Thursday, August 23, 2012

အပိုင်း (၄)

လူ့အခွင့်အရေးနဲ့ ဥပဒေစိုးမိုးရေး ဘယ်လို ဆက်စပ်သလဲ။ စစ်မှန်တဲ့ ဥပဒေစိုးမိုးရေး တည်ဆောက်နိုင်ဖို့ အမှန်တရားကို ဘာကြောင့် ရှာဖွေဖော်ထုတ်သင့်သလဲ။
စစ်အာဏာရှင်စနစ်ကို ယနေ့အထိ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ကျင့်သုံးလျက်ရှိသော စစ်အစိုးရ၏ သမ္မတ ဦးသိန်းစိန်ကိုယ်တိုင်က ၀န်ခံပြောကြားပြီးနောက်တွင် လူ့အခွင့်အရေးသည် လူ့အဖွဲ့အစည်းက အမြင့်ဆုံး ထားရမည့် စံတန်ဖိုး ဟူသည်မှာ မြန်မာနိုင်ငံအတွက် ပို၍ ထင်ရှားသိသာလာသည်။

သို့ရာတွင် လူ့အခွင့်အရေးဟူသည်အား အများ နားထောင်ကောင်းရုံ၊ နားထောင်လိုက်ရသူများက လူ့အခွင့်အရေးစကား ပြောသူအား လေးစားအထင်ကြီးသွားစေရုံမျှလောက်ဖြင့်သာ သုံးစွဲနေပါလျှင် လက်တွေ့အရ မည်သည့်အခါတွင်မျှ ခံစားရရှိနိုင်ဖွယ်မရှိပါ။ လူ့အခွင့်အရေးအတွေးအခေါ်ကို ကိုင်စွဲပြီး ဥပဒေစိုးမိုးရေးကို ဖော်ဆောင်မှသာ လူ့အခွင့်အရေးကို ခံစားနိုင်ပါမည်။ အဘယ်ကြောင့်ပါနည်း။

ဥပဒေစိုးမိုးရေးဆိုသည်မှာ တည်ဆဲဥပဒေများကိုသာ လေးစားလိုက်နာခြင်းဟူသည့် သဘောထက် မည်သို့မျှ မပိုနိုင်၍ ဖြစ်သည်။

လူ့အခွင့်အရေးအတွေးအခေါ်ကို ကိုင်စွဲပြီး ဥပဒေစိုးမိုးရေးကို ဖော်ဆောင်မည်ဆိုလျှင် တည်ဆဲဥပဒေများသည် လူ့အခွင့်အရေးအခြေခံကို ပယ်ရှားထားပါက (သို့မဟုတ်) လူ့အခွင့်အရေး အခြေခံများကို ဖော်ဆောင်မပေးနိုင်ပါက အဆိုပါ ဥပဒေတရပ်ရပ်ကိုသော်လည်းကောင်း၊ ဥပဒေစနစ်တစုံလုံးကိုသော်လည်းကောင်း ပြင်ရပါမည်။ ဥပဒေတရပ် သို့မဟုတ် ဥပဒေစနစ်တစုံလုံးသည် လူ့အခွင့်အရေးကို ပံ့ပိုး တည်ဆောက်စေရပါမည်။ ယုတ်လျော့၊ ဖျက်သိမ်းခြင်း မဖြစ်စေရပါ။ သို့မှသာ စစ်မှန်သော ဥပဒေစိုးမိုးရေး ဖြစ်ပါသည်။ စစ်မှန်သော ဥပဒေစိုးမိုးရေးသည် လူ့အခွင့်အရေးကို လိုလားသော လူ့အဖွဲ့အစည်းတိုင်း ဦးတည်လျှောက်လှမ်းရမည့် လမ်းကြောင်းပင်။ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သည့် အဓိကရုဏ်းကြီးနှင့် စပ်လျဉ်း၍ ဤလမ်းကြောင်းကိုပင် လျှောက်လှမ်းရပါမည်။

