Thursday, September 6, 2012

နိုင်ငံရေး ဓါတ်စာ ရိုဟင်ဂျာ

ဌေးလွင်ဦး

လူတစ်ဦး၊ အဖွဲ့အစည်းတစ်ခု၊ အုပ်စုတစ်စု ဟာ သူရှင်သန်ဘို့၊ သူတို့ အင်အားထွားဘို့ သူတို့ သြဇာကြီးဘို့- ဓါတ်စာ ဆိုတာ လိုအပ်ပါတယ်။ ဒီအခါမှာ ရိုးသားဖြောင့်မတ်တဲ့လူ၊ အပြစ်ကင်းမှုကို လိုလားတဲ့ အုပ်စုနဲ့ အမှန် တရား ကိုမြတ်နိုးတဲ့ အဖွဲ့အစည်းတို့က- အနာဂါတ်မျိုးဆက်နဲ့ ရေရှည်ကိုသာ ကြည့်ပြီး အမှန်တရားပေါ်မှာ ရပ်တည်ကာ- လူသားများအကြား အနစ်နာခံ တရားမျှတတဲ့ ဓါတ်စာကိုသာ မှီဝဲလေ့ရှိပြီး-။ ဘယ်သူ သေသေ ငတေမာ ပြီးရော ဆိုတဲ့ လူ၊ အာဏာမက်တဲ့ အဖွဲ့အစည်းနဲ့ အသိုင်းအ၀ိုင်းတစ်ခု ကွဲပြဲသွားအောင် ဖန်တီးချင်တဲ့ အဖွဲ့အစည်းများက ငါတို့ ဖြစ်ချင်တာ လုပ်နိုင်ဘို့ လိုတယ်- ဘာဖြစ်ဖြစ် လုပ်မှာပဲ ဆိုပြီး လိမ်ညာကောက်ကျစ် အနိုင်ကျင့် ဗိုလ်ကျတတ်တဲ့ ဓါတ်စာများကို သုံးပြီး အင်အားထွားကြိုင်းအောင် ပြုမူဆောင်ရွက်လေ့ ရှိပါတယ်။

မြန်မာ့နိုင်ငံရေးအတွက်- အာဏာမက်တဲ့ အုပ်စုများက- မွတ်ဆလင်ကို ဓါတ်စာ နိုင်ငံရေး ဓါတ်စာ အဖြစ် နှစ် ပေါင်းများစွာ တည်ဆောက်ထားခဲ့ပါတယ်။ မွတ်ဆလင်ကို အမြင်စောင်း အထင်လွဲနေအောင် ရာစုနှစ်ဝက် ကျော် မြန်မာနိုင်ငံသားတွေရဲ့ နှလုံးသားထဲမှာ ပနက်ရိုက်ထားခဲ့ပါတယ်။ မြန်မာနိုင်ငံနေ မွတ်ဆလင်ထဲမှာမှ- လူများစု ဖြစ်တဲ့ ရိုဟင်ဂျာများကို မြန်မာနိုင်ငံ လွတ်လပ်ရေး ရယူစဉ်ကပဲ တရားဝင်တိုင်းရင်းသား အဖြစ် သတ် မှတ်ထားခဲ့ရာက အထူးမုန်း လူတန်းစား နိုင်ငံရေး ဓါတ်စာ အဖြစ် ရည်ရွယ်ချက်နဲ့ ဖန်တီးထားခဲ့ပါတယ်။

ဒီဓါတ်စာကို အကွက်ရရင် ရသလို၊ နိုင်ငံရေးမှာ သုံးနေခဲ့တာလည်း အကြိမ်ကြိမ်အလီလီပါ။ နိုင်ငံရေး အကြပ် အတည်း ဖြစ်လာတိုင်း- မွတ်ဆလင်ကို ကုလားဆိုင်း ဘုတ်တပ်ပြီး- ကုလား၊ ဗမာ အဓိကရုန်း ဖန်တီးခဲ့တာ လည်း အဖန်တရာ ကျေနေပါပြီ။

