Thursday, May 2, 2013

”ဥပဒေရှိသော်လဲ အရေးမယူပါ ……………. ဒါဒို့ပြည်”


မေ-၁-၂၀၁၃

ရေးသားသူ- အလိမ္မာရဲ့ချိန်ဘာ
no jutice no peace
မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ အစ္စလာမ်ဘာသာဝင်တွေ ပိုင်ဆိုင်တဲ့ နေအိမ်အဆောက်အအုံတွေ၊ ကိုးကွယ်ဝတ်ပြုရာ ဗလီဝတ်ကျောင်းတော်တွေကို ၉၆၉ လို့ တံဆိပ်ကပ်ထားတဲ့ အကြမ်းဖက်များက ရဲဝန်ထမ်းများနဲ့ အများပြည်သူများရှေ့ မီးရှို့ဖျက်ဆီးခဲ့သော်လည်း မြန်မာအစိုးရအနေဖြင့် အရေးယူမှူ့တစုံတရာဖြင့် ထိုအကြမ်းဖက်များကို ထောင်ဒဏ်ချခဲ့သော သတင်း အစနလေးတောင်ကျနော်မကြားရသေးပါ။ ကျနော်ပဲ နားပိတ်မျက်စိပိတ် ဖြစ်နေလို့လားလို့ ကိုယ့်ကိုကိုယ် သံသယဝင်လာမိပါတယ်ဗျာ။
 
အစိုးရကလဲ အစိုးရတာဝန်မကျေ ရဲဝန်ထမ်းကလဲ ရဲတာဝန်မကျေ ပြည်သူကလဲပြည်သူ့တာဝန်မကျေ ကိုယ့်လူတွေကလဲ ကိုယ့်တာဝန်မကျေ ကောင်းပါ့ဗျား။
သူ့အရပ်နဲ့သူ့ဇာတ်ကတော့ဟုတ်နေတာပါဘဲ။
 
ပြစ်မှူ့ဆိုင်ရာဥပဒေ ပုဒ်မ ၄၃၆ မှာတော့ – မည်သူမဆို ကိုးကွယ်ဝတ်ပြုသော နေရာအဖြစ်ဖြင့် သော်လည်းကောင်း နေအိမ် အဖြစ်ဖြင့် သော်လည်းကောင်း ပစ္စည်းများသိုလှောင် ထိန်းသိမ်းသောနေရာ အဖြစ်ဖြင့် သော်လည်းကောင်း သာမန်အားဖြင့် အသုံးပြုသော အဆောက်အအုံကို ဖျက်ဆီးရန် အကြံဖြင့် ဖြစ်စေ မိမိကထိုသို့ ပျက်ဆီးတန်ရာသည်ကိုသိလျှက်နှင့် မီးဖြင့်၊ သို့တည်းမဟုတ် ပေါက်ကွဲစေတက်သော အကျိုးဖျက်ဆီးမှူ့ကို ကျူးလွန်လျှင် ထိုသူကို တသက်တကျွန်း ဒဏ်ဖြစ်စေ ဆယ်နှစ်ထိ ထောင်ဒဏ် တမျိုးဖြစ်စေ ချမှတ်ရမည့် အပြင် ငွေဒဏ်လည်းချမှတ်နိုင်သည်လို့ အတိအလင်း ပြဌာန်း ထားပြီးသားပါခင်ဗျာ။ ဒါပေမဲ့ ဒို့ အစိုးရကတော့ …………. ဘာမှမဟုတ်တဲ့ ရန်ဖြစ်မှူ့လေးကိုကျတော့ ၁၄ နှစ်တဲ့၊ မီးရှို့ဖျက်ဆီး မှူ့ကိုကျတော့ …………….?
 
သူတို့ရဲလား၊ ပြည်သူ့ရဲလားမသိတဲ့ ရဲသားကြီးများကတော့ သူတို့တာဝန်တွေဖြစ်တဲ့ ပြည်သူ့ကာကွယ်မှူ့များကို တာဝန်ကျေခဲ့တယ် လို့ပြောမလား ? ၉၆၉ အကြမ်းဖက်များအတွက် တာဝန်ကျေခဲ့တယ်လို့ပြောမလား?
 
