Thursday, March 21, 2013

ဘာသာပေါင်းစုံ ချစ်ကြည်ရေး ဟောပြောပွဲ မန္တလေးမြို့တွင် စည်ကား သိုက်မြိုက်စွာ ကျင်းပ

 

ံမန္တလေး ။ ။ ဘာသာပေါင်းစုံ ချစ်ကြည်ရေး ဟောပြောပွဲ အခမ်းအနားကို မတ်လ ၁၉-ရက်နေ့က မန္တလေးမြို့ Oriental House ခန်းမ၌ နံနက်(၈)နာရီတွင် စည်းကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သတင်းရရှိသည်။Mdy Peace

အဆိုပါအခမ်းအနားသို့ ဘာသာပေါင်းစုံ ကိုယ်စားပြု ဆရာတော်များ၊ ပညာရှင်များ၊ ရန်ကုန်၊ မန္တလေး၊ ပြင်ဦးလွင်၊ကျောက်ဆည်၊ စစ်ကိုင်း အစရှိသည့် အနယ်နယ် အရပ်ရပ်မှ ဧည်သည်တော်များတက်ရောက်ခဲ့ကြပြီး၊ မစိုးရိမ်တိုက်သစ်မှ ဦးဝီရသူ လည်း တက်ရောက်သူများတွင် ပါဝင်ခဲ့ကြောင်း သိရသည်။
 
အဆိုပါအခမ်းအနားတွင် တောင်ထီးလင်းတိုက် ဆရာတော်ဘုရားကြီး၊ မဟာမြိုင် ဆရာတော်ဘုရားကြီးနှင့် ရွှေကိန္နရီ ဆရာတော်ဘုရားကြီးမှ သြ၀ါဒ ကထာချီးမြှင့်ခြင်း၊ အလ်ဟာဂ်ျ ခလီဖွှာဟ် ဦးအေးလွင် – ကာဒရီယာ အာလီယာ (အစ္စလာမ်ဓမ္မဗိမာန်)မှ နှုတ်ခွန်းဆက်စကားပြောကြားခြင်း၊ အလ်ဟာဂ်ျ ခလီဖွှာဟ် ဦးသိန်းဝင်းအောင် (ဦးစီးရှေ့ဆောင် – KAFTG ဃရာနာ အစ္စလာမ်သာသနာ ပရမတ္ထ မိသားစု အဖွဲ့ကြီးမှ နှုတ်ခွန်းဆက်စကားပြောကြားခြင်း၊ ခရစ်ယာန်သာသနာ ဂိုဏ်းပေါင်းစုံ ဥက္ကဌ သိက္ခာတော်ရ ဆရာ ဦးကျော်ရွှေ မှ နှုတ်ခွန်းဆက်စကားပြောကြားခြင်း၊ ဘဟာအီ သာသနာမှ ဦးမြင့်ဆွေ မှ နှုတ်ခွန်းဆက်စကားပြောကြားကြပြီး သမ္မတရုံးဝန်ကြီးဌာန ၀န်ကြီး ဦးအောင်မင်းမှ ပေးပို့သော သ၀ဏ်လွှာကို Myanmar Peace Centre ဥက္ကဌ ဦးနေမျိုးမောင်မောင်မှ ဖတ်ကြားခဲ့ကြောင်း၊ မလေးရှား ၀န်ကြီးချုပ်ရုံးမှ ပေးပို့သော သ၀ဏ်လွှာကို Malaysian Relief Agency မှ မြန်မာပြည် ဌာနေကိုယ်စားလှယ် ဦးရှိုင်းဝင်းမှ ဖတ်ကြားခြင်း၊ အလ်ဟာဂ်ျ မွဖ်သီ ဒေါက်တာ ဦးမြင့်သိန်းမှ နှုတ်ခွန်းဆက် စကားပြောကြားပြီး၊ မြ၀တီ ဆရာတော်ဘုရားကြီးမှ သြ၀ါဒ ကထာချီးမြှင့်ပြီးနောက် အခမ်းအနား ပြီးဆုံးကြောင်း ကြေငြာခဲ့ကြောင်း သိရသည်။
 
