Sunday, May 5, 2013

အင်ဒိုနီးရှားရှိ မြန်မာသံရုံးကို ဗုံးဖောက်ခွဲပြီး တုံန့်ပြန်မည်ဆိုသည့် အပေါ် သဘောထားအမြင်များ

 မေ-၄၊ ၂၀၁၃

KK
အင်ဒိုနီးရှားရှိ မြန်မာသံရုံးကို ဗုံးဖောက်ခွဲပြီး လက်စားချေတုံန့်ပြန်မည်ဆိုသည့်အပေါ် အစ္စလာမ်ဘာသာရေး အဖွဲ့ကြီး၏ သဘောထားအမြင်များကို ဆက်သွယ်မေးမြန်းချက်
မြန်မာနိုင်ငံ ရှိ အစ္စလာမ် ဘာသာဝင်များအား အကြမ်းဖက် တိုက်ခိုက် မီးရှို့သတ်ဖြတ်မှုများကြောင့် အင်ဒိုနီးရှားနိုင်ငံမှ မွတ်စလင်မ်များက အင်ဒိုနီးရှားမှ မြန်မာသံရုံးကို ဗုံးဖောက်ခွဲပြီး လက်စားချေတုံန့်ပြန်မည်ဆိုသည့်အပေါ် အစ္စလာမ် ဘာသာရေးအဖွဲ့ ခေါင်းဆောင်များ၏ သဘောထားအမြင်များကို ဆက်သွယ်မေးမြန်းရာ အဖွဲ့ကြီးကိုယ်စား ဟာဂျီဦးမြင့်ထွန်းမှ ဖြေကြားပေးထားတာ ဖြစ်ပါတယ်။
 
Q - အင်ဒိုနီးရှားမှာ မြန်မာသံရုံးကို ဗုံးဖောက်ခွဲပြီး လက်စားချေတုံန့်ပြန်မည်ဆိုသည့်အပေါ် အစ္စလာမ် ဘာသာရေးအဖွဲ့ ခေါင်းဆောင်များအနေနှင့် ဘယ်လိုသဘောထားအမြင်များရှိပါသလဲ။
ှA - အဲဒါနဲ့ပတ်သက်ရင် ကျွန်တော်တို့ ပြည်တွင်းမှာရှိတဲ့ မြန်မာမွတ်စလင်မ်အဖွဲ့အစည်းတွေအနေနဲ့ အကြမ်းဖက်မှုကို ဘယ်သူက ကျူးလွန် ကျူးလွန်၊ ဘယ်နေရာမှာပဲဖြစ်ဖြစ် ဘာအကြောင်းပြချက်နဲ့ပဲ ကျူးလွန် ကျူးလွန် အပြစ်မဲ့သူတွေ အသက်အိုးအိမ်စည်းစိမ် ပျက်စီး ဆုံးရှုံးတာကို ကျွန်တော်တို့ လက်မခံပါဘူး။ ဒါ အစ္စလာမ် ဘာသာရေးအဖွဲ့ကြီးရဲ့ သဘောထားပဲ။ မည်သည့်နေရာ၊ မည်သူက၊ မည်သည့်အကြောင်းပြချက်နဲ့ပဲဖြစ်ဖြစ် အပြစ်မဲ့သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ် မှန်သမျှ ပျက်စီးအောင် ကျူးလွန်တဲ့ အကြမ်းဖက်မှုမှန်သမျှကို ကျွန်တော်တို့ ဆန့်ကျင်တယ်၊ လက်မခံပါဘူး။
 
Q - ဟုတ်ကဲ့ ဒါက အကြမ်းဖက်မှုဆိုတာ လက်မခံဘူးဆိုတာပေါ့။ ဒါဆို လက်ရှိအကြမ်းဖက်ခံရမှုတွေကို ချုပ်ငြိမ်းအောင် အဓိကလုပ်ရမယ့်ကိစ္စက ဘာလုပ်သင့်တယ်လို့ မြင်ပါသလဲ။
A - အကြမ်းဖက်မှုကို ချုပ်ငြိမ်းအောင် လုပ်ဖို့ အဓိကကတော့ တရားဥပဒေစိုးမိုးမှုရှိဖို့။ တရားဥပဒေ စိုးမိုးမှု မရှိတဲ့အခါကျရင် လူတွေက တရားဥပဒေကို ယုံကြည်မှုအားနည်းလာပြီး မိမိစိတ်ထင်ရာကို ဆောင်ရွက်တတ်တယ်။ အဲလို စိတ်ထင်ရာဆောင်ရွက်တဲ့အခါကျ တရားမျှတမှုကို တစ်ခါ ကင်းကွာသွားစေတာပေါ့။
အဲဒါကြောင့်လည်း အခု မြန်မာပြည်မှာဖြစ်နေတဲ့ ကိစ္စတွေမှာ ကျွန်တော်တို့ အစ္စလာမ် မြန်မာမွတ်စလင်မ်အဖွဲ့အစည်းတွေက အစိုးရကို မေတ္တာရပ်ခံ ပန်ကြားနေတာ။
 
