Sunday, May 5, 2013

ခင်ဗျားတို့ ခံစားဖူးသလား (M-Media Blog ကဏ္ဍ- ကဗျာ)

 
 
 
မေ-၄၊၂၀၁၃
ရေးသူ-Ree Na
2
Photo from- ကင်မရာနောက်ကလူ FB
 
ခင်ဗျားတို့ ခံစားဖူးသလား
တသက်လုံး ရှာထားသမျှတွေ မီးလောင်ပြင်မှာ လောင်ကျွမ်းနေတာကို မျက်ရည်စက်လက်နဲ့ ထိုင်ကြည့်နေရတဲ့ ခံစားချက်ကို
ခင်ဗျားတို့ ခံစားဖူးသလား
လင်သေ သားသေ တဲ့ မပဋာတွေရဲ့ မြေလူးရတဲ့ အဖြစ်မျိုးကို
ခင်ဗျားတို့ ခံစားဖူးသလား
ကိုယ့်ထမင်းကိုယ်ရှာစားနေရာကနေ သူများလာကျွေးမယ့် ထမင်းထုပ်ကို စောင့်မျှော်ရတဲ့ ခံစားချက်ကို
ခင်ဗျားတို့ ခံစားဖူးသလား
ဒီမှာမွေး ဒီမှာကြီးပြီး ဒီနိုင်ငံအတွက် အလုပ်လုပ်နေရင်းကနေ မင်းတို့ဟာ ဧည့်သည်ပါလို့ အပြောခံရတဲ့ အဖြစ်ကို
ခင်ဗျားတို့ ခံစားဖူးသလား
ယုံကြည်သက်ဝင်မှုတွေရဲ့ အထွဋ်အမြတ်တွေကို ဖျက်ဆီးခံရတဲ့အခါ ရင်ဘတ်တွေ အောင့်လာတဲ့ထိ ၀မ်းနည်းရတဲ့ သက်ဝင်သူတွေရဲ့ အဖြစ်ကို
ခင်ဗျားတို့ ခံစားဖူးသလား
ဘာဖြစ်လို့ ဖြစ်သွားမှန်း မသိလိုက်ခင်မှာ ရုပ် နဲ့ နာမ် တွဲရက်မရှိတော့ရတဲ့ အဖြစ်တွေကို …။
ခင်ဗျားတို့ ခံစားဖူးသလား
သူငယ်တန်းဘ၀ကနေ အလုပ်ခွင်ထဲ ၀င်တဲ့အထိ ဘယ်လောက်ပဲ ကြိုးစားကြိုးစား ဘယ်လောက်ပဲ တော်တော် အများနဲ့မတူသလို ခွဲခြားခံရတဲ့ အဖြစ်တွေကို
ခင်ဗျားတို့ ခံစားဖူးသလား
သားကို စိတ်မပူပါနဲ့ လို့ ပြောပြီး သေသွားတဲ့ ကလေးလေးအတွက် ဖြေဆည်ရာမရတဲ့ ကလေးအမေရဲ့ အဖြစ်ကို
ခင်ဗျားတို့ ခံစားဖူးသလား
ဘာအပြစ်မှ မရှိပါပဲ လက်နှစ်ဖက် ခေါင်းပေါ်တင်လို့ မျက်နှာအောက်ချပြီး ခေါင်းငုံ့ကာ ကိုယ့်မြို့ကနေကိုယ် ထွက်ခွာနေတာတောင်မှ ဆဲဆိုပြီး ခဲနဲ့ လှမ်းပစ်ခံရတဲ့ အဖြစ်တွေကို
 
တခုလောက်ပဲ လူပီပီသသ ၀င်ခံစားကြည့် … ခင်ဗျားတို့ ရေးနေတဲ့ သတ်ပစ်ကွာ ချပလိုက် ဆိုတဲ့ အကုန် မီးရှို့ပစ်ရမှာဆိုတဲ့ စာလုံးတွေအတွက် ရှက်တတ်လာလိမ့်မယ်။
 
M-Media

No comments:

Post a Comment

Note: Only a member of this blog may post a comment.