Wednesday, September 12, 2012

မြို့တောင်ငူရဲ့ ရင်ခွင်ထက်မှာ (၁)


 



ဆောင်းပါး~ ခေဋီဈက်အို

ဒုတိယမြန်မာနိုင်ငံတော်ရဲ့ နန်းစိုက်ရာ မြို့တော်ကြီး။

ဒီမြို့တော်ကြီးရဲ့အမည်ကတော့ “တောင်ငူ”ဟိုတုန်းက ကေတုမတီလို့ ခေါ်ခဲ့ပါတယ်။

ဒီမြို့တော်ကြီးမှာ ဘာတွေရှိသလဲဆိုတော့... မြို့ကို google earth ကကြည့်လိုက်ရင် လေးထောင့်စက်စက် မြင်ရမှာပါ။ ကျုံး၊ မြို့ရိုးကြီးတွေက မြို့ပတ်လည်ကို ကာရံထားပြီး ရထားနဲ့ တောင်ငူကို ဖြတ်သွားဖူးသူတိုင်း ရှေးဟောင်း မြို့ရိုးကြီးတွေကို မြင်တွေ့ရမှာပါ။ မြို့တွင်းမှာ မင်းတရား ဘုရင့်နောင် နန်းစိုက်ရာနေရာ၊ မင်းရွှေထီး ပျော်ပါးသောက်စားခဲ့တဲ့ ထန်းတော၊ လေးကျွန်းပါတဲ့

ကန်တော်ကြီးတို့နဲ့အတူ သမိုင်းအမွေအနစ်တွေ တန်ဘိုးမဖြတ်နိုင်အောင် များပြားလှတဲ့ နေရာတွေ ပေါများလှပါတယ်။

မြို့တော်ကြီးကို ဟိုင်းဝေးကားလမ်းမကနေ ၀င်လိုက်မယ်ဆိုရင် လမ်းမကျယ်ကြီးဖြစ်တဲ့ ဗိုလ်မှူးဖိုးကွန်းလမ်းပေါ်က မြို့အ၀င်မှာ (မကြာမီက နှစ်တစ်ရာပြည့်ပွဲတော်ကျင်းပခဲ့တဲ့) ခရစ်ယာန်ဘုရားကျောင်းကြီးကို တွေ့မြင်ရမှာပါ။ ခရစ်ယာန်ဘုရားကျောင်းကြီးကနေ မျက်နှာချင်းဆိုင်ကို ကြည့်လိုက်ပါက တောင်ငူမြို့ရဲ့ဗလီတွေထဲက အကြီးဆုံး “ငွေဇင်-ဂျာမေဗလီကြီး”ကို တွေ့မြင်ရမှာပါ။

ငွေဇင်ဂျာမေဗလီကို “ဗလီကြီး”လို့ပို၍ လူသိများပါတယ်။ ဗလီကြီးရဲ့ ၀န်းခြံထဲမှာ လှပတဲ့ ပန်းမာလ်များဝေဆာဖူးပွင့်နေတဲ့ ဥယျာဉ်ငယ်လေးကို စိတ်ချမ်းမြေ့ဖွယ် တွေ့မြင်ရမှာပါ။ ဗလီမှာ ဥယျာဉ်လေးတစ်ခု ရှိနေရတာ ဘာကြောင့်လဲဆိုတော့ အဲ့ဒီဗလီကြီးရဲ့ စောင့်ရှောက်ရေးဂေါပကအဖွဲ့ ဥက္ကဋ္ဌဖြစ်သူက အမျိုးသမီးကြီးတစ်ဦး ဖြစ်နေလို့ပါ။ မြန်မာပြည်က ဗလီတွေမှာ အမျိုးသမီး ဂေါပကဖြစ်တယ်ဆိုတာ သိပ်ကို ကြားဖူးကြမယ် မထင်ပါ။ အဲ့ဒီဥက္ကဋ္ဌကြီးအမည်ကတော့ ဟာဂျီမဒေါ်ငယ်လို့ ခေါ်ပါတယ်။ သူဟာ အခုတော့ ကွယ်လွန်သွားခဲ့ပါပြီ။

