Friday, July 27, 2012

အင်ဒိုနီးရှားနိုင်ငံသားများ၏ အမုန်းဆုံးနိုင်ငံမှ အနှစ်သက်ဆုံးနိုင်ငံအဖြစ် သြစတေးလျ သတ်မှတ်ခံရ

အင်ဒိုနီးရှားရှိ ကျောင်းတစ်ကျောင်းမှ ကျောင်းသူကျောင်းသားများ
ဂျကာတာရှိ အစ္စလာမ့်တက္ကသိုလ် (State Islamic University) ၏ နှစ်ပတ်လည် စစ်တမ်းကောက်ယူမှုအရ သြစတေးလျနိုင်ငံသည် အင်ဒိုနီးရှားနိုင်ငံသားများကြားတွင် ဒုတိယ အမုန်းဆုံး နိုင်ငံစာရင်းမှ၊ ဒုတိယ အနှစ်သက်ဆုံးနိုင်ငံအဖြစ်သို့ ရောက်ရှိလာခဲ့သည်။
အာဖဂန်နစ္စတန်နှင့် အီရတ်နိုင်ငံများသို့ စစ်တပ်များစေလွှတ်ခြင်းနှင့် အစ္စရေးနိုင်ငံအား ထောက်ခံခဲ့ခြင်းတို့ကြောင့် ၂၀၀၆ ခုနှစ်က အင်ဒိုနီးရှားနိုင်ငံသားများ၏ ဒုတိယအမုန်းဆုံးနိုင်ငံအဖြစ် အမေရိကန်နိုင်ငံ၏ နောက်တွင် ရှိခဲ့သည်ဟု အဆိုပါတက္ကသိုလ်၏ ဒုတိယ ပါမောက္ခချုပ်ဖြစ်သူ ဒေါက်တာ မက်ရုဖ် ဂျမ်ဟရီ (Dr Makruf Jamhari) က ဆိုသည်။

သို့ရာတွင် ၂၀၁၁ခုနှစ် စစ်တမ်းအရ သြစတေးလျနိုင်ငံသည် ဆော်ဒီအာရေးဘီယားပြီးနောက် နိုင်ငံသားများ၏ ဒုတိယ အနှစ်သက်ဆုံးနိုင်ငံဖြစ်လာခဲ့သည်။ သြစတေးလျနိုင်ငံသားများ၏ မွတ်စလင်များအပေါ် ထားရှိသည့် သဘောထားများ သိသိသာသာ ပြောင်းလဲလာမှုမှာ အကူအညီဖြစ်ခဲ့ပြီး အဓိကအရေးပါဆုံး အချက်မှာ AusAid အစီအစဉ်ဖြစ်သည်ဟုဆိုသည်။ ထို အစီအစဉ်မှ အင်ဒိုနီးရှားနိုင်ငံ ဆင်းရဲသောဒေသများရှိ ကျောင်းသားပေါင်း သုံးသိန်းသုံးသောင်းကျော်အတွက် ကျောင်းပေါင်း၂၀၇၅ ကျောင်းကို ဆောက်လုပ်ပေးခဲ့ပြီး နောက်ထပ် နှစ်ထောင်ကိုလည်း ထပ်မံ ဆောက်လုပ်ပေးမည်ဟု ကတိပြုထားလေသည်။ အဆိုပါ အစီအစဉ်မှာ ဘာသာရေးသီးသန့် လိုရာဆွဲသင်ကြားသော ကျောင်းများထက် တရားဝင်သင်ရိုးညွှန်းတမ်းဖြင့် သင်ကြားသော အစ္စလာမ့်ဓမ္မသင်တန်းကျောင်းများနှင့် အတန်းပညာကျောင်းများ တည်ရှိခြင်းကို အထောက်အကူပြုခဲ့လေသည်။

အစ္စလာမ့်တက္ကသိုလ်(State Islamic University)နှင့် ဂျကာတာအနီး ဘိုဂေါ မြို့ရှိ လာထရိုဘီ တက္ကသိုလ် (La Trobe University) တို့ ပူးပေါင်း၍ လွန်ခဲ့သော သီတင်းပတ်က ကျင်းပပြုလုပ်ခဲ့သော အစည်းအဝေးအပြီးတွင် ဒေါက်တာ ဂျမ်ဟရီ (Dr Jamhari) က AusAid အစီအစဉ်သည် အခြားသော ပရောဂျက်များထက် အင်ဒိုနီးရှားတွင် ပို၍ ဆွဲဆောင်မှုရှိပြီး၊ ပညာတော်သင်ဆုများ တိုးလာခြင်း၊ အခြား ပညာရေးထောက်ပံ့မှုများကိုလည်း ပိုမို နှစ်သက်ကြသည်ဟု ဆိုသည်။

