Wednesday, January 16, 2013

၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့ ဖိလစ်ပိုင်သို့  လေ့လာရေးခရီးသွား

 
၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့ ဖိလစ်ပိုင်သို့  လေ့လာရေးခရီးသွား
ကျော်ဟုန်း ။ ။ ဇန်နဝါရီ ။ ၁၄ ။ ၂၀၁၃ ။
မြန်မာ့ဒီမိုကရေစီရေးအတွက် အစဉ်တစိုက်ကြိုးစားလုပ်ဆောင်နေတဲ့ ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့ ဟာ ဇန်နဝါရီ ၊ ၁၄၊ ၂၀၁၃ ၊ တနင်္လာနေ့  နံနက်(၈)နာရီခွဲမှာ MAI လေကြောင်းလိုင်းဖြင့် ဖိလစ်ပိုင်နိုင်ငံကို ထွက်ခွာသွားပါတယ်။
ယခု ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့ ရဲ့ခရီးစဉ်ဟာ ငြိမ်းချမ်းရေးဆောင်ရွက်မှုနဲ့  ပဋိပက္ခများကို ဖြေရှင်း ဆောင်ရွက်နိုင်ရေးအတွက် နည်းလမ်းများ၊ လုပ်ဆောင်ဖွယ်ရာများကို လေ့လာရန်အတွက် ဖိလစ်ပိုင်ကို သွားရောက်ခဲ့တာဖြစ်ပါတယ်။
ယခုလေ့လာရေးခရီးစဉ်မှာ ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုအံ့ဘွယ်ကျော်၊ ကိုမင်းဇေယျာ၊ မမီးမီး၊ မနီလာသိန်း၊ ကိုဂျင်မီ၊ ကိုပြုံးချို၊ ကိုထွန်းမြင့်အောင်၊ ကိုမြအေး စတဲ့ (၁၆)ဦးပါဝင်ပါတယ်။ သူတို့ ဟာ ဖိလစ်ပိုင်မှာ ငြိမ်းချမ်းရေးဆောင်ရွက်မှုများနဲ့  လူမှုအခြေပြုလုပ်ငန်းများ ဆောင်ရွက်ပုံများကို အဓိကထား လေ့လာကြမှာဖြစ်ပြီး ဖိလစ်ပိုင်အစိုးရတာဝန်ရှိသူများ၊ ငြိမ်းချမ်းရေးအဖွဲ့ အစည်းများမှ ပုဂ္ဂိုလ်များ၊ အရပ်ဖက် လူမှုအဖွဲ့အစည်းများနဲ့ တွေ့ ဆုံဆွေးနွေးကြမှာဖြစ်ပါတယ်။ ဒီလေ့လာရေးခရီးစဉ်ဟာ ဇန်နဝါရီ (၁၄) မှ (၁၈) ရက် အထိဖြစ်ပါတယ်။

၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့ ကို ကမ္ဘောဒီးယားအခြေစိုက်တဲ့ ( ငြိမ်းချမ်းရေးနှင့် ပဋိပက္ခများလေ့လာရေး ဗဟိုအဖွဲ့ / Center Peace and Conflict Studies – CPCS) က ဖိတ်ခေါ်ခဲ့တာဖြစ်ပြီး ဒေါက်တာကျော်သူရဲ့ ပေါင်းကူးဖောင်ဒေးရှင်းမှ ကူညီဆောင်ရွက်ပေးတာလို့ လဲ သိရပါတယ်။

၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့ ဟာ မြန်မာ့ဒီမိုကရေစီရေးအတွက် စဉ်ဆက်မပြတ် ဆောင်ရွက်နေကြသူများပါ။ နှစ်ရှည်အကျဉ်းခံဘဝမှ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ထောင်မှ လွတ်ပြီးနောက်မှာ ပြည်တွင်းငြိမ်းချမ်းရေး၊ ပွင့်လင်းလူမှုအဖွဲ့ အစည်းများ ထူထောင်ရေးအတွက် ပြည်သူတွေနဲ့ နီးနီးကပ်ကပ် တွေ့ဆုံပြီး အမြင်ဖလှယ် ဆွေးနွေးကာ မြန်မာ့လူ့ဘောင် တိုးတက်စည်ပင်ဖို့  ကြိုးစားနေသူများဖြစ်ပါတယ်။ ယခုဖိလစ်ပိုင်လေ့လာရေးခရီးစဉ်ဟာ သူတို့အတွက် ပိုမိုကောင်းမွန်တဲ့ နိုင်ငံရပ်ခြားမှ အတွေ့အကြုံသစ်များ ရလိမ့်မယ်လို့  မျှော်လင့်ရပါတယ်။
မိုးမခ
မှ ကူးယူဖော်ပြပါသည်။

No comments:

Post a Comment

Note: Only a member of this blog may post a comment.