Saturday, August 11, 2012

အစ္စလာမ့် အေးရိပ်ဆာယာသို့(၅)- သာတူညီမျှ မုစ်လင်မ်တို့ဘဝ

Share
တန်းတူညီမျှစံနစ်ကို အပြင်းစားယုံကြည်ရာမှ အစ္စလာမ့်ဘောင်သို့ရောက်ရှိလာသော အဆင့်မြင့် မိုဘိုင်းလ်ပညာရှင် အမေရိကန်သူ ကာရိုးလ် စတုန်း – Carol Stone
The Muslim Reader ( TMR ) နှင့် Carol Stone ( CS ) ၏ တွေ့ဆုံမေးမြန်းချက်များ
ဂျူလိုင်ရဲရင့်

( TMR ) အစ္စလာမ်နဲ့ပတ်သက်တဲ့ ခင်ဗျားရဲ့စဦးအတွေ့အကြုံရယ် ၊ ပြီးတော့ နောက်ပိုင်းမှာ အစ္စလာမ်ကိုလက်ခံလာပုံလေးရယ် ပြောပြစေချင်ပါတယ်။
( CS ) ကောလိပ်မှာတုန်းက ကျွန်မ အစ္စလာမ်အကြောင်းကို လေ့လာခွင့်ကြုံခဲ့တယ်။ ကျွန်မ အင်္ဂလိပ်စာပြနေတချိန်ကပေါ့။ ကျောင်းသားတစ်ဦးက ကျွန်မကို လက်ဆောင်အနေနဲ့ ကုရ်အာန်တစ်စုံကိုပေးခဲ့တယ်။ ကျွန်မက စာအုပ်စင်ပေါ် အသာတင်ထားလိုက်တာ လပေါင်းများစွာကြာတဲ့အထိပါဘဲ။ ဒီလိုနဲ့ တစ်ညနေခင်းတော့ ကျွန်မရဲ့ စိတ်ပညာဆိုင်ရာမှတ်စုတွေဖတ်အပြီးမှာ ကုရ်အာန်ကို ကောက်ကိုင်လိုက်မိတယ်။
ခါတိုင်းဆို အဲ့ဒီအချိန်မှာ အိပ်ငိုက်နေပါပြီ။ ဒါပေမယ့် မုက္ခပါဌ်တော်တစ်ရပ်က ကျွန်မကို နိုးကြားသွားစေ ပါလေရော။ အဲ့ဒါက ….. ” စင်စစ်ဧကန် ယဟူဒီများသည်လည်းကောင်း၊ ဆွာဘီများသည်လည်းကောင်း၊ ခရစ်ယာန် များသည်လည်းကောင်း အလ္လာဟ်အရှင်မြတ်နှင့် နောက်ဆုံးနေ့တော်ကိုယုံကြည်ပြီး ဖြောင့်မတ်ကောင်းမြတ်စွာ ကျင့်မူကြပါလျှင် ထိုကဲ့သို့သောသူတို့အဖို့ စိုးရိမ်ဖွယ်ရာမရှိ၊ ပူဆွေးစရာလည်း ရှိအံ့မည်မဟုတ်ချေ “ တဲ့။ အဲ့ဒါ စူရဟ် မာအိဒဟ်ထဲက အာယသ်အမှတ် ၆၉ – ၅း၆၉ ဖြစ်ပါတယ်။ အစ္စလာမ်က ခြယ်မှုန်းပြသထားတဲ့ ဘုရားသခင်ဟာ – ကျွန်မရဲ့ ကိုယ်ပိုင်အယူအဆနဲ့ တစ်ထပ်တည်း ဖြစ်နေပါလားဆိုပြီး အမြင်ပွင့်သွားခဲ့တယ်လေ။
လယ်ကွင်းတွေထဲငြိမ်းချမ်းစွာ ဘ၀ကိုကျောင်းပြီး သစ္စာသမာဓိရှိတဲ့ ဂျူးတွေကို ဘုရားသခင်က ပြစ်ဒဏ်ခတ်ခြင်းဟာ မမျှတဘူးရယ်လို့ ကျွန်မ အမြဲတမ်းတွေးနေခဲ့မိတာပေါ့။ အဲ့ဒီအချက်က ကျွန်မကို ကုရ်အာန်ပိုပြီးဖတ်ဖြစ်အောင် တွန်းပို့ခဲ့တာပါ။ ဖတ်ရှုလေလေ ကျွန်မယုံကြည်ထားမှုနဲ့သဘောမျှနေတဲ့ အကြောင်းအရာတွေကို တွေ့လာရလေလေ ဖြစ်နေပါတော့တယ်။ ဒီလိုနဲ့ ကျွန်မဟာ ကျောင်းမှာရှိတဲ့ မုစ်လင်မ် တစ်ဥိး တစ်ယောက်ကိုမှ လက်လွှတ်မခံဘဲ မေးမြန်းတယ်၊ ဆွေးနွေးတယ်၊ အပြန်အလှန်အချေအတင် ပြောဆိုကြည့်တယ်။ လ အနည်းငယ်အတွင်းမှာဘဲ ( ငါးလ၀န်းကျင်လောက် အကြာမှာ ထင်ပါတယ် ) အစ္စလာမ်က ကျွန်မအတွက်ဘဲဆိုပြီး သိသွားခဲ့ပါတယ်။
( TMR ) ကုရ်အာန်စာအုပ်ကို မရရှိခင်တုန်းက အစ္စလာမ်အကြောင်း တစ်စုံတစ်ရာ သိရှိခဲ့ပါသလား။
( CS ) အစ္စလာမ်အကြောင်းဆိုလို့ ဘာမှ မသိခဲ့ပါဘူးရှင်။ ကြားဖူးနားဝတောင် မရှိခဲ့ပါဘူးလို့ ဆိုရပါမယ်။
တစ်စုံတစ်ယောက်က ကျွန်မကို မေးမြန်းလာယင်လည်း အဲ့ဒါဟာ အရှေ့ဖျားတိုင်းပြည်တွေမှာရှိတဲ့ ဘာသာရေး ယုံကြည်ချက်တစ်မျိုးလို့ ပြောမိပါလိမ့်မယ်။ ကျွန်မတို့ကျောင်းရဲ့ သင်ရိုးထဲမှာ အပိုင်းသုံးပိုင်းခွဲထားတယ် – ခရစ်ယာန်ဝါဒ၊ ဂျူးအယူဝါဒ နဲ့ အခြားဘာသာတရားများ ကဏ္ဍ ဆိုပြီးတော့ပေါ့။ နောက်ဆုံးအပိုင်းထဲမှာ ဗုဒ္ဒ၊ ဟိန္ဒူ နဲ့ အစ္စလာမ်ဘာသာတွေ ပါဝင်တယ်။ ဒါကြောင့်မို့လည်း အစ္စလာမ်ဆိုတာ အရှေ့ဖျားတိုင်းပြည်နိုင်ငံဆီက ဘာသာတရား တစ်ခုဖြစ်တယ်လို့သာ သိခဲ့ရတာလေ။
( TMR ) အစ္စလာမ်နဲ့ပတ်သက်ပြီး ခင်ဗျားရဲ့တွေ့ရှိချက်တွေကကို တစ်ယောက်ယောက်နဲ့ မျှဝေခံစားခဲ့တာမျိုးရှိခဲ့ဖူးပါသလား ၊ ရှိခဲ့ယင် သူတို့ရဲ့ လက်ငင်းတုန့်ပြန်မှုတွေက ဘယ်လိုပါလဲ။
( CS ) တကယ်တမ်းကျတော့ ကျွန်မက သီးသန့်ဆန်တဲ့လူတစ်ယောက်ပါ။ ကျွန်မရဲ့ယုံကြည်မှုကို သိုသိပ်ထားခဲ့ပါတယ်။ အကူးအပြောင်းလုပ်ပြီးတဲ့နောက် လူတွေကို ဒီအကြောင်းပြောပြတဲ့အခါမှာတော့ သူတို့တစ်တွေက စိတ်ဝင်တစားဆွေးနွေးကြပါတယ်။ ရန်ရှာမှုကို မကြုံရသလောက်ပါဘဲ။ ကျွန်မမိသားစုရဲ့တုန့်ပြန်မှုကသာ ကျွန်မကို စိတ်မချမ်းမြေ့စေခဲ့တာပါ။ ကျွန်မက ကိုယ်ဆုံးဖြတ်တာအမှန်လို့ အမြဲယူဆတတ်တဲ့လူစားမျိုးလေ။
ဒီကိစ္စဖြစ်လာတာလောဘကြောင့်လည်းမဟုတ်၊ ငွေကြောင့်လည်း မဟုတ်ခဲ့ဘူး။ သူတို့ဘာကြောင့် လက်မခံနိုင်သလဲဆိုတာကို ကျွန်မ တော်တော်လေး နားမလည်နိုင်အောင် ဖြစ်ခဲ့ရပါတယ်။
