Saturday, March 2, 2013

လှိုင်သာယာရှိ မွတ်စလင်မ်ဆိုင်များနှင့် ဘာသာရေးဝတ်ပြုဆောင် အကြမ်းဖက်ဖျက်ဆီးခံရ

535622_543892405631023_646643262_nဇာဏီ





Photo Credit-The Voice Weekly
 
 
ရန်ကုန် ။ ။ ၂၈.၂.၂၀၁၂ ရက်ညပိုင်းတွင် ရန်ကုန်မြို့ လှိုင်သာယာ၊ ၃-ထိပ်ရှိ မွတ်စလင်မ်များပိုင်သော ဆိုင်များနှင့် ဘာသာရေးဝတ်ပြုဆောင်ကို အကြမ်းဖက် ဖျက်ဆီးကြကြောင်း သတင်းရရှိသည်။
 
ယင်းအကြောင်းအရာအား အသေးစိတ် စုံစမ်းရာ “လှိုင်သာယာ အောင်ဇေယျ တံတားအဆင်း၊ ၃-ထိပ်၊ ၁/၁၀-၁၁-၁၂ ရပ်ကွက်အတွင်းသို့ ယမန်နေ့ည ၁၂-နာရီလောက်တွင် ဘုန်းကြီး(၃၀၀) ၀န်းကျင်၊ အရပ်သား(၄၀၀)ကျော်မှ အကြမ်းဖက် ဖျက်ဆီးခဲ့ကြကြောင်း၊ ကန်သာယာလမ်းရှိ ဘာသာရေး ၀တ်ပြုဆောင်အတွင်း ကျူးကျော် ၀င်ရောက်ပြီး ၀တ်ပြုဆောင်အတွင်းရှိ ပစ္စည်းများအားလုံးကို ဖျက်ဆီးသွားကြောင်း၊ ကနောင်လမ်းရှိ တို့ညီနောင် စက်ဘီးပစ္စည်းဆိုင်၊ ရွှေ ဆိုင်ကယ်ပစ္စည်းဆိုင်၊ ဘိုင်လေးကွမ်းယာဆိုင်၊ ရွှေဥဒေါင်းလမ်းရှိ ကျော် အိမ်ဆောက်ပစ္စည်းဆိုင်၊ လှသစ္စာဆေးဆိုင်၊ ရွှေ အလှကုန်နှင့် အိမ်ဆောက်ပစ္စည်းဆိုင်ရှိ တံခါးတို့ကို ရဲတင်းနှင့်ခုတ်ပြီး ဖျက်ဆီးကြကြောင်း၊ ဂျွန်ဘူးကွမ်းယာဆိုင်၊ ၁၁-ကွေ့ရှိ ဘဂျမ်း ကွမ်းယာဆိုင်၊ ဗိုလ်ချုပ်လမ်းရှိ ကိုသန်းဇော် ကွမ်းယာဆိုင်၊ ဒေါ်ခတီဂျာကွမ်းယာဆိုင်၊ အာခီမာကွမ်းယာဆိုင် တို့ကိုလည်း ဖျက်ဆီးခဲ့ကြကြောင်း၊ တပင်ရွှေထီးလမ်းမရှိ လှသစ္စာဆေးဆိုင်ကိုလည်း ခဲများနှင့် ထုပေါက်ဖျက်ဆီးခဲ့ကြောင်း သိရသည်။
 
