Tuesday, August 14, 2012

ရိုဟင်ဂျာအရေး မြန်မာနှင့် ဆွေးနွေးရန် ဗြိတိန်ကို ဘင်္ဂလားဒေ့ရှ်တိုက်တွန်း

 ရိုဟင်ဂျာ အရေးနှင့် ပတ်သက်၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံအား ဖိအားပေးနေမည့်အစား ဗြိတိန် အပါအဝင် အခြား စိတ်ပါဝင်စားသော နိုင်ငံများအနေဖြင့် မြန်မာအစိုးရနှင့် တွေ့ဆုံဆွေးနွေး အဖြေရှာစေလိုကြောင်း ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ရှိတ် ဟာဇီနာ Shekh Hasina က တိုက်တွန်း ပြောကြားလိုက်သည်။

တနင်္ဂနွေနေ့က လန်ဒန်မြို့တွင် ကျင်းပခဲ့သည့် ကမ္ဘာ့ အာဟာရ ညီလာခံ “World Nutrition Event” အခမ်းအနား
သို့ တက်ရောက်စဉ် ဗြိတိန်၏ နိုင်ငံတကာ ဖွံ့ဖြိုးမှုရေးရာ အတွင်းဝန် Andrew Mitchell နှင့် တွေ့ဆုံစဉ် ထိုသို့
ပြောကြားခဲ့ခြင်း ဖြစ်ကြောင်း ၀န်ကြီးချုပ်၏ ပြန်ကြားရေးအရာရှိအား ကိုးကား၍ ဘင်္ဂလားဒေ့ရှ် bdnews24 အင်တာနက် စာမျက်နှာတွင် ဖော်ပြပါရှိသည်။

မြန်မာနိုင်ငံတွင်း ဖြစ်ပွားခဲ့သည့် လူမျိုးရေး ပဋိပက္ခကြောင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံထဲသို့ ဝင်ရောက်လာကြသည့် ရိုဟင်ဂျာများအား ဘင်္ဂလား အစိုးရမှ အစားအစာ၊ ရေနှင့် ထောက်ပံ့ကြေးငွေ တချို့ ပေးအပ်ခဲ့သည်ဟု ၀န်ကြီးချုပ်က ဆိုသည်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံအနေနှင့် ကိုယ်တိုင်က လူဦးရေ ဖောင်းပွလျက်ရှိသော်လည်း မြန်မာ ဒုက္ခသည်ပေါင်း ၂၈,၀၀၀
ကျော်အတွက် COX’s Bazard ခရိုင်တွင် ဒုက္ခသည် စခန်းနှစ်ခု တရားဝင် ဖွင့်လှစ်ကာ စောင့်ရှောက်ထားရုံမက ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင်း၌ တရားမဝင် မြန်မာနိုင်ငံသားပေါင်း သောင်းပေါင်းများစွာ ရှိနေဆဲ ဖြစ်သည်ဟု ရှိက် ဟာဇီနာ က ပြောဆိုခဲ့သည်။

နိုင်ငံတကာ အကူအညီ အထောက်အပံ့ပေးရေး အဖွဲ့များက ဘင်္ဂလားဒေ့ရှ် အစိုးရအနေနှင့် ဒုက္ခသည်များအား လက်ခံစေလိုပြီး ပိတ်ထားသည့် နယ်စပ်ဂိတ်များအား ပြန်ဖွင့်ပေးရန် ဖိအားပေးမှုများ ရှိခဲ့သည်။

နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာသည့် ရိုဟင်ဂျာ ဒုက္ခသည်များအား အကူအညီ မပေးရန် ဘင်္ဂလားဒေ့ရှ်၌ လူမှုရေး အကူအညီ ပေးအပ်လျက် ရှိသည့် MSF, Muslim Aid UK နှင့် Action Against Hunger အဖွဲ့တို့အား သြဂုတ်လ
ဆန်းပိုင်းတွင် ဘင်္ဂလားဒေ့ရှ် အစိုးရမှ တရားဝင် အကြောင်းကြားစာ ပို့ခဲ့ပြီး ဖြစ်သည်ဟု အေအက်ဖ်ပီ သတင်းတရပ်
တွင် ဖော်ပြထားသည်။

အဆိုပါ ရိုဟင်ဂျာ ဒုက္ခသည် များအား မြန်မာနိုင်ငံမှ ပြန်လည် လက်ခံရန် ဘင်္ဂလားဒေ့ရှ် အစိုးရမှ လိုလားလျက် ရှိသည်။
http://www.mizzimaburmese.com/news/ 
မှကူးယူဖော်ပြပါသည်။

No comments:

Post a Comment

Note: Only a member of this blog may post a comment.