ယင်းသို့မဟုတ်လျှင် လူ့အခွင့်အရေးစကားလုံးကို နှုတ်မှ အမြှုပ်ထွက်သည်အထိ အကြိမ်ပေါင်းများစွာ ရေရွတ်ပါစေဦး၊ လူ့အခွင့်အရေးသည် ရေပေါ်တွင် အရုပ်ရေးသည့်အဆင့်ထက် ပိုမည်မဟုတ်ပါ။

ဥပဒေစိုးမိုးမှု၏ ရှေ့တွင် “စစ်မှန်သော” ဟူသည်ကို အဘယ်ကြောင့် ထည့်ရသနည်း။ ဥပဒေစိုးမိုးမှု စကားလုံးကို စစ်အာဏာရှင်များ၊ အုပ်ချုပ်သူအာဏာပိုင်များက ဆယ်စုနှစ်ပေါင်းများစွာ တတွတ်တွတ် ရွတ်ဆိုခဲ့သည်။ လက်တွေ့တွင် ဥပဒေများနှင့် ဥပဒေစနစ်တစုံလုံးအား ၄င်းတို့ အာဏာတည်မြဲရေးအတွက်သာ အသုံးချခဲ့သည်။ “စစ်မှန်သော” ဥပဒေစိုးမိုးရေးအခြေခံကို လူထုအနေဖြင့် စနစ်တကျ လေ့လာစဉ်းစားခွင့်မရအောင် ပိတ်ပင်ထားခံခဲ့ရသည်။ ၄င်းတို့အလိုအရ ဥပဒေစိုးမိုးရေးဟူသည်မှာ လူထု၏ လွတ်လပ်ခွင့်အား ဖိနှိပ်ပြဌာန်းထားသော ဥပဒေများကိုသာ အဓိကအားဖြင့် လေးစားလိုက်နာရေးကို ဦးတည် ကျင့်သုံးခဲ့ ကျင့်သုံးဆဲဖြစ်သည်။ “စစ်မှန်သော” ဥပဒေစိုးမိုးရေး၏ စဉ်းစားမှုအခြေခံတရပ်ကို လူတိုင်း နားလည်လွယ်အောင် သာဓကတခုနှင့် မိတ်ဆက်ပေးပါမည်။

စာရှုသူများအားလုံး ဥပဒေစိုးမိုးရေး၏ သင်္ကေတရုပ်တုကို ပုံများတွင် မြင်ဖူးကြပါမည်။ မျက်လုံးကို အ၀တ်မဲ စည်းထားသော အမျိုးသမီးတဦး၏ ရုပ်တုဖြစ်သည်။ သူမ၏ ဘယ်လက်တွင် ချိန်ခွင်ကို ကိုင်ထားပြီး ညာလက်တွင် ဓားရှည်ကြီးတလက်ကို စွဲထားသည်။ မျက်လုံးကို အ၀တ်မဲ စည်းထားသည့် သဘောမှာ မှုခင်းတရပ်ရပ်ကို ဆုံးဖြတ်စီရင်ရာတွင် လူမျိုး၊ ဘာသာ၊ အသားအရောင်၊ လိင်၊ လူမှုရေးအဆင့်အတန်း စသည်တို့ကို လုံးဝမစဉ်းစားတော့ဘဲ ကျူးလွန်သူမှန်သမျှကို စီရင်သွားမည်ဟူ၍ ဖြစ်သည်။ ချိန်ခွင်ကို ကိုင်ထားခြင်းမှာ တရားမျှတမှုကို ရှေးရှုသည်။ ခွဲခြားမှု ဘက်လိုက်မှုမရှိဘဲ မျှတစွာ ဖော်ထုတ်စစ်ဆေးသွားမည်ဟူ၍ ဖြစ်သည်။ ဓားရှည်ကြီး၏သဘောမှာ အပြစ်ကျူးလွန်သူကို အပြစ်ပေးရန် ဖြစ်သည်။ ပြစ်မှုကျူးလွန်သူကို ထိုက်သင့်သည့် ပြစ်ဒဏ်ပေးခြင်းမှာ ဥပဒေစိုးမိုးရေး၏ အခြေခံအကျဆုံးသော မူဖြစ်သည်။

