Friday, April 12, 2013

ဘာသာတရားများအပေါ် အမည်းစက်များ မစွန်းထင်းစေလို

 

ဧပြီ ၁၁ ၊ ၂၀၁၃

ရေးသူ-O’Laie Manzu
 
ဘာသာရေးအကြမ်းဖက်မှုများပေါ်ပေါက်လာစေရန်အတွက် တိုက်တွန်းနှိုးဆော်နေသော ဦးဝီရသူအား အတုအယောင် ဘာသာရေးခေါင်းဆောင်ဖြစ်ကြောင်းသုံးသပ်မှုများ ယခုရက်ပိုင်းများအတွင်း ထင်ထင်ပေါ်ပေါ်ထွက်ပေါ်လာခဲ့ပါသည်။ ဦးဝီရသူလျှောက်လမ်းနေသည့် လမ်းကြောင်းမှာ ဗုဒ္ဓဘာသာနှင့် ဆန့်ကျင်နေသည့်အပြင် ဗုဒ္ဓဘာသာ၏ သာသနာရေးအရှိုင်အဝါအားလည်း ငြိုးမှိန်စေပါသည်။ ဦးဝီရသူ၏ ဟောပြောချက်များသည် ဗုဒ္ဓမြတ်စွာဘုရား၏ သွန်သင်ဆုံးမမှုများနှင့် သွေဖီနေသောကြောင့် ဗုဒ္ဓဘာသာ အမှတ်တံဆိပ်ကပ်ရန်ပင် မထိုက်တန်။ ထိုကြောင့် ဗုဒ္ဓမြတ်စွာဘုရား၏ သွန်သင်ဆုံးမမှုများအား အခြေခံသည့် ထေရဝါဒ နှင့် ဦးဝီရသူ၏ လူမျိုးရေးနှင့် ဘာသာရေး မုန်းတီမှုများအပေါ် အခြေခံသည့် ဝီရသူဝါဒ တို့သည် မတူညီကြောင်း ကွဲကွဲပြားပြား ခွဲခြားရှု့မြင်ရပါလိမ့်မည်။ နှိုင်းယှဉ်၍ပင်မရနိုင်။
 
ဦးဝီရသူသည် လူမျိုးရေးအစွန်းရောက် လမ်းမှားပေါ်သို့ရောက်ရှိနေသည့်အတွက် ၎င်း၏ လုပ်ရပ်အားအခြေခံ၍ ဗုဒ္ဓဘာသာတစ်ရပ်လုံးအား အပြစ်တင် လက်ညိုးထိုး၍မရနိုင်ပေ။ ၎င်းသည်ဗုဒ္ဓဘာသာဝင် အားလုံးကို ကိုယ်စားပြု ဦးဆောင်နေသည့် ခေါင်းဆောင်မဟုတ်ကြောင်းလည်း သတိပြုသင့်သည်။ မမှန်မကန်ဟောပြောချက်များ၊ လုပ်ကြံဝါဒဖြန့်မှုများ၊ ပုံကြီးချဲ့မှုများမှာ မုသာဝါဒဖြစ်ပြီး သံဃာကျင့်ဝတ်နှင့်မကိုက်ညီကြောင်း ဗုဒ္ဓဘာသာဝင်တိုင်း သိကြပါသည်။ ထို့ကြောင့် ဦးဝီရသူအား ဗုဒ္ဓဘာသာဝင်အများစုမှ လက်မခံကြပေ။
 
ဘာသာရေးခေါင်းဆောင်များသည် မိမိတို့ယုံကြည်ကိုးကွယ်ကြသည့် ဘာသာတရားအား ပိုမိုထွန်းကားစေချင်ကြသည်။ ပြန့်ပွားလာစေချင်ကြသည်။ နှောင်ဘဝတွင် (သက်ရှိ သတ္တဝါ) အားလုံး နိဗ္ဗာန်ဘုံသို့ရောက်စေလိုသည့် စိတ်ရင်းစေတနာအပြည့်ရှိကြသည်။ ထို့ကြောင့် မကောင်းမှုရှောင်၊ ကောင်းမှုဆောင်ရန် တိုက်တွန်းနှိုးဆော်ကြသည်။ ကြိုးပမ်းဆောင်ရွက်ကြသည်။ သို့သော် အချို့သော ခေါင်းဆောင်များမှာ စေတနာလွန်ကဲ၍ အကုသိုလ်ပွားလာတက်ကြသည်။ မိမိနှင့် ယုံကြည်ချက်ချင်းမတူသူများအား ဆန့်ကျင်သည့် လုပ်ရပ်များ လုပ်ဆောင်လာကြသည်။
 
ဘာသာရေးခေါင်းဆောင်များအနက် အချို့သောအမြင်ကျဉ်းမြောင်းသူများသည် ဘာသာတရား၏ဆုံးမမှုများနှင့် မိမိကိုယ်ပိုင်ထင်မြင်ယူဆချက်များ ပေါင်းစပ်ကြသည်။ လူအများ၏ ကြည်ညိုမှုများရရှိလာပြီးနောက်ပိုင်း ဟောချင်တိုင်းဟော၊ ပြောချင်တိုင်းပြောနှင့် ဘာသာတရား၏ အနှစ်သာရအား ဦးဆောင်ဖျက်ဆီးသူများဖြစ်လာကြသည်။ ယင်းကဲ့သို့သော ခေါင်းဆောင်များ ဘာသာတိုင်းတွင် ရှိတက်ကြသည်။
 
