Wednesday, March 6, 2013

ဘာသာပေါင်းစုံ ချစ်ကြည်ရေး အခမ်းအနား(မန်း) ကျင်းပရန် ခွင့်ပြုမိန့် မရသေး

မတ်လ ၅၊ ၂၀၁၃

အမ်တူးအေ


မန္တလေး ။ ။ ဘာသာပေါင်းစုံမှ ပါဝင်သော ဘာသာပေါင်းစုံ ချစ်ကြည်ရေးအခမ်းအနားကို လာမယ့် ၂၀၁၃-ခု မတ်လ (၁၉)ရက်နေ့တွင် မန္တလေးမြို့ Oriental House ခန်းမ၌ ကျင်းပပြုလုပ်မည်ဟု သတင်းရရှိပါသည်။
 
ယင်း အခမ်းအနားကျင်းပပြုလုပ်မည့်အကြောင်းအား ဘာသာပေါင်းစုံချစ်ကြည်ရေးအခမ်းအနားကျင်းပရေးတွင် တာဝန်ရှိသူတစ်ဦးဖြစ်သည့် ဦးမောင်မောင်(ရွှေကရ၀ိတ်)ထံ ဆက်သွယ်စုံစမ်းရာ “ဘာသာပေါင်းစုံ ချစ်ကြည်ရေး အခမ်းအနားကို မန္တလေးမြို့ Oriental House ခန်းမမှာ ၂၀၁၃-ခု မတ်လ (၁၉)ရက်နေ့ မနက် (၈)နာရီကနေ နေ့လည် (၁၂)နာရီထိကျင်းပဖို့ စီစဉ်ထားပါတယ်။ Oriental House ခန်းမကလည်း အခမဲ့အသုံးပြုခွင့်ပေးထားပါတယ်။
 
ဒါပေမယ့် အခမ်းအနားကျင်းပတဲ့အခါ ခွင့်ပြုမိန့်တောင်းဖို့ လိုတာကြောင့် ပွဲကျင်းပမယ့်နေရာရဲ့ ရပ်ကွက်ဖြစ်တဲ့ ပြည်ကြီးမျက်မှန် ရပ်ကွက်ရဲ့ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို ပထမဆုံးအနေနဲ့ စာတင်ပါတယ်။ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးက ပြောပါတယ်။ ခန်းမမှာ မဟုတ်ဘဲ ဘုန်းကြီးကျောင်းတို့ ဓမ္မာရုံတစ်ခုခုတို့မှာ ပြုလုပ်ဖို့ ပြောပြီး မြို့နယ်အုပ်ချုပ်ရေးမှူးက ခွင့်ပြုရင် ရပ်ကွက် အုပ်ချုပ်ရေးမှူး ရုံးလည်း ခွင့်ပြုပါမယ် ဆိုတာကြောင့် မနက်ဖြန်မှာ မြို့နယ်အဆင့်ကို သွားရောက်ရပါမယ်။
 
ဒီအခမ်းအနားကို သံဃာတော်တွေလည်း တက်ရောက်မယ်၊ Peace Centre က ၀န်ကြီးဦးအောင်မင်းလည်း တက်ရောက်မယ်လို့ ဆိုတာကြောင့် ဘာသာပေါင်းစုံပါဝင်နိုင်အောင် အားလုံးအတွက် လုံခြုံရေးကိုလည်း ကျွန်တော်တို့ စီစဉ်ထားပါတယ်။
 
ဒီအခမ်းအနားကို အစ္စလာမ်ဘာသာရေးအဖွဲ့(မန္တလေးတိုင်း၊ မန္တလေးမြို့)က လုပ်ငန်းကော်မတီတစ်ရပ်ဖွဲ့စည်းပြီး ဦးဆောင်ပြုလုပ်တာပါ။ဟုတ်ကဲ့ ကျွန်တော်တို့သေချာစီစဉ်ပြီး ဖိတ်စာနဲ့တကွ ဖိတ်မှာပါ။ တက်ရောက်လာသူအားလုံးကိုလည်း ထိုင်ခုံနေရာကအစ သေချာစီစဉ်ပေးထားမှာပါ။
 
ဟုတ်ပါတယ် ဘာသာပေါင်းစုံက ပါဝင်မှာပါ။ အစ္စလာမ်ကဆို ဗလီဂေါပကတွေ၊ ဘာသာရေးဆရာတွေလည်းပါမယ်၊ ဗုဒ္ဓဘာသာကလည်း ဘုန်းတော်ကြီးတွေ၊ လူမှုရေးလုပ်ငန်းလုပ်နေတဲ့ အဖွဲ့အစည်းတွေလည်းပါမယ်။ ခရစ်ယာန်ဘာသာကလည်း ဂိုဏ်းကွဲတွေအလိုက် ဆရာတော်တွေ ပါမယ်၊ ဟိန္ဒူဘာသာကလည်း ဂိုဏ်းဂဏအလိုက် ဆရာတော် တွေပါမယ်၊ နောက်ပြီးတော့ ကျွန်တော်တို့ ဘဟာအီ သာသနာကိုလည်း ဖိတ်ပါမယ်။ တရုတ်ဘုံကျောင်းတွေကိုလည်း ဖိတ်ပါမယ်။ အဓိကကတော့ ဘာသာပေါင်းစုံ အဖွဲ့ပေါင်းစုံ ပါဝင်အောင် ဖိတ်မှာပါ။
 
ကျွန်တော်တစ်ခု အံ့သြတာက ဘုန်းကြီးဦးဝီရသူကတောင် ဒီလိုအခမ်းအနားကို ကြိုဆိုပါတယ်လို့ပြောထားတာကို အာဏာပိုင်လို့တော့ ကျွန်တော်မသုံးချင်လို့ တာဝန်ရှိသူလို့ပဲ ပြောချင်တယ်။ တာဝန်ရှိသူတွေက အခမ်းအနားဖြစ်မြောက်ဖို့ကို ဘာကြောင့် ပိတ်ပင်ချင်နေလဲဆိုတာကိုပါပဲ” လို့ M-Media ကို ပြောပြလာပါတယ်။
 
ယမန်နှစ် ၂၀၁၂ခုနှစ် ဖေဖေါ်ဝါရီလ (၁၂)ရက်နေ့ ပြည်ထောင်စုနေ့တွင် ဘာသာပေါင်းစုံညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဆုတောင်းပွဲကို မန္တလေးမြို့ချမ်းအေးသာစံမြို့နယ် ၊ ၈၄လမ်း ၊ ၂၇လမ်းနှင့် ၂၈လမ်းကြားတွင် ပြုလုပ်ရန် စီစဉ်ထားခဲ့သော ပွဲပါမစ် အတုဟူသော အကြောင်းပြချက်ဖြင့် ကျင်းပခွင့် မရရှိခဲ့ပေ။
 
M-Media  သတင်း

No comments:

Post a Comment

Note: Only a member of this blog may post a comment.