စစ်အာဏာရှင်စနစ်က နှစ်ပေါင်းငါးဆယ်ကျော် အုပ်ချုပ်ခဲ့သည့် သက်တမ်းအတွင်း စစ်မှန်သည့် ဥပဒေစိုးမိုးရေး အခြေခံများ ပြန့်ပွားကျင့်သုံးခွင့်မရ၊ လူမျိုးရေး ဘာသာရေး ပဋိပက္ခများ ဖန်တီးခဲ့သည်။ ပေါ်ပေါက်နိုင်သည့် လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခများကိုလည်း မပေါက်ကွဲစေရန် ကြိုတင်တားဆီးမှုများ မလုပ်ခဲ့။ ပေါက်ကွဲလာသည့်အခါတွင်လည်း နိုင်ငံရေးအမြတ်ထုတ်ခဲ့ပြန်သည်။ အကျိုးဆက်အနေဖြင့် တရုတ်နှင့် မြန်မာ၊ ရှမ်းနှင့် ၀၊ ပအိုဝ့်နှင့် ရှမ်း၊ မွန်နှင့် ကရင် လူမျိုးရေးပဋိပက္ခမျိုးစုံ ပေါ်ခဲ့သည်။ လက်နက်ကိုင်တိုက်ပွဲများ ဖြစ်ပွားခဲ့သည်လည်း ရှိသည်။ ကရင်နှင့် ကရင်ချင်း သတ်ကြသည့်အဆင့်ပင် ရောက်ခဲ့သည်။ ယခု ရခိုင်ပြည်နယ်မှာလည်း နဖူးတွေ့ ဒူးတွေ့ ကြုံနေရပြန်ပါသည်။ လူထုများ၏ နစ်နာဆုံးရှုံးမှု ခံစားရမှုများကို ကြည့်လိုက်လျှင် ကြေကွဲဖွယ်ဆိုသည်ထက် ဟိုမှာဘက်ကမ်းသို့ ကျော်လွန်နေပါသည်။

စစ်မှန်သည့် ဥပဒေစိုးမိုးရေးမရှိဘဲ လုံခြုံရေးယူပေးဖို့ သေနတ်အောက်မှာ ဒူးထောက်ပြီး တောင်းခံနေရသမျှ ကာလပတ်လုံး အဆိုပါအဖြစ်ဆိုးမျိုး ထပ်မံကြုံတွေ့နေရပါဦးမည်။ ဤဖြစ်ရပ်ဆိုးကြီးများကို ပြန်ပြောင်းသုံးသပပြီး နောင်ကို ထပ်မဖြစ်အောင် ရှောင်ရှားနိုင်စေရန် တိုင်းရင်းသားပေါင်းစုံ လူထုကြီးတရပ်လုံး ငြိမ်းချမ်း၊ တိုးတက်၊ သာယာသောဘ၀ကို ရရှိစေရန်မှာ လူ့အခွင့်အရေးအခြေခံပေါ်တွင် စစ်မှန်သော ဥပဒေစိုးမိုးရေးကို တည်ဆောက်ခြင်းမှတပါး အခြားမရှိပါ။ ယင်းသို့ဖြစ်စေရန်မှာ လူထုများကိုယ်တိုင် စစ်မှန်သော ဥပဒေစိုးမိုးရေး အခြေခံကို နေ့စဉ် လိုက်နာကျင့်သုံးဖို့ လိုပါသည်။ ဤသည်ကို သဘောတူပါက စာရှုသူ ခေတ္တမျှ စာဖတ်ရပ်ပြီး အ၀တ်မဲ တခုရှာ၊ မျက်လုံးကို စည်းပိတ်၊ တနေရာတွင် ငြိမ်သက်စွာထိုင်၊ အသက်မှန်မှန်ရှူကာ၊ စိတ်အာရုံတွင် ရှိနေသည့် အစွဲမှန်သမျှ ဖယ်ထားလိုက်ပါ။