ဗိုလ်နေ၀င်းရဲ့ လမ်းစဉ်ကို ဆန့်ကျင်ပါတယ်လို့ နှစ်ပေါင်း ၂၀ ကျော် အော်ဟစ်ခဲ့တဲ့ နိုင်ငံရေး သမား ဆိုသူများ ကလည်း တစ်ကယ်တော့-၊ မိမိသာ အာဏာရမယ်ဆိုရင် ဗိုလ်နေ၀င်းဆီမှာ တပည့်ခံရခံရ ဆိုတဲ့ စိတ်ဓါတ်များ က ဘွားကနဲ့ ပေါ်လာပြီး- ရိုဟင်ဂျာ ကို နိုင်ငံရေး ဓါတ်စာ အဖြစ် ဆက်လက်မှီဝဲ ကောင်းနေဆဲပါ။

စစ်အစိုးရအောက်မှာ တစ်သက်လုံး စကားတစ်လုံးမှ မဟ နိုင်ခဲ့တဲ့ နိုင်ငံက ခွဲထွက်လိုတဲ့ ရခိုင်ခွဲထွက်ရေး သောင်းကျန်းသူများက- သူတို့အနေနဲ့ ရခိုင်နယ်ထဲမှာ တရားဝင် လက်နက်ကိုင်ဆောင်ခွင့်ရဘို့-၊ တရားဝင် လက်နက်ကိုင် လူစုနိုင်ဘို့- အကွက်ချောင်းနေခဲ့တာ ကြာပါပြီ။ အကွက်မရတော့ အကွက်ကို ဖန်တီးပြီး- ရိုဟင် ဂျာ ဓါတ်စာကို စတင်သုံးခဲ့ပါတယ်။

နိုင်ငံရေး အာဏာကို မက်မောကျနေတဲ့ နိုင်ငံရေးသမားကလည်း- ဗိုလ်နေ၀င်း စီမံပြီး မြေသြဇာအတိုင်း လူထု ထောက်ခံမှု ရလေမလားလို့- ချက်ချင်းလက်ငင်း ရိုဟင်ဂျာ ဆန့်ကျင်ရေး ဟစ်ကြွေးပြီး- ရိုဟင်ဂျာဆိုတဲ့ နိုင်ငံ ရေး ဓါတ်စာကို မြိန်ရေယှက်ရေ သုံးစွဲလိုက်ပြန်ပါတယ်။

ဒီမိုကရေစီ ဆိုတာကို နားမလည်နိုင်သေးတဲ့ နိုင်ငံရေး ၀န်ဆောင်တွေကြားမှာ မလှုပ်သာ၊ မလှုးသာ ဖြစ်ရတာ လား၊ ခွဲထွက်လိုသူတွေကို ဓါတ်စာချကျွေးလိုက်ပြီး စစ်တပ်သြဇာ ဖြန့်ကျက်လိုလို့ ဖြစ်လာမှာကို သိနေလျှက် မသိပြုလိုက်တာလားတော့ မပြောတတ်ဘူး- နိုင်ငံတော်သမ္မတကြီး ကိုယ်တိုင်ကလည်း ရိုဟင်ဂျာကို နိုင်ငံရေး ဓါတ်စာ အဖြစ် အသုံးပြုလိုက်တာတော့- ကမ္ဘာက သိသွားပါတယ်။

လူ့အခွင့်အရေး၊ ဒီမိုကရေစီအရေးကို ဦးဆောင်ဦးရွက် ဆောင်ရွက်ပေးနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ကိုယ် တိုင်လည်း- လူများစု အထင်လွဲပြီး လူထုထောက်ခံမှု လျှော့ပါးသွားမှာကို စိုးလို့ ထင်ပါရဲ့- ရိုဟင်ဂျာ မုန်းတီးရေး ဓါတ်စာကိုပဲ ကြိတ်မှိတ်မြိုချ လိုက်ပြန်ပါတယ်။

ဘာမဆိုင်ညာမဆိုင် ကေအင်ယူ အတွင်းရေးမှုးကိုယ်တိုင်သည်ပင်- ဘာဗဟုသုတမှ မရှိဘဲ-၊ ရိုဟင်ဂျာ ဆန့် ကျင်ရေး ဓါတ်စာကို သုံးဆောင်လိုက်ပါသေးတယ်။

