Thursday, April 4, 2013

ပရိဒေ၀ မီးလျှံများကြားမှ ကယ်ကူရာမဲ့ ဘ၀များ

  
 ဧပြီလ ၄ ရက်၊ ၂၀၁၃

သန့်စင်အေး

Genocide တဲ့။ Ethnic Cleansing တဲ့။ အခုတလော မီဒီယာ စာမျက်နှာတွေမှာ မြန်မာပြည်က မွတ်စလင်မ်တွေ အကြမ်းဖက် တိုက်ခိုက်ခံရတဲ့ အကြောင်းရေးရင်ပါနေကြ စကားလုံး။ ခဏခဏ မြင်တွေ့နေရ ပြန်တော့လည်း အလွတ်တောင်ရနေပြီ။ ဟုတ်ပါတယ်။ အခုတလော စာရေးသူတို့မြန်မာပြည်မှာ အစ္စလာမ် ဘာသာဝင်တွေ ရက်ရက်စက်စက် အသတ်ခံရ၊ အစ္စလာမ်သာသနိက အဆောက်အအုံတွေ ဖျက်ဆီးခံရ၊ ပိုင်ဆိုင်မှုတွေဆုံးရှုံးခဲ့ရတာတွေ မကြာခဏဆိုသလို မီဒီယာတွေမှာ မြင်တွေ့ကြားသိနေပါတယ်။ သေဆုံးသွား သူတွေရှိသလို၊ ဒုက္ခသည် စခန်းမှာလည်း ဒုနဲ့ဒေးပါ။ မသေသေးဘဲ ကျန်နေတဲ့သူတွေ၊ ဒုက္ခသည် စခန်းမရောက်သေးဘဲ ကိုယ့်အိမ်မှာကိုယ်နေတဲ့ လူတွေမှာလည်း သေဆုံးသွားသူတွေ အတွက် ပူဆွေးသောက ရောက်ရတာကတစ်မျိုး၊ စီးပွားရေးတွေ ကျဆင်းလို့ စိတ်ညစ်ရတာက တစ်ဖုံ၊ ပြီးတော့ ကြိုးတိုက်ထဲက ကြိုးမိန့်ကျခံနေရတဲ့ အကျဉ်းသားတွေလို “ကိုယ့်အလှည့်ဘယ်နေ့လဲ”ဆိုပြီး တွေးပူ နေရတာတွေနဲ့ “စိတ်ထောင်းတော့ ကိုယ်ကြေ” ဆိုတာလိုမျိုးနဲ့ ကျီးလန့်စာစားဖြစ်နေရပါတယ်။
 
 အို…အလ္လာဟ်၊ ကျွန်တော်မျိုးတို့မှာ ဒုက္ခဆင်းရဲမျိုးစုံ ခံစားနေကြရတဲ့အပြင် ကိုယ်ခံစားနေရတဲ့ ဒုက္ခတွေကိုတောင် ပွင့်ပွင့် လင်းလင်းဖွင့်ပြောခွင့် မရှိတဲ့ဘ၀၊ ဒါပေမယ့် ကျွန်တော်တို့ရဲ့ မျက်လုံးတွေမှ တဆင့် ပြောနေကြတဲ့စကား၊ ကျွန်တော်တို့ရဲ့ မျက်နှာတွေက တဆင့် ဖွင့်ဟပြောဆိုနေကြတဲ့ ကျွန်တော်တို့ရဲ့ပူဆွေးဗျာ ပါဒတွေကို အလ္လာဟ် အသိဆုံး၊ အမြင်ဆုံးပါ။ ကျွန်တော်တို့အေးချမ်းချင်လှပါပြီ။ ကျွန်တော်မျိုးတို့အား “အနိဌာရုံတွင်းနက်ကြီးထဲမှ အမြန်ဆုံးကယ်တင်ဆွဲထုတ်တော်မူပါ”။
 
“ဆင်ဝှေ့ရန်ရှောင်”နည်းနဲ့ ဘယ်လောက်ကြာကြာတင်းခံနိုင်ကြမလဲ?
ဟုတ်ပါတယ်။ ကျွန်တော်တို့တွေဟာ အခုအချိန်မှာ ဆင်ဝှေ့ရန်ရှောင် ဆိုတာလို ဖြစ်နေပါတယ်။ လွန်ကဲတဲ့အတ္တစိတ်တွေနဲ့ ဘီလူးစီးနေတဲ့ ဆင်ရိုင်းကြီးတွေက ကျွန်တော်တို့ကို အစွယ်နဲ့ထိုး၊ ခြေထောက်နဲ့နင်း၊ နှာမောင်းနဲ့ရစ်ပတ်ပြီးမြေကြီးကိုဆောင့်ချ လုပ်နေတဲ့အချိန်မှာ အဲဒီဆင်ရိုင်းကြီးတွေကို ပြန်လည်တွန်းလှန်ဖို့နေနေသာသာ ကိုယ့်ကိုယ် မထိအောင် မနည်းရှောင်တိမ်းနေရပါတယ်။
 
