Tuesday, January 22, 2013

အာဇာနည် ခေါင်းဆောင်ကြီးများ ဂုဏ်ပြုပွဲနှင့် ဆရာကြီး ဦးရာဇတ် (၁၁၅)နှစ်မြောက် အခမ်းအနား ကျင်းပ

 သတင်း-ပသီဆောင်းနှင်းမှုံ
U rakak
ဓါတ်ပုံ-Pathi Zaw Min Tun
 
အာဇာနည်အမျိုးသား ခေါင်းဆောင်ကြီးများ ဂုဏ်ပြုပွဲနှင့်ဆရာကြီး ဦးရာဇတ်(၁၁၅)နှစ်မြောက် မွေးနေ့ အခမ်းအနားကို တနင်္ဂနွေနေ့ က ရန်ကုန်မြို့ The Strand Hotel တွင် ကျင်းပ ပြုလုပ်ရာ အာဇာနည်ခေါင်းဆောင်ကြီးများ၏ မိသားစုဝင်များ၊ဘာသာပေါင်းစုံမှ ဆရာတော်များ၊နိုင်ငံရေး နယ်ပယ်မှ ခေါင်းဆောင်များ၊သံတမန်များ၊ဆရာကြီး၏ တပည့်သားမြေးများ၊ဆရာကြီးအား ချစ်ခင်လေးစား ကြည်ညှိကြသူ မြန်မာပြည် တလွှားမှ ဧည်သည်တော်များ နှင့် သတင်းမီဒီယာများ တခဲနက်
တက်ရောက်အားပေး ဂုဏ်ပြုခဲ့ကြသည်။
 
အခမ်းအနားမှူးအဖြစ် ကျင်းပရေးကော်မတီမှ ဥက္ကဌ ဦးသူရ(ဇာဂနာ)က ဆောင်ရွက်ပြီး ကျဆုံးလေပြီသော အာဇာနည် ခေါင်းဆောင်ကြီးများအား ၁မိနစ်ခန့် ငြိမ်သက်၍ မေတ္တာပို့ ဆုတောင်း အလေးပြုခဲ့ကြသည်။ အနုပညာရှင်များ ဖြစ်ကြသော လူရွှင်တော် ဦးအရိုင်း၊ အဆိုတော် ရန်ပိုင်စိုး မစိုးစန္ဒာထွန်းတို့နှင့်အတူ တေးဂီတ ပညာရှင်မျာ မြိုင်မြိုင်ဆိုင်ဆိုင် တီးမှုတ် သီဆိုကာ အခမ်းအနားကို ဖွင့်လှစ်ခဲ့ကြောင်း သတင်းရရှိသည်။
 
ထို အခမ်းအနားတွင် ဆရာကြီး၏စိတ်နေစိတ်ထားကို ထင်ဟပ် ပေါ်လွင်စေမည့် ဗွီဒီယို ပြဇာတ်တစ်ခုကို ခန်းမ တစ်ခုလုံးကို အမှောင်ချကာ ၁၀မိနစ်ခန့် ပြသခဲ့ကြောင်း သိရသည်။
27
သီတဂူဆရာတော်၏ ကိုယ်စား ဆရာတော် အရှင် တိက္ခဥာဏ (ကထိက၊ သာသနာ့ဓဇ ဓမ္မာစာရိယ၊ B.A, M.A, သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်) သြ၀ါဒ မိန့်ကြားရတွင် “ဆရာကြီးဦးရာဇတ်တို့ရဲ့ထုံး နှလုံးမူကြကာ သူတို့ရဲ့ လမ်းစဉ်ကို အဆုံးအမကို လိုက်နာကြပြီး တိုင်းပြည်တွင်းမှာ ရှိကြတဲ့ လူမျိုး ဘာသာ အားလုံး ညီရင်းအစ်ကို မောင်ရင်းနှမပမာ တိုင်းပြည်ကောင်းကျိုး၊ မြန်မာ့အကျိုး စုပေါင်း သယ်ပိုးကြပါ။ ငြိမ်းချမ်းသာယာစွာ လက်တွဲနိုင်ကြဖို့ ကရုဏာ ခေါ် ကိုယ်ခြင်းစာတရားနဲ့ ပညာ ရှိကြဖို့လိုတယ်။
 
သူက ဘယ်ဘာသာ ငါကဘာသာဆိုတဲ့ ခွဲခြားမှုကို အခြေမခံဘဲလူအချင်းချင်း လူလိုမြင်တတ်တဲ့ ကရုဏာတရား ရှိကြရမယ်။ တစ်နိုင်ငံထဲမှာ နေထိုင်ကြသူအချင်းချင်း လက်တွဲသွားကြမယ်ဆိုရင် တို့ရဲ့နိုင်ငံတော် ခေတ်မီဖွံ့ဖြိုး တိုးတက်မယ်။ အာဇာနည်တို့ ဆုံမလမ်းညွှန်ခဲ့တဲ့အတိုင်း ဘာသာလူမျိုးကို အဓိမထားဘဲ တမိတဝမ်းထဲမှ ဖွားသည့် ညီနောင်များပမာ ကြိုးပမ်းတဲ့ အာဇာနည် မျိုးဆက်သစ် ဖြစ်ကြပါစေ။” စသဖြင့် မိန့်ကြားခဲ့ပါသည်။
 