ဗလီကြီးရဲ့ တည်နေရာကတော့ ဗိုလ်မှူးဖိုးကွန်းလမ်းနဲ့ ကုန်သည်ကြီးလမ်းထောင့်လို့ ဆိုရမှာပါ။ အခုတော့ ပိတ်ထားဆဲပါ။ ဗလီကြီးကို ပဋိပက္ခတွေဖြစ်တဲ့အချိန်ကလဲ အကြမ်းဖက်သမားတွေ ၀င်ရောက်ဖျက်ဆီးခဲ့ခြင်း မရှိပေမဲ့ ယနေ့အချိန်ထိ ပိတ်ပင်ထားခြင်း ခံနေရဆဲဗလီကြီးပါ။

မြို့တောင်ငူမှာ ခရစ်ယာန်ဘုရားရှိခိုးကျောင်းတွေ အများကြီးရှိနေသလို ဗလီတွေ၊ ဘုန်ကျောင်းတွေ၊ ဟိန္ဒူ၊ ချစ်တီး ဘုရားကျောင်းတွေနဲ့ ဗုဒ္ဓဘာသာဘုရားတွေ၊ ဓမ္မာရုံတွေနဲ့ ဘုန်းကြီးကျောင်းတွေလဲ များစွာ ရှိနေခဲ့တာကြောင့် ရှေးယခင်ကတည်းက ဘာသာတရားတို့ လွတ်လပ်စွာ ထွန်းကားခဲ့တဲ့သက်သေအဖြစ် တွေ့မြင်ရမှာပါ။ ရပ်ကွက်ပေါင်း ၃၀လောက်ရှိတဲ့ ဒီမြို့တော်ကြီးဆီမှာ ဗလီ (၁၆)လုံးဟာလဲ ဝေဆာကြည်နူးစွာ ရှိခဲ့ပါတယ်။ ဒီအထဲမှာ နှစ်ပေါင်း ရာချီသက်တမ်းရှိတဲ့ ဗလီက (၁၅)လုံးဖြစ်ပါတယ်။

တောင်ငူမြို့မှာ ထူးခြားပြီး နှစ်သက်စရာကောင်းလှတဲ့ အချိန်လေးတစ်ခုရှိပါတယ်။ ဒါဟာ မြို့တော်ကြီးရဲ့ အလှတရားတစ်ခုလို့ တင်စားမယ်ဆိုရင် မှားမည် မထင်ပါ။ မနက်မိုးလင်းစအချိန် ခရစ်ယာန်ဘုရားကျောင်းများမှ ဘုရားကျောင်း ခေါင်းလောင်းသံများ၊ အစ္စလာမ်ဘာသာဝင်တို့ရဲ့ ဗလီမှ ၀တ်ပြုရန်ဆော်သြသံများ၊ ဘုန်းကြီးကျောင်းမှ တုန်ခေါက်သံများဟာ အသေအချာ ဇာတ်တိုက်ထားသလို နရီစည်းဝါးကိုက်ညီစွာနဲ့ စီးချက်ဝါးချက်ညီညီ ကြားနေရတဲ့အသံများပဲ ဖြစ်ပါတယ်။ ဒီလို နံနက်ချိန်ခါ တေးသံသာလို့ တင်စားရမယ့် ကြည်နူးဖွယ် သံစဉ်လေးတွေဟာ နေရာတိုင်းမှာ လူတိုင်း ကြားဖူးကြမည်မထင်ပါ။ တောင်ငူမြို့ရဲ့ အလှဆုံး အနှစ်သာရလေးပေါ့။ တကယ်တော့ မြို့တောင်ငူဟာ သံစဉ်တွေထွက်လာဖို့ ကြိုးပေါင်းများစွာနဲ့ ပေါင်းစည်းထားတဲ့ ဂစ်တာတစ်လက်လိုပါပဲ။

ဒီသံစဉ်ကို အကောင်းဆုံး ကြားရတဲ့ နေရာကတော့ တောင်ငူမြို့ရဲ့ အလယ်ဗဟိုက ရွှေဆံတော်စေတီတော်မြတ်ကြီးနားတ၀ိုက်မှာပါ။ ရွှေဆံတော်ဘုရားကြီးဟာ အရှေ့၊ အနောက်၊ တောင်၊ မြောက် မုဒ်လေးခုနဲ့ တည်ဆောက်ထားပြီး ရပ်ကွက်တစ်ခုစာမျှမကအောင် ကြီးမားကျယ်ဝန်းလှပြီး ဉာဏ်တော်အမြင့်ဟာလဲ ()ရှိတာကြောင့် တောင်ငူမြို့ကို ၀င်လာပါက အရင်ဆုံး ဖူးတွေ့ကြရတဲ့ ဘုရားကြီးဖြစ်ပြီး ဒီဘုရားကြီးရဲ့ လူအ၀င်အထွက် အများဆုံး အစည်ကားဆုံးဖြစ်တဲ့ အရှေ့ဘက်မုဒ်ကတော့ အထူးခြားဆုံးပါ။

