Tuesday, April 16, 2013

ဘားအံ မိဇံကျေးရွာ မွတ်စလင် သုဿာန်မြေ သုံးပုံတပုံ အား မြေထိုးစက်ဖြင့် ထိုး၍ သိမ်းယူ

  
ဧပြီ ၁၅၊ ၂၀၁၃
 ထွန်းတောက်
 
ဘားအံ ။ ။ ကရင်ပြည်နယ် ဘားအံမြို့နယ် မိဇံကျေးရွာရှိ မွတ်စလင်မ် သုဿာန်အတွင်းသို့ ယခု ဧပြီ ၁၀-ရက်နေ့က ကျူးကျော်ဝင်ရောက်ပြီး ကျွန်းပင်များကို ခိုးဖြတ်ယူသွားကြောင်းနှင့် ပတ်သက်ပြီးဆက်လက် ဆက်သွယ်မေးမြန်းရာ မွတ်စလင်မ်သုဿာန်ပိုင်မြေအား မြေထိုးစက်ဖြင့် လာရောက်ထိုးဆွခဲ့ပြီး သုဿာန်မြေ သုံးပုံတစ်ပုံအား ကျောင်းဘောလုံးကွင်း ပြုလုပ်ရန် သိမ်းယူသွားကြောင်း နောက်ဆက်တွဲသတင်းရရှိသည့်အတွက် ဆက်သွယ်မေးမြန်းခဲ့ပါသည်။
 
“မွတ်စလင်မ်သုဿာန်မြေကို မြေထိုးစက်နဲ့ လာထိုးတာက သူတို့က ကျောင်းဘောလုံးကွင်းလုပ်ဖို့ဆိုပြီး လာထိုးတာပါ။ သုဿာန်ကလည်း ကျောင်းရဲ့ မျက်နှာစာ အရှေ့နားမှာ ကျနေတာပေါ့။ ကျောင်းဆိုတာက အစိုးရ အလယ်တန်းကျောင်းပါ။ ကျောင်းရဲ့ အားကစားကွင်းလုပ်မယ်ဆိုပြီး ပထမဆုံးက နည်းနည်းပါးပါးတော့ သူတို့တောင်းတာပေါ့။ ကျောင်းရှေ့နားမှာက ပုဂ္ဂလိကမြေလည်းရှိနေတယ်။
 
 ဒီ ပုဂ္ဂလိကမြေကို ကျောင်းဆောက်လုပ်ရေးကော်မတီက ၀ယ်လိုက်တယ်။ ကျောင်းဘောလုံးကွင်းက ကျဉ်းတယ်ဆိုတော့ လိုအပ်လာရင် သုဿာန်ကိုလည်း နည်းနည်း ပါးပါးပေးပါလို့ တောင်းဆိုထားတာရှိတယ်။
 
တောင်းတာက ဟိုးမနှစ်ကလည်း တောင်းဆိုထားတာရှိတယ်။ ဒီနှစ်လည်း တစ်ခါနှစ်ခါတောင်းတယ်။ ကျွန်တော်တို့လည်း သူတို့ကို အကြောင်းမပြန်နိုင်ဘူး။ ဒီဘက်မှာလည်း တိုင်ပင်ရဦးမယ်၊ အဆင်ပြေရင်တော့ပေးမှာပေါ့၊ အဆင်မပြေရင်တော့ ကျွန်တော်တို့လည်း မတတ်နိုင်ဘူးလို့။ အဲ့ဒီကြားမှာ ပြောထားတုန်းပဲရှိသေးတယ်။ အဲဒီနေ့က ကျွန်တော်က မင်္ဂလာကိစ္စတစ်ခုနဲ့ တစ်ခြားရွာကိုသွားလိုက်တယ်။ ပြန်လာတော့ အဲ့ဒီမှာ သူတို့ ထိုးထားပြီ။
 
