Tuesday, April 16, 2013

တိုင်းဝန်ကြီးချုပ် ဦးရဲမြင့်မှ မြို့ခံ မွတ်စလင် ခေါင်းဆောင်များနှင့် တွေ့ဆုံပွဲတွင် ကြမ်းတမ်းစွာ ပြောဆို

ဧပြီ-၁၅-၂၀၁၃

 
 
( သစ္စာချို )
DSCN3979
 
၂၀၁၃ ခုနှစ်၊ ဧပြီ ၁၁ ရက်၊ ညဥ့်ဖက်တွင် အစ္စလာမ်လူထုအကျိုး လှုပ်ရှားဆောင်ရွက်နေသူ တစ်ဦးထံ မန္တလေးတိုင်းဒေသကြီး ၀န်ကြီးချုပ်နှင့်နီးစပ်သောအသိုင်းအ၀ိုင်းမှ အစ္စလာမ်ဘာသာဝင် ခေါင်းဆောင်များနှင့် အရေးပေါ်တွေ့ဆုံဆွေးနွေးလိုကြောင်း ဖုန်းဆက် ခေါ်ယူခဲ့သည်။နောက်တစ်နေ့ ၂၀၁၃ ခုနှစ်၊ ဧပြီ ၁၂ ရက်တွင် တိုင်းအိုလမာရုံးခန်း၌ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီး အပါအ၀င် မန္တလေးရှိ အဖွဲ့ အုပ်စု ကိုယ်စားလှယ်များ တွေ့ဆုံကြသည်။
 
မည်သည့် အကြောင်းဖြင့် ခေါ်ဆိုသည်ကို သက်ဆိုင်ရာသို့မေးမြန်းရာ ၀န်ကြီးချုပ်ဦးရဲမြင့်မှ ခေါ်ယူသည်ကို
လာရောက်တွေ့ဆုံရန်သာ အကြောင်းပြန်သဖြင့် အစ္စလာမ်ဘာသာရေး ခေါင်းဆောင် ၁၀ ဦးသည် သောကြာဝတ်တက်အပြီးတွင် မန္တလေးတိုင်း ၀န်ကြီးချုပ်ရုံးခန်းသို့ သွားရောက်ခဲ့သည်။ ယင်းတွေ့ဆုံမှု၌ အစိုးရဖက်မှ ဌာနဆိုင်ရာ အရာရှိနှင့် ၀န်ကြီးအချို့အပါအ၀င် ၁၀ ဦးလည်း တက်ရောက်ကြသည်။ ဆွေးနွေးမှုကို ညနေ ၃း၁၀ နာရီတွင် စတင်ခဲ့သည်။
 
