Sunday, July 15, 2012

ကံဆိုးမသွားရာ မိုးလိုက်လို့ရွာလေသလား


    မောင်စီမံ (မဟာသိပ္ပံ)

              မြန်မာနိုင်ငံ အနောက်ဘက်ဒေသ ရခိုင်ပြည်နယ်၌ ဖြစ်ပေါ်ခဲ့သော မြန်မာမွတ်စလင် ၁၀-ဦး
အား လူရမ်း ကားပေါင်း ၃၀၀-ခန့်က လွန်မင်းရက်စက်စွာ အကြမ်းဖက် ရိုက်နှက်သတ်ဖြတ် ခဲ့ခြင်း ကို
 ဖော်ထုတ် အရေး ယူရန် စစ်တပ်ကျောထောက်နောက်ခံ အစိုးရသစ်က ပြည်ထဲရေး ဒု-ဝန်ကြီး
ဦးစီးသော စုံစမ်း စစ်ဆေးရေးကော်မရှင်အဖွဲ့ တာဝန်ပေးဖွဲ့စည်းခဲ့သော်လည်း လက်ရဖမ်းဆီး
ရမိထားသူ ရာဇဝတ်သား အကြမ်းဖက်သမား အနည်းငယ်အား အရေးယူစစ်ဆေးရာ၌ ရုံးတော်တွင်
မျက်မြင် သက်သေ ထွက်ဆိုပေး မည့်သူမရှိ၍ လူသတ်မှုဖြင့် ဖမ်းဆီးတရားစွဲ ဆိုနိုင်ရန် အခက်အခဲ
ရှိနေသေးကြောင်း သိရသိမှာ အောင့်သီးအောင့်သက်။
         ရခိုင်အမျိုးသမီးတစ်ဦးအား စော်ကားသတ်ဖြတ်လိုက်သည့် မွတ်စလင်ဆိုသည့်
အမျိုးသား ၃-ဦးကို ဖမ်းဆီးအကျဉ်းချထားပြီး များမကြာမီ ခေါင်းဆောင်ရာဇဝတ်သား "ထက်ထက်"
ဆိုသူက ရဲစခန်းတွင်း၌ လုံချည်စဖြင့် မိမိကိုယ်မိမိ အဆုံးစီရင်သွားသည့်သတင်းနှင့်
 ထို "ထက်ထက်"က ရခိုင်ဗုဒ္ဓဘာသာဖြစ်သည်ဆိုသော သတင်းအထောက်အထားများ တစ်စတစ်စ
ပျံ့နှံ့လာခြင်းများကလည်း ပဟေဋ္ဌိများဆန်နေရော့သလားဟု သံသယဖြစ်ဖွယ်။ ကျန်
၂-ဦးကိုမူ မကြာသေးမီက သေဒဏ်ပေးလိုက်၏။
                     အဓိကရုန်း စတင်ဖြစ်ပွါးရခြင်းမှာလည်း ရခိုင်အစွန်းရောက်များနှင့် ဒေသခံ အာဏာပိုင်
များ၏ မတော်မတရား ဖိနှိပ်စော်ကား မှုကြောင့်ဖြစ်ပြီး ပြည်တွင်းမီဒီယာတို့၏ ပူးပေါင်းဉာဏ်ဆင်
မှုမှာလည်း အပရိက လျော့တွက်၍မရ။ သမ္မတရုံးအကြီးအကဲ မှူးဇော် ခေါ် ဇော်ဌေး၏
ဖေ့ဘွတ် စာမျက်နှာပေါ် လီဆယ်ရေးသားမှုများကလည်း တခမ်းတနား မီးလောင်ရာ 
လေပင့်။ တစ်ဖက်နိုင်ငံမှ အကြမ်းဖက်သမားများ လက်နက်အလုံးအရင်းဖြင့် ဝင်ရောက် ကျူးကျော်
နှစ်နိုင်ငံ စစ်ဖြစ်သည့်နှယ် သိက္ခာမဲ့ လုပ်ကြံဖန်တီးရေးသားခဲ့၏။ မြေပြင်ပေါ် ရခိုင်အစွန်းရောက် များ၊
ဒေသခံ အာဏာပိုင်များနှင့် စစ်တပ်တို့ ပူးပေါင်းပြီး မွတ်စလင် လူနည်းစုအား
အတုန်းအရုံးသတ်ဖြတ်နေခိုက် အင်တာနက်ပေါ်လည်း လူမျိုးရေး၊ ဘာသာရေး မုန်းတီးမှုဝါဒမှိုင်း
တရစပ်ဖြန့်ကြ၏။
                      ရခိုင်အစွန်းရောက်ပါတီ ဥက္ကဌ " အေးမောင်"က ရခိုင်ပြည်ကို အစ္စရေးကဲ့သို့
ပြုလုပ်ရမည်၊ ထို မွတ်စလင်တို့ကို ခွဲခြားထား မောင်းထုတ်ရမည်၊ တတိယနိုင်ငံသို့ နှင်ထုတ်ရမည်
 စသဖြင့် ကြုံးဝါးရုံမက ပါတီသတင်းကြေညာချက်ပင် ထုတ်လိုက်၏။

