Wednesday, April 3, 2013

ချိတ်ပိတ်ခံ ထားရတဲ့ ရမည်းသင်းမြို့ ကံကြီးဗလီအား ဖျက်ပေးရန် ခရိုင်သာသနာရေး ဦးစီးမှူးမှ ဗလီဂေါပကအား ခေါ်ပြော

 ဧပြီ ၃၊ ၂၀၁၃

သတင်း – ထွန်းတောက်
Kan Gyi, Ma Naw Hari Street, Yamethin, Mandalay Region
 
ရမည်းသင်း ။ ။ ချိတ်ပိတ်ခံထားရသည့် ရမည်းသင်းမြို့ရှိ ကံကြီးဗလီအား ဖျက်ပေးရန် ခရိုင် သာသနာရေး ဦးစီးမှူးမှ ဗလီဂေါပကအား ယမန်နေ့(၂-၄-၂၀၁၃) နေ့လည် (၂)နာရီအချိန်တွင် ခရိုင် သာသနာရေးမှူး ရုံးခန်း၌ ခေါ်ယူတွေ့ဆုံပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
 
ရမည်းသင်းမြို့ ကံကြီးဗလီဂေါပက အဖွဲ့အား ရမည်းသင်းခရိုင် သာသနာရေးဦးစီးမှူး ဦးစိန်ညွန့်မှ ခေါ်ယူ တွေ့ဆုံခဲ့ကြောင်း၊ ကံကြီးဗလီအား မွတ်စလင်မ်များမှ ဖျက်ပေးရန်၊ မဖျက်ပေးပါက အာဏာပိုင်အဖွဲ့မှ ဖျက်မည်ဖြစ်ကြောင်း၊ မွတ်စလင်မ်များ ကိုယ်တိုင် ဖျက်လျှင် လုံခြုံရေး အပြည့်ပေးမည်ဖြစ်ကြောင်း၊ မွတ်စလင်မ်များမှ ဖျက်လျှင် ဗလီ၏ မည်သည့် အပျက်အစီး တစ်စုံတစ်ရာကိုမှ ယူဆောင်ရန် ခွင့်မပြုကြောင်း၊ အာဏာပိုင်မှ ဖျက်လျှင်လည်း မည်သည့် မွတ်စလင်မ်မှ လာရောက်ကြည့်ရှုခွင့် မပြုပဲ လာကြည့်သည့် မွတ်စလင်မ်အားလည်း ဖမ်းဆီးမည်ဖြစ်ကြောင်း၊ ၂၀၀၇-ခုနှစ်ကတည်းက အမိန့်ကျပြီးပြီဖြစ်ကြောင်း စာရွက်စာတမ်း အထောက်အထား တစ်စုံတစ်ရာကိုမှ ပြမည် မဟုတ်ကြောင်း၊ အကယ်၍ မဖျက်ပေးပါက ရပ်ကွက်နေ မွတ်စလင်မ်များ စိတ်မချမ်းသာရဘူး၊ လုံခြုံမှု စိတ်မချရဘူးဟု ပြောဆိုခဲ့ကြောင်း၊ ဗလီဂေါပကအနေနဲ့ လာမယ့် ၅-၄-၂၀၁၃ (သောကြာနေ့)နောက်ဆုံးထားပြီး ခရိုင် သာသနာရေးမှူးသို့ အကြောင်းပြန်ပေးရန် ခေါ်ယူ ပြောကြားခဲ့ကြောင်း သိရသည်။
 
“အခုလို မိတ္ထီလာမှာ ဆူပူရမ်းကားတဲ့ အမှုဖြစ်နေတဲ့ အချိန် ကျွန်တော်တို့ ရမည်းသင်းရဲ့ ၅-မိုင်အကွာက ရွာတန်းမှာလည်း ဗလီ ၁-လုံး၊ မွတ်စလင်မ်အိမ်ခြေ ၄၅-လုံး၊ ဗုဒ္ဓဘာသာ ၃-လုံးဖျက်ခံရတယ်၊ ဈေးဆိုင်ခန်းတွေ ဖျက်ခံရတယ်။ ဒီလို ရုတ်ရုတ်သဲသဲ အခြေအနေကာလမျိုးမှာ အာဏာပိုင်အဖွဲ့အစည်းအနေနဲ့ ဒီလို အမိန့်ပေးပြီးတော့ ကျွန်တော်တို့အတွက်ကို ဘယ်လို အကာအကွယ်မှ မပေးနိုင်ပဲ၊ တဘက်သတ် လုပ်ခိုင်းတယ်ဆိုတာ သဘာဝမကျဘူး။
 
 ကျွန်တော်တို့အနေနဲ့ တရား ဥပဒေဘောင် အတွင်းကနေ နိုင်ငံတော် သမ္မတဆီထိ စာတင်သွားပါမယ်။ ကျွန်တော်တို့ လုပ်နိုင်သလောက်ကိုတော့ တရားဥပဒေဘောင် အတွင်းက လုပ်ဆောင်သွားမှာပါ”လို့ ဗလီဂေါပကမှ ပြန်လည်ခေါ်ယူဆွေးနွေးမှုတွင် ပါဝင်ခဲ့သည့် ရမည်းသင်းမြို့ခံ တစ်ဦးမှ M-Media ကို ပြောပြလာပါတယ်။
 