မန္တလေးတိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးရဲမြင့်သည် အစည်းအဝေးခန်းသို့ ၀င်ရောက်လာသည်နှင့် မည်သည့် ပဋိသန္ဓာရစကားကိုမျှ မဆိုဘဲ – မိတ္ထီလာကိစ္စမှာ ရွှေဆိုင်ပြဿနာဖြင့် မွတ်စလင်မ်များဘက်က ဘုန်းကြီးတစ်ဦးအား သတ်ဖြတ်လိုက်ပြီး စတင်ဖန်တီး အကြမ်းဖက်ခဲ့ခြင်းဖြစ်ကြောင်း၊ မွတ်စ်လင်မ်ကလေးများမှ “ ဗုဒ္ဓဘာသာဝင်တွေရဲ့သွေးနဲ့ခြေဆေးမယ် ” ဟု ဟစ်အော်ခဲ့ကြကြောင်း၊ ယင်းသို့ အစွန်းရောက်အောင် ဗလီဆရာ ကျောင်းဆရာများမှ သင်ကြား သွတ်သွင်းပေးခဲ့ခြင်းဖြစ်ကြောင်း၊ မွတ်စ်လင်မ်တို့ဖက်မှ ကောလဟလသတင်း ထုတ်လွှင့်ပြီး ပုံကြီးချဲ့ခဲ့၍သာ လုံခြုံရေးကို မိမိကိုယ်တိုင် မိတ္ထီလာသို့ သွားရောက်စီမံနေပါလျက် အခြားဒေသများထံ ကူးစက်ကျယ်ပြန့်သွားရခြင်း ဖြစ်ကြောင်း၊ ယင်းသို့ဖြစ်ခြင်းကြောင့် ဗုဒ္ဓဘာသာဝင်များ အကြား စိုးရိမ်ထိတ်လန့်မှုနှင့် သံသယများစွာ ဖြစ်ပေါ်လာကြောင်း၊ မွတ်စ်လင်များသည် မိမိတို့၏ ဗလီကို မိမိတို့ကိုယ်တိုင် ဗုံးခွဲဖျက်ဆီး၍ ဗုဒ္ဓဘာသာဝင်များအပေါ် အပြစ်ပုံချမှု ဆက်လက်ပြုလုပ်ဦးမည်ကို မိမိ သိရှိနေကြောင်း၊ အစ္စလာမ်ဖက်မှ ရည်ရွယ်ချက်တစ်မျိုးဖြင့် စီမံ ဆောင်ရွက်နေကြခြင်းဖြစ်ကြောင်း၊ ဗုဒ္ဓဘာသာဝင်များဖက်မှ မွတ်စ်လင်မ်တို့ကို ကယ်ဆယ်စောင့်ရှောက်ခဲ့ကြသော်လည်း မွတ်စ်လင်မ်များဖက်မှ လျစ်လျူရှု၍ ဗုဒ္ဓဘာသာဝင်နှင့် သံဃာတော်များအပေါ် တစ်ဖက်သတ် အပြစ်မြင်နေဆဲဖြစ်ကြောင်း၊ ကယ်ဆယ်ရေး စခန်းတွင်လည်း မိမိအနေနှင့် လိုအပ်သည်များကို ပြည့်စုံလုံလောက်အောင် ဆောင်ရွက်ထားပြီးဖြစ်ကြောင်း၊ မွတ်စ်လင်မ်များသည် မိမိတို့ဖက်မှ အစွန်းရောက်များကို မိမိတို့ကိုယ်တိုင် သိရှိထားကြပြီးဖြစ်ကြောင်း၊ ထို့ကြောင့် လုံခြုံရေးနှင့် တရားဥပဒေ စိုးမိုးရေးအတွက် ၄င်းတို့အား အာဏာပိုင်တို့ထံ သတင်းပေးအကြောင်းကြားဖို့ လက်တွဲဖို့ လိုအပ်ကြောင်း ၊ သို့မှသာ မွတ်စ်လင်မ်တို့သည် မြန်မာနိုင်ငံ၌ ရေရှည်နေထိုင်သွား နိုင်မည်ဖြစ်ကြောင်း ၊ မိမိတို့သည်လည်း ရှေ့လျှောက် လုံခြုံရေးကို ဤသည်ထက် ပိုပြီးတင်းကြပ်စွာ ဆောင်ရွက်သွားတော့မည်ဖြစ်ကြောင်း စသည်ဖြင့် ၄၅ မိနစ်ခန့် မရပ်မနား ခက်ထန်ကြမ်းတမ်းစွာ ပြောဆိုသွားခဲ့သည်။
 
အစ္စလာမ်ဘာသာရေးခေါင်းဆောင်များအနက် အသက် ၇၀-၈၀ အရွယ် သက်ကြီးဝါကြီးပုဂ္ဂိုလ်များ ပါဝင်နေပါသော်လည်း ၊ ယင်းသို့ပြောဆိုရာ၌ တိုင်ပင်ဆွေးနွေးခြင်း၊ အမှာစကားပြောခြင်းကဲ့သို့ မဟုတ်ဘဲ လက်အောက်ငယ်သားများကို ခေါ်ယူကြိမ်းမောင်းသည့်နှယ် ဖြစ်ခဲ့သည်။
 
ဝန်ကြီးချုပ်ဦးရဲမြင့်၏ တစ်ဖက်သတ် စွပ်စွဲပြောဆိုမှုအပေါ် ခလီဖွာ ဦးသိန်းဝင်းအောင်မှ – မွတ်စ်လင်မ်များမှာ အစွန်းလည်း မရောက်သလို ဗုံးလည်း မဖောက်ပါကြောင်း၊ ကလေးငယ်များ ဟစ်အော်မှုသည် ကြောက်ရွံ့စွာဖြင့် ဘုရားသခင်၏ အမည်နာမတော်အား ဟစ်အော် တမ်းတခြင်းသာဖြစ်ပါကြောင်း၊ များမကြာမီ ဥပုသ်လရောက်ရှိတော့မည်ဖြစ်၍ မွတ်စ်လင်မ်ဒုက္ခသည်များအား အမြန်ဆုံးပြန်လည်နေရာချပေးရန် နှင့် ၀တ်ပြုရန်နေရာများ ပြန်လည်ပြင်ဆင်ဆောင်ရွက်ပေးရန် လိုအပ်ပါကြောင်း၊ လူများစုမှ လူနည်းစုကို အနိုင်မကျင့်စေရန် သက်ဆိုင်ရာမှလည်း ၀ိုင်းဝန်း ကူညီပေးရန် လိုအပ်နေပါကြောင်း ကောင်းမွန်စွာပြန်လည်ရှင်းပြပြောဆိုခဲ့သည်။ သို့သော် ဦးရဲမြင့်မှ ဆက်လက်ပြောဆိုခွင့် မပြုဘဲ “
 