ယခုကဲ့သို့ လှိုင်သာယာတွင် အကြမ်းဖက်လုပ်ရပ်များ ပြုလုပ်ခံရမှုအား ဆက်သွယ် စုံစမ်းမေးမြန်းရာ “လွန်ခဲ့တဲ့ ၁-လ၀န်းကျင်လောက်က ၁၆-ရပ်ကွက်မှာ တရားပွဲလုပ်တယ်။ ဦးပညာဝါရက တရားဟောတယ်။ အဲဒီ ဟောတဲ့တရားထဲမှာ ‘အလှူပေး သူဋ္ဌေးဖြစ်’ဆိုတဲ့ခေါင်းစဉ်နဲ့ မွတ်စလင်မ် မကောင်းကြောင်း၊ ဘာသာတရားက ယုတ်ညံ့တဲ့တဲ့ အကြောင်းတွေကို ၁-နာရီနီးပါးဟောတယ်။ အဲဒါကို တချို့က အသံဖမ်းတယ်၊ တချို့က CD ခွေထုတ်ပြီး ၁-ခွေကို ၃၀၀-နဲ့ ရောင်းတယ်။ တစ်ချို့လည်း ၂-ခွေကို ၃၀၀ နဲ့ရောင်းတယ်။ အဲဒါတွေကို ရခိုင်အဖွဲ့တစ်ခုက လုပ်နေတယ်လို့ပြောကြတယ်။ အဲဒီအခွေကို ရပ်ကွက်ထဲမှာလည်း ထပ်ပြန်တလဲလဲ ဖွင့်လေ့ရှိကြတယ်။ အောင်ဇေယျကြိုး တံတားထိပ် ၁/၁၀ ရပ်ကွက် ဦးဥတ္တမလမ်းမှာ ဖိုးလေးဆိုတဲ့ မွတ်စလင်မ် လင်မယားနေတဲ့ အိမ်ရှေ့မှာ ထပ်ပြန်တလဲလဲလာဖွင့်တော့ သူတို့လည်း မကျေမနပ်ဖြစ်ပြီး မျက်နှာမသာမယာဖြစ်လာတယ်။ အဲဒါနဲ့သူတို့က ရဲစခန်းကို သွားတိုင်တယ်။ သူတို့လင်မယားက ငွေကြေးလည်းချောင်လည်တော့ သူတို့ကို အစာမကြေဖြစ်ပြီး မကျေနပ်တဲ့သူတချို့လည်းရှိတယ်။ သူတို့နဲ့အဆင်မပြေတဲ့ အမျိုးသမီး တစ်ယောက်က အထောက်အထားမဲ့လုပ်ကြံပြီး ဖိုးလေးရဲ့မိန်းမက ဘုန်းကြီးတရားခွေကို ခြေထောက်နဲ့ နင်းခြေပြတယ်လို့ ဇာတ်လမ်းတစ်ခုဆင်တယ်။ အဲလို လုပ်လိုက်တော့ တစ်လမ်းလုံး အုံကြွလာတယ်။ စခန်းကို သွားတိုင်မယ်ဆိုပြီး ဆိုက္ကားနင်းတဲ့ ညီညီလွင်က ဦးဆောင်ပြီး သွားတိုင်တယ်။ အဲဒီမှာ မွတ်စလင်မ်ထဲက ဦးမြင့်သူ၊ ဦးသိန်း၊ ကိုမောင်မောင်တို့ကို ရ.ယ.က က ခေါ်တာနဲ့ သွားတွေ့ကြတော့ ဖိုးလေးတို့ လင်မယားကို ခေါ်ပြီးဆုံးမခိုင်းတယ်။ ဒါနဲ့ ဖိုးလေးတို့ လင်မယားကိုခေါ်ပြီး ဆုံးမတော့ သူတို့လင်မယားက အဲလို တရားခွေကို ထပ်တလဲလဲဖွင့်နေတာအတွက် မကျေနပ်ကြောင်းကို ၀န်ခံတယ်။
 
ဘုန်းကြီးတရားခွေကို ခြေထောက်နဲ့ နင်းခြေတာတော့ မဟုတ်ကြောင်းပြောတယ်။ ဖိုးလေးမိန်းမက အခွေကိုနင်းခြေတယ် ဆိုတာမြင်ကြောင်း ဗုဒ္ဓဘာသာ(၂၇)ယောက်က သက်သေခံကြတယ်။ ရဲစခန်းနဲ့ မ.ယ.က က ဖြေရှင်းပေးလို့ အဲဒီ ကိစ္စက ပြီးသွားခဲ့တယ်။
 
ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ နေ့ခင်းပိုင်းမှာ ရပ်ကွက်ထဲမှာ လျှောက်အော်တယ် မွတ်စလင်မ်တွေ ကား(၃)စီးနဲ့ ရန်ကုန်ကနေ ဆင်းလာကြပြီဆိုပြီး ကောလဟလလွှင့်တယ်။ အဲဒါ တစ်ရပ်ကွက်လုံးပြန့်သွားတယ်။ ဒါနဲ့ မွတ်စလင်မ်လူကြီး တချို့ကလည်း အဲဒါမျိုး မဟုတ်ကြောင်း ရှင်းပြကြတယ်။ မွတ်စလင်မ်တွေဘက်ကိုလည်း ရခိုင်တွေဝင်လာပြီဆိုပြီး သတင်းလာပေးကြပြန်တယ်။ ခုနက မွတ်စလင်မ် လူကြီးတွေကပဲ ပြဿနာတွေမဖြစ်အောင် ၀ိုင်းဝန်းပြောဆိုကြတယ်။ အဲလို ဖြေရှင်းပေးတာကို ရခိုင်ဗုဒ္ဓဘာသာတွေက မကျေမနပ်ဖြစ်ပြီး သွေးထိုး လှုံ့ဆော်မှုတွေလုပ်နေတာကို ရခိုင်ဗုဒ္ဓဘာသာ ဘုန်းကြီးတွေကို တိုင်ရမယ်ဆိုပြီးပြောကြတယ်။ ကြာသပတေးညပိုင်းမှာ ဘုန်းကြီးတွေလာမယ်ဆိုပြီးလည်း ထပ်ပြောကြတယ်။ ဒီရက်ပိုင်းတွေမှာလည်း လူ(၄၀-၅၀)က ရပ်ကွက်ထဲမှာ ညတိုင်းလိုလို စုနေကြတယ်။
မနေ့က ၂၈.၂.၂၀၁၃ ကြာသပတေးနေ့ည (၁၂)နာရီကျော်ကျော်လောက်မှာ ဘုန်းကြီးအပါး(၃၀၀)ကျော် ရပ်ကွက်ထဲကို ရောက်လာတယ်။ တချို့က ဆိုင်ကယ် ကယ်ရီတွေစီးလာကြတယ်။ တချို့ကလည်း လမ်းလျှောက်လာကြတယ်။
 
ဘယ်ကနေဘယ်လို ထွက်လာကြသလဲတော့ မသိဘူး လမ်းပေါ်မှာလဲ သင်္ကန်းရောင်တွေပြည့်နေတယ်။ ကနောင်လမ်းထဲကနေ ထွက်လာတဲ့ ဘုန်းကြီးတွေကလည်း အသက်ငယ်ပိုင်းတွေချည်းပဲ။ နောက်တော့ လူတွေလည်းရောက်လာတယ်။ လူက စုစုပေါင်း (၄၀၀)၀န်းကျင်လောက်တော့ရှိတယ်။ ဦးဥတ္တမလမ်းက တစ်လမ်းလုံးနဲ့ ချောင်းစပ်မှာနေတဲ့ ကျူးကျော်တဲကလူတွေ အားလုံးလိုလို ပါကြတယ်။ ဖိုးလေးတို့အိမ်ကို စပြီးဖျက်တယ်။ နောက် မွတ်စလင်မ်ဆိုင်တွေကို စပြီးဖျက်ဆီးတော့တယ်။ ရဲတွေလည်းရောက်လာပြီး မဖျက်ဖို့တားတာကို ဘုန်းကြီးတွေက လက်မခံဘူး။ အကြမ်းဖက် ဖျက်ဆီးနေကြသူတွေရဲ့လက်ထဲမှာ လှံတွေ၊ တုတ်တွေ၊ ဓါးတွေ၊ ရဲတင်းတွေတွေ့တယ်။
 
ကနောင်လမ်းက တို့ညီနောင် စက်ဘီးပစ္စည်းဆိုင်၊ ရွှေ ဆိုင်ကယ်ပစ္စည်းဆိုင်၊ ဘိုင်လေးကွမ်းယာဆိုင်တို့ကို ဖျက်တယ်။ ရွှေ ဆိုင်ကယ် ပစ္စည်းဆိုင် ပိုင်ရှင်က တစ်ခြမ်းမှာ ဆိုင်ကယ်ပစ္စည်း ဆိုင်ဖွင့်ထားပြီး တဘက်ခြမ်းကိုတော့ ငှားထားတော့ တခြမ်းက လ္ဘက်ရည် ဆိုင်ဖွင့်ထားတယ်။ အဲဒီဆိုင်က ဗုဒ္ဓဘာသာဆိုင်ဖြစ်နေတော့ အဲဒီဆိုင်ကိုတော့ မဖျက်ဆီးကြဘူး။ မွတ်စလင်မ်ဆိုင်တွေပဲ ဖျက်ဆီးကြတယ်။ အဲလို ဖျက်ဆီးတာကို ခရိုင် ရဲတွေ၊ ရ.ယ.က က ရပ်ကြည့်နေတယ်။ ခဲနဲ့ထုတ်လိုက်တာ ၈-လသား မွတ်စလင်မ်ကလေးရဲ့ ခေါင်းပေါ် တည့်တည့်ကျတော့မလို ဖြစ်တော့ ကလေးအဖေက စိတ်တိုသွားပြီး ‘ကလေးနဲ့ဘာဆိုင်လဲ၊ လုပ်ချင်ရင် တစ်ယောက်ချင်းလုပ်ကွာ’ဆိုပြီး ပြောတယ်။ အကြမ်းဖက်သမားတွေက ‘ဟေ့ကောင်ထွက်လာစမ်း သတ်ပစ်မယ်’ဆိုပြီးအော်တယ်။ ကလေးအမေက သူ့အမျိုးသားကို နောက်ဘက်ကို ဆွဲခေါ်သွားတယ်။
 