( TMR ) အစ္စလာမ်ကိုလက်ခံပြီးနောက်မှာမှ ထူးထူးခြားခြား ခံစားမိတာမျိုးရှိပါသလား။ ငါ့ရဲ့ရွေးချယ်မှု မှန်မမှန်ဆိုတာမျိုးပေါ့လေ။
( CS ) အိုး – သိပ်ရှိတာပေါ့ရှင်။ ကျွန်မ အကူးအပြောင်းလုပ်ပြီး တစ်နှစ်လောက်အကြာမှာပေါ့။ အမျိုးသမီး Racket Ball ပြိုင်ပွဲကနေ ရပ်နားခံရတယ်။ ဆောင်းတွင်းကြီးဖြစ်လို့ ချမ်းစိမ့်လိုက်တာ လွန်ပါလေရော။ အဲ့ဒီအခါတုန်းက အိမ်အပြန် တစ်လမ်းလုံးငိုကြွေးယင်း လမ်းလျှောက်နေခဲ့မိတာကို အမှတ်ရပါတယ်။
ကျွန်မရဲ့မိသားစုဝင်အားလုံးရော ကျွန်မရဲ့အရင်းနှီးဆုံးသူငယ်ချင်းတွေပါ ကျွန်မကို အရမ်းစိတ်ဆိုးနေခဲ့ကြ တယ်လေ။ ကျွန်မလည်း - အို၊ ဖန်ဆင်းရှင်။ ကျွန်မကို အစ္စလာမ်ဆိုတာကို သိသွားအောင် ဘာလို့ပြုတော်မူလိုက်တာလဲ လို့ မိမိဖာသာ ရေရွတ်မိပါတယ်။ ဘာကြောင့်လဲဆိုတော့ မသိနားမလည်တဲ့သူကို ပြစ်ဒဏ်မပေးဘူး ဆိုတဲ့အာယသ်တော် တစ်ခုကို ကျွန်မသိထားလို့ဖြစ်ပါတယ်။ ဒါပေမယ့် ဘုရားသခင် ပေးကမ်းတော်မူတဲ့ အရာမှန်သမျှထဲမှာ ကောင်းမြတ်တဲ့ အကြောင်းရပ်တစ်ရပ်ရပ် ရှိကိုရှိတယ်၊ ပြီးတော့ အဲ့ဒီအရာနဲ့ ရှင်သန်နေထိုင်သွားရမယ်ဆိုတာကိုလည်း ကျွန်မ အသိဝင်ခဲ့ ပါတယ်။ အဲ့ဒီအချက်က ကျွန်မအဖို့ စိတ်ဖြေစရာ ရရှိစေပြီး ခိုင်မြဲသွားစေခဲ့တာပါ။
( TMR ) အစ္စလာမ်ကိုလက်ခံလိုက်တဲ့အခါ စွန့်လွှ့တ်လိုက်ရတဲ့ အရာတွေ ဒါမှမဟုတ် ပြင်ဆင်ညှိနှိုင်းရတဲ့ အရာတွေရှိခဲ့ပါသလား။
( CS ) ကျွန်မ အစ္စလာမ်ကို မကူးပြောင်းခင်ကတည်းက အစ္စလာမ့်နည်းကျအရာတွေ တော်တော်များများ ကျွန်မဆီမှာ ရှိနှင့်နေခဲ့ပါတယ်။ ကျွန်မက အရက်၊ ဆေးလိပ် မသောက်စားဘူး။ မူးယစ်ဆေးဝါး မသုံးဘူး။ အမြဲတစေ ချာ့ခ်ျဘုရားရှိခိုးကျောင်းတက်နေခဲ့သူဖြစ်တယ်။ ကျွန်မအဖို့ ပြောင်းလဲပြင်ဆင်လိုက်ရတာကတော့ ၀တ်စား ဆင်ယင်မှုပုံစံ တစ်ခုပါဘဲ။ အကူးအပြောင်းဖြစ်ကာစမှာ နေရောင်ခံဝတ်စုံ Sun Dress ကို ၀တ်နေဖြစ်သေးတယ်။ နောက်ပိုင်းမှာတော့ အ၀တ်အစား ထူထူဝတ်ဆင်လာတယ်။ လက်မောင်းသားအနားစတွေ ခပ်ရှည်ရှည်ဖြစ်လာပါတယ်။ ဆံပင်ကိုဖုံးကွယ်ရတဲ့ကိစ္စကတော့ ကျွန်မအဖို့ အချိန်တော်တော်ယူခဲ့ရတယ်ရှင့်။