 အဲဒီ ဆင်ရိုင်းကြီးတွေရဲ့တိုက်ခိုက်မှုဒဏ်ကြောင့် ကျွန်တော်တို့ရဲ့အချို့သော မိသားစုဝင်များကတော့ အေးငြိမ်းသော “အမတသုခဘုံ”မှာ ခိုလှုံသွားခဲ့ကြပြီ၊ အချို့က ဒုက္ခသည်စခန်းတွေမှာ၊ အချို့က ဆေးရုံမှာ၊ အချို့ကတော့ ဘယ်ဆီရောက်နေမှန်းမသိ၊ အကောင်းအတိုင်းကျန်ရစ်နေတဲ့သူတွေကလည်း ဒုက္ခရောက်နေသူတွေကိုမြင်ရ၊ ကြားရတော့ “ရှားမီးခဲတွင်၊ ရဲရဲငယ်ကင်၊ အကျွန်မမြင်ဝံ့ပါပြီတကား”ဆိုတဲ့ ချိုးမောင်နှံကဗျာလေးထဲကလို မိမိချစ်ခင်ရသောသူတွေ ရှားမီးခဲတွင် ကင်ခံနေရတာကို မကြည့်ဝံ့၊ မမြင်ဝံ့ ဖြစ်နေရတဲ့အပြင် “မိမိလည်းတစ်နေ့ သူတို့လိုပဲ ခံစားရမှာလား“ဆိုတဲ့ အသိနဲ့ “ဆုပ်လည်းစူး၊ စားလည်းရူး”ဖြစ်နေရပါတယ်။
 
စိုတဲ့လက်တွေ မခြောက်ဖို့အတွက် အဓိကရုဏ်းကို အမည်တပ်မမှားစေလို
ဒီနေရာမှာ စာရေးသူတို့အနေနဲ့က မိမိတို့ရဲ့ခံစားချက်တွေကို အများက ကိုယ်ချင်းစာစိတ်ဝင်လာ အောင် ခံစားချက်ဓာတ်ကူးပေးဖို့လိုပါတယ်။ မြန်မာနိုင်ငံမှာ အစ္စလာမ်ဘာသာဝင်တွေကို အဓိကပစ်မှတ်ထားပြီး ဦးတည်တိုက်ခိုက်နေတယ်ဆိုပေမယ့် ဒါဟာ ဘာသာရေးပဋိပက္ခမဟုတ်ပါဘူး။ နိုင်ငံရေးအလှည့်အပြောင်းမှာ မွတ်စလင်မ်တွေဟာ မြေဇာပင်ဖြစ်နေတယ်ဆိုတာ အများကို တင်ပြတတ်ဖို့အရေးကြီးပါတယ်လို့ အကြံပြုလို ပါတယ်။ ဒါကို သေသေချာချာ ဂဃနဏ မသိဘဲ ခံစားချက်ကိုရှေ့တန်းတင်ရင် လက်ရှိဖြစ်ပေါ်နေတဲ့ ပဋိပက္ခ တွေကို ဘာသာရေးပဋိပက္ခအသွင်ပြောင်းသွားအောင်ဖန်တီးဖို့ မသမာသူတွေကို အခွင့်အရေးပေး သလို ဖြစ်သွားပါလိမ့်မယ်။ အဲဒါကြောင့် ဆူဆူပူပူဖြစ်နေတဲ့အချိန်မှာ အတတ်နိုင်ဆုံး ရွှေဝါရောင်သံဃာတော်များအဖွဲ့၊ ကိုမင်းကိုနိုင်တို့ ၈၈ မျိုးဆက်အဖွဲ့တွေအစရှိတဲ့ သမာသမတ်ရှိတဲ့ အဖွဲ့အစည်းတွေနဲ့ အတတ်နိုင်ဆုံး ဆက်သွယ်ဆောင်ရွက်ပါ။
 