ဦးဝီရသူသည် ဗုဒ္ဓဘာသာ၏ သာသနာနှစ် နှစ်ထောင်ငါးရာကျော်အတွင်း အစွန်းရောက်ဆုံးသော ဘာသာရေးခေါင်းဆောင်အဖြစ် စံချိန်တင်လောက်ပေသည်။ သင်္ဃန်းခြုံထား၍သာ ဘာသာရေးခေါင်းဆောင်ဟု ရည်ညွန်းရခြင်းဖြစ်သည်။ ဘာသာရေးလုပ်နေခြင်းမဟုတ်သောကြောင့် တချို့မှာ ဘာသာရေးခေါင်းဆောင်အဖြစ် အသိအမှတ်ပြုကြမည်မဟုတ်ပေ။ ၎င်းဟောပြောချက်များမှာ ငြိမ်းချမ်းရေးတရားမဟုတ်… အမုန်းပွား ရန်ငြိုးထားရန် လှုပ်ဆော်နေခြင်းသာဖြစ်သည်။ ဦးဝီရသူ၏ ဟောပြောချက်များကြောင့် နားယောင်ကာ အမုန်းပွားမှုများ၊ အကြမ်းဖက်မှုဖြစ်ပေါ်လာခဲ့သည်ကို သာဓကနေဖြင့်မှတ်ယူကာ ဦးဝီရသူကဲ့သို့ အစွန်းရောက်သည့် ခေါင်းဆောင်များ မည်သည့်ဘာသာအတွင်းမှ မပေါ်ပေါက်လာစေရန် ထိန်းသိမ်းကြရမည်။
 
အခြားနိုင်ငံ သို့မဟုတ် အခြားအရပ်ဒေသများတွင် ဖြစ်ပွားနေသော ဘာသာရေး-လူမျိုးရေး ပဋိပက္ခများအား လက်ညိုးထိုးကာ မိမိပတ်ဝန်းကျင်တွင်လည်း အလားသဏ္ဍာန်တူသည့် ပဋိပက္ခများဖန်တီးနေကြမယ်ဆိုလျင် ငြိမ်းချမ်းမှုဟူ၍ရှိလိမ့်မည်မဟုတ်။ လူတစ်စု၏ လုပ်ရပ်အား တုန့်ပြန်သည့်အနေဖြင့် ဘာသာတရားတစ်ရပ်လုံးအား ဆန့်ကျင်သည့် လုပ်ရပ်များ မလုပ်မိစေရန် သတိပြုကြရမည်။ လူသားတိုင်းသည် လွတ်လပ်စွာယုံကြည်ကိုးကွယ်ခွင့်ရှိစေရမည်ဖြစ်သော်လည်း အခြားဘာသာအား စော်ကားခြင်းမှာ အခွင့်အရေးတစ်ရပ်မဟုတ်။ လုပ်ပိုင်ခွင့်လည်းမရှိ။
 
လူသားတို့သည် မိမိ၏ ခံယူချက်၊ ယုံကြည်ချက်များအား ထိပါးစော်ကားမှုကို မခံချင်ကြ။ မိမိကိုယ်၌လည်း အခြားသူများ၏ ခံယူချက်၊ ယုံကြည်ချက်များအား ထိပါးစော်ကားမှုများမပြုလုပ်သင့်။ ဘာသာတရားသည် လူသားတို့အဖို့ အပြင်းထန်ဆုံးသော ယုံကြည်ချက်ဖြစ်သည်။ အခြားဘာသာများအား ဆန့်ကျင်စော်ကားမှသာလျှင် မိမိကိုးကွယ်ယုံကြည်သည့် ဘာသာတရား ပိုမိုထွန်းကားပြန့်ပွားမည် မဟုတ်ကြောင်း အမြဲသတိပြုသင့်သည်။
 
ဘာသာတရားများအား ဆန့်ကျင်စော်ကားကြလျှင်လည်း မည်သည့်ဘာသာမျှ ဤကမ္ဘာမြေပေါ်မှ ပပျောက်သွားမည်မဟုတ်။ ကမ္ဘာတစ်သက် ဘာသာတရားတစ်ခုတည်းအား လူသားတိုင်းအကြွင်းမဲ့လက်ခံသည့် ဘာသာတရား ဟူ၍လည်း ဖြစ်ပေါ်လာမည်မဟုတ်။ အပြန်အလှန်တိုက်ခိုက်နေကြလျှင် ဘာသာတရားများအပေါ် အမည်းစက်များ စွန်းထင်းကာ သွေးစွန်းနေသည့်ဘာသာများအား နှောင်မျိုးဆက်သစ်များ စွန့်ပယ်လာကြလိမ့်မည်။
 
တစ်ခဏတာအသက်ရှင်နေထိုင်ကြရသည့် ဤလူ့လောကကြီးအား နိဗ္ဗာန်အကျိုးမျှော်ကိုး၍ ငရဲပြည်အသွင် ဖန်တီးနေကြသော ဘာသာရေးခေါင်းဆောင်များ၏ လုပ်ရပ်များကြောင့် ဘာသာတရားများအား ရွံ့ရှာမုန်းတီးလာကြလိမ့်မည်ကို သတိပြုသင့်ပေသည်။
 

No comments:

Post a Comment

Note: Only a member of this blog may post a comment.