                  ၈၈-မျိုးဆက် ကျောင်းသားခေါင်းဆောင် "ကိုကိုကြီး"ကလည်း "တိုင်းရင်းသားမဟုတ်၊
ကျူးကျော်သူများ၊ အချုပ်အခြာကိုထိပါးသူများ"ဟု အချိန်အခါအစိုက် မီးမြှိုက်ပေးခဲ့၏။
                     ကနဦးအစ၌ တရားဥပဒေစိုးမိုးရေးနှင့် တိကျခိုင်မာသော နိုင်ငံသားဥပဒေ
ရှိရေး အလေးပေးခဲ့သော ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ခေါင်းဆောင်ကြီး ဒေါ်စုကြည်ကလည်း
တည့်တည့်မေးသောအခါ "ကျမ မသိပါ"ဟု မဟာဗျုဟာခင်းပြန်သော်လည်း သူ့ပါတီဝင်
သူ့နောက်လိုက် တို့က ထို မွတ်စလင်လူနည်းစုအား စွန့်ပယ်ဆန့်ကျင်သောအခါကျ ဆိတ်ဆိတ်
နေတော့လေ၏။

                      စစ်တွေတစ်မြို့ထဲ၌ပင် အိုးအိမ်ပေါင်း ၆၀၀၀-ကျော် မီးရှို့ဖျက်စီးခံရပြီး မွတ်စလင်
 မိသားစု အမြောက်အများ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသည့်အပြင် ဌာနေပြန်ရန် မျှော်လင့်ချက်မဲ့
 မြို့ပြင်အစွန်အဖျား ပို့ထားခြင်းခံနေရ၏။ ဈေးဆိုင်များလည်း လုယက် ခံလိုက်ရ၊
ဗလီဝတ်ကျောင်းတော်များလည်း ဖျက်ဆီးခံလိုက်ရသည့်အပြင် မြန်မာစစ်တပ်မှ
တိုင်းရင်းသားများအပေါ် အစဉ်အမြဲကျူးလွန်သော အပြစ်မဲ့ ဖမ်းဆီးနှိပ်ဆက်ခြင်း၊ အမျိုးသမီးများအား
အဓမ္မပြုကျင့်ခြင်း အစရှိသည့် သတင်းများ ရေပက်မဝင် ကြားနေရသည်မှာလည်း သမိုင်းတလျောက်
ပြန်ကြည့် လုံးဝငြင်း ကွယ်နိုင်စရာမရှိ။
                    အဓိကရုန်း ခေတ္တငြိမ်သက်သွားစဉ် မကြာသေးမီက ၁၈-နှစ်အရွယ် မွတ်စလင်
မိန်းကလေးငယ် တစ်ဦးအား "ခလရ ၂၃၂" မှ စစ်သား ၄-ဦးက နေ့ခင်းကြောင်တောင်ကြီး
စစ်ဆေးစရာရှိသည် ဟုဆိုကာ လိမ်လည်ခေါ်ဆိုသွားပြီး မုဒိန်းကျင့်သည်ကို ရွာလူကြီးအပြင်
ရွာသားအချို့ လက်ပူး လက်ကြပ် ဖမ်းဆီးနိုင်ခဲ့သည့်သတင်း မည်သည့်သတင်းမီဒီယာမမျှ တစိုးတစိ
အလျင်း ဖော်ပြခဲ့ခြင်း မရှိ။ မွတ်စလင်ပေါင်းများစွာ သေကျေပျက်စီးခဲ့ရသည့်အပြင် ကျန်ရှိမွတ်စလင်
လူငယ်များ၊ ပညာတတ်များ အပါအဝင် နိုင်ငံတကာအဖွဲ့အစည်း ဝန်ထမ်းများကိုပါ အလုံးအရင်း
 ဖမ်းဆီး ထားကြောင်းကိုလည်း ကမ္ဘာ့ကုလသမဂ္ဂနှင့် ကမ္ဘာ့လူ့အခွင့်အရေး