 မီဒီယာတွေနဲ့လည်း ဆက်ဆံရေးယူထားပါ။ အမှန်တရားကို အရှိအတိုင်း လူထုကို ချပြဖို့အခွင့်အရေး မရရင်တောင် အမှန်တရားနဲ့ အနီးစပ်ဆုံးဖြစ်အောင် ရေးဖို့တောင်းဆိုပေးပါ။ မိမိ နေထိုင်ရာ ဒေသအတွင်းမှာရှိတဲ့ ဘာသာခြားတွေနဲ့လည်း ရပ်ရွာလုံခြုံရေး လုပ်ငန်းတွေကို ပူးပေါင်းဆောင် ရွက်ကြစေလိုပါတယ်။ အဲဒီလို အဆင့်ဆင့်ဆောင်ရွက်ပြီးတာတောင်မှ အခြေအနေကို မထိန်းသိမ်းနိုင် တော့ဘူးဆိုရင်လည်း “ကိုယ့်အိမ်၊ ကိုယ့်ရပ်ရွာနဲ့ ကိုယ့်ကိုယ်ကို စောင့်ရှောက်ခွင့်ဆိုတာရှိပါတယ်။ ကိုယ့်ကိုယ်ကို ကာကွယ်ပိုင်ခွင့်လည်းရှိပါတယ်။ တရားဥပဒေအရ ခွင့်ပြုထားတာပါ။
 
အဲဒီတော့ ကျွန်တော်တို့နေရာ ဒေသကိုလာဖျက်လို့၊ ကျွန်တော်တို့ အိမ်ကိုလာဖျက်လို့၊ ကျွန်တော်တို့ကို အန္တရာယ်လာပြုလို့ ခုခံကာကွယ်တာမျိုးပဲဖြစ်ရပါမယ်။ ဘာသာရေးအသွင်ဆောင်တဲ့ လှုပ်ရှားမှုမျိုးတွေလုပ်ရင် စောစောကတင်ပြထားတဲ့အတိုင်း မသမာသူတွေကိုအခွင့်အရေးပေးသလို ဖြစ်သွားမယ်ဆိုတာကို သတိရပါ။ အခုလိုမျိုး အကြံပြုနေရတာကတော့ “တရားလိုကနေ တရားခံဖြစ် မသွားစေချင်လို့”ပါ။ ပြီးတော့ ဘာသာမတူသူ အများစုကလည်း အခုလို မွတ်စလင်မ်တွေအပေါ် ကိုယ်ချင်းစာ စိတ်ဖြစ်ပေါ်နေတုန်းမှာ ကိုယ့်ဖက်ကစပြီး “စိုတဲ့လက် တွေကို ခြောက်သွားအောင်”မလုပ်မိဖို့လိုပါတယ်။
 
အဆိုးထဲကအကောင်း
ဒါပေမယ့် ဒီနေရာမှာအဆိုးထဲကအကောင်းဆိုသလိုပေါ့လေ။ ကျွန်တော်တို့ကို ကိုယ်ချင်းစာနား လည်ပေးနိုင်မယ့်သူတွေ၊ ကျွန်တော်တို့ဘက်က ရပ်တည်ပေးတဲ့သူတွေ၊ ကျွန်တော်တို့ကိုကာကွယ်ပေးတဲ့ သူတွေလည်း ပေါ်ထွက်လာခဲ့ပါတယ်။ ဆရာတော်အရှင် ၀ိသုဒ္ဒ (မိတ္ထီလာမြို့၊ ရတနာကျောင်းတိုက်) ကတော့ ဆရာတော်ရဲ့ ဘုန်းကြီးကျောင်းထဲ ၀င်ပြေးသွားတဲ့ မွတ်စလင်မ်ဒုက္ခသည်တွေကိုထုတ်ပေးဖို့ အကြမ်းဖက် သမားတွေက တောင်းဆိုရာမှာ ထိုဘုန်းတော်ကြီးက ထုတ်မပေးဘဲ ကာကွယ်ပေးခဲ့တာတွေ၊ အလားတူပဲ ရွှေဝါရောင် သံဃာတော်များ အဖွဲ့ကလည်း ဒုက္ခရောက်နေတဲ့မွတ်စလင်မ်တွေကို လိုက်ပြီး ကူညီပေးခဲ့တာ၊ လိုက်ပြီး စောင့်ရှောက်ပေးခဲ့တာတွေ၊ ၎င်းပြင် ကိုမင်းကိုနိုင်တို့လို ၊ ဆရာမ သန်းမြင့်အောင်တို့လို အမှန်တရားဘက်က မားမားရပ်တည်ပေးတဲ့ခေါင်းဆောင်တွေလည်း ပေါ်ထွက်လာခဲ့ပါတယ်။ အလားတူပဲ နောက်ထပ်လည်း လူအများစုကြီးထဲမှ အချို့သူများက ဒီကိစ္စမှာ မွတ်စလင်မ်တွေအပေါ် စာနာမှုတွေပြခဲ့ကြပါတယ်။ အကူအညီတွေလည်းပေးခဲ့ကြပါတယ်။
 