ထိုနောက် NLD နာယကကြီးများဖြစ်သော ဦးတင်ဦးနှင့်ဦးဝင်းတင်၊ သိပ္ပံမှူးတင်၊၊ ပါမောက္ခ ဦးခင်မောင်ညွန့်၊ ၈၈ မျိုးဆက် မှခေါင်းဆောင်တစ်ဦး၊ AAPP မှ ကိုတိတ်နိုင် တို့က မိန့်ခွန်းပြောကြားပြီး၊ ဆရာကြီး ဒဂုန်တာရာ၏ ပေးပို့သော သဝဏ်လွှာကို ကိုဒီငြိမ်းလင်းက ဖတ်ကြားခဲ့သည်။
ထိုနောက် အခမ်းအနားကို ကျင်းပရေးကော်မတီမှ နာယကဖြစ်သူ အလင်းတန်းဂျာနယ်နှင့် ရွှေအမြုတေမဂ္ဂဇင်းမှ အယ်ဒီတာချုပ် ဦးဝင်းငြိမ်းမှ ကျေးဇူးတင်စကားပြောကြားပြီး အခမ်းအနားကို အောင်မြင်စွာ ရုတ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။
 
အခမ်းအနားကျင်းပရေးကော်မတီမှ ဦးတင်မောင်သန်းက“ ဒီပွဲက အာဇာနည် ခေါင်းဆောင်ကြီးတွေကို ဂုဏ်ပြုဖို့ အတွက် ကျင်းပရခြင်း ဖြစ်ပါတယ်။ဆရာကြီးနဲ့ ပတ်သပ်ပြီး အမှတ်ရစရာတွေ၊ တင်ပြစရာတွေ၊တင်ပြထားပြီးတာတွေကို ပြန်လည် ဖော်ထုတ်တာတွေ၊နောက်ထပ် တင်ပြဖို့ ကျန်တာတွေရော အများကြီး ရှိပါတယ်။အဲဒီထဲကနေ အကိုဇာဂနာက ဒီဗွီဒီယို ဇာတ်လမ်းတွဲကိုအဆိုပြုပါတယ်။ဒါလေးက လိုတိုရှင်းနဲ့ ဘာကိုပေါ်လွင်လဲ ဆိုတော့ ဆရာကြီးရဲ့ ဖြတ်ထိုးညဏ်၊စီမံခန့်ခွဲမူ၊စည်းရုံးရေး စွမ်းရည် တကယ့်ဆရာကောင်းပီပီ ကိုယ့်ကျောင်းသား ကိုယ့်ကျောင်း အတွက် ရှေ့ဆုံးကနေ ရဲရဲဝင့်ဝင့် ကိုယ်ကျိုးစွန့်တယ်ဆိုတာကို ဒီဇာတ်လမ်းမှာ ပေါ်လွင်နေပါတယ်။ဆရာကြီးဟာ အာဇာနည် မဖြစ်ခင်ထဲက သူ့မှာ အာဇာနည် စိတ်ဓာတ် အပြည့်အ၀ ရှိတာကို တွေ့ရပါတယ်။ဒါကြောင့် ဒီဇာတ်လမ်းမှတ်တမ်း ဖိနပ်ပြဇာတ်လေးကို ပြသရခြင်း ဖြစ်ပါတယ်”ဟု M-Media သို့ပြောကြားခဲ့သည်။
 
ဆရာကြီး ဦးရာဇတ်အဖြစ်ပါဝင် သရုပ်ဆောင်ထားသူ ဦးကျော်ဇေယျ(ရုပ်ရှင်သရုပ်ဆောင်)မှ “ဆရာကြီး နေရမှာ သရုပ်ဆောင်စဉ်က ကျွန်တော်ဆရာကြီး အကြောင်း လေ့လာဖို့ အချိန်အများကြီး မရခဲ့ပါဘူး။စီစဉ်တဲ့ ကိုသန်းထိုက်ရယ်၊ဒါရိုက်တာ ရယ်က ဆရာကြီးရဲ့ အလေ့အထ အပြုအမူလေးတွေကို ပြောပြပေးပါတယ်။ဆရာကြီးက စကားပြောတဲ့အခါ မေးလေးထိုးထိုးပြီး ပြောတတ်တာမျိုးလေး တွေက အစသဖြင့်ပေါ့။ဆရာကြီးရဲ့ အန္မြာ သိက္ခာနဲ့ နေတာ ထိုင်တာ ကြည့်တာ ပြောတာတွေကို ဂရုစိုက် လုပ်ရပါတယ်။ဆရာကြီးရဲ့နေရာမှာ သရုပ်ဆောင်ခွင့်ရတဲ့အတွက် ပြောမပြတက်အောင် ၀မ်းသာဂုဏ်ယူ မိပါတယ်။ကိုယ့်ကို ခေါ်ရိုက်တာကိုပဲ ကိုယ့်စိတ်ထဲမှာ အရမ်းကျေးဇူးတင်နေတာ”ဟု M-Media သို့ပြောကြားခဲ့သည်။
 