အစွန်းရောက်တယ်ဆိုတာ ဒါဘဲလေ။ ခင်ဗျားတို့ကို ပြန်လည်ဆွေးနွေးခွင့် မပေးနိုင်ဘူး။ အစ္စလာမ်တွေဖက်က ဒီလိုမျိုး အရေးမပါတာတွေ ချည်းဘဲ ပြောနေကြတာ။ နောက်တစ်ကြိမ် ထပ်ဖြစ်လို့ကတော့ ခင်ဗျားကိုဘဲ အရင်ဆုံး ဖမ်းထည့်ရမယ် ” ဟူ၍ ဟန့်တားခဲ့သည်။ တက်ရောက်လာကြသော အခြား အစ္စလာမ်ဘာသာရေး ခေါင်းဆောင်အသီးသီးမှ ငြိမ်းချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေးအတွက် အာဏာပိုင်များနှင့် လက်တွဲဆောင်ရွက်ရန် အသင့်ရှိပါကြောင်း စသဖြင့် ပြေလည်စွာ တင်ပြ ပြောဆိုကြပါသော်လည်း ဦးရဲမြင့်သည် “ ပုံပြင်တွေ လာပြောမနေနဲ့။ ပြန်လည်နေရာချထားဖို့ ဘာအစီအစဉ်မှ မရှိဘူး။ စဉ်းစားဦးမှာလည်း မဟုတ်ဘူး။ ကျုပ်တို့ ဘယ်လို ဆက်လက် အုပ်ချုပ်မယ်ဆိုတာ ခင်ဗျားတို့ တွေ့မြင်ရပါလိမ့်မယ် ” ဟူ၍ ပြင်းပြင်းထန်ထန် ပြောကြားကာ ၄င်းအစီအစဉ်အား အဆုံးသတ်ရပ်တန့်ခဲ့ပါသည်။
 
လွန်ခဲ့သော မဆလ ခေတ်ကတည်းက ယနေ့တိုင်အောင် အုပ်ချုပ်သူအာဏာပိုင်များသည် အစ္စလာမ်နှင့်ပတ်သက်ပြီး ခေါ်ယူပြောကြားသည့်အခါတိုင်း စာနှင့်ပေနှင့် တရားဝင်ခေါ်ယူမှု ဟူ၍ ဟုတ်တိပတ်တိ မရှိခဲ့ဖူးကြောင်း၊ ယခုကိစ္စသည်လည်း နိုင်ငံတော်၏ ခံယူလမ်းညွှန်ချက်နှင့် ကိုက်ညီမှု မရှိပါကြောင်း၊ တိုင်းဒေသကြီးတစ်ခု၏ ၀န်ကြီးချုပ်သည် မိမိဒေသဖြစ်စဉ်များနှင့်စပ်လျဉ်း၍ တာဝန်အရှိဆုံးပုဂ္ဂိုလ် ဖြစ်ကြောင်း၊ မိမိ၏တာဝန်ရှိမှုကို ဖုံးကွယ်ရန် မွတ်စ်လင်မ်တို့အား ခေါ်ယူကာ တစ်ဖက်သတ်အပြစ်ပုံချလိုက်ခြင်းဟု ထင်မြင်ယူဆရပါကြောင်း၊ ဤကိစ္စအပေါ် မိမိတို့သည် ဘာသာရေးအဖွဲ့အစည်းများနှင့် တိုင်ပင်၍ နိုင်ငံတော်သမ္မတအထိ ဥပဒေဘောင်အတွင်းမှသာ အဆင့်ဆင့်တင်ပြ အရေးဆိုသွားမည် ဖြစ်ကြောင်း – ၄င်းပြင် ပွင့်လင်းမြင်သာစွာပြုလုပ်ဖော်ဆောင်နေခြင်း ဟူသော နိုင်ငံတော်၏ ကမ္ဘာသိစကားရပ်နှင့်အညီ ဤသို့သော မဖွယ်ရာမှုဖြစ်စဉ် အမှန်တို့ကို သိရှိရန်လိုအပ်နေပါကြောင်း တက်ရောက်ခဲ့သူ မွတ်စ်လင်မ်ခေါင်းဆောင် တစ်ဦးမှ M-Media သို့ ကိုယ်တိုင်ကိုယ်ကျ ပြောပြလိုက်ပါသည်။
M-Media  သတင်း 

No comments:

Post a Comment

Note: Only a member of this blog may post a comment.