Monday, April 15, 2013

သမိုင်းတကွက် အမည်းစက်စွန်းခဲ့ပြီ

 


 

 
 
 
 
 
 
သမိုင်းတကွက် အမည်းစက်စွန်းခဲ့ပြီ
စံကွန့်

မြန်မာ့သမိုင်းကို လွတ်လပ်ရေး ရပြီး သည်ဖက်ခေတ်တလျှောက်လုံး ခြုံငုံသုံးသပ်ရင် ...စစ်အစိုးရနဲ့ ကင်းလွတ်ခဲ့တဲ့ နှစ်ကနည်းနည်းမို့ စစ်အာဏာရှင်များ ကြီးစိုးသည့်ကာလလို့ ခေါ်ရင် မမှားပါဘူး။ ခုထိအောင်လည်း ဗိုလ်ချုပ်ကြီးဟောင်း သိန်းစိန်က အရပ်သားအစိုးရပါလို့ ပါးစပ်က ဘယ်လောက် အော် အော် ပြည်သူလူထုကတော့ အရပ်သားအယောင်ဆောင် ယူနီဖောင်းချွတ် စစ်အစိုးရလို့ပဲ နားလည်ထားပါတယ်။ စစ်အစိုးရဟာ နာမည်တွေ ဘယ်လိုပဲပြောင်းပြောင်း တံဆိပ်တွေ ဘယ်လိုပဲပြောင်းကပ်ကပ် ပြည်သူလူထုရဲ့ ချစ်ခင်ယုံကြည်ကိုးစားမှုကို ဘယ်တုန်းကမှ မရခဲ့ပါဘူး။ ဒါ ဘာကြောင့်လဲ။

ရာစုနှစ်တဝက်လောက် အုပ်ချုပ်ခဲ့တဲ့ စစ်အစိုးရဟာ ပြည်သူလူထုအကျိုးစီးပွားထက် သူတို့ရဲ့ စစ်တပ်အကျိုးစီးပွားကို ရှေ့တန်းတင်ခဲ့ပြီး ဝေဖန်ဆန့်ကျင်သူမှန်သမျှ ရက်ရက်စက်စက် နှိပ်ကွပ်ခဲ့တယ်။ ၆၂ ဇူလိုင် ၇ ရက် အရေးအခင်းမှာ ကျောင်းသားတွေ သွေးမြေကျခဲ့ရတယ်။ ၈၈ မှာ အကြီးကျယ်ဆုံး ဆန္ဒပြမှုကြီးကြောင့် ပြည်သူထောင်နဲ့ချီပြီး အသက်ဆုံးရှုံးခဲ့ရတယ်။ ၂၀၀၇ မှာတော့ ပြည်သူတွေရဲ့ဒုက္ခကို မရှုစိမ့်နိုင်တော့တဲ့ ရဟန်းသံဃာတွေ လမ်းပေါ်ထွက်မိရာက စစ်အစိုးရရဲ့ နှိပ်ကွပ်ခြင်းကို ခံလိုက်ကြရတယ်။ ဗုဒ္ဓဘာသာဝင်များ ကိုးကွယ်အားထားရာ ရဟန်းသံဃာတော်တွေ သွေးမြေကျခဲ့ရတဲ့ ရွှေဝါရောင်တော်လှန်ရေးဟာ စစ်အစိုးရရဲ့ ရာဇဝင်တွင်မယ့် အမည်းစက်ကြီး ဖြစ်ခဲ့ရတယ်။

နိုင်ငံခေါင်းဆောင်ဆိုသူများဟာ ကိုယ့်ပြည်တွင်းမှာ မမျှော်လင့်တဲ့ သဘာဝဘေးအန္တရာယ်များ ကြုံတွေ့ခဲ့လို့ အသက်အိုးအိမ်များ ဆုံးရှုံးခဲ့ရင် အပြေးအလွှား လာပြီး ကူညီဖြေသိမ့်ပေးကြတာ ဓမ္မတာပါ။ ၂၀၀၈ နာဂစ်မုန်တိုင်းကြီး မြန်မာပြည် ဝင်မွှေသွားတော့ လူတွေ သိန်းနဲ့ချီပြီး အသက်ဆုံးရှုံးခဲ့ရတယ်။ နိုင်ငံခေါင်းဆောင်ဆိုသူများ မပေါ်လာတဲ့အပြင် လူသားချင်း စာနာထောက်ထားပြီး ကူညီကြတဲ့အဖွဲ့အစည်းတွေ၊ နိုင်ငံအစိုးရတွေကို ပြည်ဝင်ခွင့်ဗီဇာ ပိတ်ပင်ခဲ့တယ်။ မုန်တိုင်းကြောင့် ဝရုန်းသုန်းကားဖြစ်နေတဲ့ အခြေအနေဆိုးကို အခွင့်ကောင်းယူပြီး သူတို့သိပ်လိုချင်တဲ့ အခြေခံဥပဒေကို အတည်ပြုခဲ့တယ်။