 အဲဒါက ၁၀-ရက်နေ့ ညနေ ၄-နာရီ လောက်က။ ဟုတ်ကဲ့ ကျွန်တော်တို့ကို အသိပေးမှုမရှိပဲ မြေထိုးစက်နဲ့ ထိုးလိုက်တာပါ။ သုဿာန်မြေကို မြေထိုးစက်နဲ့ ထိုးတယ်ဆိုတာ ခုနက ကျွန်တော်ပြောတဲ့ထဲက ပုဂ္ဂလိကမြေတစ်ခုရဲ့ ပိုင်ရှင်၊ အဲ့ဒီပိုင်ရှင်က ၀င်လုပ်တာ တစ်ခြားသူတွေကတော့ မပါဘူး။ ဟုတ်ပါတယ် ဦးဘိုတုတ် အရင်က ရပ်ကွက် ဥက္ကဌဖြစ်ဖူးတယ်ဆိုတဲ့ တစ်ယောက်ပါ။ သူက ဒီရွာခံပဲဖြစ်တယ်။”
 
“မိဇံရွာမှာ မွတ်စလင်မ်အိမ်ခြေက အားလုံးပေါင်းမှ အိမ်ခြေ(၄၀)လောက်ပဲရှိတယ်။ ဗလီတစ်လုံးရှိပါတယ်။
ကလေးတွေအတွက် အာရဗီစာသင်ကျောင်း တစ်ကျောင်းရှိတယ်။ ကျောင်းကလည်း ဗလီဝင်းထဲမှာပဲ ဗလီနဲ့ တစ်ဆက်တည်းပဲ။ မွတ်စလင်မ်လူဦးရေအနေနဲ့က ကလေးရော ယောက်ျား မိန်းမရော အားလုံးပေါင်း စုစုပေါင်းမှ ၂၀၀-၀န်းကျင်လောက်ပဲ ရှိတယ်။ တစ်ရွာလုံးအတိုင်းအတာနဲ့ကတော့ အိမ်ခြေ ၄၀၀-ကျော်တယ်။” လို့ မိဇံရွာခံတစ်ဦးမှ ပြောပြပါတယ်။
 
“ဟုတ်ပါတယ် မနေ့ကတော့ ဘားအံကနေ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ရဲ၊ မြေတိုင်းစာရေး၊ သာသနာရေးညွှန်ကြားရေးမှူးနဲ့ မွတ်စလင်မ် ၅-ယောက် ပါဝင်တဲ့ (၁၇)ဦး လာကြည့်ပါတယ်။ မြေတိုင်းက အရင်လာတာပါ။ ကျန်တဲ့သူတွေက နောက်မှ သက်သက်လာတယ်။
 
 လာကြည့်တော့ ဘာထူးခြားလဲဆိုတော့ ပထမဆုံး ဒီလိုဖြစ်တော့ ကျွန်တော်က မြန်မာမွတ်စလင်မ်ရေးရာအဖွဲ့ကို အကြောင်းကြားတယ်။ ကျွန်တော့်ကို သူတို့က ပြောတယ်။ ဒီအတိုင်းပြောလို့ မရဘူး သက်ဆိုင်ရာဌာနကို အထောက်အထားနဲ့တကွ စာနဲ့ အကြောင်းကြားရမယ်ဆိုလို့ ကျွန်တော် စာနဲ့ အကြောင်းကြားပါတယ်။ နောက် အဲ့ဒီ မြန်မာမွတ်စလင်မ်ရေးရာ အဖွဲ့ကိုလည်း ကျွန်တော် စာပို့တယ်။ အဲဒီအခါ မနေ့က လာတဲ့လူကြီးက ဘာပြောလဲဆိုတော့ ဒီစာကိုတင်တာ ဘယ်သူ တင်တာလဲလို့မေးတယ်။
 