သမ္မတရုံးဝန်ကြီးဌာန ၀န်ကြီး ဦးအောင်မင်း ပေးပို့သော သ၀ဏ်လွှာကို Myanmar Peace Centre ဥက္ကဌ ဦးနေမျိုးမောင်မောင်မှ ဖတ်ကြားရာတွင် “လွတ်လပ်စွာ ကိုးကွယ်ယုံကြည်မှုကို ဖော်ဆောင်ခြင်းနှင့် တပြိုင်နက်ထဲမှာပဲ ဘာသာရေးကိုးကွယ်ယုံကြည်မှု နှင့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး တို့အကြား တည်ရှိနေတဲ့ နက်နဲသိမ်မွေ့တဲ့ ဆက်သွယ်ပတ်သက်မှုတွေကို အခွင့်ကောင်းယူပြီး ယခုလို ထိလွယ် ရှလွယ် နုနယ်သေးတဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေး ကာလမှာ ဘာသာရေးကို လက်နက်တစ်ခုသဖွယ် နိုင်ငံရေးမှာ အသုံးချခြင်းကို ဘာသာပေါင်းစုံ၊ ဂိုဏ်းပေါင်းစုံက အတူတကွ လက်တွဲကာ အထူးသတိပြုပြီး အစွန်းမရောက်စေဖို့ အားလုံးက ထိန်းသိမ်းကာကွယ်ရမှာ ဖြစ်ပါတယ်။
 
မြန်မာနိုင်ငံရဲ့ မြို့တိုင်း နယ်တိုင်းမှာ ဗုဒ္ဓဘာသာဝင်များရဲ့ ကျောင်းကန်၊ စေတီ၊ ပုထိုးတွေ၊ ခရစ်ယာန် ဘုရားရှိခိုးကျောင်းတွေ၊ ဟိန္ဒူဘုရားကျောင်းတွေနဲ့ အစ္စလာမ်ဘာသာဝင်များရဲ့ ဗလီတွေ၊ သဟာအီသာသနာ့ရိပ်သာတွေ နှစ်ပေါင်းများစွာ အတူ ယှဉ်တွဲ တည်ရှိနေတာဟာ ကျွန်တော်တို့နိုင်ငံရဲ့ ဂုဏ်ယူစရာ ၀ိသေသတစ်ခု ဖြစ်တဲ့အပြင် ဒီမိုကရေစီ စံနှုန်းတစ်ခုဖြစ်တဲ့ မတူညီမှုတွေကို နားလည် လက်ခံပြီး အတူယှဉ်တွဲ နေထိုင်နိုင်တဲ့ လူ့အဖွဲ့အစည်းတစ်ခု ဖြစ်ကြောင်းကို သက်သေထူနိုင်တဲ့ ပြယုဂ် တစ်ခုလည်းဖြစ်ပါတယ်။
 
မြန်မာနိုင်ငံရဲ့ သမိုင်းကြောင်း တစ်လျောက်ကို ပြန်ပြောင်းကြည့်မယ်ဆိုရင်လည်း အမျိုးသားရေးအတွက် အရေးကြီးတဲ့ အချိန်တိုင်းမှာ လူမျိုးစွဲ၊ ဘာသာစွဲတွေကို ကျော်လွန်ပြီး နိုင်ငံအကျိုး ပြည်သူလူထုအကျိုးကို ရှေ့တန်းတင်ပြီး လက်တွဲဆောင်ရွက်ခဲ့တဲ့ သာဓကတွေ အများအပြားရှိခဲ့တာကို တွေ့ရမှာ ဖြစ်ပါတယ်။ ယခုလက်ရှိမှာလဲ သဘာဝဘေးအန္တရာယ်တွေ တွေ့ကြုံတဲ့အခါမှာ သာမက ကျန်းမာရေး၊ လူမျိုးရေး နှင့် ပညာရေး အဖွဲ့အစည်းတွေဟာ ဆင်းရဲဒုက္ခရောက်နေတဲ့၊ အကူအညီတွေ လိုအပ်နေတဲ့ ပြည်သူတွေကို စွမ်းစွမ်းတမံ ကူညီစောင့်ရှောက်ကြတာ ကျွန်တော်တို့ မျက်မြင် ကိုယ်တွေ့ဖြစ်ပါတယ်” ဟု ထည့်သွင်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။
 
