Saturday, March 16, 2013

အကြီးမားဆုံး မွတ်စ်လင် ကွန်ဖရင့် သြစတေးလျတွင် လက်ခံ ကျင်းပမည်

 
Australia Largest Islamic Conference Underway
 
ကိုင်ရို။ ။ သြစတေးလျနိုင်ငံမှ မွတ်စ်လင်မ်တို့သည် အခြားသာသနာဝင်များ၊ လူ့အဖွဲ့အစည်းများနှင့် နားလည်မှု တည်ဆောက်ရန်အတွက် ကမ္ဘာတစ်ဝှမ်းမှ အထင်ရှားဆုံး မွတ်စ်လင်မ်ပညာရှင်များအား ပင့်ဖိတ်၍ အကြီးမားဆုံး ကွန်ဖရင့် တစ်ရပ်ပြုလုပ်နိုင်ရန် ဤရက်သတ္တပတ်တွင် ပြင်ဆင်လျက်ရှိသည်။
 
ယင်းညီလာခံဆိုင်ရာ ၀က်ဘ်ဆိုဒ်က “ သြစတေးလျနိုင်ငံရဲ့ အစ္စလာမ့်သမိုင်းမှာ မကြုံစဖူး အကြီးကျယ်ဆုံး ဖြစ်ရပ် တစ်ခုပါ။ ဒီကွန်ဖရင့်ကို ပြည်တွင်း၊ ပြည်ပ(အပြည်ပြည်ဆိုင်ရာ) ထိပ်တန်းအဆင့် ဟောပြောဆွေးနွေးသူဦးရေ ၂၀ ကျော်နဲ့အတူ မဲလ်ဘွန်းမြို့မှာ ကျင်းပသွားမှာဖြစ်ပါတယ်။ အင်န်ရှာ အလ္လာဟ် ( ထာဝရဘုရားသခင် အလိုတော်တူပါလျှင် ) ဒီညီလာခံမှာ အစ္စလာမ့် အဖွဲ့အစည်း အားလုံးနီးပါး စုရုံးတွေ့ဆုံနိုင်ပါလိမ့်မယ် ” ဟု ဆိုသည်။ ဤ သုံးရက်တာ ညီလာခံကြီးသည် အစ္စလာမ့်ရေးရာ သုတေသနနှင့်ပညာရေးအကယ်ဒမီ – The Islamic Research and Educational Academy (IREA) မှ စီစဉ်ဆောင်ရွက်ခြင်းဖြစ်ပြီး ၊ မတ်လ ၁၅ ရက်၊ သောကြာနေ့တွင် စတင်ပါမည်။
 
“ သြစတေးလျနိုင်ငံ အစ္စလာမ့်အခြေတည် ငြိမ်းချမ်းရေး ညီလာခံ ” ခေါင်းစဉ်ဖြင့် သြစတေးလျနိုင်ငံအတွင်းရှိနေသော မွတ်စ်လင်မ်များ၊ အခြားသာသနာဝင်များ နှင့် အခြားဆက်စပ်လူ့အဖွဲ့အစည်းများအကြား လစ်ဟာချက်ကွက်လပ်များကို တံတားခင်းနိုင်ရန် ရည်ရွယ်ထားသည်။ “ လူ့အဖွဲ့အစည်းတွေကြားထဲက ကွာဟချက်တွေ ကျဉ်းမြောင်းသွားအောင်၊ ပေါင်းကူးဆက်သွယ်မှု တည်ဆောက်နိုင်အောင်၊ လူထုကို အသိပညာပေးနိုင်အောင် ဆွေးနွေးဖို့ ရှိပါတယ် ” ဟု ယင်းညီလာခံဝက်ဘ်ဆိုဒ်က ပြောသည်။
၎င်းညီလာခံကြီး၏ စီမံခန့်ခွဲမှု နှင့် လေ့ကျင့်ရေးသင်တန်းအတွက် စေတနာ့ဝန်ထမ်းပေါင်း လူတစ်သောင်းခန့်မျှ ပါဝင်ကြမည်ဖြစ်သည်။ယင်းတွေ့ဆုံပွဲသို့တက်ရောက်ရန် Sydney ၊ Brisbane ၊ Canberra ၊ Adelaide စသည့် မြို့အသီးသီးမှ တက်ရောက်သူများအပါအ၀င် ကမ္ဘာတစ်ဝှန်းရှိ ပညာရှင်များကိုလည်း ဖိတ်ကြားထား၏။
 