နောက်ဆုံး မေတ္တာတရား ရင်ဝယ်ထားပါတယ်လို့ ရင့်ကျူးနေတဲ့ သင်္ကန်းဝတ်တွေ ကိုယ်တိုင်က သူတို့ကို မဲရွေးချယ်ခွင့် မဲပေးပိုင်ခွင့် မပေးထားတာကို တောင်းဆိုဘို့ ရိုဟင်ဂျာ မောင်းထုတ် ဆိုတဲ့ ဓါတ်စာကို မှီဝဲပြီး နိုင်ငံရေး အာဏာ တောင်းဆိုပါတော့တယ်။ ဒါကို နိုင်ငံရေး အကျဉ်းသားလို့ ခံယူထားတဲ့ သင်္ကန်းဝတ် ၀ီရသူက ဦးဆောင်ပြီး မန္တလေးမြို့မှာ စတင်လှုပ်ရှားပါတော့တယ်။

ပညာမဲ့ တစ်စောက်ကန်း ရခိုင်မျိုးချစ်များက သူတို့ရဲ့ အတွင်းစိတ်ကို မအောင့်နိုင် မထိမ်းနိုင်ဘဲ- ရခိုင်ကို ကာ ကွယ်ဘို့ ပြည်သူ့စစ်ဖွဲ့ခွင့်ပေးပါ၊ လက်နက်ကိုင်ခွင့်ပေးပါလို့ လူသိရှင်ကြား တောင်းဆိုသလို- ဘုန်းကြီးများက လည်း သူတို့အနေနဲ့ ရိုဟင်ဂျာ ဓါတ်စာကို သုံးပြီး ဆန္ဒပြရတာဟာ- “အခုလိုဆန္ဒပြပွဲတွေ ဆက်လက်ဆင်နွှဲ ရတာနဲ့ ပတ်သက်ပြီး မန္တလေး မဟာမုနိ ဘုရားကြီးတိုက်က ဆရာတော် ဦးကောမလက RFA ကို ခုလို မိန့်ကြား ပါတယ်။

"ဒီမြန်မာပြည်တွင်းမှာ ရှိနေတဲ့ ဦးပဉ္စင်းတို့ သံဃာထုဟာ မဲပေးပိုင်ခွင့်မရှိဘူး။ တစ်ခုခု လုပ်ပိုင်ခွင့်မရှိဘူးဆိုတဲ့ ဘေးဖယ်ခြင်း ခံရမှုက မဟုတ်ဘူး။ ကမ္ဘာပေါ်မှာရှိတဲ့ NGO အဖွဲ့အစည်းတွေထဲမှာ ဗုဒ္ဓဘာသာထက်ကြီးတဲ့ အရပ်အဖွဲ့အစည်းဆိုတာ မရှိဘူး။ ဒါမျိုး ဖယ်ကြဉ်ခံရတာဟာ မလုပ်ကောင်းဘူး ဆိုတာကို သိဖို့အတွက် ဦးပဉ္စင်းတို့က ထိုက်သင့်တဲ့ စည်းရုံးမှုနဲ့ ထိုက်သင့်တဲ့ လုပ်အားကို ပြဖို့လာတာ"(၂၀၁၂ စက်တင်ဘာ ၅ ရက် အာအာက်ဖ်အေ)။

လို့ သင်္ကန်းပြပြီး လူထုကို လှည့်စားကာ နိုင်ငံရေးအာဏာကို စွက်ဖက်ဘို့ (မဲ ခွဲတမ်းတောင်းဘို့) ဖြစ်ကြောင်း ပေါ်တင်ပဲ ပြောလိုက်ပါတော့တယ်။

ဒီအချက်တွေကို စုလိုက်ရင် အာဏာရူးများအနေနဲ့ ရိုဟင်ဂျာနဲ့ မြန်မာမွတ်ဆလင်များကို နိုင်ငံရေး ဓါတ်စာ အဖြစ် အသုံးပြုပြီး မြန်မာလူထုကို လှည့်စားကာ အာဏာလုနေကြောင်း- ထင်ရှားလှပါတော့တယ်။
http://www.myanmarmuslim.net
မှကူးယူဖော်ပြပါသည်။

No comments:

Post a Comment

Note: Only a member of this blog may post a comment.