Q - ဟုတ်ကဲ့ ဘယ်လို ပန်ကြားမှုများ လုပ်ဆောင်နေပါသလဲ။
A - ဒီကိစ္စက ဘာသာရေးနဲ့ဆက်နွှယ်ပြီးတော့ နှီးနွှယ်ပြီးဖြစ်နေတဲ့ ကိစ္စတွေဖြစ်တယ်။ ဒါကြောင့် ဒီမြန်မာနိုင်ငံမှာ ဘာသာတစ်ခုနဲ့တစ်ခုကြားမှာ သဟဇာတရှိခဲ့တဲ့ ရင်းရင်းနှီးနှီးရှိခဲ့တဲ့ အစဉ်အလာကောင်းရှိခဲ့တယ်။ ဒီ အစဉ်အလာကောင်းကို ကြာရင် ထိခိုက်လာနိုင်စရာရှိတယ်။ ဒါကြောင့် တရားဥပဒေ စိုးမိုးရေးကို ချက်ချင်း အမြန်ဆုံး ဆောင်ရွက်ပေးဖို့အတွက် မေတ္တာရပ်ခံတာ။ ဘာဖြစ်လို့လဲဆိုတော့ ဒီကိစ္စမျိုးဟာ မြန်မာနိုင်ငံတင်မဟုတ်ပဲ အခြားဘက်တွေမှာပါ နားလည်မှုလွဲစေတဲ့အတွက် မေတ္တာရပ်ခံတာ။ ဒါကို မြန်မြန်ချုပ်ငြိမ်းအောင်လုပ်ပေးဖို့။ မုန်းစကို တိုစေ ချစ်စကို ရှည်စေပေါ့။ အရင်က ရှိခဲ့တဲ့ သဟဇာတဖြစ်မှုကိုပဲ ကမ္ဘာကို ထုတ်ဖော်ပြသနိုင်ဖို့။ ဒီအမုန်းတရားတွေကို အမြန်ဆုံးပျောက်သွားအောင် တရားဥပဒေစိုးမိုးရေးကို ထိထိရောက်ရောက် ဆောင်ရွက်ပေးဖို့ မြန်မာမွတ်စလင်မ်အဖွဲ့တွေက တောင်းဆိုနေတာ။ ဒါပါပဲ။
 
Q - ဒါဆို အခု လက်စားချေ တုန့်ပြန်မယ်ဆိုတဲ့ အပေါ်မှာ ဘာများ ထပ်မံ ဖြည့်စွက်ပြောချင်ပါလဲ။
A - အကြမ်းဖက်မှုနဲ့ အစ္စလာမ်သာသနာကို ပြောမယ်ဆိုရင် အစ္စလာမ်သာသနာမှာ အကယ်၍ စစ်မက်ဖြစ်ပွားနေတဲ့အချိန်မှာတောင်မှ အပြစ်မဲ့ ပြည်သူကို မသတ်ရဘူး။ အမျိုးသမီးတွေကို မသတ်ရဘူး။ ကလေးတွေကို မသတ်ရဘူး။ သာသနာ့ဝန်ထမ်းတွေကို မသတ်ရဘူး။ ရေတွင်းရေကန်တွေနဲ့ သစ်ပင်ပန်းမာန်တွေကို ဖျက်ဆီးမှု မပြုရဘူး။ စစ်ပွဲမှာတောင်မှ ဒါမျိုး စည်းကမ်းရှိတယ်။ ဒီလို အရပ်ဘက်တွေကို ပစ်မှတ်ထားပြီး ဥပမာ – လူတစ်ယောက်က သို့မဟုတ်ရင် လူတစ်စုရဲ့ ဆောင်ရွက်ချက်ကို မကျေနပ်လို့ အဲဒီလူနဲ့ လူမျိုးတူတဲ့လူ၊ အဲ့ဒီလူနဲ့ ဘာသာတူတဲ့လူတွေကို ပစ်မှန်ထားပြီး ဆောင်ရွက်တဲ့ကိစ္စမှန်သမျှကို ပြင်းပြင်းထန်ထန် ရှုံ့ချတယ်။ နောက်ပြီးတော့ အပြစ်ကျူးလွန်ရင် အပြစ်ကျူးလွန်တဲ့သူကိုပဲ အပြစ်ပေးရမယ်။ အပြစ်မရှိတဲ့သူကို လူမျိုးတူလို၊ ဘာသာတူလို့ ပြစ်ဒဏ်ပေးခံရတာကို လုံးဝ မလိုလားပါဘူး။
 
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ နိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာေ၇းအဖွဲ့ကြီးမှ တာဝန်ရှိသူ တဦးဖြစ်သူ ဟာဂျီဦးမြင့်ထွန်းနဲ့ M-Media ဆက်သွယ်မေးမြန်းခဲ့တာဖြစ်ပါတယ်။
M-Media 

No comments:

Post a Comment

Note: Only a member of this blog may post a comment.