စောင့်ကြည့်ရေး အဖွဲ့တို့က အထောက်အထားများနှင့်တကွ ကမ္ဘာ့သိကြေညာထား၏။
                    မကြာမီက လွှတ်တော်ဥက္ကဌ "သူရရွှေမန်း"ဦးဆောင်သော
အစိုးရထိပ်တန်းအရာရှိများ ကွင်းဆင်းလှည့်လယ်သည့် အခါ၌လည်း ရခိုင်ဗုဒ္ဓဘာသာ များကိုသာ
 တွေ့ဆုံပြီး မွတ်စလင် ဒုက္ခသည်များမဆိုထားဘိ သူ့တို့ရွေးကောက်တင်မြှောက်ထားခဲ့သော
 မွတ်စလင်လွှတ်တော် အမတ်တို့ကိုပင် လက်ခံတွေ့ခဲ့ခြင်းမရှိပေ။ လတ်တလောရောက်ရှိခဲ့သော
"မင်းကိုနိုင်" ဦးဆောင်သည့် "ကိုကိုကြီး" အပါအဝင် ၈၈-မျိုးဆက်
ကျောင်းသားခေါင်းဆောင် များအဖွဲ့ကလည်း ရခိုင်ဗုဒ္ဓဘာသာ များထံသာ သွားရောက်ခဲ့ပြီး
 မွတ်စလင်ဒုက္ခ သည်များအား လုံးဝလျစ်လျူ ရှုခဲ့ကြသည်မှာ တစ်ဘဝလုံး လူ့အခွင့်အရေး
အတွက် တိုက်ပွဲဝင်ခဲ့ကြပါသည် ဆိုသူတို့၏ ရပ်တည်ချက်ကို ပြန်လည်ဆန်းစစ် မေးခွန်းထုတ်စရာ။
                      အာဏာပိုင်များ၊ ရခိုင်အစွန်းရောက်များနှင့် သားသတ်သမား မြန်မာစစ်သား
တို့၏ ဓားစက်အောက်မှ လွတ်ရာကျွတ်ရာ ဘာသာတူ လူမျိုးနီးစပ်သော တစ်ဖက်ဘင်္ဂလားသို့
ထွက်ပြေးသော်ငြား လည်း သူတို့အားအလိုမရှိ။ ပြန်လှည့်ပါက ဓားစက်အောက်မရောက်လျှင်ပင်
ငတ်တဖုံ ပြတ်တလှည့် အညွန့်တုံး သေပွဲဝင်မည်ကို သိသိကြီးနှင့်ပင် နှင်ထုတ်ခံရ
သည်မှာလည်း စို့နင့်ရင်နာစရာ။ အပြန်လမ်းခရီး မုန်တိုင်းမိ၍ သေဆုံးပျောက်ကွယ်သွားကြသူများ
မှာလည်း ဒုနဲ့ဒေး။ မကြာမီက ကမ်းရိုးတန်းတလျောက် မုန်တိုင်းဝင် မိုးသည်းထန်ပြီး ရေနစ်သေ
ဆုံးသူတို့ သတင်းများလည်း ဝမ်းနည်းဖွယ် ကြားသိလိုက်ရ၏။
ထို မွတ်စလင်လူနည်းစုတို့၏ အဖြစ်သနစ်ကား ပြေးစရာမြေမရှိ မည်သူကမှအလိုမရှိ "ကံဆိုးမ သွားရာ
 မိုးလိုက်လို့ရွာ" ဆိုသည်ထက်ပင် နှလုံးသွေးပျက် ကယ်တင်ရှင်မဲ့နေလေတော့သည်။

Burma’s Rohingya: A Denial of Citizenship and Human Rights (http://www.the-platform.org.uk/2012/07/12/burma’s-rohingya-a-denial-of-citizenship-and-human-rights/)ကို ကိုးကား၍ မောင်စီမံ (မဟာသိပ္ပံ) အာဘော်ပြု ရေးဖွဲ့သည်။

No comments:

Post a Comment

Note: Only a member of this blog may post a comment.