အဲ့ဒီတင်တဲ့စာက ဘယ်သူရေးတာလဲပေါ့။ ကျွန်တော့်ကို မေးတယ်ပေါ့။ ကျွန်တော်ကပြောတယ် ကျွန်တော် ကိုယ်တိုင်ရေးတယ်ဆိုတော့။ ခင်ဗျားကိုယ်တိုင် ရေးသလားတဲ့။ ကျွန်တော်ကလည်း ကျွန်တော်ကိုယ်တိုင်ရေးတာပြောတယ်။ သူကပြောတယ် ကျွန်တော့်ကို ခင်ဗျား အဲ့ဒီအတွေးအခေါ် ဘယ်မှာရလဲ ဘာညာပေါ့။ ကျွန်တော်ပြောတယ် ဒါကတော့ ကျွန်တော့်စိတ်ကဖြစ်ပေါ်လာတဲ့ ခံစားချက်နဲ့ ကျွန်တော့်ရဲ့အသိနဲ့ ကျွန်တော်ရေးပါတယ်လို့။ ပြီးတော့ ကျွန်တော့်ကိုမေးတယ် ပညာအရည်အချင်း ဘယ်နှစ်တန်းလဲမေးတယ်။
 
 ကျွန်တော် အရင်က ၇-တန်းစာမေးပွဲဖြေပြီးတော့ ကျောင်းဆက်မတက်တော့ဘူးပေါ့။ မေးတဲ့လူကြီးကတော့ ကျွန်တော် မသိဘူး။ ခရိုင်ကလားတော့ ကျွန်တော်မသိဘူး။ ဌာနဆိုင်ရာကိုတော့ ကျွန်တော် အတိအကျမသိဘူး။ ဒီတော့ သူဆက်ပြောတယ် အေးပေါ့ – ခင်ဗျား ဒေါသတွေ နည်းနည်းကြီးနေတယ် မှတ်တယ်။ လူသူမသိပဲနဲ့ မွတ်စလင်မရဲ့ သုဿာန်မြေကို စက်ကြီးနဲ့ထိုးလိုက်တယ်ဆိုတာက စကားက မြင့်တယ်ပေါ့လို့ သူပြောတာ။ အဲဒါ ဘယ်လိုပြောမလဲဆိုရင် လှုံ့ဆော်မှုလိုမျိုးအတိုင်းအတာလေးလို ဖြစ်သွားနိုင်တယ်။ ဒါပေမယ့် ခင်ဗျားကတော့ တောမှာနေတယ်ဆိုတော့ ဒီလိုပဲ ရေးတတ်မှာ။ နောက်ကို ဒီလိုမျိုး ဒါမျိုး မရေးနဲ့လို့ ပြောတယ်။
 
ဟုတ်ကဲ့ မြေထိုးစက်နဲ့ ထိုးတဲ့လူတွေကိုတော့ သူ ဘာမှ မပြောဘူး။ ဘာဆို ဘာမှ မပြောဘူး။ သုဿာန်မြေကို ပြန်ပေးဖို့လည်းမပြောဘူး။ နောက်ဆုံးကတော့ ဒီလိုပေါ့ သူတို့ မေတ္တာရပ်ခံပြီးတော့ အဲ့ဒီက ကျောင်းအုပ်ကြီးကလည်း မြေထိုးစက်နဲ့ ထိုးထားတဲ့နေရာလေးကိုတော့ သူတို့ကို ပေးပါပေါ့။ အရင်ကလည်း သူတို့ပြောထားတာ ရှိခဲ့ပါတယ်။ ဒါပေမယ့် အခု မပြောပဲနဲ့ လုပ်မိတာ သူတို့အမှားဆိုတာတော့ သူတို့ ၀န်ခံတယ်။ အင်း ကျောင်းအုပ်က ဆရာကြီးပါ။ သုဿာန်မြေက ၃-ဧကခွဲလောက်ရှိတယ်။ အခု မြေထိုးစက်နဲ့ ထိုးလိုက်တာက ၁-တာခွဲ ၂-တာ နီပါးလောက်။ ၁-တာခွဲဆိုတာက ၃-တာခွဲဆိုရင် ၁-ဧကရှိတယ်။ ၁-တာခွဲဆိုတော့ ဧက၀က်ကျော်တယ်ပေါ့။”
 
