Monday, July 9, 2012

ဒေါ်အောင်ဆန်းစုကြည် နှင့် တရားဥပဒေစိုးမိုးရေး --- မောင်စီမံ (မဟာသိပ္ပံ)

ဒေါ်အောင်ဆန်းစုကြည် နှင့် တရားဥပဒေစိုးမိုးရေး --- မောင်စီမံ (မဟာသိပ္ပံ)





မောင်စီမံ (မဟာသိပ္ပံ)
ဒေါ်အောင်ဆန်းစုကြည်၏ ဇွန်လအတွင်း မြန်မာနိုင်ငံအတွင်းမှ ထွက်ခွာပြီး ပြန်လည်ရောက်ရှိခဲ့သော ၁၇-ကြာ ဥရောပခရီးစဉ်အား 'တရားဥပဒေ စိုးမိုးရေး ခရီးစဉ်' ဟုခေါ်က မှားမည်မထင်။ သတင်းစာ ရှင်းလင်းပွဲနှင့် မိန့်ခွန်းပြောကြားမှုများ အားလုံး အပါအဝင် တွေ့ဆုံဆွေးနွေးခန်းတိုင်းလိုလို၌ပင် 'တရားဥပဒေစိုးမိုးရေး'အကြောင်း အမြဲလွှမ်းမိုးနေ၍ဖြစ်သည်။

သို့သော်လည်း လက်ရှိတည်ဆဲ 'မတရားဥပဒေများ'ကို အမှန်တကယ် စိန်ခေါ်ပြောင်းလဲနိုင်ခြင်း မရှိပါက ဒေါ်စုကြည်၏ ယုံကြည်ချက်နှင့် ကတိကဝတ်များမှာ သဲထဲရေသွန်မျှသာ။

မြန်မာနိုင်ငံ အနောက်ဘက် ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာမွတ်စလင်တို့အရေး မေးခွန်းတက် လာလေတိုင်း ဒေါ်စုကြည်က 'တရားဥပဒေစိုးမိုးရေး'ဆိုသည့် အဖြေနှင့်ညှိ ဖြေသိမ့်ပစ်လိုက်၏။

ထိုရိုဟင်ဂျာမွတ်စလင်မ် လူနည်းစုတို့အား အာဏာရှင်ဦးနေဝင်း စစ်အစိုးရလက်ထက် ၁၉၈၂-နိုင်ငံသား ဥပဒေသစ် မတော်မတရားပြဌာန်း၍ ...

နှိပ်ကွပ်နိုင်ငံမဲ့စေခဲ့ပြီး ဌာနေရခိုင်လူမျိုးတို့ကသာမက လူများစု ဗုဒ္ဓဘာသာဝင် ဗမာလူမျိုးများကလည်း မလိုလားကြ။

ဇွန်လအတွင်း ရခိုင်ပြည်နယ်၌ ဖြစ်ပွါးခဲ့သော အဓိကရုန်းတလျောက် အတိုင်းသားမြင်ခဲ့ရသော မြန်မာနိုင်ငံသားအများစု၏ ရိုဟင်ဂျာဆန့်ကျင်ရေးလှုံ့ဆော်မှုကြီးကလည်း မည့်သည့်ခေါင်းဆောင် မည်သည့် နိုင်ငံရေးသမားမဆို ရိုဟင်ဂျာဘက်မှ မစို့မပို့ကလေး လိုက်ပြောမိခဲ့လျင်ပင် အချစ်ရှုံး ကိစ္စတုံးသွားမည့်အလား အမုန်းမျက်မာန် ပြခဲ့ကြ၏။ ဤအဖြစ်က ဒေါ်စုကြည်အား အကျပ်ရိုက် စေခဲ့သည် မှာလည်း ငြင်းမရနိုင်။ လူပေါင်းများစွာ သေကျေခဲ့၊ အိုးအိမ်ပေါင်းများစွာ ပျက်စီးဆုံးရှုံးခဲ့၊ မိသားစုပေါင်းများစွာ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ကြ၏။