ဆရာကြီး ဦးရာဇတ်၏သား ဦးတင်မြင့်မှ “အခုလို ဂုဏ်ပြုပွဲ ကျင်းပ ပေးတဲ့အတွက် မိသားစု ကိုယ်စား အရမ်းကျေးဇူးတင် ၀မ်းမြောက်မိပါတယ်။ဒီပွဲ ဖြစ်မြောက်ဖို့ အခက်အခဲတွေ ရှိတဲ့အထဲက အခမ်းအနားကြီး ခုလို ဖြစ်မြောက် အောင်မြင်အောင် ပြုလုပ်ခဲ့တဲ့ အတွက် ကျင်းပရေးကော်မတီနှင့် ပါဝင်ကူညီသူ အားလုံးကို ချီးကျူးမိပါတယ ကျွန်တော်အဖေ အကြောင်းကို ကျွန်တော်တို့ သိပေမယ့် အခုလို လူသိရှင်ကြား ပွင့်ပွင့်လင်းလင်း တင်ပြပေးတဲ့အပေါ် မှာ ကြက်သီးမွှေး ထရလောက်အောင် ဂုဏ်ယူ ၀မ်းမြောက်မိပါတယ်”ဟု M-Media သို့ပြောကြားခဲ့သည်။
 
အဆိုတော် ဦးရန်ပိုင်စိုးကလည်း“အခုလို အေးအေးချမ်းချမ်း စည်းစည်းလုံးလုံး နေခွင့် ရတာဟာ မြန်မာပြည်ကြီး လွတ်လပ်ရေး ရထားလို့ပါ။ဒီလို နေခွင့်ရအောင် အသက်စွန့်ပြီး လုပ်သွားတဲ့ ကျေးဇူးရှင်တွေကို အခုလို သီဆိုပြီး အတိုင်းအတွာလေး တစ်ခု အနေနဲ့ ဆပ်ခွင့်ရတာကိုပဲ အရမ်းဝမ်းသာမိပါတယ်။ဆရာကြီးဟာ သူနေထိုင်တဲ့မြန်မာပြည်ကြီးကို ဘယ်လောက်ချစ်ပြီး ဘယ်လောက်ထိ လုပ်ဆောင်သွားလဲဆိုရင် နောက်ဆုံး အသက်ပါ ပါသွားတဲ့ အထိပါပဲ” ဟု M-Media သို့ပြောကြားခဲ့သည်။
ဦးဝဏ္ဏရွှေမှလည်း “၁၁၅နှစ်မြောက်ဆရာကြီး ဦးရာဇာတ် အခမ်းအနား လုပ်ရခြင်း ရည်ရွယ်ချက်က ဆရာကြီးဟာ အစ္စလာမ် ဘာသာဝင်ထဲက စံပြ နိုင်ငံသားကောင်း တစ်ဦးလိုံ ပြောလိုံရတယ်။
 
သူဟာ ဘာသာရေးလည်း လေးစားတယ်၊နိုင်ငံတာဝန်လည်း ကျေပွန်တယ်၊အခြား ဘာသာဝင် ညီနောင်တွေနဲ့လည်း စံပြ သဟဇာတ ဖြစ်အောင်နေထိုင်တယ်။ခုခေတ် ကျွန်တော်တို့ အပါအ၀င်အားလုံး အတုယူနိုင်အောင်ပါ။ပြီးတော့ အခုဖြစ်ပေါ်နေတဲ့ အခြေအနေပေါ်မှာ ဘာသာပေါင်းစုံ ချစ်ကြည်ရေးက ရော်တိရော်ရဲ ဖြစ်နေတဲ့ အတွက် ဒီအခမ်းအနား လုပ်ခြင်းအားဖြစ် တစ်ချိန်တုန်းက တိုင်းပြည် အပေါ်မှာ ဘာသာပေါင်းစုံချစ်ခင်ရင်နှီးစွာ နေထိုင်ခဲ့တယ် ဆိုတာကို ပြန်ပြောင်း အောင်းမေ့ သတိရစေလိုတဲ့ အတွက်ဖြစ်ပါတယ်”ဟု M-Media သို့ပြောကြားခဲ့သည်။
 
  M-Media
မှ ကူးယူဖော်ပြပါသည်။

No comments:

Post a Comment

Note: Only a member of this blog may post a comment.