Wednesday, January 16, 2013

ဟာလီမာယာကွဘ် စင်ကာပူနိုင်ငံ၏ ပထမဆုံး အမျိုးသမီး လွှတ်တော် ဥက္ကဋ္ဌ ဖြစ်လာ

 
Mdm Halimah Yacob
Madam Halimah Yacob သည် စင်ကာပူ၏ ပထမဆုံး အမျိုးသမီး လွှတ်တော်ဥက္ကဌဖြစ်လာခဲ့ပြီး တနင်္လာနေ့ နေ့လည်မှစ၍ လွှတ်တော်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။
 
သူမသည် အစိုးရအဖွဲ့ဝင် ၀န်ကြီးတာဝန်မှ တနင်္ဂနွေနေ့က နှုတ်ထွက်ခဲ့လေသည်။ လိင်ပိုင်းဆိုင်ရာ ပြဿနာကြောင့် ၂၀၁၂ ခုနှစ် ဒီဇင်ဘာ ၁၂ ရက်နေ့က ရာထူးမှ နှုတ်ထွက်သွားခဲ့သော People’s Action Party ၏ ပါတီဝင်ဟောင်း Mr Michael Palmer ၏ နေရာကို တာဝန်ယူထမ်းဆောင်ခြင်းဖြစ်ပြီး လွှတ်တော်ဥက္ကဌအဖြစ် တာဝန်ထမ်းဆောင်ရန် ၀န်ကြီးချုပ် Lee Hsien Loong က အမည်စာရင်းတင်သွင်းခဲ့သည်။
 
လွှတ်တော်အတွင်း သူမ၏ ကိုယ်ပိုင်ပုံစံဖြင့် ပြောင်းလဲမှုလုပ်မည်ဟု Channel News Asia သို့ အစောပိုင်းက ပြောကြားထားခဲ့သည်။“လွှတ်တော် ဥက္ကဌနေရာဆိုတာ လုပ်ငန်းဆောင်တာတွေကို ကျွမ်းကျွမ်းကျင်ကျင် စနစ်တကျ စီမံခန့်ခွဲဖို့ဖြစ်ပါတယ်။ ပြီးတော့ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့လည်း အလုပ်တွေအများကြီးလုပ်ဖို့လည်း လိုအပ်ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ (လွှတ်တော်က) လူတိုင်းဟာ လွှတ်တော်ရဲ့ အဆင့်အတန်း၊ သြဇာတိက္ကမနဲ့ ဂုဏ်သိက္ခာကို ထိန်းသိမ်းဖို့ အရေးကြီးတဲ့ နေရာကနေ ပါဝင်နေလို့ပါပဲ။ ဒါဟာ သိပ်ကိုအရေးကြီးပါတယ်။” ဟု သူမကဆိုသည်။
 
ယခင် Madam Halimah တာဝန်ယူခဲ့သည့် လူမှုရေး နှင့် မိသားစုဖွံဖြိုးတိုးတက်ရေး ၀န်ကြီးဌာန ၀န်ကြီး နေရာတွင် မည်သူ တာဝန်ယူမည်ဆိုသည်ကို ထုတ်ဖေါ်ပြောကြားခြင်း မရှိသေးပေ။
သို့ရာတွင် Madam Halimah ကအဆိုပါတာဝန် ထမ်းဆောင်ရန်အတွက် လုံလောက်သော စိတ်အားထက်သန်မှု ရှိရမည်ဟု ဆိုသည်။
 
“အဲဒီ အလုပ်ကိုလုပ်ဖို့အတွက် စိတ်ဝင်စားတဲ့၊ စိတ်ဓာတ်ထက်သန်တဲ့လူမျိုး လိုအပ်ပါတယ်။ ဒီအလုပ်ဟာ အစီအစဉ်တွေ ချမှတ်ရုံတင် မဟုတ်ပါဘူး။ အလုပ်ကိုချစ်ရမယ်။ လူတွေနဲ့ဆက်ဆံတဲ့အခါမှာလည်း လူတွေကိုချစ်ရပါမယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျမတို့ဟာ မိသားစု အကျိုးဆောင်အဖွဲ့တွေ၊ လူမှုအကျိုးပြု အဖွဲ့တွေ၊ အများအကျိုးဆောင်ရွက်သူတွေ၊ စေတနာ့ဝန်ထမ်းတွေ စသဖြင့် ဆက်သွယ်ဆောင်ရွက်ရပါတယ်။ အဲဒီလူတွေနဲ့ ဆက်သွယ်ဆောင်ရွက်နိုင်ဖို့ လိုအပ်ပါတယ်။” ဟု သူက ရှင်းပြခဲ့သည်။
 
သူမနှစ်သက်သည့် လူမှုရေးလုပ်ငန်းဆောင်တာများကိုလည်း ဆက်လက်လုပ်ဆောင်သွားမည်ဟုဆိုသည်။
“ဒီလုပ်ငန်းဟာ ကျမ ဆက်လက်လုပ်ဆောင်သွားနိုင်မယ်လို့ မျှော်လင့်တဲ့ လုပ်ငန်းတစ်ခုပါ။ လိုအပ်နေသူတွေ၊ နွမ်းပါးသူတွေ၊ ဆင်းရဲသားတွေကို ကူညီရင်းနဲ့ လူမှုရေးအခန်း ကဏ္ဍတွေမှာ ဆက်လက်ချိတ်ဆက်ဆောင်ရွက်သွားမှာပါ။ MSF မှာ ကျမ လုပ်ဆောင်ခဲ့တဲ့၊ ကျမနှစ်သက်တဲ့ နယ်ပယ်က အမျိုးသမီးတွေနဲ့ ကလေးတွေအတွက် ဒါဟာ အရေးကြီးတယ်လို့ ကျမ ထင်ပါတယ်။ ဆက်လက်လုပ်ဆောင်သွားနိုင်လိမ့်မယ်လို့ ကျမမျှော်လင့်ပါတယ်။” လို့ ဟလီမာ ယာကွဘ်က ပြောကြားပါသည်။
 
ဟာလီမာယာကွဘ် ဟာ စင်္ကာပူ နိုင်ငံသမိုင်းတလျှောက် လွှတ်တော်ဥက္ကဌ ရာထူးတွင် ရွေးချယ်ခံရသော ပထမဆုံး အမျိုးသမီးစာရင်းဝင်သွားပြီ ဖြစ်သည်။
M-Media
မှ ကူးယူဖော်ပြပါသည်။

No comments:

Post a Comment

Note: Only a member of this blog may post a comment.