အဲဒီနောက် ရဲတွေရောက်လာပြီး ပျက်စီးနေတာတွေကို ဓါတ်ပုံရိုက်တယ်။ ရဲတွေ ဓါတ်ပုံရိုက်ပြီးတာနဲ့ အဲဒီနေရာကို ဘယ်သူမှထပ်ပြီး မထိကြတော့ဘူး။ နောက်ပြီး ရွှေဥဒေါင်လမ်းက ကျော်အိမ်ဆောက် ပစ္စည်းဆိုင်၊ လှသစ္စာဆေးဆိုင်၊ ရွှေ အလှကုန်နှင့် အိမ်ဆောက်ပစ္စည်းဆိုင်တွေရဲ့ တံခါးတွေကို ရဲတင်းနဲ့ခုတ်တယ်။ ဂျွန်ဘူး ကွမ်းယာဆိုင်ကိုလည်း ဖျက်ဆီးတယ်။ ၁၁-ကွေ့က ဘဂျမ်းကွမ်းယာဆိုင်ကုလည်း ဖျက်ဆီးတယ်။ ဗိုလ်ချုပ်လမ်းက ကိုသိန်းဇော်ကွမ်းယာဆိုင်၊ ဒေါ်ခတီဂျာကွမ်းယာဆိုင်၊ အာခီမာကွမ်းယာဆိုင်ကိုလည်း ဖျက်ဆီးလိုက်တယ်။ တပင်ရွှေထီးလမ်းမက လှသစ္စာဆေးဆိုင်ကိုလည်း ၀ိုင်းပြီးဖျက်ဆီးဖို့လုပ်တယ်။ လူတစ်ယောက်က တားတော့ ခဲနဲ့ထုတာ ၆-လက်မလောက် အပေါက်ကြီးဖြစ်သွားတယ်။
 
ဒီနေ့ ၁.၃.၂၀၁၃ သောကြာနေ့မနက်မှာလည်း ရဲတွေ ရောက်လာပြီး ဓါတ်ပုံတွေရိုက်တယ်။ ကန်သာယာလမ်းမှာရှိတဲ့ ၀တ်ပြုဆောင်က နံရံတွေကိုဖျက်ဆီးတယ်၊ ခုံတွေပစ္စည်းတွေကို ရိုက်ချိုးတယ်။ အဲလို ရိုက်ချိုးနေတာ ရ.ယ.က ရဲ့ တူဆိုတာမြင်လိုက်တယ်ဆိုတာ သိတယ်ပြောတော့။ ရ.ယ.က က လာပြောတယ်။ မြို့နယ်မှူးက ဖုန်းဆက်တယ်တဲ့ မြင်လိုက်တဲ့သူတွေကို တရားလိုလုပ်ပြီး အမှုဖွင့်ခိုင်းတယ်တဲ့။ ကျွန်တော်တို့တွေ ဘယ်လိုလုပ် အမှုဖွင့်ရဲကြမှာလဲ။ အမှုဖွင့်ရင် ဖွင့်တဲ့သူတွေကို ပြဿနာပြန်လုပ်လာမှာစိုးတယ်။
 
အခုညကိုလည်း ကုလားသတ်ပွဲဆိုပြီး သတင်းလွှင့်တယ်။ ရ.ယ.က ကလည်း ရပ်ကွက်ထဲက မွတ်စလင်မ်တွေကို တခြားမှာ သွားနေဖို့ပြောပြီး ဖယ်ခိုင်းတယ်။ ဒါကြောင့် အိမ်တွေကို သော့ခပ်ပြီး နီးစပ်ရာဆွေမျိုးတွေဆီကို သွားနေရတယ်”လို့ လှိုင်သာယာမှ နေအိမ်စွန့်ခွာထွက်လာခဲ့သူတစ်ဦးမှ ပြောပြလာပါတယ်။
 
M-Media သတင်း

No comments:

Post a Comment

Note: Only a member of this blog may post a comment.