“မိတ္ထီလာအရေးအခင်းဟာ တမင် သွေးရိုးသားရိုးအတိုင်း ဖြစ်လာတဲ့ အရေးအခင်းမဟုတ်ဘူးဆိုတာ အရပ်သားရော အဖွဲ့အစည်းပိုင်းကပါ ပြောနေကြပြီ။ ဒါဖြင့် ဘယ်သူလဲ၊ အရေခြုံစစ်အစိုးရ မလှုပ်ရဲပြီ၊ ပုပ်သင်ဥ ပေါ်မှာ ကြောက်တော့ ညောင်မြစ်ကို မတူးရဲ။ တောင်ကုတ်မှာ မူဆလင် ၁၀ ယောက် အသတ်ခံရတဲ့ကိစ္စ၊ စစ်တွေမှာဖြစ်ခဲ့တဲ့ လူပေါင်းများစွာ သေကြေဒဏ်ရာရခဲ့တဲ့ အဓိကရုဏ်း နှစ်ပေါက်တဲ့အထိ အစီရင်ခံစာ ထွက်မလာ၊ ဖင်ကြားခဲညှပ်နေပြီ။”


အဲသည်လို သမိုင်းမှာ အမည်းစက်တွေ ဗလပွနဲ့ ချီတက်ခဲ့တဲ့ စစ်အစိုးရဟာ "သန်းများတော့ မယား" ဆိုသလို ရခိုင်လူမျိုးရေးပဋိပက္ခ၊ လက်ပံတောင်းတောင်ကိစ္စ၊ ခု မိတ္ထီလာအဓိကရုဏ်း၊ ဒါတွေက ဘယ်လိုမှဖျောက်မရတဲ့ စစ်အစိုးရသက်တမ်းတလျှောက် စွန်းထင်ခဲ့တဲ့ အမည်းစက်တွေပဲ မဟုတ်ပါလား၊ သမိုင်းတလျှောက် စွန်းထင်ခဲ့တဲ့ အမည်းစက်တွေကို ဘယ်စစ်အစိုးရခေါင်းဆောင်ကမှ တာဝန်ယူခြင်း၊ တာဝန်ခံခြင်း မရှိခဲ့ပါဘူး၊ မရှိတဲ့အပြင် စစ်အစိုးရကို ခါးခါးတူးတူး မုန်းတီးနေတဲ့ ပြည်သူတွေကို အခု စစ်အစိုးရ မရှိတော့ပါဘူးဆိုပြီး ဇွတ်အတင်းအဓမ္မ အသိအမှတ်ပြုထားတဲ့ နာဂစ်ဖွဲ့စည်းပုံအခြေခံဥပဒေကို အကာကွယ်ယူ၊ မဲလိမ်မဲခိုးပြီး "ဒို့နိုင်တယ်" လုပ်ထားတဲ့ ရွေးကောက်ပွဲနဲ့ ပြည်သူကို လိမ်လည်လှည့်ဖျားခဲ့ပါတယ်။ ဒါပေမယ့် စစ်အစိုးရကို ရွှံရှာတဲ့ ပြည်သူတွေရဲ့ အမုန်းတရားကတော့ တစက်ကလေးမှ မလျော့ပါဘူး။ တိုးလို့သာ ဆိုးလာတဲ့ စစ်အစိုးဟာ ကိုယ်တိုင်ခေါင်းမခံတော့ဘဲ "ဦးပိုင်" ဆိုတဲ့ သူတို့ရဲ့လူတစုနဲ့ လယ်တွေကို သိမ်းလားသိမ်းရဲ့ ၊ သယံဇာတတွေ ရောင်းလားရောင်းရဲ့။
 
 ပြည်သူ့အကျိုးစီးပွားကို မျက်ကွယ်ပြုပြီး အာဏာလက်ဆုပ်မဖြေချင်တဲ့ စစ်အစိုးရဟာ သူတို့အာဏာ ဆက်လက်ကြာရှည်ဆုပ်ကိုင်ဖို့ "ပြောင်းပါပြီ" ဆိုတဲ့ အသံကျယ်ကျယ် ဟစ်ပြီး အာဏာကိုတော့ ဘယ်လက်ညောင်းလို့ ညာလက် "ပြောင်း" ကိုင်လိုက်ပါတယ်။ လူကတော့ ဒီလူဒီလူပါပဲ။