မြို့တောင်ငူမှာ စံမြန်းခဲ့သူ မင်းရွှေထီးဟာ ဘုရားကြီးရဲ့ အရှေ့ဘက်မှဒ်ကို ဘာသာပေါင်းစုံ ချစ်ကြည်ရေးဆိုတဲ့ ပြယုဂ်အဖြစ် အမြော်အမြင်ကြီးစွာ ဖန်တီးတန်ဆာဆင်ခဲ့တယ်လို့ လူကြီးသူမများ ပြောတာ ကြားခဲ့ဖူးပါတယ်။ ဘုရားကြီးနဲ့ကပ်လျှက်မှာ ကမ္ဘာကျော်သာသနာကြီးနှစ်သွယ်ဖြစ်တဲ့ ခရစ်ယာန်နဲ့အစ္စလာမ်ဘာသာတို့ရဲ့ အမြတ်တနိုးထားရာ ကျောင်းဆောင်ကြီးတွေ ဆောက်လုပ်စေခဲ့ပါတယ်။ ဘုရားကြီး အရှေ့ဘက်မုဒ်ရဲ့ မြောက်ဘက်ကပ်လျှက်မှာ ခရစ်ယာန်ဘုရားရှိခိုးကျောင်းတည်ရှိပြီး၊ ဘုရားကြီးရဲ့ တောင်ဘက်ဘေးကပ်လျှက်မှာတော့ “ဟံသာဗလီ”အမည်ရှိတဲ့ အစ္စလာမ်ဘာသာဝင်တို့ရဲ့ဘုရားဝတ်ပြုကျောင်းတော် ရှိပါတယ်။ ဒီကျောင်းတော်နှစ်ခုကို တူညီတဲ့ ဧရိယာအကျယ်အ၀န်းများနဲ့အတူ ဘုရားကြီးရဲ့ ဘေးဘီဝဲယာမှာ ကပ်ထားတာက မြင်ရသူတိုင်းအတွက် ကြည်နူးဖွယ် မြင်ကွင်းလေး ဖြစ်စေခဲ့ပါတယ်။


(မင်းတရားတစ်ပင်ရွှေထီးဟာ ဦးခေါင်းထက်မှာ ရွှေရောင်အဆင်းရှိတဲ့ ဆံနွယ်တစ်ပင်ပါဝင်ကာ ဖွားမြင်လာခဲ့တာကြောင့် တစ်ပင်ဟူသောသင်္ကေတပါဝင်ကာ “တစ်ပင်ရွှေထီး”ဟု ခေါ်တွင်စေခဲ့ပြီး ထိုဆံတစ်ပင်အား ဘုရားတစ်စူ တည်ထားကိုယ်းကွယ်ခဲ့လို့ ထိုဘုရားကို “ရွှေဆံတော်”လို့ သမုတ်ခေါ်တွင်ခဲ့တယ်လို့ လူကြီးသူမများ ပြောပြတာကို မှတ်သားမိပါတယ်။ မင်းတရားရွှေထီးဟာ မြန်မာ့ရိုးရာ သဘာဝထန်းရည်တွေကို အလွန်ကြိုက်နှစ်သက်သူဖြစ်တာကြောင့် ထန်းတောများအား စနစ်တကျ ထားရှိခဲ့ပြီး ထန်းတောများမှာ အပေါင်းအသင်းများနဲ့ ထန်းရည်ကို နှစ်ခြိုက်စွာ သုံးဆောင်လေ့ရှိသူဖြစ်ပါတယ်။ ခေါ်ဆောင်သွားလေ့ရှိတဲ့ ပေါင်းသင်းချွေရံတွေထဲမှာ အစ္စလာမ်ဘာသာဝင်တွေ များစွာရှိခဲ့ကြောင်းလဲ သမိုင်းနားလည်သူများ ပြောပြခဲ့တာကို မှတ်သားမိပါတယ်။ မင်းတရားတပင်ရွှေထီးဟာ အစ္စလာမ်ဘာသာနဲ့ပတ်သက်တဲ့ အချို့အရာတွေကို သိရှိနားလည်သူ တီးမိခေါက်မိရှိသူဖြစ်တာကြောင့် အစ္စလာမ်ဘာသာဝင်တွေအတွက် မိမိတည်ထားကိုယ်းကွယ်ခဲ့တဲ့ အဆိုပါ စေတီတော်မြတ်ကြီးရဲ့ အနီးအပါးမှာ အစ္စလာမ်သာသနာတော်ရဲ့ ၀တ်ပြုရာ ဗလီကျောင်းဆောင်အား ဆောက်လုပ်ရန် နေရာချထားပေးခဲ့ခြင်းဖြစ်ကြောင်းကို လေ့လာမှတ်သားဖူးပါတယ်။)