သူမပြည်သူတွေ၏ စိတ်ကြိုက် အလိုလိုက် ရိုဟင်ဂျာဆန့်ကျင်ရေး ခင်းပြရန်ကား ကမ္ဘာ့ ငြိမ်းချမ်းရေး ခေါင်းဆောင်၊ တရားဥပဒေ စိုးမိုးရေး၏ ထွတ်ခေါင် ဒေါ်စုကြည်အဖို့ အဘယ်နည်းနှင့်မျှ ဝိနည်း မလွတ်။ တစ်လုံးတစ်ပါဒ စကားကျွံမိကပင် နိုင်ငံရေးအရရော ဂုဏ်သိက္ခာအရပါ မိမိကိုယ်မိမိ အဆုံးစီရင် မိနိုင်လေပြီ။ ထို့ကြောင့် 'တရားဥပဒေစိုးမိုးရေး' ဆိုသည်ဖြင့် လိမ္မာပါးနပ်စွာ တုံ့ပြန်ခဲ့၏။

သို့သော် 'တရားဥပဒေ အထက် မည်သူမှမရှိ' အဆိုအား လက်တွေ့၌ တထစ်ချယုံကြည်ရန် အလွန် ခက်ခဲသည့်အတိုင်း 'တရားဥပဒေ စိုးမိုးရေး' တကယ်ပင်မုချ ဖြစ်လာရန်မှာလည်း သံသယဖြစ်ဖွယ်ရာ။ ဒေါ်စုကြည်၏ မဟာဗျူဟာမှာကား စိန်ခေါ်မှုကြီးမားစွာ ရင်ဆိုင်ရမည်မှာ ဧကန်မလွဲ။ဥပဒေပြဌာန်း ရုံနှင့် မလုံလောက်၊ မမျှတသည့် ဥပဒေအမြောက်အများအားလည်း စိန်ခေါ်ရဦးမည်။ လျော်ကန်သည့် တည်ဆဲဥပဒေများလည်း အသက်ဝင်ဖို့ရန် ကြိုးပမ်းရဦးမည်။

ရိုဟင်ဂျာအရေး ပြန်တွေးကြည့်လိုက်လျင်ဖြင့် 'တရားဥပဒေ'သည်ပင် ဤပြသနာအပေါင်း၏ အရင်း အမြစ် ပေလားဟု လင်းပြသလိုလို။ နိုင်ငံမဲ့ခဲ့ရ၊ ဖိနှိပ်ခံကြရ၊ အတိဒုက္ခအပေါင်း သရဖူ ဆောင်းခဲ့ ကြရလေသမျှ ဤရိုဟင်ဂျာ မွတ်စလင်တို့အဖြစ်သနစ်မှာကား 'တရားဥပဒေစိုးမိုးရေး' ကင်းမဲ့၍ မဟုတ်၊ 'မတရားဥပဒေ' ကို 'တရားဥပဒေ' ဖြင့် စိုးမိုးလွှမ်းခြုံမီးလောင်တိုက်သွင်း လိုက်ခြင်းသာပင်။ ၁၉၈၂-ခုနှစ် နိုင်ငံသားဖြစ်ခွင့် 'ဥပဒေ'ကြီးမှတပါး အခြားမရှိ။

ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် နယ်နိမိတ်ထိစပ်နေသော မြန်မာနိုင်ငံအနောက်ဘက် ရခိုင်ပြည်နယ်ရှိ မွတ်စလင်ပြည်သူပြည်သားတို့မှာကား 'ရိုဟင်ဂျာ'မက အဘယ်သို့အမည်တပ်သည်ဖြစ်စေ၊ မည်သို့ပင် သမုတ်ခံရသည်ဖြစ်စေ ဤမြေ၊ ဤရေ၊ ဤဒေသ၌ ရာစုပေါင်းများစွာ အခြေချ နေထိုင် လာခဲ့ကြသည်မှာ အငြင်းပွါးဖွယ် အလျင်းမရှိ။ 'ရခိုင်တိုင်းရင်းသား'များ အပါအဝင် နယ်စပ်ဒေသနေ လူမျိုးစုတိုင်းကဲ့သို့ နယ်ခြားနှစ်ဖက် ကူးခတ်သွားလာ ဖောက်ကားအခြေချကြသည်မှာကား ဓမ္မတာ။

