Monday, March 4, 2013

အစ်မဖြစ်သူ၏အမည်ကို ပီသအောင်မခေါ်သဖြင့် ၂ နှစ်သားကလေးကို ရိုက်သူအား ထောင်ဒဏ်အပြစ်ပေး

 Written by ရွှေမောင်
ဖလော်ရီဒါ၊ မတ် ၁ ရက်
 
အသက် ၂ နှစ်အရွယ် ကလေးငယ်တစ်ဦးကို ရိုက်နှက်မှုဖြင့် ဖလော်ရီဒါမှ အသက် ၃၂ နှစ်အရွယ်ရှိ ဒေးဗစ် လီ ဆင်းနက်ဆိုသူကို ဖမ်းဆီးလိုက်ကြောင်း ဖလော်ရီဒါ ရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ကြေညာခဲ့သည်။
 
ဒေးဗစ်သည် သူ၏အစ်မဖြစ်သူ၏အမည်ကို ၂ နှစ်သားကလေးက ပီသအောင်မခေါ်နိုင်သဖြင့် စိတ်ဆိုးကာ ရိုက်နှက်ခဲ့ခြင်းဖြစ် ကြောင်း ပို့ကောင်တီ ရဲတပ်ဖွဲ့မှ ပြောကြားသည်။ ဒေးဗစ်သည် မကြာသေးမီကမှ လူသတ်မှုဖြင့် ထောင်ဒဏ် ၅ နှစ်ကျခဲ့ပြီး ပြန်လွတ်လာခဲ့သူဖြစ်သည်။ ရိုက်နှက်မှုကြောင့် ကလေးငယ်သည် မျက်ရိုးကို ထိခိုက်သွားပြီး၊ မျက်စိ တွင်လည်း ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည်။ ရိုက်နှက်မှုကို တွေ့ရှိခဲ့သည့် ကလေးဖြစ်သူ၏ မိခင်နှင့် အစ်မများက ရဲစခန်းတွင် တိုင်ချက်ဖွင့်ကာ သက်သေထွက်ဆိုကြသည်။
 
ကလေးကို ရိုက်ရခြင်းအကြောင်းမှာ သူ့အစ်မအမည် ကို ရွတ်ဆိုခိုင်းပြီး၊ ကလေးက ပီသအောင်မထွက်နိုင်သဖြင့် ရိုက်နှက်ခြင်းဖြစ်သည်ဟု ပြောကြားကြသည်။
 
တရားခံ ဒေးဗစ်ကမူ သူသည် အမည်မှန်ကို မရွတ်ဆိုနိုင်သဖြင့် ရိုက်နှက်ခြင်းမဟုတ်ကြောင်း၊ ကလေးသည် လျှပ်စစ်ဓာတ်ကြိုးအနီးကို ရောက်နေသဖြင့် တွန်းလိုက်ခြင်းသာဖြစ်ကြောင်း ထွက်ဆိုသည်။ သို့သော်ရဲတပ်ဖွဲ့က ဒေးဗစ်ကို ကလေးသူငယ် ညှင်းဆဲနှိပ်စက်မှုဖြင့် ဖမ်းဆီးထားပြီး၊ အာမခံလည်းမပေးကြောင်း သိရသည်။
 
 ဒေးဗစ် သည် ပို့ကောင်တီအကျဉ်းထောင်သို့ ယခုတစ်ကြိမ် ထပ်ဝင်ရမည်ဆိုလျှင် ၉ ကြိမ်မြောက်ဖြစ်မည်။ သူ ကျူးလွန်ခဲ့သည့် ပြစ်မှုအများစုသည် လူကိုသေစေလောက်အောင်ရက်စက်စွာပြုလုပ်ခဲ့မှုများကြောင့်ဖြစ်သည်။ ထိုပြစ်မှုကြောင့်ပင် နောက်ဆုံး ထောင်ဒဏ် ၅ နှစ် ကျခံရပြီး မကြာသေးမီကမှ ပြန်လွတ်လာခြင်းဖြစ်သည်။
 

No comments:

Post a Comment

Note: Only a member of this blog may post a comment.