ဘုရားလမ်းနဲ့ (၅)လမ်း လမ်းနှစ်ခုကြား၊ ရွှေဆံတော်စေတီတော်မြတ်ကြီးရဲ့ တောင်ဘက်မှာ တည်ရှိတဲ့ “ဟံသာဗလီ”ရဲ့ ၀န်းခြံက ကျယ်ဝန်းလှတာမို့ မြို့နယ်လုံးဆိုင်ရာ သာသနာ့ အခမ်းနားများအား ရံဖန်ရံခါ ကျင်းပပြုလုပ်လေ့ရှိပြီး တိတ်ဆိတ်သာယာ လွန်းတဲ့နေရာဖြစ်နေရတာကြောင့် ဗလီဝန်းအတွင်းမှာ ဆူဖီသူတော်စင်တို့ တရားကျင့်ကြံတဲ့ ခါန်ကာအဆောက်အအုံလေးတစ်ခုဟာလဲ တစ်ဖက်က ရွှေဆံတော်စေတီတော်ကြီးရဲ့ တရားအားထုတ်ရာ ရိပ်သာနဲ့အတူ ကျောချင်းကပ်၍ သပ်ရပ်စွာ တည်ရှိနေပါတယ်။

မနက်မိုးလင်းတဲ့အခါ ခရစ်ယာန်ဘုရားကျောင်းက ခေါင်းလောင်းသံ၊ ဗလီကျောင်းက ဆော်သြသံ၊ ဘုရားပေါ်က ဘုန်းကြီးကျောင်းများမှ တုန်ခေါက်သံများ လွင့်ပျံပြီး ကျက်သရေရှိခဲ့တဲ့ ဒီနေရာလေးက ဂစ်တာကြိုးတစ်ချောင်းပျက်သွားတဲ့အခါ သံစဉ်တွေ ပျက်ဆီးသွာရသလို ဟံသာဗလီကြီး ဖြိုချဖျက်ဆီးခြင်းခံလိုက်ရပြီးနောက်ပိုင်း သံစဉ်တွေ ဆွံ့အသွားခဲ့ရပါပြီ။

ဒုတိယမြန်မာနိုင်ငံတော်ရဲ့ အဘိုးမဖြတ်နိုင်တဲ့ သမိုင်းအမွေအနှစ်တစ်ခုအဖြစ် တည်ရှိနေခဲ့တဲ့ “ဟံသာဗလီ”ဟာ အခုဆို မြင်ကွင်းကနေ လုံးဝ ပျောက်ကွယ်သွားခဲ့ရပါပြီ။ ဘာကြောင့်လဲဆိုတော့ အစွန်းရောက် အကြမ်းဖက်သမားတွေရဲ့ ဖျက်ဆီးခြင်းကို ဦးစွာ ခံခဲ့ရပါတယ်။ မီးတင်ရှို့ခြင်း ခံခဲ့ရပါတယ်။ လုံခြုံရေးတာဝန်ကျ တပ်ရင်းများမှ စည်သည်များဟာ ညဘက်တွေမှာ သုံးညဆက်တိုက် ဖြိုချဖျက်ဆီးခဲ့လို ယခုအခါမှာတော့ ဗလီတည်ဆောက်ခဲ့ရာ အုတ်မြစ်ကိုသာ မြင်တွေ့ကြရတော့မှာပါ။ ဒါပေမဲ့ လေ့လာသူများ ၀င်ရောက်ကြည့်ရှုလို့ မရနိုင်အောင် တားမြစ်နယ်မြေ မည်သူမျှ မ၀င်ရလို့ ရေးသားထားပါတယ်။

လေးစားစွာဖြင့်-

ခေဋီဈက်အို



ဆက်ပါအုံးမည်။
http://www.myanmarmuslim.net/
မှကူးယူဖော်ပြပါသည်။

No comments:

Post a Comment

Note: Only a member of this blog may post a comment.