။ အခုက ယဉ်ယဉ်လေးဖျက်ဆီးပြီးနဲ့ သတ်နေတာ။ ဟုတ်ကဲ့ ကျွန်တော်ပြောချင်တာက ဘာသာရေးအဖွဲ့ကြီးက အာဏာမှ မရှိတာဗျာ။ အာဏာရှိတာက နိုင်ငံတော် အစိုးရပါ။
 
နိုင်ငံတော်အစိုးရက ဖြေရှင်းရမှာပါ။ အခု ဒီမှာဗျာ ချောင်းကမ်းပါး ဘေးနားမှာ ကလေးတွေနဲ့ အမျိုးသမီးတွေလည်း မြွေပါးကင်းပါးနဲ့ အကုန်ကြောက်နေရတယ်။ မြင်ကွင်းတွေက လုံးဝ မကြည့်ရက်စရာပါပဲ”လို့ ၀မ်းနည်းစွာ ငိုရင်း M-Media ကို တိုက်ရိုက်ပြောပြလာပါတယ်။

No comments:

Post a Comment

Note: Only a member of this blog may post a comment.