ဦးဆောင်တက်ရောက်ကြသူများအနက် ဆော်ဒီအာရေဗျ၊ မက္ကဟ်မြို့ဝတ်ကျောင်းတော်ကြီး၏ ရှေ့ဆောင်ဆရာတော် အိမာမ် အဗ်ဒုရ် ရဟ်မာန်း အလ် စုဒိုင်းစ် လည်း အပါအ၀င်ဖြစ်၏။ အခြား ဧည့်သည်တော်များအနက်အချို့မှာ အိန္ဒိယနိုင်ငံ The Islamic Research & Educational Foundation မှ Br Imran ၊ ကူဝိတ်မှ Sheikh Mishary Alaffasy နှင့် Ahmed Bukhatir ၊ ယူအေအီးမှ Sheikh Mohammed Ismail တို့ ဖြစ်ကြသည်။
 
ညီလာခံ၌ဦးဆောင်ဆွေးနွေးသူအဖြစ် Br Imran မှ ဆောင်ရွက်ကာ အစ္စလာမ်ဆိုင်ရာ သိမ်မွေ့သည့်အကြောင်းရပ်များ နှင့် တမန်တော် မုဟမ္မဒ် ( ကောင်းခြင်းမင်္ဂလာနှင့်ငြိမ်းချမ်း မင်္ဂလာ သက်ရောက်ပါစေသား)၏ ငြိမ်းချမ်းရေးသွန်သင်ချက်များကို ဟောပြောသွားမည်ဖြစ်သည်။
 
ဗြိတိန်နိုင်ငံမှ PEACE TV တွင် အင်္ဂလိပ်ဘာသာဖြင့်ဟောပြောနေသူ Sheikh Abdulhadi နှင့် Abdullah Rolle ၊ အမေရိကန် နိုင်ငံမှ Sheikh Yusuf Estes နှင့် Sheikh Yasir Qadhi တို့အပါအ၀င် အနောက်တိုင်းမှ မွတ်စ်လင်မ်ပညာရှင်များလည်း တက်ရောက်ကြမည်။မွတ်စ်လင်မ်တို့ သြစတေးလျ၌ နေထိုင်နေသည်မှာ နှစ်ပေါင်း ၂၀၀ ကျော်ရှိနေလေပြီ။ နိုင်ငံ၏လူဦးရေ သန်း ၂၀ ၌ ၁.၇ % မှာ မွတ်စ်လင်မ်များ ဖြစ်ကြသည်။
 
ညီလာခံတွင် ဆွေးနွေးဟောပြောမည့်သူများသည် မိမိတို့စကားနှင့်လုပ်ရပ်ကို နိုင်ငံတော်၏ လူမျိုးရေးနှင့် ဘာသာရေး နားလည်မှု ဥပဒေအရ ကိုယ်စီ တာဝန်ယူရမည်ဖြစ်ကြောင်း၊ စောဒကတက်ငြင်းခုံခြင်းကို ရှောင်ဖို့လိုကြောင်း Multicultural Affairs and Citizenship ၀န်ကြီး Nick Kotsiras မှ ပြောကြားသည်။
 
Victorian Multicultural Commissioner ဖြစ်သူ Chin Tan မှ “ ကျွန်တော်တို့ဟာ လူမျိုးစုံ၊ ဘာသာစုံ၊ ယဉ်ကျေးမှုစုံ အတူယှဉ်တွဲနေထိုင်ကြတဲ့ နိုင်ငံက လူတွေဖြစ်တယ်။ လူတစ်ဦးချင်း၊ အဖွဲ့အုပ်စုနဲ့လူ့အဖွဲ့အစည်းအချင်းချင်း အပြန်အလှန် ငြိမ်းငြိမ်းချမ်းချမ်းနဲ့ပြေပြေလည်လည် နေထိုင်ဆက်ဆံမှုဖက်ကို ကျွန်တော်တို့ ရည်မှန်းဆောင်ရွက်နိုင်ဖို့ လိုပါတယ် ” ဟု ရှင်းလင်းပြောဆိုခဲ့သည်။
 
Ref: OnIslam
 
M-Media   သတင်း

No comments:

Post a Comment

Note: Only a member of this blog may post a comment.