Monday, April 22, 2013

လူမဆန်သည့် ဒုစရိုက်ပြစ်မှုများကို မြန်မာအစိုးရမှ အရေးမယူဘဲ မျက်ကွယ်ပြုနေကြောင်း HRW မှ ထုတ်ပြန်ပြောကြား

ဧပြီလ-၂၂၊၂၀၁၃
M-Media

201304ASIA_Burma_Arakan_01
၂၀၁၂ ခုနှစ်၊ ဇွန်လမှစ၍ ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာမွတ်စ်လင်မ်များအား လူမျိုးစုရှင်းလင်းဖယ်ရှားရေး လှုပ်ရှားမှု၌ မြန်မာ အာဏာပိုင်များနှင့် ရခိုင်လူမျိုး အုပ်စုများက ကရုဏာ တရားကင်းမဲ့စွာ ကျုးလွန်ပြုလုပ်နေခဲ့ကြောင်း လူ့အခွင့်အရေးစောင့်ကြည့်ရေး အဖွဲ့ HRW မှ အစီရင်ခံချက် အသစ်တစ်ရပ်ကို ယနေ့ထုတ်ပြန်လိုက်သည်။
 
All You Can Do is Pray : Crimes Against Humanity and Ethnic Cleansing of Rohingya Muslims in Burma’s Arakan State ဟု ခေါင်းစဉ် တပ်ထားသော စာမျက်နှာ ၁၅၃ မျက်နှာရှိ ယင်းအစီရင်ခံစာ၌် ရိုဟင်ဂျာနှင့် အခြား မွတ်စ်လင်မ်ပေါင်း ၁၂၅,၀၀၀ ကျော်အား အဓမ္မ အင်အားသုံး ဖယ်ရှားခြင်း ၊ လူသားချင်း အကူအညီပေးရေး၌ ဆက်လက်ပြဿနာ ရှာနေခြင်းတွင် မြန်မာအစိုးရ နှင့် ဒေသခံ အာဏာပိုင်များ၏ အခန်းကဏ္ဍကို ဖော်ပြထားသည်။
 
HRW ၏ အာရှရေးရာတာဝန်ခံ ဒါရိုက်တာ Phil Robertson က “ ရိုဟင်ဂျာလူမျိုးစု ဖယ်ရှားရေး လှုပ်ရှားမှုထဲမှာ မြန်မာအစိုးရ ပါဝင်ပတ်သက်နေပါတယ်။ ဒီနေ့ထက်ထိ ထောက်ပံ့ ကူညီမှုကို ငြင်းဆိုနေဆဲ၊ သွားလာလှုပ်ရှားမှုကို ကန့်သတ် ချုပ်ခြယ်နေဆဲ ဖြစ်ပါတယ်။ အစိုးရအနေနဲ့ ဒီလို စော်ကားမှုတွေကို ချက်ခြင်းရပ်တန့်ဖို့ လိုပါတယ်။ ပြီးတော့ ဒီအမှု ကျူးလွန်သူတွေကို အရေးယူဖို့ လိုအပ်နေပါတယ်။ ဒီလိုမှမဟုတ်ယင် တိုင်းပြည်ထဲရှိနေတဲ့ လူမျိုးရေး ဘာသာရေးဆိုင်ရာ လူနည်းစုတွေဆီမှာ ထပ်မံဖြစ်ပွားတဲ့ အကြမ်းဖက်မှုတွေ အပေါ် တာဝန်ယူရပါလိမ့်မယ် ” ဟု ပြောကြားလိုက်သည်။
 
