Wednesday, April 10, 2013

ငါဘယ်တော့မှ မသိမ်ငယ်ဘူး (M-Media Blog ကဏ္ဍ)

 ဧပြီ ၉ ၊ ၂၀၁၃

 

 
ရေးသူ-Julia
Never_Give_Up
စင်္ကာပူ အလည်ရောက်တုန်း သူငယ်ချင်း တစ်ယောက်က ဒီလိုပြောဖူးတယ် “ငါတော့ ဒီမှာ မြန်မာလို့ပြောရမှာရှက်လို့ မြန်မာလိုမပြောဘူးဟယ်.. အင်္ဂလိပ်လိုပဲပြောရအောင်။” အဲဒီတုန်းကသူ့ကို “ဟဲ့.. ငါတို့မြန်မာပြည်ကလူတိုင်း စုတ်ပြတ်နေတာ မဟုတ်ဘူး၊ ငါတို့လို ရုပ်ချော စာတော်ပြီး ချမ်းသာတဲ့ မြန်မာတွေလဲ ရှိတယ်ဆိုတာ သူတို့သိရအောင် ငါတို့က မြန်မာလိုပိုပြောရမှာဟဲ့” ဆိုပြီးတောင် ရယ်မောရင်းသူ့ကိုအားပေးခဲ့ပါတယ်။ နောက်သူ မြန်မာပြည်ပြန်လာတုန်း တွေ့ကြတော့ “ဟိုမှာစာလာသင်တဲ့ Indian လေးတွေ Pakistan လေးတွေ အရမ်းချောတာပဲ.. ထောင်ထောင်မောင်းမောင်းနဲ့ သန့်ပြန့်နေတာပဲ၊ ဒီမှာလဲ နင့်အသိထဲမှာ အဲလိုမျိုးရှိရင် မိတ်ဆက်ပေးပါဟယ်” တဲ့။ သူ့စကားကို အတည်ယူလို့လဲ ရှာမပေးခဲ့ပါဘူး။
 
အခု မြန်မာလို့ပြောရမှာ ၀န်လေးတဲ့ အဲဒီမိန်းကလေးက Onlineမှာ ကုလားမုန်းတီးရေး စာတွေ အားရပါးရ Click နှိပ်ပြီး Share နေလေရဲ့။ အဲလိုတွေမြင်ရတော့ ပြောချင်တဲ့ စကားတွေ ရင်ထဲကရော ခေါင်းထဲကပါ တန်းစီပြီး ပေါ်လာပါတယ်။ ကိုယ့်အမျိုးဘာသာကို ချစ်တတ်ရင် ကိုယ့်အမျိုးဂုဏ် ကိုယ်ဖော်ပါ။
 
သူများအမျိုးကို မစော်ကားပါနဲ့၊ သူများလေးစားတဲ့ ဘာသာကို သိသရောင် နဲ့ သွားမပုတ်ခတ်ပါနဲ့။ သူများလူမျိုး၊ ဘာသာကို စော်ကားပြောဆိုလိုက်တဲ့ စကားတစ်ခွန်းဟာ ကိုယ့်ဘက်ကိုဘယ်လောက် ကြီးမားတဲ့ တန်ပြန်သက်ရောက်မှုတွေ ရောက်လာနိုင်တယ်ဆိုတာ မသိရင်တော့ တော်တော့်ကို သနားစရာကောင်းတဲ့ အဖြစ်ပါပဲ။ ဒါမှမဟုတ်ရင်လည်း ခုနမိန်းကလေးလို ကိုယ့်အမျိုးတောင် မချစ်တတ်ဘဲ သံယောင်လိုက်နေသူသာ ဖြစ်ပါလိမ့်မယ်။
 
မြန်မာဆိုပြီးပြောရမှာ ရှက်လို့ အချင်းချင်းတောင် မြန်မာလို မပြောရဲဘဲ ခုကျမှ မျိုးချစ်စိတ်ဓာတ်ဆိုပြီး လူသတ်မှုကိုအားပေးနေ သူတို့ရေ… ငါဟာလဲ မြန်မာနိုင်ငံသား မှတ်ပုံတင်ကို လာဘ်တစ်ကျပ်မထိုးဘဲ မှန်မှန်ကန်ကန် ကိုင်ဆောင်ထားတဲ့ မြန်မာပြည်မှာ မွေးတဲ့ မြန်မာနိုင်ငံသားတစ်ဦးပါပဲ။
 