င်္နိုးကြားတက်ကြွပြီး မြန်မာ့နိုင်ငံရေးနဲ့ စစ်တပ်အကြောင်း နောကြေအောင် သိတဲ့လူတွေက မယုံပါဘူး။ လုပ်စားကိုင်စား နိုင်ငံရေးပါတီအချို့နဲ့ မြန်မာစစ်တပ် ယုတ်မာပုံအကြောင်း ကောင်းကောင်းသိဟန်မတူတဲ့ ဒီမိုကရေစီခေါင်းဆောင်ကြီး ရှေ့တန်းတိုက်စစ်မှူး ဒေါ်အောင်ဆန်းစုကြည်က "ဦးသိန်းစိန်ကို ယုံပါတယ်" လုပ်လိုက်တော့ စစ်တပ် လက်ခမောင်းထခတ်တော့တယ်။

ဒီနေရာမှာ ကြားဖြတ်ပြီး မြန်မာနိုင်ငံရေးသမားဆိုသူအချို့အကြောင်း နည်းနည်းပြောချင်ပါတယ်။ မြန်မာနိုင်ငံရေးသမား အတော်များများကို "ဝယ်" လို့ရပါတယ်။ အကုန်လုံးကို မဆိုလိုပါ။ တချို့က ဝီစကီတလုံးနဲ့ ဝယ်လို့ရပါတယ်။ တချို့က မိုဘိုင်းတလုံးနဲ့ ...၊ တချို့က တိုက်ခန်းလေး၊ မြေကွက်လေး ...၊ တချို့ကျ ဈေးကြီးကြီးပေးပြီး ရာထူးလေး၊ နေရာလေးနဲ့ ဝယ်ရင်ရသပေါ့လေ။ ဘာနဲ့မှ ပေးဝယ်လို့မရတဲ့ ရဲရဲတောက် နိုင်ငံရေးသမားတွေလည်း ရှိပါတယ်။ အရေအတွက်အားဖြင့် နည်းသပေါ့လေ။ (ဥပမာ) ဦးဝင်းတင်လိုပုဂ္ဂိုလ်မျိုး။

ဒေါ်စုကို ဝယ်လို့ရပြီဆိုတာနဲ့ သူတို့ လက်စွမ်းပြပါတော့တယ်။ ငြိမ်းချမ်းစွာ ဖြေရှင်းရမယ့်ကိစ္စကို မီးလောင်ဗုံးနဲ့ ရှင်းပစ်လိုက်ပါတယ်။ ဂန္ဒီလမ်းစဉ်ကို ကြိုက်လှချည့်ရဲ့၊ အကြမ်းနည်းဆို လေသံမှ မကြားချင်လှတဲ့ ဒေါ်စု၊ ပြသာနာကို ငြိမ်းချမ်းစွာ ဖြေရှင်းရမယ်လို့ ယုံကြည်ခဲ့တဲ့ ဒေါ်စု၊ ဆရာတော် သံဃာတော်တွေ အသားနီလန်ပြီး မကြည့်ရဲ၊ မကြည့်ဝံ့စရာအဖြစ်ကို ဒေါ်စု ရေငုံနေခဲ့တယ်။ အပိုင်ဝယ်ပြီး ချည်ပြီးဖြစ်တဲ့ စစ်အစိုးရက သိပ်သေချာယုံကြည်ပြီးဖြစ်တဲ့ ဒေါ်စုကို ကော်မရှင်ဥက္ကဌခန့်ပြီး စုံစမ်းစစ်ဆေးခိုင်းလိုက်တယ်။ အဖြေက စီမံကိန်းဆက်လုပ်၊ မီးလောင်ဗုံးမဟုတ် မီးခိုးဗုံး၊ ရဲတွေက နာစေလိုတဲ့ စေတနာနဲ့မဟုတ်၊ မကျွမ်းကျင်လို့၊ သင်တန်းနည်းနည်းပေးဖို့ လိုနေလို့၊ တာပေါ်လင်နဲ့ ထိလို့ မီးလောင်တာ။