၂၀၁၂ ခုနှစ်၊ ဇွန်လတွင် ရခိုင်နှင့်ရိုဟင်ဂျာတို့အကြား မျက်ကန်း အကြမ်းဖက်မှု ဖြစ်ပွားခဲ့သည့်နောက်ပိုင်း အစိုးရ အာဏာပိုင်များသည် ဗလီဝတ်ကျောင်းတော်များအား ဖျက်ဆီးခြင်း၊ လူတို့ကို အစုလိုက်အပြုံလိုက် ဖမ်းဆီးခြင်း၊ မောင်းထုတ်ခံရသည့် မွတ်စ်လင်မ်တို့အား အထောက်အပံ့ အကူအညီမရနိုင်အောင် တားဆီး ပိတ်ဆို့ခြင်းများ ပြုလုပ်ခဲ့ကြသည်ဟု HRW မှ ဆိုသည်။ လူမျိုးစုရှင်းလင်းဖယ်ရှားရေးဆွေးနွေးပွဲများ၊ ဟောပြောမှုများကို ၃ လတာမျှ အရှိန်မြှင့်တင်ပြီးနောက်ဝယ် အောက်တိုဘာ ၂၃ ရက်တွင် ရခိုင်လူရမ်းကားအုပ်စုများသည် မြို့နယ် ၉ ခု၌ မွတ်စ်လင်မ်လူ့အဖွဲ့အစည်းများကို တိုက်ခိုက်ခြင်း၊ ကျေးရွာများကို မီးတင်ရှို့ခြင်း၊ ရပ်ကြည့်နေသော လုံခြုံရေးတပ်ဖွဲ့ဝင်များ ရှေ့မှောက်မှာပင် ဒေသခံများအား သတ်ဖြတ်ခြင်း (၀ါ) နှိပ်စက်စော်ကားခြင်း စသည်တို့ ကျူးလွန်ခဲ့ကြသည်။ သေဆုံးသူအများအပြားအနက် အချို့သာ မြှုပ်နှံခွင့်ရခဲ့သည်။
 
ဇွန်လနှင့်အောက်တိုဘာလအတွင်း အကြမ်းဖက်မှုဖြစ်ပွားပြီးနောက် ရခိုင်ပြည်နယ်ရှိ အတိုက်ခိုက်ခံရသည့်နေရာများ၊ တရားမ၀င် အရွှေ့ပြောင်းခံနေရာများ၊ မောင်းထုတ်ဖယ်ရှားခံရသည့် ဒုက္ခသည်စခန်းများ မှန်သမျှထံ HRW မှ သွားရောက်ကြည့်ရှုလေ့လာခဲ့သည်။ ရိုဟင်ဂျာများ၊ ရိုဟင်ဂျာ မဟုတ်သည့် မွတ်စ်လင်မ်များ၊ စော်ကားနှိပ်စက်ခံရသည့် ရခိုင်လူမျိုးများ၊ အကြမ်းဖက်မှုဖြစ်အောင်လှုံ့ဆော်သူနှင့်ကျူးလွန်သူ အချို့ အပါအ၀င် လူအယောက်တစ်ရာကျော်အား တွေ့ဆုံမေးမြန်းခဲ့မှုမှ အစီရင်ခံစာ ရေးသားထားခြင်း ဖြစ်သည်။
 
ဒေသတွင်း ရဲတပ်ဖွဲ့၊ အဓိကရုဏ်းနှိမ်နှင်းသည့် လုံထိန်းတပ်ဖွဲ့၊ နစက လက်နက်ကိုင်အဖွဲ့၊ ကြည်း/ရေတပ်မတော်သားများ အပါအ၀င် ရခိုင်ပြည်နယ်ရှိ နိုင်ငံတော် လုံခြုံရေးတပ်ဖွဲ့ဝင်အားလုံးတို့သည် ယင်းရက်စက်မှုများအား တားဆီးရန် ပျက်ကွက်ကြောင်း သို့တည်းမဟုတ် ၄င်းကိစ္စများ၌ တိုက်ရိုက် ပါဝင် ပတ်သက်နေကြောင်း တွေ့ခဲ့ရသည်။် မိမိ၏ရွာအား မီးတင်ရှို့နေကြချိန် မွတ်စ်လင်မ် အမျိုးသားတစ်ဦးမှ လုံခြုံမှုပေးရန် တောင်းဆိုပန်ကြားသည်ကို တပ်မတော်သားတစ်ဦးက “ မင်းတို့အသက်ရှင်ဖို့ကိုဘဲ ဆုတောင်းနေကြပါ (အသက်နဲ့ကိုယ် အိုးစားမကွဲဖို့ဘဲ ဘုရားတရား တ,ထားကြတော့) ” ဟူ၍ ပြောဆိုခဲ့သည်။
 
အောက်တိုဘာလှိုင်း၌ လုံခြုံရေးတပ်ဖွဲ့များ၏ ရပ်တည်ပုံ (တစ်နည်း) မီးဒုတ်များ၊ ဓားလွယ်များ၊ လက်လုပ်သေနတ်များ ကိုင်ဆောင်ထားသည့် ရခိုင်လူအုပ်စုကြီးများနှင့် ပူးပေါင်းခဲ့ပြီး မိမိတို့ ကျေးရွာများအား တိုက်ခိုက် ဖျက်ဆီးပုံတို့ကို မောင်းထုတ်ခံရသည့် ရိုဟင်ဂျာများက HRW သို့ ပြောပြခဲ့သည်။
 