ထိုသူများကိုတော့ စာရေးသူတို့ နှလုံးသားထဲမှာ ကျေးဇူး တင်လျက်ရှိပြီး ၎င်းတို့အပေါ်သို့လည်း မေတ္တာများပို့သပေးလျက်ရှိပါတယ်။ နောက်ပြီးတော့ မေတ္တာကမ်းပိန်းမှ ဆရာတော်များလို မြန်မာနိုင်ငံမှာ “ဘာသာပေါင်းစုံချစ်ကြည်ရေး” ကိုဦးဆောင်ပြီးလုပ်နေကြတဲ့ ဘာသာပေါင်းစုံ မှ သံဃာတော်၊ ဆရာတော်များကိုလည်း အထူးကျေးဇူး တင်လျက်ရှိနေကြပါတယ်။ မေတ္တာကမ်းပိန်းအပြင် နောက်ထပ်လည်း မြန်မာနိုင်ငံမှာ ဘာသာပေါင်းစုံချစ်ကြည်ရေးကို ဖော်ဆောင်နေတဲ့ သံဃာတော်များနဲ့ သက်ဆိုင်ရာဘာသာရေး အကြီးအကဲများ၊ သက်ဆိုင်ရာ အဖွဲ့အစည်းများကိုလည်း ကျေးဇူးတင်ပါတယ်။
 
အကြမ်းဖက်မှုပေါ် ပေါက်လာတိုင်းမှာ လူထုကို ငြိမ်းချမ်းရေးတရားတွေဟောပြီး ငြိမ်းချမ်းစေဖို့ သံဃာတော်များ၊ ကြေငြာစာတွေ ထုတ်ပြန်ပြီး လူထုကို ငြိမ်းချမ်းဖို့အသိတွေပေးတဲ့ အဖွဲ့အစည်းအားလုံးကိုလည်း ကျေးဇူး အထူးတင်လျက်ပါ။ နောက်ထပ်သတိထားမိတာကတော့ တစ်သက်လုံးက မွတ်စလင်မ်ကိုဆိုရင် “မင်းတို့ ကုလားတွေပါ”ဆိုပြီး ဝေဖန်ခဲ့သူ အချို့ကတောင် မွတ်စလင်မ်ကလေးတွေ အသတ်ခံရတာကိုကြားရတော့ “ဒီကောင်တွေလုပ်တာ သိပ်လွန်သွားပြီ”လို့ ပြောတာ ကြားခဲ့ရပါတယ်။ အဆိုးထဲက အကောင်းကို ဆွဲထုတ်ယူပြီး အမှန်တကယ်ကျေးဇူးတင် ထိုက်သူတွေကို ကျေးဇူးတင်ခြင်းပါ။
 
မွတ်စလင်မ်ကို အနုနည်းနဲ့ ဆန့်ကျင်ကြရာဝယ်…
မြန်မာပြည်တွင်းမှာ အချို့သောသူများက မွတ်စလင်မ်ကို အကြမ်းနည်းနဲ့ နှိပ်ကွပ်နေသလို အနုနည်းနဲ့ ဆန့်ကျင်လာကြတာကိုလည်း တွေ့ရပါတယ်။ “မွတ်စလင်မ်ဆိုင်မှာမ၀ယ်နဲ့၊ မွတ်စလင်မ်ဆိုရင်မရောင်းနဲ့” တိုင်းပြည်ထဲမှာ မွတ်စလင်မ်အပေါ် ပိတ်ဆို့မှုတွေလုပ်လာတာကိုတွေ့ရပါတယ်။ သြော်…သမ္မတကြီးကတော့ နိုင်ငံ တကာလှည့်ပြီး နိုင်ငံတကာခေါင်းဆောင်တွေကို မြန်မာပြည်အပေါ်မှာ ပိတ်ဆို့ အရေးယူထားတွေကို လျှော့ချ ပေးဖို့ ၊ Sanction တွေကို ရုပ်သိမ်းပေးဖို့ တောင်းဆိုနေတဲ့အချိန်မှာ သူတို့ကတော့ ပြည်တွင်းမှာပြန်ပြီး Sanction တွေလုပ် သမ္မတမျက်နှာကိုတောင်မထောက်တော့တာလား။ ဒါမှမဟုတ်… နိုင်ငံတကာက ပိတ်ဆို့ အရေးယူမှုတွေကို ခံစားနေရတာ မြန်မာပြည်သူပြည်သားအားလုံးပါ။
 
