NLD က ကြားဖြတ်ရွေးကောက် ၀င်မယ့်နေရာတွေမှာ
မွတ်စလင်မျိုးဆက်သစ်လူငယ်အများစုကို နိုင်ငံသားစိစစ်ရေးကဒ်
ထုတ်မပေးလို့ဆိုတဲ့အသံတွေ ညံနေတယ်။ ၂၀၁၅ ဒုတိယလွှတ်တော်သက်တမ်းမှာ
အလုံးအရင်းတပ်ချီပြီး အသည်းကြားက မဲတစ်ပြားတွေနဲ့ မွတ်စလင်တိုင်းက NLD ကို
မဲပေးမှာ သေချာတာမို့ ပြည်ထောင်စုဝန်ကြီး ခင်ရီက ရေတိုရေရှည် စီမံကိန်း
မူဝါဒလမ်းစဉ်ဟောင်းအတိုင်း လ၀ကကို ဘေးတီးပြီး ဘိုနေမြဲ ကျားနေမြဲ
နှိပ်ကွပ်ဖို့ ဆော်သြနေဆဲပဲလို့ ဆိုကြတယ်။
နိုင်ငံခြားသားတရုတ်တွေ ငွေပေးပြီး နိုင်ငံသားကဒ် လုပ်နိုင်ပေမယ့်၊
မွတ်စလင်တွေကိုတော့ ငွေပေးရင်တောင် နိုင်ငံသားကဒ် ရရှိဖို့ ခက်ခဲနေသတဲ့။
ပြည်တွင်းဖြစ် နိုင်ငံခြားသားလုပ်ဖို့ မဟာစီမံကိန်းနဲ့ ပေါ်ပေါ်ထင်ထင်
လုပ်ဆောင်နေကြတယ်။
အမျိုးပျောက်မှာ စိုးကြောက်ပါ ၀ါဒစွဲကိုင်ထားဆဲ မျက်ကန်းမျိုးချစ်တွေက
လုံခြုံရေးအကြောင်းပြပြီး ကျားကျားမီးယပ် ပုံပျက်ပန်းပျက်လုပ်နေတာကို
အာဇာနည်နေ့ မကျင်းပရဲတာက သက်သေပြနေတယ်။
တကယ်တော့ အာဇာနည် ဗိုလ်ချုပ်အောင်ဆန်း၊ ဆရာကြီးဦးရာဇာတ်၊
ဒီဒုတ်ဦးဘချို၊ မန်းဘခိုင်၊ ဦးအောင်သန်း၊ မိုင်းပွန်စော်ဘွားကြီး၊
ရဲဘော်ထွေး၊ ရာဇ၀တ်အုပ်ဦးအုန်းမောင်ဆိုတဲ့ အာဇာနည်တွေထဲမှာ
ဆရာကြီးဦးရာဇာတ်၊ ရဲဘော်ထွေးနဲ့ ဦးအုန်းမောင်တို့ သုံးဦးဟာ
နိုင်ငံနဲ့လူမျိုးအတွက် အသက်စတေးပေးသွားတဲ့ မွတ်စလင်တွေ ဖြစ်နေတာကို
လူသိမှာ သိပ်ကြောက်တယ်။ သမိုင်းကို ပျောက်အောင် ဖျောက်ချင်ကြလို့
မျိုးဆက်သစ်လူငယ်တွေနဲ့ မွတ်စလင်သူရဲကောင်းတွေကို
မရင်းနှီးစေချင်တာကြောင့်ပါ။
ဒါတင်မကဘူး ပထမဆုံး ရန်ကုန်တက္ကသိုလ်ကျောင်းသားဥက္ကဋ္ဌဟာ ဦးရရှစ်ဆိုကလည်း
မွတ်စလင်ပဲ။ လွတ်လပ်ရေးရပြီးတော့ တက္ကသိုလ်ကျောင်းသား ဥက္ကဋ္ဌ ဦးရရှစ်က
မြန်မာနိုင်ငံရဲ့ ပထမဆုံး ပညာရေးဝန်ကြီးဖြစ်ခဲ့သလို မြန်မာနိုင်ငံရဲ့
ပထမဆုံး မြန်မာနိုင်ငံသမိုင်းကော်မရှင်ဥက္ကဋ္ဌ ဗိုလ်မှူးဘရှင်ဟာလဲ မွတ်စလင်ပါ။
ဗိုလ်ချုပ်အောင်ဆန်း တိုင်းရင်းသားတွေနဲ့ ပင်လုံစာချုပ် ချုပ်ဖို့ကိစ္စ
ပေါ်ပေါက်တုန်းကလည်း ဗိုလ်ချုပ်က “ပြန်မယ် ကိုဖေခင် လေယာဉ်ပျံစီစဉ်”လို့
ပြောတုန်းက ပင်လုံစာချုပ် ချုပ်ဖြစ်အောင် ကြိုးပမ်းခဲ့တဲ့ သံအမတ်ကြီး
ဦးဖေခင်ဟာလဲ မွတ်စလင်ပါပဲ။ နိုင်ငံခြားရေးဝန်ကြီး ဦးခင်မောင်လတ်၊
သံအမတ်ကြီး ဦးလှမောင်၊ ၀မ်အိုဝမ် ကျော်ဝင်းမောင်လို
နိုင်ငံ့ဂုဏ်ရည်ဆရာခြယ်၊ ဒါ့အပြင် ပြောမယ်ဆိုရင် တောင်သူလယ်သမားခေါင်းဆောင်