ဇွန်လမှစ၍ ဖျက်ဆီးခံရသော မြို့နယ် ၁၃ ခုမှ ၅ ခု၏ ဂြိုလ်တုမှတ်တမ်းတင်ပုံများကို HRW မှ ရရှိခဲ့သည်။ နေရာ ၂၇ ခုသည် လုံးလုံးလျားလျား ဖျက်ဆီးခံလိုက်ရကြောင်း၊ နေအိမ်ပေါင်း ၄၈၆၂ လုံး နှင့် မြေ ၃၄၈ ဧက အထိ ပါဝင်ကြောင်း၊ ၄င်းတို့မှာ ဒေသခံ မွတ်စ်လင်မ်အများစု၏ ပိုင်ဆိုင်မှုများဖြစ်ကြောင်း ၄င်း၌ ဖော်ပြလျက်ရှိသည်။
 
အောက်တိုဘာ ၂၃ ရက်တွင်ဖြစ်ပွားခဲ့သော ဖြစ်ရပ်ဆိုးကြီး၌ မြောက်ဦးမြို့နယ်၊ ရန်သေရွာတွင် တစ်နေ့တည်းအတွင်း ရိုဟင်ဂျာ ၇၀ ဦး အနည်းဆုံး သတ်ဖြတ်ခံရသည်။ တိုက်ခိုက်မှုအရှိန်အဟုန် ကြီးမားလာသည့်တိုင်အောင် လုံခြုံရေးတာဝန်ပေးထားသော လုံထိန်း၊ ရဲ နှင့် စစ်သားတို့၏ဦးရေမှာ မဆိုစလောက်မျှသာ ရှိခဲ့သည်။ သို့သော် ၄င်းသူတို့သည် အကြမ်းဖက်မှုကို ကာကွယ်ထိန်းသိမ်းပေးမည့်အစား မိမိတို့ကိုင်ဆောင်ထားသော (နံပါတ်)တုတ်များ၊ ကာကွယ်ရေး လက်နက်ပစ္စည်းများကို အသုံးပြုလျက် လက်နက်မဲ့ ရိုဟင်ဂျာတို့အား သတ်ဖြတ်ရာ၌ ပူးပေါင်းပါဝင်ခဲ့ကြသည်။ သေဆုံးသွားသော ရုပ်အလောင်းများ၌ ကလေးငယ် ၂၈ ဦးကို တွေ့ရပြီး ၄င်းတို့အနက် အသက် ၅ နှစ်အောက်ကလေး ၁၃ ဦး ပါဝင်သည်။ အသက် ၂၅ နှစ်အရွယ် သေဘေးမှ လွတ်မြောက်လာသူ တစ်ဦးက “ ပထမတုန်းကတော့ စစ်သားတွေက ပြောပါတယ်။ ဘာမှပြန်မလုပ်နဲ့တဲ့။ ငါတို့က မင်းတို့ကို ကာကွယ်ကယ်တင်ပေးမယ်တဲ့။ ဒါကြောင့် ကျွန်တော်တို့က သူတို့ကို ယုံကြည် အားထားခဲ့ကြတယ်။ နောက်ပိုင်းကျတော့ သူတို့ ကတိ မတည်တော့ဘူး။ ရခိုင်(လူရမ်းကား)တွေက ကျွန်တော်တို့ကို အလွယ်တကူ ရိုက်နှက် သတ်ဖြတ်သွားကြတယ်။ အဲ့ဒီအကြမ်းဖက်မှု အပေါ် လုံခြုံရေးအရ ဘာအကာအကွယ်မှ မပေးခဲ့ပါဘူး ” ဟု HRW သို့ ပြန်လည်ရှင်းပြခဲ့သည်။
 
“ အောက်တိုဘာလတုန်းက လုံခြုံရေးတပ်ဖွဲ့ဝင် တစ်ချို့ ဒေသခံမွတ်စ်လင်မ်တွေအပေါ် ရခိုင်လူရမ်းကားတွေတိုက်ခိုက်နေတာကို လက်ပိုက်ကြည့်နေကြတယ်၊ တစ်ချို့ကတော့ သွေးချောင်းစီးသတ်ဖြတ်မှုနဲ့ မီးတင်ရှို့မှုမှာ ပါဝင်ခဲ့ကြတယ်။ ဒီသေကြေပျက်စီးမှုတွေနဲ့ ပတ်သက်ပြီး အပြန်အလှန် အကြမ်းဖက်တိုက်ခိုက်မှု (အဓိကရုဏ်း)ကြောင့် ဖြစ်ပွားရတာပါ လို့ အစိုးရက ခြောက်လကျော်ကြာအောင် လိမ်ညာနေတုန်းပါဘဲ။ အမှန်ကိုဆိုရယင် ဘာတွေဖြစ်ပျက်နေခဲ့တာလဲ၊ ဘယ်လိုရပ်တန့်အောင်လုပ်ရမလဲ ဆိုတာကို အစိုးရဖက်က သိရှိထားခဲ့ပါတယ် ” ဟူ၍ Robertson မှ ပြောကြားသည်။
 