ဘာသာ/လူမျိုး မရွေးပါဘူး။ အခုလို နိုင်ငံတကာက ပိတ်ဆို့ခံထားရသူ အချင်းချင်းကြားထဲမှာ ပြန်ပြီးအသေးစား Sanction တွေပြန်လုပ်တယ်ဆိုတာ ကမ္ဘာက မသိဘဲနေမလား၊ ဒီလိုသိသွားရင် မြန်မာပြန်ရဲ့အနာဂတ်က ဘယ်လိုဖြစ်လာမလဲ။ နိုင်ငံတကာက ပိတ်ဆို့တာတွေကို အထပ်ထပ်ခံနေရတဲ့ LDC (ဖွံဖြိုးတိုးတက်မှုနိမ့် ကျဆုံးသောတိုင်းပြည်)က ပြည်သူ/ပြည်သား အချင်းချင်း စုပေါင်းတိုင်ပင်ကြပြီး ကိုယ့်တိုင်းပြည်ကို ဘယ်လို တိုးတက်အောင် လုပ်မလဲဆိုတာ ဆွေးနွေးရမယ့် အချိန်မှာ ဇာတ်တူသား စားဖို့ ကြံနေရင်တော့ ဟင်္သာတမျိုးလုံး ပျက်သလိုဖြစ်သွားပါလိမ့်မယ်ဆိုတာ စေတနာနဲ့ အကြံပြုပါရစေ။
 
ဘုံရန်သူကိုရှာဖို့လို
ဒီနေရာမှာတော့ စာရေးသူက အိန္ဒိယသမ္မတဟောင်း သမ္မတကြီး အဗ္ဗဒူလ်ကလာမ် ရေးတဲ့စာအုပ်တစ်အုပ်ထဲကအကြောင်းအရာလေးတစ်ခုကို ပြန်သွားပြီးသတိရမိပါတယ်။ သမ္မတကြီး အဗ္ဗဒူလ်ကလာမ်က အိန္ဒိယမှာ သမ္မတတာဝန် ထမ်းဆောင်နေတဲ့အချိန်မှာ သမ္မတကြီးက အိန္ဒိယနိုင်ငံမှာ ရှိတဲ့စာသင်ကျောင်းတွေကို သွားရောက် လှည့်လည်ပြီး ကျောင်းသားလေးတွေကို မေးခွန်းတစ်ခုမေးပါတယ်။ “မင်းတို့ရန်သူက ဘယ်သူလဲ”ဆိုတဲ့မေးခွန်းပါ။ ကျောင်းအားလုံးက ကျောင်းသားလေးတွေ အားလုံးနီးပါက ပြန်ဖြေပါတယ်။ “ကျွန်တော်တို့ရန်သူက ပါကစ္စတန်”ပါတဲ့။
 
အားလုံးသိကြတဲ့အတိုင်းပဲ… အိန္ဒိယနဲ့ပါကစ္စတန်ဆိုတာ ရန်သူလိုဆက်ဆံနေကြတာ၊ နှစ်နိုင်ငံ စလုံးကလည်း သူတို့နိုင်ငံရဲ့ မျိုးဆက်သစ်လေးတွေကို အမျိုးသားရေးစိတ်ဓာတ်အမည်ခံ စိတ်သွေးကြွစိတ်ဓာတ်တွေ ရိုက်ထည့်ပေးထား ကြတာဆိုတော့ ကျောင်းသားလေးတွေက အဲဒီလိုပဲဖြေတာပေါ့။ ဒါပေမယ့် ကျောင်းသားလေး တစ်ယောက် ဖြေတဲ့အဖြေကတော့ ထူးခြားစွာပဲ အများနဲ့ကွဲလွဲနေပြီး အင်မတန်မှ ချီးကျူးစရာကောင်းပါတယ်။
 
