Monday, January 28, 2013

အစ္စရေးအား နိုင်ငံတကာ ရာဇ၀တ် ခုံရုံးတွင် တရားစွဲရန် ပါလက်စတိုင်း စီစဉ်နေ

ဇန်နဝါရီ ၂၇ ၊ ၂၀၁၃
 

israel-palestine-map
၁၉၆၇ ခုနှစ်တွင် အစ္စရေးနိုင်ငံမှ သိမ်းယူခဲ့သည့်နေရာဒေသများနှင့် အထူးသဖြင့် E-1 ဟုခေါ်သည့် ဂျေရုစလင်မြို့ဆင်ခြေဖုံးရှိ အငြင်းပွားနေသော နေရာ၌ ဆောက်လုပ်နေသော အစ္စရေး၏ တည်ဆောက်ရေးလုပ်ငန်းများကို ရပ်တန့်ရန် နိုင်ငံတကာ ရာဇ၀တ်ခုံရုံး(ICC)တွင် တရားစွဲရန် စီစဉ်လုပ်ဆောင်သွားမည်ဟု ပါလက်စတိုင်း နိုင်ငံခြားရေးဝန်ကြီး Riad Malki က ဆိုသည်။
 
“အကယ်၍ အစ္စရေးဘက်က E-1 လုပ်ငန်းနဲ့ ဂျေရုစလင် တ၀ိုက်မှာလုပ်နေတဲ့ အစီအစဉ်တွေကို ပြီးစီးအောင် ဆက်လက်ဆောင်ရွက်နေမယ်ဆိုရင်တော့ ကျနော်တို့နိုင်ငံတကာ ရာဇ၀တ်ခုံရုံးကို တိုင်ကြားသွားမှာပါ။ ကျနော်တို့မှာရွေးချယ်စရာမရှိပါဘူး။ အစ္စရေးရဲ့ ဆုံးဖြတ်ချက် အပေါ်မှာပဲ မူတည်ပါတယ်။”ဟု သူက ဆိုသည်။
 
ထိုကိစ္စနှင့် ပက်သက်၍ အစ္စရေး တာဝန်ရှိသူများကလည်း လျင်မြန်စွာပင် ပြန်လည်တုံ့ပြန်ခဲ့သည်။
“ဘယ်လို ကြိုတင်သတ်မှတ်ချက်မျိုးမှ မပါဘဲနဲ့ တိုက်ရိုက် ငြိမ်းချမ်းရေးဆွေးနွေး ညှိနှိုင်းမှုတွေကို ပြန်လုပ်ဖို့ အစ္စရေးက ဆက်လက်ဆောင်ရွက်သွားပါမယ်။ အကယ်၍ ပါလက်စတိုင်းက တစ်ဖက်သက် ရန်လိုတဲ့ လမ်းကြောင်းကို ရွေးချယ်မယ်ဆိုရင်တော့ သူတို့အနေနဲ့ ရှေ့ဆက်ရမယ့် ဘယ်လိုအခွင့်လမ်းမျိုးကို မဆို အခြေပျက်စေဖို့ ဆောက်ရွက်နေတာမျိုးသာ ဖြစ်မှာပါ။” ဟု အစ္စအရေးစိုးရ၏ ပြောရေးဆိုခွင့်ရှိသူ Mark Regev က ပြောကြားခဲ့သည်။
 
နိုင်ငံတကာရာဇ၀တ်ခုံရုံးသို့ တိုင်ကြားရန်မှာ နိုဝင်ဘာလ ကုလသမဂ္ဂ အထွေထွေ ညီလာခံက ကုလအဖွဲ့ဝင် မဟုတ်သည့် လေ့လာသူနိုင်ငံအဖြစ် ပါလက်စတိုင်းကို အဆင့်မြှင့်တင်ပေးပြီး နောက်ပိုင်းတွင် ပေါ်ထွက်လာခြင်းဖြစ်သည်။ အစ္စရေးဘက်ကလည်း လက်တုန့်ပြန်သည့် အနေဖြင့် E-1 ရှိ ဆောက်လုပ်ရေး လုပ်ငန်းများ အပါအ၀င် အရှေ့ဂျေရုစလင်နှင့် Ma’ale Adumim မြို့အကြားရှိ တည်ဆောက်ရေး လုပ်ငန်းစဉ်များကို ပြန်လည် ပြုလုပ်သွားမည်ဟု ပြောကြားခဲ့သည်။
 