အောက်တိုဘာတိုက်ခိုက်မှု မတိုင်မီနှင့် တိုက်ခိုက်မှုနောက်ပိုင်း ဒေသတွင်းရှိ လှုံ့ဆော်ချက်များ နှင့်ပတ်သက်၍ HRW မှ ဤသို့ တင်ပြသည်။ ရိုဟင်ဂျာဆန့်ကျင်ရေးလုပ်ရပ်များတွင် သြဇာအသက်ရောက်ဆုံးအုပ်စု ၂ စုမှာ ပြည်တွင်းရှိ ဗုဒ္ဓဘာသာသံဃာများ နှင့် ဒေသဆိုင်ရာနိုင်ငံရေးပါတီ RNDP – Rakhine Nationalities Development Party ဖြစ်ကြ၏။ RNDP ပါတီကို ရခိုင်အမျိုးသားရေးဝါဒီများမှ ၂၀၁၀ ခုနှစ်တွင် ဖွဲ့စည်းတည်ထောင်ခဲ့ကြသည်။ ဤအုပ်စုများနှင့်အခြားသူတို့သည် ဇွန်လမှအောက်တိုဘာလတစ်လျှောက် ရိုဟင်ဂျာဆန့်ကျင်ရေး လက်ကမ်းစာစောင်များ မြောက်များစွာ ထုတ်ဝေဖြန့်ချိခြင်း၊ လူထုအတွင်း ၀ါဒဖြန့်ဟောပြောခြင်း၊ တိုက်ရိုက်တစ်ဖုံ သွယ်ဝိုက်တစ်မျိုးဖြင့် ရိုဟင်ဂျာလူမျိုးစု မရှိဟု ငြင်းပယ်ခြင်း၊ ၄င်းတို့အား အသရေဖျက်ခြင်း နှင့် တိုင်းပြည်တွင်းမှထွက်ခွာအောင် လှုံ့ဆော်ခြင်း၊ အမျိုးသားရေး ဟူသည့် အသုံးအနှုန်းကို မပြတ် အသုံးပြုခြင်း ပြုလုပ်ခဲ့ကြသည်။
 
ဒေသတွင်း၊ ပြည်နယ် နှင့် နိုင်ငံတော်အာဏာပိုင်များကို အလျဉ်း အရေးမစိုက်ဘဲ အစည်းအဝေးများပြုလုပ်၍ ကြေငြာချက်များကိုလည်း မကြာခဏ ထုတ်ပြန်ကြသည်။ ဒေသဆိုင်ရာ အာဏာပိုင်များ၊ နိုင်ငံရေးသမားများ၊ ဘုန်းကြီးများကလည်း လူထုသဘောထားနှင့် တွန်းအားပေးမှု ဟု တွင်တွင်ဆိုကာ – မွတ်စ်လင်မ်တို့၏ လွတ်လပ်စွာ သွားလာခွင့်၊ ဘ၀ရပ်တည်မှုအတွက် သက်မွေးဝမ်းကြောင်းခွင့်၊ ဈေးရောင်းဈေးဝယ်ခွင့် နှင့် လူသားချင်းစာနာထောက်ထားရေး ရပိုင်ခွင့် အစရှိသည့် အခွင့်အရေးတို့ကို ပယ်ချခဲ့ကြသည်။ မိမိတို့ နေအိမ်၊ ရပ်ရွာဒေသများ စွန့်ခွာထွက်သွားစေရန် ၄င်းတို့အပေါ် အဓမ္မကျင့်ဆောင်နေခြင်းကို ထင်သာမြင်သာသည့် ရည်ရွယ်ချက်အဖြစ် တွေ့လာရသည်။
 
