Tuesday, March 5, 2013

အမျိုးသားညီညွတ်ရေး ကွန်ဂရက်ပါတီ နိုင်ငံရေး ပါတီအဖြစ် မှတ်ပုံတင်ခွင့်ရ

မတ် ၄၊ ၂၀၁၃

ဇာဏီ
 
၁နှစ်ကျော် လျှောက်ထားပြီးနောက် အမျိုးသားညီညွတ်ရေး ကွန်ဂရက်ပါတီ နိုင်ငံရေး ပါတီအဖြစ် မှတ်ပုံတင်ခွင့်ရ
          
၂၀၁၂-ခု ဖေဖော်ဝါရီလမှ စတင်၍ ပါတီတည်ထောင်ခွင့် လျှောက်ထားခဲ့သော ပသီအမျိုးသား ကွန်ဂရက်ပါတီအား ၂၀၁၃-ခု၊ ဖေဖော်ဝါရီလ ၂၈-ရက်နေ့တွင် အမျိုးသားညီညွတ်ရေး ကွန်ဂရက်ပါတီ အမည်ဖြင့် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုလိုက်ကြောင်း သတင်းရရှိသည်။
 
အမျိုးသားညီညွတ်ရေးကွန်ဂရက်ပါတီအား ပြည်ထောင်စုမြန်မာနိုင်ငံတော်၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ နေပြည်တော်မှ ကြေညာချက်အမှတ်(၅/၂၀၀၃)၊ ပါတီမှတ်ပုံတင်အမှတ်(၆၂)ဖြင့် မှတ်ပုံတင်ခွင့်ပြုလိုက်ကြောင်းသိရသည်။
NPC
ယင်း အမျိုးသားညီညွတ်ရေးကွန်ဂရက်ပါတီ၏ ရည်ရွယ်ချက်မှာ
(က) ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အတွင်း မှီတင်းနေထိုင်းသော မြန်မာနိုင်ငံသူ မြန်မာနိုင်ငံသား လူမျိုးနွယ်စုအား ကိုယ်စားပြုသည့် အမျိုးသား အဖွဲ့အစည်းအဖြစ် ရပ်တည်သွားရန်၊
(ခ) မြန်မာနိုင်ငံသူ၊ နိုင်ငံသား လူမျိုးနွယ်စု အားလုံး၏ စည်းလုံးညီညွတ်မှု ရှိစေရေးကို ထိန်းသိမ်းဖော်ဆောင်သွားရန်၊
(ဂ) မြန်မာနိုင်ငံသူ၊ နိုင်ငံသား လူမျိုးနွယ်စုများအား အဆင့်အတန်းခွဲခြားမှု မရှိပဲ၊တရားမျှတခြင်း၊ လွတ်လပ်ခြင်း၊ တန်းတူညီမျှခြင်း၊ လွတ်လပ်စွာ ဖော်ထုတ်ရေးသားပြောဆိုနိုင်ခွင့် ရရှိစေရေး၊ လွတ်လပ်စွာ စီပွားကုန်သွယ်လုပ်ပိုင်ခွင့် ရရှိစေရေး စသည့် အခြေခံ ရပိုင်ခွင့်များကို ရရှိခံစားစေပြီး စစ်မှန်သော ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ကြီး ပေါ်ပေါက်လာစေရန် တို့ဖြစ်ပြီး
 
ပါတီ၏ မူဝါဒ သဘောထားမှာ
(က) မြန်မာနိုင်ငံသူ နိုင်ငံသားတိုင်း တန်းတူညီမျှရေး၊
(ခ) မြန်မာနိုင်ငံအတွင်းရှိ လူမျိုးစုများအားလုံး၏ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိရေး၊
(ဂ) ဒီမိုကရေစီ အခွင့်အရေး၊ အခြေခံလူ့အခွင့်အရေး ကျား/မဆိုင်ရာ တန်းတူညီမျှမှုရှိသော အချုပ်အခြာအာဏာပိုင်ခွင့်ရှိသော ပါတီစုံ ဒီမိုကရေစီ နိုင်ငံ ပေါ်ပေါက်ရေး၊
(ဃ) စစ်မှန်သော ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံ ပေါ်ပေါက်ရေး၊
(င) ဥပဒေပြုမူ အာဏာ၊ အချုပ်အခြာ အာဏာ၊ တရားစီရင်မှု အာဏာ အားလုံးတို့သည် နိုင်ငံသားတို့ထံမှလာသည်ဟု ခံယူထားကြောင်း သိရသည်။
 