ပြီးခဲ့သည့် ဖေဖော်ဝါရီလ (၂၅)ရက်နေ့ညက ရမည်းသင်းမြို့မှာ ဦးဝီရသူမှ မွတ်စလင်မ်မုန်းတီးရေးနှင့် ဗလီတွေအားလုံးဟာ တရားမ၀င်ဆောက် လုပ်ထားတာဖြစ်ကြောင်းနဲ့ ပိတ်ဆို့ဟန့်တားမှုတွေ လုပ်ရမယ်လို့ တရားဟောကြားခဲ့ပြီးနောက် နောက်တစ်ရက် ဖေဖော်ဝါရီလ(၂၆)ရက်နေ့ မနက်မှာပဲ ဦးဝီရသူဦးဆောင်ပြီး ဘုရား ဂေါပကအဖွဲ့ရယ် NLD ပါတီဝင်တချို့ရယ်က ရွှေစည်းခုံဘုရားနဲ့ ကပ်ရပ်မှာရှိတဲ့ ချိတ်ပိတ် သော့ခတ်ထားတဲ့ ကံကြီးဗလီကို သော့ဖျက်ပြီး ၀င်ကြည့်ပါတယ်။
 
 ပြီးတော့ ရွှေစည်းခုံဗလီဝင်းထဲမှာ ဗလီရှိနေတာဟာ မြို့နယ်အုပ်ချုပ်ရေးရဲ့ လိုအပ်ချက်ကြောင့်လို့ပြောပြီး ဘာသာရေး အကြမ်းဖက်သွေးထိုး လှုံ့ဆော်မှု စကားတွေပြောခဲ့တာရှိခဲ့ပါတယ်။ ယခုကဲ့သို့ ဗလီကို ဖျက်ခိုင်းသည်မှာ ယင်းသွေးထိုးလှုံ့ဆော်မှုများနှင့် ပတ်သက်နေမည်လားဟု သံသယဖြစ်ဖွယ် တွေ့ရှိရပါတယ်။
 
ကံကြီးဗလီဟာ နှစ်ပေါင်းများစွာထဲက ရှိခဲ့တဲ့ ဗလီဖြစ်ကြောင်း၊၊ ရွှေစည်းခုံ ဘုရားဝင်းထဲမှာ ရှိတာမဟုတ်ဘဲ ဘုရားနဲ့ ကပ်ရပ်မှာတည်ရှိတာ ဖြစ်ကြောင်း၊ ဘုရားနဲ့ ကပ်ရပ်မှာရှိတဲ့ မွတ်စလင်မ်အိမ် (၄၄)အိမ်ကိုလည်း ၁၉၉၄-ခုနှစ်ကတည်းကိုလ်ချုပ်ခင်ညွန့် တူမ မနွယ်နီအောင်ရဲ့ ခင်ပွန်း ရန်ကုန် ထောက်လှမ်းရေးတပ်(၂၂) တပ်မှူး ဗိုလ်မှူးကျော်ကျော်ထွန်းက ဖယ်ခိုင်းခဲ့ကြောင်း၊ အဆိုပါ ဘုရားနဲ့ကပ်ရပ်က မွတ်စလင်မ်အိမ်တွေက ကျူးကျော်အိမ်တွေ မဟုတ်ဘဲ ဟိုးအရင်ကတည်းက ရှိခဲ့တဲ့ အိမ်တွေဖြစ်ကြောင်း၊ အဲဒီအချိန် မွတ်စလင်မ် အိမ်များကို ဖယ်ခိုင်းခဲ့တဲ့အချိန်က ကံကြီးဗလီကိုတော့ ကျူးကျော်လို မသတ်မှတ်ခဲ့ကြောင်း၊၊
 
 ဗလီမှာ ဟိုးအရင်က အုတ်တံတိုင်းရှိခဲ့ပြီး ၂၀၀၆-ခုနှစ်မှာ ခြံစည်းရိုးကို ၀ိုင်းပြီး ဖျက်ကြတဲ့အကြောင်း တိုင်ကြားခဲ့တဲ့ ဗလီဂေါပက ဥက္ကဌ ဦးမြင့်ထွန်းနဲ့ အတွင်းရေးမှူး ဦးခင်မောင်တို့ကို ထောင် ၆-လ ချခံလိုက်ရကြောင်း၊ ဗလီအုတ် တံတိုင်းက တောင်ဘက်နဲ့ အနောက်ဘက်က ဖျက်ခံလိုက်ရတယ်။ အရှေ့ဘက်နဲ့ မြောက်ဘက်မှာတော့ ရှိသေးကြောင်းနှင့် ၂၀၀၇-ခုနှစ်မှာတော့ တိုင်းမှူးရဲ့ နှုတ်မိန့်ဆိုပြီး မ.ယ.က က ဗလီကို ပိတ်ခဲ့တာ အခုထိ ဖွင့်ခွင့် မရတော့ကြောင်းကို မတ်လ ၁ ရက်နေ့က M-Media မှ ဆက်သွယ်မေးမြန်းစဉ် မြိုခံ မှ ပြောပြခဲ့ပါသည်။
 
M-Media   သတင်း

No comments:

Post a Comment

Note: Only a member of this blog may post a comment.