“ ဒေသတွင်း အာဏာပိုင်များ၊ လူ့အဖွဲ့အစည်းခေါင်းဆောင်များက မွတ်စ်လင်မ်လူထုကို သီးခြား ဖယ်ထုတ်ဖို့ နဲ့ သေးသိမ်တဲ့အမြင်ဖြစ်လာဖို့ ပူးပေါင်းလှုံ့ဆော်ခဲ့ကြတယ်။ ဒါတင်မကပါဘူး။ သွေးမြေကျကိစ္စ ဖြစ်ချိန်ကတည်းက ဗဟိုအစိုးရကလည်း အဲ့ဒီတာဝန်ရှိသူတွေကို တစ်စုံတစ်ရာ အရေးယူမှု မရှိသေးဘူး။ မွတ်စ်လင်မ်တွေကို အဓမ္မအင်အားသုံး ဖယ်ထုတ်စေတဲ့ လူမျိုးစုရှင်းလင်းဖယ်ရှားရေးအပေါ် ဆန့်ကျင်တုန့်ပြန်တာမျိုးလည်း မရှိသေးပါဘူး ” ဟု ရောဘတ်ဆင်က ပြောဆိုလိုက်သည်။
 
လူ့အခွင့်အရေးစောင့်ကြည့်လေ့လာမှုအဖွဲ့ HRW မှ သူသေများကို အစုလိုက်အပြုံလိုက် မြှုပ်နှံထားသည့် နေရာလေးခုအား အထောက်အထားအဖြစ် ရှာဖွေတွေ့ရှိခဲ့သည်။ ဇွန်လအကြမ်းဖက်မှုအပြီး မရှေးမနှောင်းမှာပင် ပြုလုပ်ထားသည့် နေရာ ၃ ခု နှင့် အောက်တိုဘာအကြမ်းဖက်မှုအပြီး ပြုလုပ်ထားသည့်နေရာ ၁ ခု ဖြစ်သည်။ လုံခြုံရေးတပ်ဖွဲ့ဝင်တို့သည် အင်တိုက်အားတိုက် ကျင်းကြီးများတူး၍ ပြစ်မှုဆိုင်ရာသက်သေများကို လက်စဖျောက်ရန် ကြံစည်ဆောင်ရွက်ခဲ့မှု၌ တာဝန်ရှိကြောင်း HRW မှ ပြောကြားသည်။
 
ဥပမာအားဖြင့် ဇွန်လ ၁၃ ရက်တွင် စစ်တွေမြို့ပြင်ဖက် ရိုဟင်ဂျာဒုက္ခသည်စခန်းတစ်ခုအနီး အစိုးရပိုင်ထရပ်ကားတစ်စီးပေါ်မှ အ၀တ်မဲ့နှင့်လည်းကောင်း၊ အ၀တ်စတစ်ပိုင်းတစ်စနှင့်လည်းကောင်း ရုပ်အလောင်း ၁၃ ခုကို သယ်ယူပုံချခဲ့သည်။ ၄င်းတို့အနက် အချို့မှာ ကွပ်မျက်သတ်ဖြတ်ခြင်းမခံရမှီ ကြိုးများ၊ ပလပ်စတစ်ပိုက်မျှင်များဖြင့် တုပ်နှောင်ထားခြင်းခံထားရသည်ကို တွေ့ကြရသည်။ အလောင်းများကို လာရောက်ပုံချခဲ့သည့် စစ်သားများက အနီးအနားစခန်းရှိ ရိုဟင်ဂျာဒုက္ခသည်များအား ပြန်မလာတော့ဘဲ အပြီးတိုင် ထွက်ခွာသွားကြရန် အကြောင်းကြားပြောဆိုနေခဲ့ကြသည်။
 
“ ရုပ်အလောင်းတွေကို သူတို့ ဒီနေရာမှာ ပစ်ချခဲ့တာပါ။ ရုပ်အလောင်းသုံးခုမှာ ကျည်သင့်ဒ ဏ်ရာတွေတွေ့ရတယ်။ သေနတ်ဒဏ်ရာ တစ်ခုက နဖူးမှာ၊ နောက်တစ်ခုက ရင်ဘတ်မှာ ဖြစ်ပါတယ်။ တစ်ချို့သူတွေကို မီးရှို့ထားပြီး၊ တစ်ချို့ဆီမှာ ဓားနဲ့ ထိုးထားတာ တွေ့ရပါတယ် ” ဟု မျက်မြင်သက်သေ ရိုဟင်ဂျာတစ်ဦးက ပြောပြခဲ့သည်။
 
ဖယ်ရှားခံရသော ရိုဟင်ဂျာများထံ ပေးပို့သော လူသားချင်းစာနာရေးအထောက်အပံ့များအပေါ် မြန်မာအစိုးရမှ အစီအစဉ်ရှိရှိ ကန့်သတ် ပိတ်ပင်မှုကြောင့် ရခိုင်ပြည်နယ်အတွင်း ကူညီထောက်ပံ့ရေးပြဿနာများ အဓိကကြုံတွေ့နေရသည်။
 
