Thursday, August 9, 2012

ရှစ်လေးလုံးအရေးတော်ပုံ ၂၄-နှစ်ပြည့် ငွေရတုအကြို အထိမ်းအမှတ် အခမ်းအနားကျင်းပ (မန္တလေး)

သတင်း/ဓါတ်ပုံ- ပြည့်ပြည့်
ရှစ်လေးလုံးအရေးတော်ပုံ ၂၄-နှစ်ပြည့် ငွေရတုအကြိုအထိမ်းအမှတ်အခမ်းအနားကို မနေ့က ၈.၈.၂၀၁၂ ရက်နေ့တွင် မန္တလေးမြို့၊ ဘုရားကြီး အလယ်တိုက် ဘုန်းကြီးကျောင်းမှာ ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါတယ်။
အခမ်းအနားသို့ ၈၈-မျိုးဆက်ကျောင်းသားခေါင်းဆောင်များဖြစ်ကြသည့် ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုပြုံးချို၊ ကိုမြအေး၊ ကိုဂျင်မီ တို့နဲ့အတူ ကျောင်းသားခေါင်းဆောင်များ တက်ရောက်ခဲ့ကြပြီး ၈၈-မျိုးဆက်များ၊ NLD အဖွဲ့ဝင်များ၊ အခြားအဖွဲ့အစည်းများ၊ စာရေးဆရာများ၊ ကဗျာဆရာများနှင့်အတူ ဘာသာပေါင်းစုံမှ လူမျိုးပေါင်းစုံ ပါဝင်ခဲ့ကြပါတယ်။
အခမ်းအနားကျင်းပရာ ကျောင်းဆောင်အပေါ်ထပ်တွင် ၈၈ အရေးတော်ပုံကာလ ပုံရိပ်များ၊ ထုတ်ဝေခဲ့သော စာစောင်များ၊ မှတ်တမ်းဓါတ်ပုံများကို ပြခန်းပြုလုပ်ခင်းကျင်းပြသထားပြီး Performance ပြုလုပ်ရန်အတွက် အောက်ထပ်ကျောင်းဆောင်ရှေ့တွင် ခင်းကျင်းထားကြောင်း သိရပါတယ်။
အခမ်းအနားကို ပထမဦးစွာ ၀ါဆိုသင်္ကန်းကပ်လှူပူဇော်ပြီး ရေစက်သွန်းချအမျှဝေပြီး ထို့နောက် ဒုတိယပိုင်း အစီအစဉ်အဖြစ် ဆွေးနွေးပွဲ အစီအစဉ်ကို ပြုလုပ်ခဲ့ပါတယ်။ နိုင်ငံတိုးတက်ရေး အတွက် ဘယ်လိုပူးပေါင်းပါဝင်ကြမလဲဆိုပြီး အခမ်းအနားသို့ တက်ရောက်လာကြသူများရဲ့တင်ပြချက်များကို ၈၈-ကျောင်းသားခေါင်းဆောင်များမှ ပြန်လည်ဆွေးနွေးပေးကြပြီး တတိယပိုင်းအစီအစဉ်အနေဖြင့် ရှစ်လေးလုံးအရေးတော်ပုံအတွင်းကျဆုံးသွားကြသော ဘာသာဝင်အသီးသီးမှ ရဲဘော်များအားရည်စူး၍ ဘာသာပေါင်းစုံမှ စုပေါင်း၍ သက်ဆိုင်ရာဘာသာအလိုက် တောင်းဆုပြုကြပြီး စတုတ္ထ အစီအစဉ်အရ Performance ကို ပြသပြီး အခမ်းအနားကို ရပ်နားလိုက်ကြကြောင်း သတင်းရရှိပါတယ်။


တက်ရောက်လာသူ ၈၈-မျိုးဆက် အများစုကတော့ လွန်ခဲ့တဲ့ ၂၄-နှစ်တာကာလအတွင်းမှာ ပထမဦးဆုံးအကြိမ် ပြန်လည်ပြုလုပ်နိုင်တဲ့ အထိမ်းအမှတ်အခမ်းအနားဖြစ်သလို၊ စုစည်းညီညွတ်စွာတွေ့ရတာကြောင့် မဖော်ပြနိုင်အောင် ပီတိဖြစ်မိကြောင်း ပြောကြားခဲ့ပါတယ်။
ရှစ်လေးလုံးအရေးတော်ပုံ ၂၄-နှစ်ပြည့် ငွေရတုအကြိုအထိမ်းအမှတ်အခမ်းအနား အခမ်းအနားတက်ရောက်ခဲ့သူ တစ်ဦးမှလည်း “ဒီနေ့ ကျွန်မမြင်တွေ့ခဲ့ရတာ မွတ်စလင်တွေလည်း တော်တော်များတယ်၊ ပြီးတော့ ရန်ကုန် NLD က မွတ်စလင်မ်တွေ၊ ပြင်ဦးလွင်၊ စစ်ကိုင်းနဲ့ မန္တလေးဝန်းကျင်က မွတ်စလင်တွေလည်း တက်ရောက် ပါဝင်လာတာတွေ့ရတယ်၊။ နောက်ပြီး အခမ်းအနားဖြစ်မြောက်ရေးအတွက်ကြိုးပမ်းကြသူတွေထဲမှာ မွတ်စလင်မ်တွေပါဝင်နေတာလည်းတွေ့ရတယ်။
မွတ်စလင်မ်တွေအနေနဲ့ တိုင်းပြည်အကျိုးအတွက် ခေတ်အဆက်ဆက် ဘယ်တော့မှ နောက်ချန်မနေရစ်ပဲ ပါဝင်ဆောင်ရွက်ခဲ့ကြသလို ပြီးခဲ့တဲ့ ၂၄-နှစ်တာ ကာလအတွင်း ပထမဦးဆုံး အကြိမ် ပြုလုပ်နိုင်ခဲ့တဲ့ နိုင်ငံ့သမိုင်းဝင်နေ့ အစီအစဉ်မှာလည်း တက်ကြွစွာ ပါဝင်ခဲ့ကြတာတွေကိုမြင်ရတော့ ကျွန်မအလွန်ကို ကြည်နူးဝမ်းသာမိပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီနေ့အခမ်းအနားလေးကို ကျွန်မကျေနပ်တယ်။”ဟူ၍ M-Media သို့ ပြောကြားခဲ့ပါတယ်။


မှကူးယူဖော်ပြပါသည်။

No comments:

Post a Comment

Note: Only a member of this blog may post a comment.