စစ်အာဏာရှင်ကြီး ဦးနေဝင်းကာလ တလျောက် သေမင်းတမန် စစ်ခင်းနင်းရုံမက ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ သူ့အစွန်းရောက်အလိုကျ အဓမ္မပြင်ပြီး ဒေသဌာနေ 'ရိုဟင်ဂျာ တိုင်းရင်းသား'တို့အား မတရားအသင်းကြေညာ အမြစ်ဖြုတ် ခဲ့သည်မှာကား 'ကိုးကွယ်ယုံကြည်မှု' မတူကွဲပြားခြင်းမှတပါး အခြားအကြောင်းပြရန် ခက်ခဲလှပါဘိ။ ၁၉၇၀-ကျော်မှစ ရိုဟင်ဂျာတို့ဘဝ အတိဒုက္ခမှာ စာဖွဲ့ရန် ပင်မလွယ်။ ၁၉၈၂-ခုနှစ် နိုင်ငံသားဖြစ်ခွင့် 'ဥပဒေ'က ၁၈၂၄-ခုနှစ်မတိုင်ခင် တိုင်းပြည်နယ်နိမိတ် အတွင်း အခြေချခဲ့သော လူမျိုးစုများသာ ဌာနေတိုင်းရင်းသား ဖြစ်သည်ဆို၏။

ထို့ကြောင့် 'တရားဥပဒေစိုးမိုးရေး' အကြောင်းမှာ စိတ်ကူးသက်သက်ဖြင့် မပြီး၊ အပြောသက်သက်ဖြင့် အရာမရောက်၊ အဟောသက်သက်ဖြင့် မပြည့်စုံ၊ အမှန်တကယ် လက်တွေ့ကျကျ စိတ်ခေါ်ပြုပြင် ပြောင်း လဲနိုင်မှသာ အနှစ်သာရရှိနိုင်မည်။ ဒေါ်စုကြည်၏ ရှေ့မတိုး၊ နောက်မဆုတ် ပရိယာယ်မှာကား ယခုနေ မဟာဗျူဟာ မြောက်သည်ဟု အထင်ရောက်နိုင်သော်လည်း သူမမိန့်ကြားထားသည့်အတိုင်း တိကျခိုင်မာသည့် 'တရားဥပဒေစိုးမိုးရေး' နှင့် 'နိုင်ငံသားဥပဒေ' အခါမနှောင်းခင် ထွက်ပေါ်လာရန် လက်တွေ့ကျကျ ဆောင်ရွက်ရမည်။

သို့တည်းမဟုတ်ပါက 'မြန်မာ့ဒီမိုကရေစီ ပြောင်းလဲရေးလမ်းစဉ်'မှာ 'သိုးရေခြုံသော ဝံပုလွေ' သက်သက် သာဟု အထင်ရောက်စရာ ရှိသည်သာမက ဒေါ်စုကြည်၏ 'တရားဥပဒေ စိုးမိုးရေး' မှာလည်း ထာဝရပင် 'ရွှေပြည်တော် မျှော်တိုင်းဝေး' နေတော့မည်သာ။


မောင်စီမံ (မဟာသိပ္ပံ)


စာရေးသူ၏အာဘော်သာဖြစ်ပါသည်
http://www.myanmarmuslim.net/news.php?extend.740
မှ ကူးယူဖော်ပြပါသည်။

No comments:

Post a Comment

Note: Only a member of this blog may post a comment.