ရိုဟင်ဂျာများ၊ ရိုဟင်ဂျာ မဟုတ်သော မွတ်စ်လင်မ်များ နှင့် ရခိုင်တိုင်းရင်းသားအနည်းငယ် အပါအ၀င် လူပေါင်း ၁၂၅,၀၀၀ တို့မှာ ရခိုင်ပြည်နယ်ဒုက္ခသည် စခန်းများသို့ ဇွန်လကတည်းက ရောက်ရှိနေခဲ့ကြသည်။ သမ္မတဦးသိန်းစိန်၏ အစိုးရအဖွဲ့မှ ရွှေ့ပြောင်းနေရာများသို့ သွားရောက်ကြည့်ရှုခဲ့ပြီးဖြစ်သော်လည်း ထိရောက်သည့်ကူညီထောက်ပံ့ပေးဝေမှုအား ပိတ်ပင် တားဆီးလျက်ရှိနေသည်။ ဖယ်ရှားခံရသည့် မွတ်စ်လင်မ် များစွာတို့မှာ ဒုက္ခသည်စခန်းများအတွင်း ကျဉ်းကြပ်စွာ နေထိုင်ကြရပြီး အစာရေစာ၊ နေရာထိုင်ခင်း၊ သန့်ရှင်းမှု၊ ကျန်းမာရေးစောင့်ရှောက်မှု၊ ပညာသင်ကြားခွင့် အပြည့်အ၀ မရနိုင်ကြပေ။ အချို့ဒေသများတွင် လုံခြုံရေး တပ်ဖွဲ့ဝင်တို့သည် ဒုက္ခသည်မွတ်စ်လင်မ်တို့အား အကာအကွယ်ပေးထားကြ၏။ သို့သော် ဈေးသို့သွားလာခြင်း၊ အလုပ်အကိုင်၊ အရေးပေါ်လိုအပ်နေသူများအား အကူအညီပေးရေးတို့ကို ကန့်သတ်တားဆီး၍ ထောင်သားများ သဖွယ် ပြုမူဆက်ဆံလျက်ရှိသည်။
 
သောင်းနှင့်ချီသော ရိုဟင်ဂျာများမှာ မေလတွင်စတင်မည့် မိုးရာသီမတိုင်မီ ရေလွတ်ရာ ကုန်းမြင့်ပိုင်းသို့ မပြောင်းရွှေ့နိုင်ပါက ရေညစ်ရေဆိုးမှဖြစ်ပွားလာမည့် ရောဂါဘယများနှင့် ဆိုးဆိုးဝါးဝါး ရင်ဆိုင်ရဖွယ်ရှိကြောင်း HRW မှ သုံးသပ်သည်။
 
“ ရခိုင်ပြည်နယ်အတွင်း ကူညီထောက်ပံ့ရေးပစ္စည်း ပေးကမ်းဖြန့်ဝေမှုမှာ မပူးပေါင်းမဆောင်ရွက်တာက ပြဿနာ မဟုတ်ပါဘူး။ ပြဿနာက ဒုက္ခသည်မွတ်စ်လင်မ်တွေ လက်ထဲ ထောက်ပံ့ရေးပစ္စည်းတွေ ရောက်ရှိဖို့ နဲ့ လွတ်လပ်စွာသွားလာနိုင်ဖို့ အစိုးရပိုင်းက ဦးဆောင်လမ်းပြမလုပ်ပေးတာပါဘဲ။ မိုးကျလို့ စခန်းရေလွှမ်းလာပြီး ရောဂါကူးစက်မှုတွေ ဖြစ်လာနိုင်ပါတယ်။ လူသားချင်းစာနာရေးလုပ်ငန်းတွေကို ကြိုတင်တွက်ဆ ကာကွယ်ဆောင်ရွက်ထားနိုင်ဖို့ ရက်သတ္တပတ် အနည်းငယ်သာ ကျန်ပါတော့တယ် ” ဟုလည်း ရောဘတ်ဆင်က ပြောကြားသည်။
 
HRW ၏အဆိုအရ အဖယ်ရှားခံရသော ရိုဟင်ဂျာတို့သည် မိမိတို့၏ နေရင်းဒေသ မြို့ရွာများထံ ပြန်လည်သွားရောက်အခြေချရေး၊ လူထုအကြားမှ ရေရှည် ခွဲထုတ်ခံရခြင်းတို့ပတ်သက်၍ ပြောဆိုဆွေးနွေးခွင့် မရသေးချေ။
 