( TMR ) ခင်ဗျားရဲ့ စိတ်ဓါတ်ကြံ့ခိုင်မှုအတွက် လူတစ်ဦးဦးဆီက အကူအညီ ရယူခဲ့ပါသလား။
( CS ) မရှိသလောက်ပါဘဲရှင်။ ကိုယ့်ဖာသာ လုပ်ယူရတာပါ။ အုပ်စုဖွဲ့ဆွေးနွေးမှုတွေဖြစ်လာအောင် ကျွန်မစည်းရုံးတယ်။ အဖွဲ့ဝင်တွေကို ပံ့ပိုးမှုတွေလုပ်တယ်။ သူတို့ကိုကြည့်ယင်း စိတ်ဓါတ်ကျလိုက် ပြန်မြှင့်တင်လိုက် – ပြိုကွဲလိုက် ပြန်စုစည်းလိုက်နဲ့ပေါ့။ သူတို့ကို ကူညီဖို့အတွက် ကျွန်မကိုယ်တိုင်က မကြံ့ခိုင်လို့ ဘယ်ဖြစ်မလဲလေ။
( TMR ) စင်္ကာပူမှာဆိုယင် လူတစ်ဦးဟာ မုစ်လင်မ်သစ်လွင် ဖြစ်သွားတာနဲ့ အခြားသူတွေက သူ့ကို မလေးလူမျိုးဖြစ်သွားပြီလို့ ထင်မြင်တတ်ကြတယ်။ ခင်ဗျားအနေနဲ့ရော အလားတူအဖြစ်မျိုး ကြုံဖူးပါသလား။
( CS ) အဲ့ဒါ အသိနိမ့်ကျမှု သက်သက်ပါဘဲ။ တစ်ချို့ (မိရိုးဖလာ) မုစ်လင်မ်တွေက ရှင်တို့ကို ယဉ်ကျေးမှုနဲ့ဖိအားပေးနေတာပါ။ ရှင်တို့ (မုစ်လင်မ်သစ်လွင်)တွေဟာ ပတ်ဝန်းကျင်အသစ်မှာ အဆင်မပြေမှုတွေ ကြုံတွေ့နေရတဲ့ကြားက အဲ့ဒီဖိအားတွေကြောင့် ပိုပြီးတော့ မသက်မသာ ဖြစ်သွားရမှာ အမှန်ဘဲ။
( TMR ) အမေရိကမှာရှိနေတဲ့ မုစ်လင်မ်အများစုဟာ အာရပ်လူမျိုး နဲ့ အိန္ဒိယ-ပါကစ္စတန်အနွယ်ဝင်တွေလို့ ကျွန်တော်တို့သိထားပါတယ်။ ကျွန်တော်တို့ စင်္ကာပူမှာကြုံရတဲ့ မလေးယဉ်ကျေးမှုကိစ္စလို ” အစ္စလာမ့်ယဉ်ကျေးမှု နဲ့ ကိုယ်ပိုင်ယဉ်ကျေးမှု မကွဲပြားတဲ့ ပြသနာတွေ “ ခင်ဗျားတို့ဆီမှာ တွေ့ရပါသလား။
( CS ) ကျွန်မတို့ဆီမှာ အဲ့ဒီလိုပြသနာတွေ များမှများပါဘဲရှင်။ မိမိရဲ့ယဉ်ကျေးမှုကသာလျှင် အဟုတ်အမှန် လို့ပြောပြီး သူတို့ရဲ့ ကိုယ်ပိုင်ယဉ်ကျေးမှုတွေအပေါ် ကိုယ်စီကိုယ်ငှ တစ်ယူသန် အစွဲကြီးနေလိုက်ကြတာလေ။ အမေရိကန်မုစ်လင်မ်တွေက သူတို့ကြားထဲ ညှပ်နေရတယ်။ ဒီတော့ ကျွန်မတို့ကလည်း ဟိုတစ်စ သည်တစ်စ ကောင်းနိုးရာရာကောက်နှုတ်လို့ ကျွန်မတို့နဲ့ အံဝင်ကိုက်ညီနိုင်တာကို ကြည့်ပြီး ပုံဖော်ကြရတာပါဘဲ။
( TMR ) ခင်ဗျားတွေ့လိုက်ရတဲ့ အစ္စလာမ်သာသနာရဲ့ပသာဒ တစ်ရပ်ရပ်ကို အသိပေးဝေမျှပေးချင်တာရှိယင် …….