အဆိုပါ ငြိမ်းချမ်းရေး သ၀ဏ်လွှာအား ဖတ်ကြားခဲ့ပြီးနောက် ဘာသာပေါင်းစုံမှ အကြီးအကဲများမှ
ညီညွှတ်ရေး ငြိမ်းချမ်းရေး တရားတော်များ ဟောကြားခြင်း၊အစ္စလာမ် ဘာသာမှ အလ်ဟာဂ်ျ ခလီဖွာ ဦးအေးလွင်၊ ဒေါက်တာ ဦးမြင့်သိန်း၊ ဂရာနာ မိသားစုမှ ခလီဖွာ ဦးသိန်းဝင်းအောင်တို့မှ အစ္စလာမ်အပေါ် အမြင်စောင်းနေသော ဂျေဟာဒ် အကြောင်းကို ရှင်းလင်းပြောကြားခဲ့ပြီး၊ မြ၀တီ မင်းကြီးကျောင်းတိုက်မှ ဆရာတော် ဘုရားကြီးမှလည်း တစ်ဘက်နဲ့ တစ်ဘက် အမြင်မှားနေသည့် ကိစ္စရပ်များအား ယခုလို ရှင်းလင်း ပြောကြားခဲ့ခြင်းအား ကြိုဆိုကြောင်း၊ အများ အမြင်မှားနေသည့် ဂျိဟာဒ် အကြောင်းကို သိရတဲ့အတွက် ၀မ်းသာကြောင်း မိန့်ကြားပြီးနောက် အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းလိုက်ကြောင်း သိရသည်။
 
မန္တလေးမှ ဘာသာပေါင်းစုံ ချစ်ကြည်ရေးအခမ်းအနား ကျင်းပရေးတွင် တာဝန်ရှိသူတစ်ဦးဖြစ်သည့် ဦးမောင်မောင်(ရွှေကရ၀ိတ်)ထံ ဆက်သွယ်စုံစမ်းရာ“အခမ်းအနားပြီးရင် ပထမ အစီအစဉ်က သံဃာတော်တွေကို ဗလီတွေကို လိုက်လံပြသဖို့ပါ။ဒါပေမယ့် ဆရာတော်ကြီးတွေလည်း သွားစရာတွေ ရှိနေတာကြောင့်ရော၊ ဆရာတော်ဝီရသူ ကလည်း သွေးလှူပွဲရှိတာကြောင့် လိုက်မကြည့်ဖြစ်ကြတော့ဘူး။
 
ဆရာတော်ဝီရသူကိုတော့ ဆရာတော်အနေနဲ့ အချိန်မရွေး ဗလီထဲဝင်ကြည့်ချင်တယ်လို့မိန့်ကြားနိုင်ကြောင်း လိုက်လံပြသပေးမည်ဖြစ်ကြောင်း လျှောက်ထားလိုက်ပါတယ်။ အခြားသော သံဃာတော်တွေက မန္တလေးမှာဆရာတော်တွေနေတာ ဗလီထဲမှာ ဘာတွေရှိတယ်ဆိုတာကို အကုန်သိတယ် လိုက်ကြည့်နေစရာမလိုဘူးဟု ပြန်လည်မိန့်ကြားခဲ့ပါတယ်။ အခမ်းအနားကျင်းပနေတုန်းမှာ ၉၆၉ စတေကာကပ် သံဃာတော် ၃-ပါး ၄-ပါး ခန်းမထဲကိုဝင်ကြည့်တယ်။ ထိုသံဃာတော်တွေကို ကျွန်တော်တို့က လှိုက်လှိုက်လှဲလှဲ ကြိုဆိုတယ် သူတို့ကိုစင်မြင့်ပေါ်မှာ အခြားဆရာတော်တွေနဲ့အတူ နေရာပေးတယ်။ ပြီးနောက် တက်ရောက်လာသော သံဃာတော်နှင့်အတူ ဆွမ်းစားပြီးပြန်သွားပါတယ်။
 
သက်ဆိုင်ရာ အစိုးရတာဝန်ရှိသူတွေ အနေနဲ့လည်း အခမ်းအနားကို ပြသနာ တစ်စုံတရာ မရှိ အောင်မြင်စွာ ကျင်းပနိုင်တဲ့အပေါ် သူတို့တွေကလည်း ကျွန်တော်တို့ကို ယုံကြည်သွားတယ်။ ရန်ကုန်ကနေ တက်ရောက်လာတဲ့ သူတွေကလည်း ကျွန်တော်တို့ မန္တလေးမှာ ရဟာန်းသံဃာတော်တွေနဲ့ အထူးသဖြင့် အစ္စလာမ်ဘာသာဝင်တွေနဲ့ ချစ်ချစ်ခင်ခင် နေထိုင်ကြတာကို အခုလိုပွဲမျိုး ကျင်းပနိုင်တာကို ၀မ်းသာကြောင်း” M-Media ကို ပြောပြလာပါတယ်။
အဆိုပါအခမ်းအနားသို့ သံဃာတော် အပါး၄၀ ၊ လူအင်အား စုစုပေါင်း ၃၅၀ကျော် တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။
 
M-Media   သတင်း

No comments:

Post a Comment

Note: Only a member of this blog may post a comment.