ပါတီ၏လုပ်ငန်းစဉ်များအနေဖြင့် ပညာရေး ကျန်းမာရေး လူမှုရေးကိစ္စများအတွက် ကော်မတီများ ဖွဲ့စည်း ဆောင်ရွက်ရန်၊ ပုဂ္ဂိုလ်စွဲ ၀ါဒစွဲ ဂိုဏ်းဂဏအစွဲမထားရှိပဲ ရည်ရွယ်ချက်တူသည့် ပုဂ္ဂိုလ်၊ အဖွဲ့အစည်း ပါတီများနှင့် လက်တွဲဆောင်ရွက်ရန်၊ တိုင်းပြည်နှင့် လူမျိုးအတွက် အသက်၊ သွေး၊ ချွေးများ ပေးဆပ်ခဲ့သည် ခေါင်းဆောင်ကြီးများ၏ လမ်းညွှန်ဆုံးဖြတ်ချက်များအတိုင်း လိုက်နာ အကောင်အထည်ဖော် ဆောင်ရွက်ရန်၊ မြန်မာနိုင်ငံအတွင်းရှိ လူမျိုးစုများ၏ သမိုင်းကို ပြုစုရန်အတွက် တိုင်းရင်းသား လူမျိုးစုများ၏ စာပေ ယဉ်ကျေးမှုများကို ဖော်ထုတ်အားပေးရန်ဖြစ်ပြီး အမျိုးသားညီညွတ်ရေး ကွန်ဂရက်၏ ဆောင်ပုဒ်မှာ “အမျိုးသားရေးဝါဒမှ သွေးစည်းရေးဝါဒသို့” ဖြစ်ကြောင်းလည်း သိရသည်။
img057
အမျိုးသားညီညွတ်ရေးကွန်ဂရက် အလံတော်၏ အဓိပ္ပါယ်ဖွင့်ဆိုချက်မှာ – အနီရောင်သည် ရဲရင့်ခြင်း၊ သူရသတ္တိရှိခြင်း၊ နိုးကြားခြင်း သဘောကိုဆောင်ပြီး အဖြူရောင်သည် ဖြူစင်ခြင်း၊ ရိုးသားခြင်း၊ သစ္စာရှိခြင်း ဂုဏ်အင်္ဂါသဘောကိုဆောင်သည်။ ကြယ်သည် လူမျိုးအားလုံး စည်းလုံးညီညွတ်စွာစုပေါင်းနေထိုင်သော ပြည်ထောင်စု နိုင်ငံတော်ကို ရည်ညွှန်းကိုယ်စားပြုပြီး သံလွင်ခက်သည် ငြိမ်းချမ်းရေးနှင့် ညီညွတ်မှု၊ ကြီးပွားတိုးတက်ရေးနှင့် တန်းတူညီမျှရေးသဘောကို ဆောင်သည်ဟု သိရသည်။
 
ပါတီဝင်များလိုက်နာရမည့် စည်းကမ်းများမှာ -
(က) အသက် ၁၈-နှစ်ပြည့်သည့် ပါတီဝင်များ၊ မဲပေးနိုင်ခွင့်၊ ရွေးချယ်ခံပိုင်ခွင့်ရှိသည်။
(ခ) ပါတီ၏ စည်းမျဉ်း စည်းကမ်း ညွှန်ကြားချက်များကို လိုက်နာရမည်။
(ဂ) ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသား နိုင်ငံသားအားလုံး စည်းလုံးညီညွတ်ရေး၊ အချုပ်အခြာ တည်တံ့ခိုင်မြဲရေးတို့ကို အစဉ်အရေးထား လေးစားလိုက်နာရမည်။
(ဃ) တိုင်းရင်းသားလူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံနှင့် ချစ်ခင်မှု၊ နားလည်မှုကို လွဲမှားစေမည့် အပြုအမူ၊ အပြောအဆိုများကို ရှောင်ရှားရမည်။
(င) ပုဂ္ဂိုလ်စွဲ ၀ါဒစွဲ ဂုဏ်းဂဏအစွဲဖြင့် ပါတီပြိုကွဲစေသည့် အပြုအမူ၊ အပြောအဆိုများကို ရှောင်းရမည်။
(စ) ဒီမိုကရေစီကျင့်စဉ်အရ အများ၏ ဆုံးဖြတ်ချက်များကို လေးစား လိုက်နာရမည်။
အမျိုးသားညီညွတ်ရေးကွန်ဂရက် ပါတီဝင်ဖြစ်လိုပါက
(က) နိုင်ငံသား၊ ဧည့်နိုင်ငံသားနှင့် နိုင်ငံသားပြုခွင့်ရသူ၊ ယာယီသက်သေခံလက်မှတ် ကိုင်ဆောင်ထားသူတို့သည် သတ်မှတ်ထားသည့် ပုံစံဖြင့် ပါတီဝင်လျှောက်ထားပြီး
(ခ) ပါတီစည်းမျဉ်း စည်းကမ်းနှင့် ကိုက်ညီသူများကို ပါတီဝင်အဖြစ် အသိအမှတ်ပြုမည်ဖြစ်ကြောင်း သိရသည်။
 