မိုနာရှ် (Monash University)တက္ကသိုလ်ရှိ အင်ဒိုနီးရှားကျွမ်းကျင်သူ ဘာတန်(Greg Barton) က အဆိုပါ AusAid အစီအစဉ်ကို ၂၀၀၂ခုနှစ် ဘာလီဗုံးဖောက်ခွဲမှုအပြီးတွင် အင်ဒိုနီးရှား၏ အကြမ်းဖက်တိုက်ဖျက်ရေးတပ်ဖွဲ့ Detachment 88 အား ကူညီခြင်းနှင့်အတူ အကြမ်းဖက်ဝါဒ ဆန့်ကျင်ရေး အစပျိုးမှုအဖြစ် စတင်ခဲ့သည်ဟုဆိုသည်။
“အင်ဒိုနီးရှားနိုင်ငံဟာ နှစ်ပေါင်းအတော်ကြာ ကျွန်တော်တို့ရဲ့အကူအညီကို အများဆုံး လက်ခံရရှိတဲ့နိုင်ငံပါ။ ဘာလီကိစ္စပြီးတဲ့နောက်ပိုင်း ကျွန်တော်တို့ အကြမ်းဖက်ဝါဒဆန့်ကျင်ရေးမှာ ပိုပြီးအားထည့်ဖို့လိုအပ်လာပါတယ်။ လုံးလုံးလျားလား ပါဝင်သင့်တယ်ဆိုတာကို ကျွန်နော်တို့ နားလည်သဘောပေါက်ခဲ့ပါတယ်။”
ဟု သူက ဆိုသည်။
ဆက်လက်၍ သူက အင်ဒိုနီးရှားနိုင်ငံတွင် ဘာသာရေးကျောင်းပေါင်း နှစ်သောင်းငါးထောင်ခန့်ရှိပြီး မူလတန်းအရွယ်ကလေးများ၏ ၄ ပုံ ၁ ပုံကို ပညာသင်ကြားပေးလျက်ရှိကာ အဆိုပါကျောင်းအများစုမှာ အလယ်အလတ်ကျောင်းများဖြစ်ပြီး အချို့မှာ Jemaah Islamiah ကဲ့သို့ အစွန်းရောက်ဝါဒကိုလိုလားသော ကျောင်းများဖြစ်သည်ဟု ဆိုသည်။
သြစတေးလျနိုင်ငံသည် ဘာလီဗုံးဖောက်ခွဲမှု ပြီးကတည်းက အင်ဒိုနီးရှားနိုင်ငံအား ခရီးသွားလာမှု စိုးရိမ်ဖွယ်ရာ အဆင့် ၃ အဖြစ်သတ်မှတ်ထားခဲ့သည်။ အဆိုပါ သတိပေးချက်သည် အင်ဒိုနီးရှား၏ ခရီးသွားလုပ်ငန်းကို များစွာထိခိုက်ခဲ့ပြီး ကျောင်းသားများနှင့် အလားအလာရှိသည့် ခရီးသွားများအတွက် အဟန့်အတားဖြစ်စေခဲ့သည်ဟု အစ္စလာမ့်တက္ကသိုလ် အစ္စလာမ်နှင့်လူ့အဖွဲ့အစည်းလေ့လာရေး စင်တာ၏ ဒါရိုက်တာဖြစ်သူ ဒေါက်တာ အလီ မုဟာနစ်(Dr Ali Munhanif) ကဆိုသည်။ သို့ရာတွင် သြစတေးလျ နိုင်ငံခြားရေးဝန်ကြီးဌာနက လွန်ခဲ့သောလတွင် စိုးရိမ်ဖွယ်ရာ အဆင့် ၂ အဖြစ်သို့ လျှော့ချခဲ့လေသည်။
ဝေဇင်
soruce – http://en.islamtoday.net/artshow-232-4476.htmhttp://news.mmsy.info/news/4627
မှကူးယူဖော်ပြပါသည်။

No comments:

Post a Comment

Note: Only a member of this blog may post a comment.