မည်ကဲ့သို့သော အစွဲမျိုးကို ဆိုလိုပါသနည်း။

ငါ့လူမျိုးက လုပ်သမျှ အားလုံးမှန်သည်။ ငါမနှစ်မြို့သည့် လူတွေ လုပ်သမျှ အားလုံးမှားသည်။ (မည်မျှပင် ဆိုးဝါးရက်စက်သည့် လုပ်ရပ်ဖြစ်ပါစေ) ငါ့ဘာသာတရား လုပ်တာ အားလုံးမှန်သည်။ မည်သည့်အကြောင်းနှင့်ပဲဖြစ်ဖြစ် ငါ့ဘာသာဝင်တွေကို လာမထိနှင့်၊ ထိလျှင် မီးပွင့်သွားအောင် တုံ့ပြန်သွားမည်။ (မည်မျှအထိ လူ့အခွင့်အရေးချိုးဖောက်နေပါစေ) ငါ့ပါတီ ဦးဆောင်တာ မှန်သမျှ အားလုံး တရားသည်။ ငါ့ခေါင်းဆောင် လုပ်တာမှန်သမျှ အားလုံး မှန်သည် … အစရှိသည့် အစွန်းရောက် အစွဲများကို ဆိုလိုသည်။

မိမိ၏ စိတ်အစဉ်တွင် ယင်းအစွဲများ တည်ရှိနေသမျှ အရာကိစ္စများအပေါ် ယင်းအစွဲများဖြင့် တိုင်းတာနေသမျှ၊ ယင်းအစွဲများအပေါ် အခြေခံလျက် ပြောဆို၊ ရေးသား၊ လုပ်ဆောင်နေသမျှ ကာလပတ်လုံး မည်သည့်အခါတွင်မျှ ဥပဒေစိုးမိုးရေး မတည်ဆောက်နိုင်ပါ။ အကျိုးဆက်အနေဖြင့် ယင်းသို့သော အစွဲမျိုးရှိသူ ပုဂ္ဂိုလ်များတွင် အားမလိုအားမရမှုများ၊ မစ္ဆရိယစိတ်များ၊ အမုန်းများ၊ အာဃာတများ၊ ဒေါသများ … အစရှိသဖြင့် Negative Sense အပျက်သဘောဆောင်သည့် အာရုံများသာ ဖုံးလွှမ်းနေပါမည်။ ယင်းသို့ဖြစ်ပါက လူ့အဖွဲ့အစည်းသည် အပြုသဘောဆောင်နိုင်မည်မဟုတ်။ စစ်မှန်သည့် ငြိမ်းချမ်းမှု၊ လွတ်လပ်မှု၊ တရားမျှတမှုကို ရနိုင်မည် မဟုတ်ပါ။