ပြစ်မှူ့ဆိုင်ရာကျင့်ထုံးဥပဒေ ပုဒ်မ ၁၄၉ မှာ ရဲအရာရှိတိုင်းသည် ကြိုတင်ကာကွယ် ရန် ရည်ရွယ်ချက်ဖြင့် ကြားဝင်ဆောင်ရွက်နိုင်သည့်အပြင် ရဲအရေးယူ ပိုင်ခွင့်ရှိသည့် ပြစ်မှူ့တရပ်ရပ် ကျူးလွန်မည့် အရေး ကို မိမိစွမ်းနိုင်သမျှ ကြိုတင်ကာကွယ် ရမည်လို့ ပြဌါန်းထားသော်လည်း ၉၆၉ အကြမ်းဖက်များအတွက် အကြမ်းဖက်မှူ့လွယ်ကူဖို့ရန် လုံခြုံရေးတောင်ယူပေးခဲ့ကြသေးဗျာ။
 
ပြစ်မှူ့ဆိုင်ရာကျင့်ထုံးဥပဒေ ပုဒ်မ ၁၂၇(၁)တွင် မည်သည့်ရာဇ၀တ်တရားသူကြီး သို့မဟုတ် ပြည်သူ့ရဲတပ်ဖွဲ့စခန်းမှူး သို့မဟုတ် ဒုရဲအုပ်အောက် အဆင့်မနိမ့်သော ရဲအရာရှိကမဆို တရားဥပဒေနှင့်ဆန့်ကျင်သည့် အစုအဝေးတစုံတရာကို သို့မဟုတ် အများပြည်သူတို့ငြိမ်းချမ်းခြင်းကို နှောင့်ယှက် ဖျက်ဆီးရန်ရှိသော လူငါးဦးဖြစ်စေ ၄င်းထက်ပို၍ဖြစ်စေ စုဝေးသည့် အစုအဝေးတစုံတရာကို လူစုခွဲစေရန်အမိန့်ပေးနိုင်သည်။ ထိုကဲ့သို့အမိန့်ပေးသည့် အခါတွင်လည်း ၄င်းအစုအဝေးတွင်ပါဝင်သူတို့သည် အမိန့်ပေးခဲ့သည့်အတိုင်း လူစုခွဲရန်တာဝန်ရှိပေသည်။
ပြစ်မှူ့ဆိုင်ရာ ကျင့်ထုံး ဥပဒေ ပုဒ်မ ၁၂၈ တွင် ထိုကဲ့သို့အမိန့်ပေးသော်လည်း လူစုခွဲခြင်းမပြုလျှင် သို့မဟုတ် ထိုသို့အမိန့်မပေးပါက မုချမဖျက်မည့်အကြောင်း ထင်ရှားစေသည့် အမူအယာကိုပြုလျှင် မည်သည့်ရာဇ၀တ်တရားသူကြီး သို့မဟုတ် မည်သည့်ပြည်သူ့ ရဲတပ်ဖွဲ့စခန်းမှူး သို့မဟုတ် ဒုရဲအုပ်အောက် အဆင့်မနိမ့်သော ရဲအရာရှိကမဆို ထိုအစုအဝေးကို လူစုခွဲအောင် အင်အားသုံး၍ပြုလုပ်နိုင်သည်။ ထိုသို့ပြုလုပ်ရာတွင် ကြည်းရေလေ တပ်သားအရာရှိ မဟုတ်သူ သို့မဟုတ် မြန်မာနိုင်ငံ နယ်ခြားတပ် အက်ဥပဒေ သို့မဟုတ် မြန်မာနိုင်ငံ အရံတပ်အက်ဥပဒေအရ လက်နက်ကိုင်မဟုတ်သူ မည်သည့် အမျိုးသားကိုမဆို အကူအညီတောင်းနိုင်သည်။ (မည်သည့်အမျိုးသားဟုဆိုရာဝယ် မြို့တွင်း မြို့ခံ ပြည်သူများလည်းပါဝင်သည်။) ထိုသူများကိုအင်အားပြုလုပ်၍ လုစုခွဲရမည်။ လိုအပ်လျှင် အစုအဝေးနှင့် ပါဝင်သူတို့ကို လူစုခွဲရန် သို့မဟုတ် တရားဥပဒေနှင့်အညီ ပြစ်ဒါဏ်စီရင်နိုင်ရန် ဖမ်းဆီးချုပ်နှောင်နိုင်သည်။
၉၆၉ အကြမ်းဖက်အဖွဲ့များအား ဖြိုခွင်းရန်၊ လူစုခွဲရန်၊ ရဲတပ်ဖွဲ့ဝင်များမှ အထက်ပါကျင့်ထုံးများအရ အနီးဆုံးမြို့ခံပြည်သူများအား အကူအညီတောင်းခံခဲ့ခြင်း မရှိသည်မှာ အကြမ်းဖက်အဖွဲ့များ လူစုကွဲသွားစေရန် ဆန္ဒမရှိသောကြောင့်ဖြစ်ပေလိမ့်မည်။ မြို့ခံ အင်အားဖြင့်ဆိုလျှင် မည်သည့် အကြမ်းဖက် အဖွဲ့အစည်းကိုမဆို ရဲတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်း၍ လူစုခွဲနိုင်သည်မှာ မုချဧကန်ပင်ဖြစ်ပေသည်။ ထိုအကြမ်းဖက်မှုကို လုပ်ဆောင်ခဲ့သော အကြမ်းဖက်သမားများအား အထက်ပါကျင့်ထုံးများအရ ဖမ်းဆီးခဲ့ခြင်းမရှိသည်မှာလည်း ရဲတပ်ဖွဲ့ဝင်များ၏ ဥပဒေချိုးဖောက်မှုပင်ဖြစ်သည်။
 