ပါလက်စတိုင်းနိုင်ငံနှင့် ထိစပ်နေသည့် အဆောက်အဦးများဆောက်လုပ်ခြင်းမှာ လုံးဝ မဖြစ်နိုင်ဟုဆိုပြီး မြောက်ဘက်ရှိ ရာမာလာဒေသမှ တောင်ဘက်ရှိ ဘက်သလင်ဟန်သို့ သွားလာလှုပ်ရှားမှုကို ဟန့်တားထားသည်ဟု ပါလက်စတိုင်းက ဆိုသည်။ အစ္စရေးကပြုလုပ်နေသော ဆောက်လုပ်ရေး လုပ်ငန်းများကို နိုင်ငံတကာ အသိုင်းအ၀ိုင်းမှလည်း ထင်ထင်ပေါ်ပေါ် ဝေဖန်ပြောဆိုထားသည်။
 
နိုင်ငံတကာ ရာဇ၀တ်ခုံရုံး (ICC) တွင် လူမျိုးတုန်းသတ်ဖြတ်မှု၊ စစ်ရာဇ၀တ်မှုနှင့် အခြားသော လူ့အခွင့်အရေး ချိုးဖောက်မှုများအား တရားစီရင်လေ့ရှိသည်။ ပါလက်စတိုင်းအနေဖြင့် ပထမဦးစွာ ခုံရုံးနှင့် ဆက်သွယ်ရန် လျှောက်ထားရမည်ဖြစ်ပြီး ခုံရုံးက လက်ခံပါက အစ္စရေးနိုင်ငံအား တရားစွဲရမည်ဖြစ်သည်။
အနောက်ဘက် ကမ်းခြေတစ်လျှောက်ရှိ အစ္စရေးမှ ဆောက်လုပ်လျက်ရှိသော တံတိုင်းကို နိုင်ငံတကာ ရာဇ၀တ်ခုံရုံး(ICC) က တရားမ၀င်ဟု သတ်မှတ်ထားပြီးဖြစ်သည်။ ထိုတံတိုင်းကို အစ္စရေးက security barrier (လုံခြုံရေး အဆီးအတား) ဟု ခေါ်ပြီး ပါလက်စတိုင်းက wall (နံရံ) ဟု ခေါ်သည်။ အဆိုပါ တံတိုင်း တည်ဆောက်ရန် ပါလက်စတိုင်းနယ်မြေကို အစ္စရေးက သိမ်းပိုက်ထားကာ ပါလက်စတိုင်း၏ လွတ်လပ်စွာလှုပ်ရှားမှုကို ဟန့်တားထားသည်ဟုလည်း ICC က ဆိုသည်။
 
အစ္စရေးနိုင်ငံကမူ နိုင်ငံတကာရာဇ၀တ်ခုံရုံး၏ ဆုံးဖြတ်ချက်ကို လိုက်နာမှုမရှိဘဲ တည်ဆောက်ရေးလုပ်ငန်း များကို ဆက်လက်ဆောင်ရွက်လျက်ရှိသည်။“အဲဒီတံတိုင်း ဒါမှမဟုတ် E-1 နဲ့ ပက်သက်တဲ့ (ICC က) ဆုံးဖြတ်ချက်တောင်မှ သက်ရောက်မှုမရှိပါဘူး။ ဒါဟာ ထင်ရှားတဲ့ သာဓကပါပဲ” ဟု Birzeit တက္ကသိုလ်မှ ပါလက်စတိုင်း သမိုင်းပညာရှင် Saleh Abd Al-Jawad က ဆိုသည်။
 
“အဲဒါ(ICC တွင်တရားစွဲဆိုခြင်း) ဟာစိတ်ကူးကောင်း တစ်ခုလို့ ကျနော်ထင်ပါတယ်။ စိတ်ကူးယဉ် အိပ်မက်တစ်ခု ဖြစ်တယ်ဆိုရင်တောင်မှ တခုခုတော့ ပြောင်းလဲမှာပါ” ဟု အနောက်ဘက်ကမ်းခြေရှိ အစ္စရေး၏ တည်ဆောက်ရေး လုပ်ငန်းများနှင့် ပတ်သက်၍ ကုလသမ္မဂ္ဂလုံခြုံရေးကောင်စီမှ အထူးအစည်းအဝေး ကျင်းပပြီးနောက် Malki က ပြောဆိုခဲ့သည်။ အဆိုပါအစည်းအဝေးမှာ ကုလသမ္မဂ္ဂမှ ပါလက်စတိုင်းအား အဆင့်မြှင့်တင်ပေးပြီးနောက် ပထမဦးဆုံးကျင်းပသည့် အစည်းအဝေးဖြစ်သည်။
M-Media
မှ ကူးယူဖော်ပြပါသည်။

No comments:

Post a Comment

Note: Only a member of this blog may post a comment.