ပြည်သူတွေ နှလုံးစိတ်ဝမ်းညှိုးခြုံးကြေကွဲရတယ်။ မြန်မာ့သမိုင်း အမည်းစက်ကြီး စွန်းထင်ခဲ့ရတယ်။ ဒီမိုကရေစီတိုက်စစ်မှူးကြီး ခေါက်ဆွဲစားပြီ၊ ဂိုးထဲမကန် ဘေးကန်ပြီဆိုတာ ပြည်သူတွေ သဘောပေါက်သွားပြီ၊ ပြည်သူအကျိုးစီးပွားနဲ့ ဝမ်ပေါင်အကျိုးစီးပွား၊ နိုင်ငံအကျိုးစီးပွားနဲ့ ဦးပိုင်အကျိုးစီးပွား၊ ဒေါ်စု ကွဲကွဲပြားပြား မသိတာ ထင်ရှားသွားပြီ။ ပြည်သူအကျိုးစီးပွား တမတ်ဖိုး၊ စစ်တပ်အကျိုးစီးပွား သုံးမတ်ဖိုး ဆိုတာကို ဒေါ်စု သိလျက်နဲ့ "၂၀၁၅ အိပ်မက်ကြောင့်" လို့ ပြည်သူတွေက သံသယရှိလာပြီ။

လက်ပံတောင်းတောင်ကိစ္စက အပျက်ပျက်နဲ့ နှာခေါင်းသွေးထွက်နိုင်တယ်ဆိုတာ အတွေ့အကြုံအရ စစ်ဗိုလ်လူထွက်တွေ သိတယ်။ လူထုကို အာရုံပြောင်းချင်တော့ ရှေးလုပ်ထုံးလုပ်နည်းအတိုင်း ကုလားကို ထိုးကျွေးလိုက်တယ်။ ဒါ စစ်အစိုးရ သုံးနေကျ ဆေးမြီးတို၊ တိုင်းပြည်မှာ အခက်ခဲအကျပ်အတည်းတခု ကြုံလေတိုင်း မူဆလင်ဘာသာဝင်တွေ ဘုရားသာ တပေတော့။ မိတ္ထီလာအရေးအခင်းဟာ တမင် သွေးရိုးသားရိုးအတိုင်း ဖြစ်လာတဲ့ အရေးအခင်းမဟုတ်ဘူးဆိုတာ အရပ်သားရော အဖွဲ့အစည်းပိုင်းကပါ ပြောနေကြပြီ။ ဒါဖြင့် ဘယ်သူလဲ၊ အရေခြုံစစ်အစိုးရ မလှုပ်ရဲပြီ၊ ပုပ်သင်ဥ ပေါ်မှာ ကြောက်တော့ ညောင်မြစ်ကို မတူးရဲ။ တောင်ကုတ်မှာ မူဆလင် ၁၀ ယောက် အသတ်ခံရတဲ့ကိစ္စ၊ စစ်တွေမှာဖြစ်ခဲ့တဲ့ လူပေါင်းများစွာ သေကြေဒဏ်ရာရခဲ့တဲ့ အဓိကရုဏ်း နှစ်ပေါက်တဲ့အထိ အစီရင်ခံစာ ထွက်မလာ၊ ဖင်ကြားခဲညှပ်နေပြီ။

ရခိုင်အရေးအခင်းရော မိတ္ထီလာအဓိကရုဏ်းရော စစ်အစိုးရ မဖန်တီးဘဲနဲ့ စစ်အစိုးရ ဘက်မလိုက်ဘဲနဲ့ စစ်အစိုးရ "ဟ" မပေးဘဲနဲ့ ဒါလောက် ကြီးကျယ်သွားစရာ အကြောင်းမရှိ၊ ရွှေဆိုင်မှာ ရောင်းသူဝယ်သူ အချင်းများရာက လူအသက်အိုးအိမ်စည်းစိမ် မြောက်မြားစွာ ဆုံးရှုံးခဲ့ရတာ ဘယ်သူ့မှာ တာဝန်ရှိပါသလဲ။ ကြီးကျယ်လှတဲ့ ကမ္ဘာကျော် ရခိုင်အရေးအခင်း အတွေ့အကြုံရှိလျက်နဲ့ နောက်ထပ် မိတ္ထီလာအရေးအခင်းကို နိုင်နင်းစွာ မကိုင်တွယ်နိုင်ဘူးဆိုရင် ရိုသေစွာပြောပါရစေ၊ ဦးသိန်းစိန် နှုတ်ထွက်ပါတော့။