အမျိုးသားညီညွတ်ရေးကွန်ဂရက်ပါတီသည် ၂၀၁၂-ခု ဖေဖော်ဝါရီလတွင် ပသီအမျိုးသား ကွန်ရက်အမည်ဖြင့် ပါတီတည်ထောင်ခွင့်လျှောက်ထားခဲ့သော်လည်း အကြောင်းမျိုးစုံပြကာ ပါတီ တည်ထောင်ခွင့် မရရှိခဲ့ပဲ ၂၀၁၂-ခု မေလ ၁၀-ရက်နေ့တွင် တွင် “ပါတီ၏ အမည်ကို အသစ်ပြန်လည်ရွေးချယ် တင်ပြရန် အကြောင်းကြားခြင်း” ဟူသည့် အကြောင်းအရာဖြင့် ပသီအမျိုးသားကွန်ဂရက် ပါတီ တည်ထောင်လိုသူများထံသို့ ပြန်ကြားစာပို့ခဲ့ကြောင်း ယင်းပြန်ကြားစာတွင် “နိုင်ငံတော်မှ အသိအမှတ်ပြုထားသော လူမျိုးစာရင်းတွင် ‘ပသီလူမျိုး’ ပါဝင်ခြင်းမရှိသဖြင့် ပသီအမျိုးသား ကွန်ဂရက် ပါတီအမည်သည် နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ ပုဒ်မ ၈(က)နှင့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း နည်းဥပဒေ ၁၄(က)တို့ရ ပြဋ္ဌာန်းချက်နှင့် သွယ်ဝိုက်ငြိစွန်းသည့် သဘော သက်ရောက်နေသဖြင့် ပါတီ တည်ထောင်လိုသူများအနေဖြင့် တည်ထောင်လိုသော ပါတီ၏ အမည်သစ်ကို ပြန်လည်ရွေးချယ်၍ ၃၁.၅.၂၀၁၂ ရက်နေ့ (ကြာသပတေးနေ့)အရောက် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သို့ ပုံစံ(က)ဖြင့် တရားဝင်ပြန်လည်တင်ပြ လျှောက်ထားရန်နှင့် သတ်မှတ်ရက်ထက် ကျော်လွန်ပါက တင်ပြထားသော ပါတီ တည်ထောင်ခွင့် လျှောက်ထားခြင်းအား ပုဒ်မ ၄(ခ) အရ ငြင်းပယ်မည်ဖြစ်ကြောင်း” ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်(နေပြည်တော်)မှ ပေးပို့လာသည့်အတွက် ‘ပသီအမျိုးသား ကွန်ဂရက်ပါတီ’ တည်ထောင်လိုသူ အမှုဆောင်များ ညှိနှိုင်းဆုံးဖြတ်ပြီး ၂၀၁၂-ခုနှစ် မေလ(၂၈)ရက်နေ့တွင် ‘အမျိုးသား ညီညွတ်ရေး ကွန်ဂရက်ပါတီ’အမည်သစ်ဖြင့် ပါတီတည်ထောင်ခွင့်ကို မှတ်ပုံတင်အမှတ်စဉ် (၆၄)ဖြင့် ကော်မရှင်ရုံးသို့ လျှောက်ထားခဲ့ပြီး ပါတီမှတ်ပုံတင်ခွင့် မရသေးသဖြင့် စုံစမ်းရာ၊ မှ အကြောင်းအရာ မျိုးစုံ ထပ်မံပေးပြီးသည့်နောက် ၂၀၁၃-ခု ဖေဖော်ဝါရီလ (၁၀)ရက်နေ့အထိ ပါတီတည်ထောင်ခွင့် မကျရောက် လာသဖြင့် ၂၀၁၃-ခု ဖေဖော်ဝါရီလ (၁၁)ရက်နေ့တွင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၊ နေပြည်တော်သို့ တင်ပြအစီရင်ခံပြီးသည့်နောက် ၂၀၁၃-ခု ဖေဖော်ဝါရီလ ၂၈-ရက်နေ့တွင်မှ ပါတီမှတ်ပုံတင်ခွင့်ရရှိခဲ့ကြောင်း သိရသည်။
 
M-Media  သတင်း

No comments:

Post a Comment

Note: Only a member of this blog may post a comment.