ဂဠုန်ဆရာစံရဲ့ ညာလက်ရုံးဖြစ်လို့ ကြိုးပေးခံရသူ ထိုးကွင်းမှင်ကြောင်တွေနဲ့
ဦးဒူးဒူးဟာလဲ မျိုးချစ်မြန်မာမွတ်စလင်ကြီး တစ်ဦးပါပဲ။ ဒီလို
နိုင်ငံနဲ့လူမျိုးအပေါ် သစ္စာရှိရှိ မျိုးချစ်စံပြ
မြန်မာမွတ်စလင်တွေရဲ့(လွတ်လပ်ရေးတိုက်ပွဲဝင်)သမိုင်းကို
မြေမြှုပ်သင်္ဂျိုလ်ပစ်ချင်လို့၊ မွတ်စလင်မျိုးဆက်သစ်တွေကို
နိုင်ငံသားစိစစ်ရေးကဒ်နဲ့ ဘေးကျပ်နံကျပ်ဖြစ်အောင် စနစ်တကျ နှိပ်ကွပ်နေတာ
ထင်ရှားပါတယ်။
ဦးဖေခင်၊ ဘားနတ်လက်ဒ၀စ် (မြန်မာနိုင်ငံဆိုင်ရာ ၀န်ကြီးရုံး အရာရှိ)၊ မစ္စတာ ဘော်တွမ်လေ၊ ဗိုလ်ချုပ်အောင်ဆန်း
တကယ်တော့ မဆီမဆိုင် လက်ပံသားဓားနဲ့ချိုင်ပြီး ပြင်ပကမ္ဘာက အနှိပ်ကွပ်ခံ
မွတ်စလင်တွေရဲ့ လှုပ်ရှားမှုကိုကြည့်ပြီး ခေတ်အဆက်ဆက် ပြည်မထဲမှာ
မွတ်စလင်သူပုန်ဆိုတာ မရှိခဲ့ပေမဲ့ လုံခြုံရေးနဲ့ ဘာသာရေးကို အကြောင်းပြပြီး
အစိုးရတိုင်းက မြန်မာမွတ်စလင်တွေကို Division Policy နဲ့ ဖိနှိပ်ခွဲခြား
အုပ်ချုပ်တာ ခံနေကြရတာပါ။
ဒါပေမဲ့ မြန်မာမွတ်စလင်တွေဟာ ဘိုးဘွားများရဲ့ မျိုးချစ်စိတ်ဓာတ်အမွေကို
ဆက်ခံပြီး သိသိကြီးနဲ့ ကျရာတာဝန်တွေကို ခေတ်အဆက်ဆက် ထမ်းဆောင်နေခဲ့ကြပေမဲ့
ထိုက်တန်တဲ့ ရာထူး၊ ဂုဏ်သိက္ခာ အဆင့်အတန်းကိုတော့ ဘယ်တုန်းကမှ မရခဲ့ကြပါဘူး။
မြန်မာနိုင်ငံမှာ ဥပဒေရေးဆွဲပြီး နှိပ်ကွပ်ခံနေရတဲ့လူမျိုးက
မြန်မာမွတ်စလင်တွေပဲ ဖြစ်ပါတယ်။ လုံခြုံရေးနဲ့ သံသယကြွေးကြော်သံတွေကို
ရေလဲသုံးပြီး လူ့အခွင့်အရေးကို မဟားဒယား အချိုးဖောက်ခံနေရတဲ့သူတွေက
မြန်မာနိုင်ငံမှာ ဒုတိယ ကိုယ်းကွယ်မှုဆိုင်ရာ လူဦးရေအများဆုံးဖြစ်တဲ့
မြန်မာမွတ်စလင်တွေပါ။
မြန်မာမွတ်စလင်တွေက ဒီမိုကရေစီခေတ်ကို တကယ်အမြန်ရောက်မှ တရားမျှတခြင်း၊
လွတ်လပ်ခြင်းနဲ့ လူ့အခွင့်အရေးကို ရကြမှာမို့ ဒါကိုမဖြစ်မနေ
ဆောင်ကျဉ်းပေးနိုင်မယ့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ကို
အလုံးအရင်းနဲ့ မဲပေးနိုင်ဖို့ တာဆူပြီး ကုန်းရုံးကြိုးစားနေချိန်မှာ
လတ်တစ်လုံးခြားဥပဒေတွေနဲ့ နိုင်ငံသားကဒ်မရအောင် စနစ်တကျ ပိရိစွာနဲ့ လုပ်ကြံ
လုပ်ဆောင်နေတာကြောင့် NLD ရေ ကယ်ပါအုံးဆိုတဲ့ အသံတွေ ကြားနေရတယ်။
စနေမောင်မောင် (ဘားမား)
http://www.myanmarmuslim.net/
မှကူးယူဖော်ပြပါသည်။

ဦးဖေခင်၊ ဘားနတ်လက်ဒ၀စ် (မြန်မာနိုင်ငံဆိုင်ရာ ၀န်ကြီးရုံး အရာရှိ)၊ မစ္စတာ ဘော်တွမ်လေ၊ ဗိုလ်ချုပ်အောင်ဆန်း
No comments:
Post a Comment
Note: Only a member of this blog may post a comment.