ရခိုင်ပြည်နယ်အတွင်း အဓိကရုဏ်းကြီးများ နောက်ထပ် မပေါ်ပေါက်နိုင်ရေးအတွက် စစ်မှန်သည့် ဥပဒေစိုးမိုးရေး တည်ဆောက်မည်ဆိုလျှင် အမှန်တရားကို ဖော်ထုတ်ရပါမည်။ ဤသည်ကို ဇူလိုင်လ ၂၄ ရက် နေ့စွဲဖြင့် စာရေးသူ၏ ဆောင်းပါးတွင် တင်ပြခဲ့ပြီးဖြစ်သည်။ အမှန်တရားဟူသည်မှာ ကျယ်ပြန့်နက်ရှိုင်းလှပါသည်။ မည်သည်များနှင့် စပ်လျဉ်းသည့် အမှန်တရားပါနည်း။ အဓိကရုဏ်းကြီးအတွင်း ဖြစ်ပွားခဲ့သည်မှာ ရိုးရိုးအမြင်မတူရုံမျှနှင့် အပြန်အလှန် ကလော်ကြ၊ ဆဲကြ၊ ခဲနှင့် ပစ်ပေါက်ကြ၊ ထိုးကြ ကြိတ်ကြ၊ ရုန်းရင်းဆန်ခတ် ဖြစ်ရုံမျှ မဟုတ်ပါ။ လူမျိုးရေး ဘာသာရေးနှင့် ဆက်နွယ်သည့် လူအုပ်စုကြီးနှစ်စုက ပြစ်မှုကြီးများ အပြန်အလှန် ကျူးလွန်ခဲ့ကြခြင်း ဖြစ်ပါသည်။ သို့ဖြစ်၍ ရှာဖွေရမည့် အမှန်တရားမှာ လတ်တလောအကြောင်းများနှင့် စပ်လျဉ်း၍ ဤအဓိကရုဏ်းကြီးအတွင်း ပြစ်မှုများကို မည်သူတွေက မည်သည့်အကြောင်းနှင့် အစမှအဆုံး မည်သို့မည်ပုံ ကျူးလွန်ခဲ့ကြသဖြင့် မည်မျှလောက်အထိ ရခိုင်ပြည်နယ် လူ့အဖွဲ့အစည်းတရပ်လုံး ရုပ်ပိုင်းစိတ်ပိုင်းအရ ထိခိုက်ပျက်စီး နစ်နာဆုံးရှုံးသွားရသည် နှင့် စပ်လျဉ်း၍ ဖြစ်သည်။

လတ်တလောအကြောင်းတွေ ပေါ်ပေါက်စေသည့် လူ့အဖွဲ့အစည်း၏ နောက်ခံအခြေအနေမှာ မည်သို့ဖြစ်ခဲ့သည် စသည်တို့ကို ဖော်ထုတ်သွားရန်ဖြစ်သည်။ လတ်တလောအကြောင်းနှင့် စပ်လျဉ်း၍ သာဓကတခုကို ပြပါမည်။ ၁၉၉၄ ခုနှစ်၌ ရ၀မ်ဒါနိုင်ငံတွင် ဟူတူများက တူစီ လူနည်းစုများအား လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ကြသည့် အချိန်တွင် ဟူတူအစိုးရသည် သတင်းစာ၊ ဂျာနယ်၊ ရေဒီယို စသည်များမှ နေ၍ ဟူတူလူထုက တူစီများအပေါ် လူမျိုးရေးအရ မုန်းတီးမှုများ တက်ကြွလာစေရန် စနစ်တကျ လှုံ့ဆော်ခဲ့သည်။ ယင်းနှင့်စပ်လျဉ်း၍ ဦးသိန်းစိန်ကိုယ်တိုင် အောက်ပါအတိုင်း ပြောဆိုသွားခဲ့သည်ကို လေ့လာပါ။

“ပြည်တွင်းမီဒီယာတွေဟာ ပြဿနာအစတုန်းက လူမျိုးရေးစိတ်ဓာတ်နဲ့ အတော်ကလေး ရေးကြတယ်။ နောက်ပိုင်းမှာ ပြည်တွင်းမီဒီယာတွေ သိလာတယ်။ အမြင်ပြောင်းလာတယ်။ လူသားချင်းအမြင်နဲ့ မြင်ရမယ်။ လူ့အခွင့်အရေးကို ထိခိုက်လို့မရဘူး ဆိုတဲ့ အမြင်တွေ ရှိလာတယ်။”