သူဖြေလိုက်တဲ့အဖြေကတော့ “ကျွန်တော့်ရဲ့ရန်သူက ဆင်းရဲမွဲတေမှုပါ တဲ့။ ကျွန်တော်က ကျွန်တော့်မိသားစုမှာ အငယ်ဆုံးပါ။ ကျွန်တော့်မိဘတွေက ကျွန်တော့်ကိုအငယ်ဆုံးမို့လို့ ပညာတတ်ဖြစ်စေ ချင်လို့ ကျောင်းပို့ရာမှာ ပိုက်ဆံ မလုံလောက်တဲ့အတွက် ကျောင်းတက်နေတဲ့ ကျွန်တော့်အစ်ကို ၊ အစ်မတွေကို ကျောင်းထုတ်၊ အပြင်ထွက်အလုပ်လုပ်ခိုင်းပြီးမှ ကျွန်တော့်ကိုကျောင်းပို့ရတာပါတဲ့။ အဲဒါ ကျွန်တော်သိထားတဲ့ ကျွန်တော့်ရဲ့ရန်သူပါပဲတဲ့”။ ဟုတ်ပါတယ်။ စာရေးသူတို့တိုင်းပြည်မှာလည်း စာရေးသူတို့ ပြည်သူပြည်သား အားလုံးရဲ့ ဘုံရန်သူ ဟာဘယ်သူပါလဲ၊ စာရေးသူတို့ ရှာကြသင့်ပါပြီ။
 
စာရေးသူလည်း ဒီအဖြေပဲထပ်ဖြေပါ့မယ်။ “ဆင်းရဲမွဲတေမှု”ပါ။ စာရေးသူတို့တိုင်းပြည်မှာရှိတဲ့ ပြည်သူ/ပြည်သားတွေ၊ လူမျိုး/ဘာသာမခွဲပါဘူး။ အဲဒီ ပြည်သူပြည်သားတွေရဲ့ တစ်လပျမ်းမျှဝင်ငွေဘယ်လောက်ရှိပါသလဲ၊ ပြီးတော့ Human Development Index “လူစွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးမှု ညွှန်းကိန်း”ရဲ့ စံချိန်စံနှုန်းတွေနဲ့ ပြန်တိုင်းကြည့်ပါ။ စာရေးသူတို့ ပြည်သူပြည် သားတွေဘယ်လောက်နည်းပညာတွေဖွံ့ဖြိုးတိုးတက်ပြီလဲ၊ နိုင်ငံတကာနဲ့ရင်ပေါင်တန်းနိုင်ပြီလား စသည်ဖြင့် မေးခွန်းတွေ အများကြီးပါ။ မြန်မာပြည်မှာလူတိုင်း ဖုန်းကိုင်နိုင်ပြီလား၊ လူတိုင်းအင်တာနက်သုံးနိုင်ပြီလား၊ နိုင်ငံ တကာသုံးဘာသာစကား အင်္ဂလိပ်စာနဲ့ အင်္ဂလိပ်စကားကို လူတိုင်းနီးပါးရေးတတ်/ပြောတတ်ပြီလား။ မြန်မာပြည်ကလူတိုင်းလိုလို အင်္ဂလိပ်စာညံ့တယ်လို့ မဆိုလိုပါဘူး။ ဒါပေမယ့် နိုင်ငံခြားမှာ အင်္ဂလိပ်စကား မတတ်လို့ အထင်သေးတဲ့အကြည့်နဲ့အကြည့်ခဲ့ရတဲ့သူတွေထဲမှာ အများဆုံးက ဘယ်နိုင်ငံသားတွေပါလဲ။ ဒါကအပိုင်းတစ်ပိုင်းပေါ့လေ။
 
စီးပွားရေးနဲ့ပတ်သက်လို့ ပြန်ပြောရရင်တော့ အနီးစပ်ဆုံး သာဓကတစ်ခုပြပါ့မယ်။ လွန်ခဲ့တဲ့ နှစ်ပတ်ကျော်လောက်က Weekly Eleven ဂျာနယ်မှာဖတ်လိုက်ရပါတယ်။ “ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော အဓိကရုဏ်းများကြောင့် ရခိုင်ပြည်နယ်မှာ အလုပ်အကိုင်အခွင့်အလမ်း၊ စီပွားရေးအခွင့်အလမ်း တွေ ရှားပါးပြီးတော့ ရခိုင်ပြည်နယ် ဒေသခံ (၃) ပုံ (၁) ပုံခန့်သည် ၎င်းတို့ရဲ့မွေးရပ်မြေကို စွန့်ခွာပြီး အခြားတိုင်းဒေကြီးများမှာ သွားရောက်အလုပ် လုပ်ကိုင်နေကြရသည်”တဲ့။ အဲဒါ အဖြေပါပဲ။ စာရေးသူတို့ ရန်ကုန်မှာရော ရုတ်ရုတ်သဲသဲဖြစ်လို့ ဆိုင်တွေပိတ်ရင် နစ်နာတာ မွတ်စလင်မ်တွေပဲလား၊ မွတ်စလင်မ်တွေ နဲ့အရောင်းအ၀ယ်မလုပ်ရင် နစ်နာမှာ မွတ်စလင်မ်တွေပဲလား။ နှစ်ဖက်စလုံးနစ်နာပါတယ်။ နည်းနည်း နစ်နာတာနဲ့ များများနစ်နာတာပဲကွာချင်ကွာမယ်။ အဓိကပြောချင်တာကတော့ မွတ်စလင်မ်ပဲဖြစ်ဖြစ်၊ ဗုဒ္ဓဘာသာပဲဖြစ်ဖြစ်၊ ဘယ်ဘာသာဝင်မဆို အကုန်လုံးက အေးအေးချမ်းချမ်း၊ အဆင့်အတန်းမြင့်မြင့်နဲ့ ပျော်ပျော်ရွှင်ရွှင်နေချင်ကြတယ် ဆိုတဲ့အချက်တစ်ခုကတော့ တူညီနေတာ အသေအချာပါပဲ။
 