တိုင်းပြည်ဆင်းရဲတာ မတိုးတက်တာ ငါတို့အပြစ် မဟုတ်ဘူး.. မြန်မာပြည်သူ (ဘာသာပေါင်းစုံ)တို့ဟာ စစ်ဖိနပ်အောက်မှာ နှစ်၄၀ကျော် သနားစရာကောင်းတဲ့ အဖိနှိပ်ခံတွေဖြစ်ခဲ့တယ်ဆိုတာ အများသိပါတယ်။ ငါကတော့ ဘယ်နေရာရောက်ရောက် ငါဟာ မြန်မာနိုင်ငံသားပါလို့ ပြောဖို့မရှက်ပါဘူး။ ဆင်းရဲ စုတ်ပြတ်တဲ့၊ လူ့အခွင့်အရေးဆိုတာ ဘာမှန်းတောင် မသိကြတဲ့ တိုင်းပြည်မှာ မွေးလာလို့ဆိုပြီး အမေ့ကိုလည်း အပြစ်မတင်ဖူးပါဘူး။ ဒီတိုင်းပြည်မှာ မွေးဖွားလာတာ ဘုရားပေးတဲ့ ငါ့ရဲ့ ကံကြမ္မာပါပဲ။
 
ဒီအတွက်ငါကျေနပ်ပါတယ်။ ငါ့လူမျိုးကိုရော သိချင်ပါသေးလား… ငါကတော့ ဘိုးဘွားလက်ထက်ထဲက သွေးနှောလာခဲ့ပါတယ်၊ မိဘလက်ထက်မှာလဲ သွေးနှောပါတယ်.. ငါ့သွေးကို ငါဂုဏ်ယူတယ်.. ငါချစ်တဲ့ ငါ့ဘိုးဘွားတွေရဲ့သွေးကိုး။ သူတို့ဘာလူမျိုးတွေ ဖြစ်တယ်ဆိုတာထက် သူတို့ဟာဘယ်လိုစိတ်သဘောရှိတယ်ဆိုတာပဲ ငါစိတ်ဝင်စားတယ်။ ငါ့ကိုယ်ငါ ဘာလူမျိုးဆိုတာထက်.. ငါ့ကိုယ်ငါ “လူ” လို့ပဲ သတ်မှတ်ပါတယ်။ ဒီစာဖတ်နေတဲ့ လူတွေထဲမှာရော သွေးတစက်တလေမှ မနှောဖူးဘူးကွ ဆိုတဲ့လူရှိပါသလား။ ဘာလူမျိုးဆိုတာကြီးကို လက်ကိုင်ထားပြီး လူ့အကျိုးမပြုတဲ့ လူ့ဘီလူးတွေထက်စာရင် ‘ငါဟာလူသားပါ’ လို့ခံယူပြီး လူအချင်းချင်းစာနာတတ်သူတွေဟာ လူဖြစ်ရကျိုးနပ်ပါတယ်။
 
ငါဟာမြန်မာနိုင်ငံသား၊ လူအများထဲက လူသားတစ်ဦးဖြစ်ပြီး ကိုးကွယ်ရာ ဘာသာကတော့ ဦးနှောက်နဲ့ ရော နှလုံးသားနဲ့ပါ ရွေးချယ်ထားတဲ့ အစ္စလာမ်ဘာသာပါပဲ။ ငါ့မွေးရပ်ဟာ ဘာသာခြားတွေ များလွန်းတဲ့တိုင်းပြည်မို့ ငါ့နိုင်ငံသားကို ပြောင်းလဲပစ်နိုင်တဲ့ အင်အားလဲ ငါ့မှာရှိပါတယ်.. ဥာဏ်စွမ်းလဲ ရှိပါတယ်။
 
ဘယ်နိုင်ငံမဆို ငါကြိုက်တဲ့အချိန် သွားနိုင်ပါတယ်.. ဒါပေမဲ့ဘယ်တော့မှ ငါ့မွေးရပ်ကို မစွန့်ခွာဘူး.. ဘိုးဘွားမိဘတွေရဲ့ အမှတ်တရတွေ ရှိတဲ့ ဒီတိုင်းပြည်ကို ချစ်တယ်။ ထင်တိုင်းကြဲနေတဲ့လူတစ်စုကလွဲလို့ ကျန်တဲ့အစိတ်အပိုင်းတွေ အားလုံးကို ငါချစ်တယ်.. သူငယ်ချင်းတွေကိုချစ်တယ်.. သစ်ပင်တွေ ရေမြေတောတောင်တွေ နဲ့ မိုးတွင်းမှာ ရေလျှံနေတဲ့ ရန်ကုန်မြို့ကလမ်းတွေကိုတောင် ငါချစ်တယ်။
 