“ဟုတ်တယ် ဒါကတော့ ကျွန်းပင်တွေကို ခုတ်သွားတယ်ဆိုတာက မြေထိုးစက်နဲ့ မထိုးခင် ၁-ပတ်ကျော်ကျော်လောက်က အဲ့ဒီ ဦးဘိုတုတ်ပဲ လာခုတ်သွားတယ်။ တမင်စိုက်ထားတာတော့ မဟုတ်ဘူး။ ဒီအတိုင်း သဘာဝပေါက်နေတာ ခန့်မှန်းခြေ ၈-နှစ် ၁၀-နှစ်လောက်တော့ရှိပြီ။ သုဿာန်ကတော့ နှစ်ပေါင်း (၂၀၀)၀န်းကျင်လောက်ရှိပြီ။ အခုကတော့ သူတို့က လာပြီးထိုးထားတဲ့ မြေနေရာကို မြေပုံကြည့်ပြီးတော့မှ တိုင်းတယ်။ မြေတိုင်းတွေလည်း လာတယ်လေ။ မြေတိုင်း တိုင်းတဲ့အချိန် အဲ့ဒီ ဘားအံကတက်လာတဲ့ လူကြီးတွေ အားလုံးပါတယ်။ သူတို့က မြေပုံပြတယ်။ ဒီမြေပုံ ကျောင်းမဆောက်ခင်ကနေ မြေလွတ်မြေရိုင်း စားကျက်မြေပုံစံမျိုးနဲ့ အစိုးရကို လျှောက်ထားတယ်။ ကျထားတဲ့ စာအရ မြေကို တိုင်းထုတ်လိုက်တာ မွတ်စလင်မ်သုဿာန်က တစ်ဝက်နီးနီးလောက် ကုန်သွားတယ်။
 
 ကျောင်းကလား။ ကျောင်းကတော့ အများဆုံးရှိ ၈-နှစ် ၁၀-နှစ်လောက် ရှိမှာပေါ့။ နောက်ဆုံး သူတို့ပြန်သွားတော့ ကျွန်တော်တို့ ကျေးရွာသူ ကျေးရွာသားတွေကလည်း မေတ္တာရပ်ခံပြီးတော့ ပြောတယ်ပေါ့။ ကျွန်တော်တို့ သုဿန်မှာ အနိမ့်ပိုင်းက မိုးတွင်းကျရင် ရေမြုတ်တယ်။ လူသေဆုံးလို့ မြှုပ်တဲ့အခါကျရင် အခက်အခဲရှိတယ်။ ကုန်းတန်းလေးရှိတယ်။ မိုးတွင်းမှာ သေတဲ့လူတွေကို အဲ့ဒီ ကုန်းတန်းလေးမှာပဲ တက်မြှုပ်တယ်။ အဲဒီမှာပဲ သင်္ဂြိုဟ်ပါရစေပြောတော့ တိုင်းထားတာကို အဲဒီနေရာလေးကို ပြန်ယူဖို့ ခွင့်ပြုလိုက်တယ်။ ဒီအတိုင်းနဲ့ပြီးသွားလား မပြီးလားတော့ ကျွန်တော်လည်း အတိအကျတော့ ပြောလို့မတတ်ဘူး။ သူတို့လည်း ခုနကလို ပြောလို့ပြီးတော့ သူတို့ပြန်ကြတယ်ပေါ့။”လို့ ဆက်သွယ်မေးမြန်းချက်ကို မိဇံကျေးရွာသားကြီးတစ်ဦးမှ ပြန်လည်ဖြေကြားလာပါတယ်။
 
 
M-Media  သတင်း

No comments:

Post a Comment

Note: Only a member of this blog may post a comment.