အထောက်အပံ့၊ အကာအကွယ် မရရှိခြင်း နှင့် အကြမ်းဖက်မှု၊ စော်ကားမှုခံရခြင်းတို့ကြောင့် ထောင်နှင့်ချီသော ရိုဟင်ဂျာတို့သည် နိုင်ငံကို စွန့်ခွာ၍ ဘင်္ဂလားဒေ့ရှ်၊ မလေးရှား၊ ထိုင်းနိုင်ငံသို့ ရေကြောင်းဖြင့် ပင်လယ်ဖြတ်ကာ ထွက်ပြေးခဲ့ကြသည်။ ကျန်သူများစွာတို့ကလည်း ယင်းသို့ပင်ပြုရန် အလားအလာရှိနေသည်။ ပင်လယ်ပြင်၌ ရာနှင့်ချီ၍ အသက်ဆုံးရှုံးခဲ့ကြပြီးလည်း ဖြစ်သည်။
 
အစိုးရတစ်ရပ်မှဖြစ်စေ အဖွဲ့အစည်းတစ်ခုမှဖြစ်စေ ပြည်သူလူထုလူ့အဖွဲ့အစည်းတစ်ရပ်အပေါ် ရည်ရွယ်ချက်ရှိရှိ စံနစ်တကျစီမံတိုက်ခိုက်ခြင်း၊ သို့တည်းမဟုတ် ၄င်း၌ တစ်စိတ်တစ်ဒေသအားဖြင့်ပါဝင်ခြင်းသည် အပြည်ပြည်ဆိုင်ရာဥပဒေအရ လူမဆန်သောရာဇ၀တ်မှု အပြစ်ထိုက်နေသည်။ ယမန်နှစ်ဇွန်လမှ ရိုဟင်ဂျာတို့အပေါ် ကျူးလွန်ခဲ့မှုများအနက် လုပ်ကြံသတ်ဖြတ်ခြင်း၊ နယ်နှင်ခြင်း၊ လူဦးရေ အပြောင်းအလဲဖြစ်အောင် အဓမ္မဆောင်ရွက်ခြင်း နှင့် ညှင်းပန်းနှိပ်စက်ခြင်းတို့မှာ ရာဇ၀တ်မှုများ ဖြစ်သည်။
 
“ လူမျိုးစု သန့်စင်ဖယ်ရှားရေး ” ဟူသည် ဥပဒေဝေါဟာရ မဟုတ်သော်လည်း လူ့အုပ်စုတစ်စုမှလည်းကောင်း၊ ဘာသာရေးအုပ်စုတစ်စုမှလည်းကောင်း မိမိတို့ပထ၀ီဝင်ပိုင်နက်များရှိ အခြား လူမျိုးတစ်စုကို ဖြစ်စေ၊ ဘာသာရေးအုပ်စု တစ်စုကိုဖြစ်စေ ပြင်းပြင်း ထန်ထန် အကြမ်းဖက်နည်းလမ်းများဖြင့် ဖယ်ထုတ်ရန်အလို့ငှာ ရည်ရွယ်ချက်ရှိရှိ မူစံနစ်ချ ဆောင်ရွက်ခြင်း ဟု အဓိပ္ပာယ်ဖွင့် သတ်မှတ်ထားပေသည်။
 
ရိုဟင်ဂျာများကို နှိပ်စက်ညှင်းပန်းမှု၏ အဓိကအူတိုင်မှာ ၁၉၈၂ နိုင်ငံသားဥပဒေ ဖြစ်ကြောင်း၊ ၄င်းမှာ လူမျိုးခွဲခြားနှိမ့်ချရေးအမြင်ဖြင့် ရိုဟင်ဂျာ (အပါအ၀င် အချို့ လူမျိုးစု)တို့ကို မြန်မာနိုင်ငံသား မဟုတ်သည့်အဖြစ်သို့ သက်ရောက်အောင် ရေးဆွဲ ထားခဲ့ခြင်းဖြစ်ကြောင်း HRW က ဆိုသည်။ ၄င်းဥပဒေတွင် အသိအမှတ်ပြုထားသော တိုင်းရင်းနွယ် ရှစ်မျိုး (ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ မြန်မာ(ဗမာ)၊ ရခိုင်၊ ရှမ်း) အနက် အပါအ၀င် မဟုတ်သဖြင့် ၄င်းတို့မှာ တင်းပြည့် ကျပ်ပြည့်နိုင်ငံသားအဖြစ် ထည့်သွင်း စဉ်းစားခြင်း မခံရချေ။ မိမိတို့၏ဘိုးဘေးစဉ်ဆက်တို့သည် သက္ကရာဇ်ကာလတစ်ခု မတိုင်မီ မြန်မာနိုင်ငံ၌ အခြေချနေထိုင်လာကြောင်း ထင်ရှားပြတ်သားသည့် အထောက်အထား တင်ပြနိုင်မှသာ နိုင်ငံသားအဖြစ် စဉ်းစားပေးသည်။ ထိုအချက်မှာ ရိုဟင်ဂျာ အများစုအဖို့ အခက်အခဲကြီး တစ်ရပ်ဖြစ်နေသည်။
 