“ဆင်းရဲမွဲတွေမှုကို ပြတိုက်ထဲပို့ချင်လား”၊ ရတယ်။ ဒါမှမဟုတ် အခုလိုပဲ ပြဿနာပေါင်းသောင်းခြောက်ထောင်နဲ့ ဆင်းရဲသံသရာ လည်ချင်လား၊ ရတယ်။ အခြေအနေအရပ်ရပ်ကိုအစွဲကင်းကင်းနဲ့ ဓမ္မဓိဌာန်ကျကျ သုံးသပ်ကြည့်ရင် မြန်မာပြည်သူပြည်သားအားလုံးရဲ့ ဘုံရန်သူက ဘာလဲဆိုတာ ပေါ်လာပါလိမ့်မ်။ အဲဒါကို တိုက်ရမယ်။ အဲဒီလိုဆင်းရဲမွဲတေမှုကို သက်ဆိုးရှည်စေမယ့် လုပ်ရပ်တွေကိုရှောင်ရမယ်။ အဲဒီလုပ်ရပ်လုပ်နေတဲ့သူတွေ ကိုလည်း သက်ဆိုင်ရာပုဂ္ဂိုလ်များက တားဆီးရမယ်။ အမျိုးသားရေးစိတ်ဓာတ်အရောင်ပြပြီး မွတ်စလင်မ် မုန်းတီးရေးတွေဖန်တီး၊ Face book တွေကနေ၊ အင်တာနက် စာမျက်နှာတွေကနေ ဘာသာရေး အဓိကရုဏ်းဖြစ်အောင် ၀ါဒတွေဖြန့်၊ ပြဿနာဖြစ်တော့ မဲပြာပုဆိုးဇာတ်လမ်းတွေနဲ့ ဓာတ်ပြားဟောင်းကြီး ပြန်ဖွင့် ဒီလိုမျိုးပြဇာတ်တွေ လိုက်ကာချပြီး တစ်ခန်းရပ်သင့်ပြီ။ Weekly Eleven ဂျာနယ်ရဲ့ CEO ကလည်း ၎င်းရဲ့မီဒီယာမှာ ဒီအတိုင်းပဲသုံးသပ် ထားတာကိုတွေ့ရမှာပါ။
 
ရှေးခေတ်အခါတုံးက ပညာရှင်ကြီးတစ်ပါးက ရှင်ဘုရင်ကို ဆုံးမခဲ့တဲ့အကြောင်းအရာလေးလိုပါပဲ။ သူတော်စင်ကြီးက ဘုရင်ကြီးရဲ့ နန်းတော်ထဲကို မောကြီးပန်းကြီးနဲ့ ၀င်ရောက်သွားတော့ ဘုရင်ကြီးက မေးပါတယ်။ ဘယ်ခရီးက ပြန်လာတာလဲ၊ ပညာရှိကြီးက ဖြေပါတယ်။ “ငရဲပြည်ခဏသွားတာ။ ဘာသွားလုပ် တာလဲဆိုတော့ ငရဲပြည်က ငရဲမီးနည်းနည်း သွားယူတာ။ ရခဲ့လားဆိုတော့ မရခဲ့ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ငရဲပြည်မှာ ငရဲမီးမရှိလို့။ ဟာ…အဲဒါဆိုရင် ငရဲပြည်မှာ ငရဲခံရမယ့် ငရဲသားတွေကို ဘာမီးနဲ့ရှို့မှာလဲလို့မေးတော့ ငရဲပြည်စောင့်နတ်မင်းကြီးက ပြန်ဖြေတယ်။ ငရဲသားတွေကို ရှို့မယ့်မီးက ငရဲပြည်မှာမရှိဘူး။ အဲဒီ ငရဲခံမယ့် ငရဲ သားတွေကို သူတို့ကို ရှို့မယ့်မီးကို သူတို့ဘာသာ ယူလာကြတာ”တဲ့။ မြန်မာစကားလည်း ရှိပါတယ်။ “ကိုယ့် ဆင်းရဲတွင်း ကိုယ့်ဖာသာတူးတာ”တဲ့။ အဲဒီလိုမျိုးမဖြစ်ဖို့တော့ အရေးကြီးပါတယ်။
 