ဦးသိန်းစိန်၏ စကားလုံးအရ ပြည်တွင်းမီဒီယာ ဆိုရာ၌ ပုဂ္ဂလိက မီဒီယာများနှင့် နိုင်ငံပိုင် မီဒီယာများကို ခွဲခြားလေ့လာရန် လိုပါသည်။ မြန်မာ့အလင်းနှင့် ကြေးမုံတို့သည် နိုင်ငံပိုင်မီဒီယာများ ဖြစ်သည်။ ကြေးမုံသတင်းစာပါ ရေးသားချက်ကို စာရေးသူ ထောက်ပြခဲ့ပြီးပါပြီ။ အဓိကရုဏ်းကြီး မဖြစ်မီ၊ ဖြစ်စနှင့် ဖြစ်နေစဉ်တ၀ိုက်၌ နိုင်ငံပိုင်သတင်းစာနှင့် ရေဒီယိုများက လှုံ့ဆော်သည့်သဘောဆောင်သော ရေးသားတင်ပြ ထုတ်လွှင့်ချက်မှန်သမျှ အားလုံးအတွက် စစ်အစိုးရတွင် တာဝန်ရှိပါသည်။ ဦးသိန်းစိန်က မီဒီယာဟူသော စကားလုံးကို လုံးထွေးသုံးပြီး အစိုးရပိုင်မီဒီယာနှင့် စပ်လျဉ်း၍ပါ ၄င်းနှင့် မဆိုင်သလိုလို တင်ပြသွားသည်ကို လက်မခံနိုင်ပါ။ အဓိကရုဏ်းကြီးအတွင်း ဘက်တဘက်ဘက်မှ လူထု ပိုမို သွေးကြွလာစေရန် ပြောဆိုကြသော အာဏာပိုင်များ၊ ၄င်းတို့နှင့် နီးစပ်သူများတွင်လည်း တာဝန်ရှိပါသည်။

အမှန်တရား ဖော်ထုတ်ရေးလုပ်ငန်းမှာ လူမျိုး၊ ဘာသာ၊ လူမှုရေးဇာစ်မြစ် စသည်တို့မခွဲခြားဘဲ လူထုတရပ်လုံးပါဝင်မှသာ အောင်မြင်နိုင်ခြေရှိပါသည်။ သို့ရာတွင် လူထုကိုယ်တိုင်သည် တဘက်စွန်းရောက် အစွဲအခံများနှင့် အရာကိစ္စများအပေါ် ချည်းကပ်၊ လေ့လာ၊ သုံးသပ်မည်ဆိုလျှင်မူ အမှန်တရားသည် မည်သည့်အခါတွင်မျှ ပေါ်ထွက်လာမည်မဟုတ်ပါ။ အစွဲကင်းကင်း အရှိကိုအရှိအတိုင်း သိမြင်နိုင်၊ သုံးသပ်နိုင်မှသာ အမှန်တရား ပေါ်ထွက်လာပါမည်။ ပေါ်ထွက်လာသည့် အမှန်တရားများအပေါ် အခြေခံလျက် ထိုက်သည့်အားလျော်စွာ အရေးယူဆောင်ရွက်မှုများ ရှိလာနိုင်သည်။ သို့မှသာ စစ်မှန်သည့် ဥပဒေစိုးမိုးရေး အခြေခံကို တစုံတရာ တည်ဆောက်ရာ ရောက်ပါမည်။ အကျိုးဆက်အနေဖြင့် ရေရှည်တွင် သာယာလှပပြီး တည်ငြိမ်၊ ငြိမ်းချမ်း၊ တိုးတက်သည့် ရခိုင်ပြည်နယ်ကြီး ပေါ်ပေါက်လာစေရန် ရည်သန်မျှော်မှန်းပါသည်။

အောင်ထူး (ရှေ့နေ)
http://drlunswe.blogspot.com/
မှကူးယူဖော်ပြပါသည်။

No comments:

Post a Comment

Note: Only a member of this blog may post a comment.