သူတို့ နိုင်နင်းစွာ ကိုင်တွယ်နိုင်လို့ အဓိကရုဏ်းကို ရှောင်ကွင်းနိုင်ခဲ့တဲ့ သာဓကတခု မကြာသေးသော နှစ်အနည်းငယ်အတွင်းမှာ ကြုံခဲ့ပါသေးတယ်။ မန္တလေးကျောက်ဝိုင်းမှာ ဗမာစကားတလုံးမှမတတ်တဲ့ တရုတ်တွေနဲ့ဗမာကျောက်ပွဲစား ရန်ဖြစ်ကြတယ်။ ဗမာပွဲစား အထိုးခံလိုက်ရပြီး တရုတ်တွေကိုတော့ ရဲက ချက်ချင်း ကယ်ထုတ်သွားခဲ့တယ်၊ မှဲ့တပေါက် မစွန်းရပါဘူး၊ အကာအကွယ်ပေးဖို့လိုတဲ့ လူကျ ချက်ချင်း အကာအကွယ်ပေးနိုင်ပြီး မိတ္ထီလာမှာတော့ ဒုတ်တဝင်းဝင်း၊ ဓားတဝင်းဝင်း လုကြ ယက်ကြ သတ်ကြ ဖြတ်ကြတာကို ကိန်းဂဏန်း လေးဆယ်ကျော်ရောက်တဲ့အထိ အဖြစ်ခံကြတာ စံကွန့်တော့ နားမလည်နိုင်ဘူး။

ဘာသာရေးအဓိကရုဏ်း၊ လူမျိုးရေးအဓိကရုဏ်း မဆိုထားနဲ့ သာမန်ဘောလုံးပွဲတပွဲမှာတောင် ပွဲကြည့်သူချင်း ရန်ထဖြစ်ရင် ပွဲမပျက်အောင် ဆုံးရှုံးမှု မများအောင် လုံခြုံရေးတွေ ရဲတွေ မီးသတ်တွေ ချက်ချင်း ရောက်လာရတယ်ဆိုတာ မြန်မာပြည်ကြီးက ရဲချုပ်တို့ ပြည်ထဲရေးဝန်ကြီးတို့လည်း သိမှာပါ။

မြန်မာပြည်ဟာ မင်းမဲ့တိုင်းပြည်မဟုတ်ပါ။ အချုပ်အခြာအာဏာပိုင်ဆိုင်တဲ့ နိုင်ငံတခု၊ စစ်တပ် ရဲ လက်နက်ကိုင်အဖွဲ့အစည်း စနစ်တကျရှိတဲ့ နိုင်ငံတခု၊ ကျေးရွာ ရပ်ကွက် မြို့နယ် ခရိုင် တိုင်း အလိုက် အုပ်ချုပ်ရေးအဖွဲ့အစည်းအသီးသီးရှိတဲ့ နိုင်ငံတခု၊ ဒီလိုနိုင်ငံမျိုးမှာ သာမန်ပုဂ္ဂိုလ်ရေး ဈေးရောင်းဈေးဝယ် အချင်းများရာက နိုင်နင်းအောင် မကိုင်တွယ်နိုင်ဘဲ အသက်အိုးအိမ် မြောက်မြားစွာ ဆုံးရှုံးခဲ့ရတယ်၊ တောင်ကုတ်မြို့မှာ မူဆလင် ၁၀ ယောက် နေခင်းကြောင်တောင်ကြီး အသတ်ခံလိုက်ရတာ ခုထိ တရားခံမမိဘူး။

မပြေးသော် ကန်ရာရှိနေပါပြီ။

ရှက်ဖို့ကောင်းပါတယ်။ စံကွန့်တို့လူမျိုးကို အရိုင်းအစိုင်းတွေ သတ်ရဲ ဖြတ်ရဲ လုယက်ရဲ တဲ့ လူတွေလို့ ကမ္ဘာကမြင်မှာ စံကွန့် သေမလောက်ကြောက်ပါတယ်၊ အာဏာလက်ဆုပ်မပြေချင်တဲ့ အာဏာ အဝိဇ္ဖာဖုံးနေတဲ့ လူတစုရဲ့ အစီအမံအကြံဥာဏ်ကြောင့် အပြစ်မဲ့တဲ့သူတွေသေရ၊ လူမျိုးနာမည်ပျက်ရနဲ့ သြော် ... သမိုင်းတကွက် အမည်းစက်စွန်းခဲ့ပြီကော။

စံကွန်

 
 drlunswe
 

No comments:

Post a Comment

Note: Only a member of this blog may post a comment.