ပြစ်မှူ့ဆိုင်ရာကျင့်ထုံးဥပဒေ ပုဒ်မ ၁၂၉ တွင် ဆိုခဲ့သည့်အစုအဝေးကို အခြားနည်းဖြင့်လူစုကွဲအောင် မပြုလုပ်နိုင်လျှင် ထို့အပြင် အများပြည်သူတို့၏ဘေး အန္တရာယ်မှ လုံခြုံစေခြင်းငှာ ၄င်းအစုအဝေးကို လူစုခွဲရန်သင့်လျှင် ထိုနေရာတွင်ရှိသော ရာထူးအဆင့်အတန်းအမြင့်ဆုံးဖြစ်သည့် ရာဇ၀တ်တရားသူကြီးက ၄င်းအစုအဝေးကို စစ်အင်အားသုံး၍လူစုခွဲနိုင်သည်။
 
ထိုအကြမ်းဖက်မှုဖြစ်ပွားသည့်အချိန်၌ အခင်းဖြစ်ပွားသည့်နေရာရှိ တရားသူကြီးများ မည်သည့်နေရာသို့ ရောက်ရှိနေကြပေနည်း။ ထို့အပြင် မြန်မာနိုင်ငံရှိ အစ္စလာမ်သာသနာရေးရာ အဖွဲ့အစည်းကြီးများမှလည်း ဘယ်ရောက်နေမှန်း မသိလောက်အောင် ပျောက်ခြင်း မလှပျောက်နေကြပါတယ်ဗျာ။ ၄င်းတို့အနေဖြင့် မြန်မာနိုင်ငံရှိ အစ္စလာမ်ဘာသာဝင်များ၏ ကိုယ်စားလှယ်များဟုအမည်ခံ၍ ဖွဲ့စည်းထားသော အဖွဲ့အစည်းကြီးများ အဖြစ် နိုင်ငံတော်နှင့် နိုင်ငံတကာမှ အသိအမှတ်ပြုထားသော်လည်း အစ္စလာမ်ဘာသာဝင်များ အကြမ်းဖက်ခံနေရချိန်တွင် နိုင်ငံတွင်း တည်ဆဲဥပဒေများနှင့် နိုင်ငံတကာ ဥပဒေများအရ နိုင်ငံတော်နှင့် နိုင်ငံတကာ အဖွဲ့အစည်းများထံ အကြမ်းဖက်ခံ အစ္စလာမ်ဘာသာဝင်များအတွက် ဥပဒေအရကုစားမှုပေးရန် တောင်းဆိုနိုင်သော်လည်း တကြိမ်တခါကမှ ပွင့်လင်းမြင်သာစွာ တောင်းဆိုခဲ့ခြင်းမရှိပေ။ ကြောက်နေ၍လား ခြောက်နေ၍လား အဖွဲ့အစည်းကြီးတို့ ရေ ………
 
မည်သို့ဆိုစေ နိုင်ငံတော်အစိုးရအနေဖြင့်လည်း တည်ဆဲဥပဒေများအရ အကြမ်းဖက်မှုများကို အရေးယူခြင်းမရှိပဲ လှစ်လျှူရှုနေခြင်းမှာ ဒါဒို့အစိုးရလို့ သမိုင်းဝင်မော်ကွန်းထိုးရလောက်အောင် မြန်မာပြည်သူများအနေဖြင့် မော်ကြွားသင့်ပေသည်။
 
** ဆောင်းပါးရှင်၏ အမြင်နှင့် အာဘော်သာဖြစ်ပါသည်။
M-Media

No comments:

Post a Comment

Note: Only a member of this blog may post a comment.