ရန်ကုန်နေပူ ခြစ်ခြစ်တောက်မှာ ယိမ်းဝှေ့နေတဲ့ သစ်ပင်တွေကို ငါချစ်တယ်။ မသမာသူတွေ ငါတို့အပေါ်မသမာစိတ်ထားလို့ ငါတို့ လိုက်မထားဘူး။ စစ်အာဏာရှင်တွေကို ကယ်ပါယူပါ ဆိုပြီးငါတို့ မတောင့်တခဲ့ဘူး.. တစ်တိုင်းပြည်လုံး ခွေးဇာတ်ပြန်ခင်းမှာကိုသာ ငါတို့စိုးရိမ်ခဲ့တယ်။ တိုင်းပြည်အနာဂတ်အတွက် ရင်လေးခဲ့တယ်။ လူနည်းစုဖြစ်တဲ့ ငါတို့ဟာ ကြုံလာအမျှကို အံကြိတ် ခံခဲ့တယ်။ ငါတို့ဟာသစ္စာတရားကို နားလည်တယ်။ ဒါဟာငါတို့ရဲ့ ‘ယုံကြည်မှု’ ကသင်ပြပေးခဲ့တာပဲ။
 
အစ္စလာမ်ဘာလဲဆိုတာ သိချင်ရင် online မှာ အစ္စလာမ်ကျမ်းစာကို Photoshop တွေနဲ့ပြင်ထားတဲ့ စာသား အတုအယောင်တွေသာ ဖတ်မနေပဲ ကျမ်းအစစ် ဘာသာပြန်တွေ ရှိပါတယ် လေ့လာပါ။ လေ့လာဖို့ အချိန်မရှိပါဘူး ဆိုတဲ့ လူတွေအတွက်တော့ အစ္စလာမ်ဆိုတာ ကိုးကွယ်ယုံကြည်ရာအရှင် တစ်ပါးတည်းသာရှိပြီး ငြိမ်းချမ်းမှုကိုဖော်ဆောင်တဲ့ ဘာသာလို့ ပြောချင်ပါတယ်။ ဟုတ်ပါတယ်… ဘာသာရေး ခုတုံးလုပ်သူတွေ၊ မသိနားမလည်ပဲ သွားပုပ်လေလွင့် ပြောဆိုတတ်သူတွေကြောင့် အစ္စလာမ်ဟာ သတင်း မမွှေးခဲ့တဲ့အခါများလည်းရှိပါတယ်။ ဒါပေမဲ့ “ပါးစပ်တစ်ရာ ကပြောတိုင်းလဲ အမှန်မဟုတ်” ဆိုတာကို ငါတို့သာသိတယ်။ ငါတို့ရဲ့စစ်မှန်တဲ့ ယုံကြည်မှုက ပျောက်ပျက်မသွားပါဘူး။
 
ငါကိုးကွယ်တဲ့ ဘာသာဟာ “ငါ့ရွေးချယ်မှု” ဖြစ်တယ်။ အဲဒီအတွက်ငါအမြဲတမ်း ဂုဏ်ယူတယ်။ လူမျိုးဆိုတာ မွေးရာပါ ကံကြမ္မာ ဖြစ်ပြီး ဘာသာက ကိုယ့်စိတ်ကြိုက် ရွေးချယ်ခွင့်ရှိတယ်။ ဘာသာအားလုံးဟာ ကောင်းမွန်တဲ့အဆုံးအမတွေသာ ဖြစ်တယ်။ ငါကတော့ ငါ့ရဲ့ဖြစ်တည်မှု၊ ငါ့ရဲ့ရွေးချယ်မှု၊ အားလုံးအတွက် ဂုဏ်ယူတယ်။ ငါဘယ်တော့မှ မသိမ်ငယ်ဘူး။ တကယ်လို့ငါ့မှာ ယုံကြည်မှု နဲ့ အသက် ဒီနှစ်ခုထဲက တစ်ခုပဲ ရွေးချယ်ခွင့်ရှိမယ်ဆိုရင် နောက်ဆုံး ထွက်သက်အထိ ငါ့ရဲ့ယုံကြည်မှုကိုထွေးပိုက်သွားမယ်။ ငါတို့ဟာ တစ်ခါပဲရှင်သန်ပြီး တစ်ခါပဲသေဆုံးရတဲ့ လူတွေပါ။ ဒါပေမဲ့.. ငါတို့ရဲ့ ယုံကြည်မှုက ထာဝရရှင်သန်နေမယ်….။
-Julia
 
** M-Media စာဖတ်ပရိတ်သတ် တဦးပေးပို့လာတဲ့ ဆောင်းပါးဖြစ်ပါတယ်။
 
 
M-Media   ဆောင်းပါး၊

No comments:

Post a Comment

Note: Only a member of this blog may post a comment.