အစိုးရ နှင့် ဗမာလူမျိုး အသိုင်းအ၀ိုင်းတို့က ရိုဟင်ဂျာတို့ကို (ယခု) ဘင်္ဂလားဒေ့ရှ်ဖက်မှ တရားမ၀င်လာရောက် အခြေချနေထိုင်သူများ အဖြစ် ပြောင်ပြောင်တင်းတင်း သတ်မှတ်ကြသည်။ ၄င်းတို့သတ်မှတ်သော တိုင်းရင်းသားမျိုးနွယ်များထဲ မပါဝင်သောကြောင့် နိုင်ငံသား အဖြစ် အသိအမှတ်ပြုရန် ငြင်းဆိုကြသည်။ ရိုဟင်ဂျာ ဟုအမည်တွင်သူများကို အစိုးရကလည်း ဘင်္ဂါလီ (ဘင်္ဂလားဒေ့ရှ်နိုင်ငံသား)ဟု တရားဝင် သုံးနှုန်းဖော်ပြကြပြီး၊ သေးသိမ်အောင်ချိုးနှိမ်သည့်အားဖြင့် “ ကုလား ” ဟုလည်း ခေါ်ဆိုကြသည်။
 
ချိုးနှိမ်ခွဲခြားမှုများ အဆုံးသတ်စေရေးအလို့ငှာ ၁၉၈၂ နိုင်ငံသားဥပဒေအား အရေးပေါ်ပြင်ဆင်အပ်ကြောင်း၊ ရိုဟင်ဂျာ ကလေးငယ်များမှာ နိုင်ငံသားဖြစ်ခွင့်ရှိကြောင်း၊ သို့မဟုတ်ပါက ၄င်းတို့အဖို့ ခိုလှုံနေထိုင်ရာနိုင်ငံမရှိကြောင်း HRW မှ မြန်မာနိုင်ငံအစိုးရကို ပြောဆိုတိုက်တွန်းခဲ့သည်။
 
“ ရခိုင်ပြည်နယ်က လူသားမဆန်စွာကျူးလွန်တဲ့ ရာဇ၀တ်မှုတွေကို စုံစမ်းစစ်ဆေးဖို့၊ ဒုက္ခသည်တွေကို ပြန်လည်နေရာချ စီစဉ်ပေးနိုင်ဖို့ မြန်မာနိုင်ငံအနေနဲ့ လွတ်လပ်သော နိုင်ငံတကာကော်မရှင်တစ်ရပ်ကို လက်ခံသင့်ပါတယ်။ မြန်မာနိုင်ငံအတွက် လှူဒါန်းသူများကလည်း ရိုဟင်ဂျာတွေရဲ့ အဖြစ်ဆိုးအပေါ် သဘောပေါက်ထားဖို့ လိုအပ်ပါတယ်။ ထို့အတူ မြန်မာအစိုးရအနေနဲ့ ရှုတ်ချစော်ကားမှုတွေကို ချက်ခြင်းရပ်တန့်လိုက်ဖို့၊ ဖယ်ရှားခံရတဲ့ မွတ်စ်လင်မ်တွေကို ဘေးကင်းစွာ ပြန်လည်ပို့ဆောင်ပေးဖို့၊ ရခိုင်ပြည်နယ်အတွင်းက အကြမ်းဖက်လုပ်ရပ်ဆိုးများကို အဆုံးသတ်လိုက်ဖို့ တောင်းဆိုရမှာဖြစ်တယ် ” ဟု ရောဘတ်ဆင် ကပြောကြားလိုက်ပါသည်။
 
http://www.hrw.org/news/2013/04/22/burma-end-ethnic-cleansing-rohingya-muslims တွင် ဖော်ပြထားသည့် ကြေငြာချက်ကို ဆီလျော်အောင် ဘာသာပြန်ဆိုပါသည်။
M-Media
 

No comments:

Post a Comment

Note: Only a member of this blog may post a comment.