( CS ) ဟုတ်ကဲ့။ ကုရ်အာန်အာယသ်တော် ၅း၆၉ က အစ္စလာမ်ဟာ ဘယ်လောက်ထူးခြားတယ်ဆိုတာ ကျွန်မကိုပထမဦးဆုံးအမြင်ပွင့်စေခဲ့တယ်။ ဘယ်သူက ဘယ်ဘာသာတရားကို ကိုးကွယ်ယုံကြည်နေပါစေ – အလ္လာဟ်အရှင်မြတ်က လူတိုင်းအပေါ် မေတ္တာထားတော်မူတယ် ဆိုတဲ့အကြောင်းပါဘဲ။ ခရစ်ယာန်အယူဝါဒမှာ ခရစ်ယာန် များသာလျှင် ကောင်းကင်ဘုံကိုသွားကြရပြီး ကျန်သူအားလုံးကတော့ ငရဲလားရမယ်လို့ ဆိုတယ်။ အစ္စလာမ်မှာကတော့ ဘယ်မုစ်လင်မ်ကိုမှ တစ်ဖက်သတ် ပ,စားပေးမထားတာမျိုး မရှိဘူး။ မုစ်လင်မ်ဖြစ်ပါတယ်ဆိုယုံနဲ့ ငရဲဘုံက ကင်းလွတ်သွားမယ်လို့ ဆိုမထားဘူးလေ။ အစ္စလာမ်ဟာ တရားမျှတမှုအပေါ် တကယ့်ကို အလေးအနက်ပြုထားပါတယ်။
( TMR ) ဒါဖြင့် အခြားသော မုစ်လင်မ်သစ်လွင်တွေကို တစ်စုံတစ်ရာလမ်းညွှန်မှု ပေးနိုင်ပါမလား။
( CS ) ‘ ငါဟာ နေ့စဉ်နေ့တိုင်း ခြေတစ်လှမ်းကို ရှေ့ဆက်တိုးသွားမယ် “ ဆိုတဲ့ ကျွန်မရဲ့ကိုယ်ပိုင် ဒဿနကိုဘဲ ပြောနိုင်ပါတယ်။ နေ့တစ်နေ့ကုန်လွန်လေတိုင်း ကျွန်မ ပြန်လှည့်ကြည့် (ဆင်ခြင်) ပါတယ်။ မိမိကိုယ်ကို တိုးတက်မြင့်မားလာအောင် ဆောင်ရွက်ထားတာရှိမရှိ ကိုယ့်ကိုယ်ကို မေးမြန်းပါတယ်။ ကျွန်မကိုကျွန်မ တိုးတက်မြင့်မား လာတာကိုဘဲ တွေ့မြင်ချင်လို့ပါ။ နေ့စဉ် ဆွလာသ်ငါးကြိမ်ဝတ်ပြုရေး၊ ရမ်ဒွန်တစ်လလုံး ဥပုသ်သီတင်းဆောက်တည်ရေး ဆိုပြီး ကိုယ့်ကိုယ်ကို စည်းကမ်းချမှတ်ဖို့ အများကြီး လိုအပ်ပါသေးတယ်။ မိမိကိုယ်ကို ခက်ခဲမှုဆီ တွန်းမပို့လိုက်ပါနဲ့၊ ဒါပေမယ့် ရှေ့ဆက်နိုင်အောင် ကိုယ့်ဖာသာ ကြပ်မတ်ဖို့လိုအပ်ပါတယ် လို့ မုစ်လင်မ် သစ်လွင်များကို ကျွန်မ အကြံပြုလိုက်ပါတယ်။ ကျန်တဲ့ကိစ္စတွေကတော့ အလ္လာဟ်အရှင်မြတ် (SWT) ရဲ့ အလိုတော်ပေါ့ရှင်။
Interview Section
A Colllection of Stories on Why They Embrace Islam TMR ( The Muslim Reader ) 2010 – 2011 , Singapore
From - TMR : Vol 7 , No.4 , Pg 24-25
TMR : Following Faith ( 2010 – 2011 ), Pg 27-28
http://news.mmsy.info/news/4892

မှကူးယူဖော်ပြပါသည်။

No comments:

Post a Comment

Note: Only a member of this blog may post a comment.