အမျိုး၊ ဘာသာ ကာကွယ်စောင့်ရှောက်သည်ဆိုရာဝယ်…
ဝံသာနုစိတ်ဓာတ်ရှိတယ်ဆိုတာ ကောင်းပါတယ်။ အမျိုးကိုကာကွယ်စောင့်ရှောက်တယ်ဆိုရာမှာ လည်း မိမိဘာသာ၊ မိမိလူမျိုးရဲ့ ဂုဏ်သိက္ခာကိုထိန်းသိမ်းစောင့်ရှောက်ရတာ အမျိုး/ဘာသာကိုချစ်သော သာသနာဝင် ကောင်းများရဲ့တာဝန်ပါ။ ဒါပေမယ့် ဒီနေရာမှာ သူ့ဘက် ကိုယ့်ဘက် မျှမျှတတရှိဖို့တော့လိုပါတယ်။ ဘယ်ဘာသာမဆို ဘာသာဝင်တိုင်းဟာ မိမိကိုးကွယ်ရာဘာသာကိုတော့ အမြတ်တနိုးနဲ့ ချစ်ခင်တွယ်တာ တတ်ကြတာချည်းပါပဲ။ ဒီနေရာမှာ အလျဉ်းသင့်လို့ မျှဝေချင်တာကတော့ မှော်ဘီ ဓမ္မဒူတကျောင်းက ဆရာတော် ရှင်ဆေကိန္ဒ အကြောင်းပါပဲ။ ယဉ်ကျေးလိမ္မာတရားစခန်းတွေဖွင့်တယ်။ ဘာသာတရားနဲ့ ယဉ်ကျေး မှုအကြောင်းတွေသင်တယ်။ သူများကိုစော်ကားတာမပါဘူး။
 
ကိုယ့်ဘာသာတရားအကြောင်းကို ကလေး၊ လူငယ်၊ လူကြီး သူ့အသက်အရွယ်နဲ့သူ သင့်တင့်လျောက်ပတ်စွာ သင်ပြပေးသွားတယ်။ အဲဒီ ရှင်ဆေကိန္ဒရဲ့ ယဉ်ကျေးလိမ္မာသင်တန်းတက်ပြီးပြန်လာတဲ့ စာရေးသူရဲ့အသိတစ်ယောက်က သူသင်ကြားခဲ့ရတာကို စာရေးသူတို့ကို ပြန်လည် မျှဝေပေးပါတယ်။ အဲဒီအထဲမှာ သူပြန်လည်မျှဝေသွားတဲ့အချက်တစ်ခု “မကောင်းမှု ရှောင်၊ ကောင်းမှုဆောင်၊ ဖြူအောင်စိတ်ကိုထား”တဲ့…။ မှော်ဘီ ဓမ္မဒူတကျောင်းက ရှင်ကိန္ဒကို မြန်မာပြည်က လူတွေ လူမျိုး/ဘာသာမရွေး တော်တော်များများက လေးစားကြပါတယ်။ ဆရာတော်ဖြန့်ဝေပေးနေတဲ့တရား တော်တွေ၊ ဆရာတော်ရဲ့ကြည်ညိုလေးစားစရာကောင်းတဲ့ လုပ်ရပ်တွေကြောင့်ပေါ့။ အလားတူပဲ ဆရာတော် ရှင်ဆေကိန္ဒကဲ့သို့ ကြည်ညိုလေးစားဖွယ်ရာကောင်းတဲ့ အခြားသော သံဃာတော်၊ ဆရာတော်များလည်း များ စွာ ရှိပါသေးတယ်။
 
ပါးနပ်သောပျားရည်သုတ်သူများရဲ့ ကလိမ်စေ့ငြမ်းဆင်အကြံ
ဒီနေရာမှာ စာရေးသူအဓိကမျှဝေချင်တာကတော့ စနစ်တကျ ကြိုတင်အကွက်ချစီမံပြီး လုပ်ကြံဖန်တီး ထားတဲ့ ထောင်ချောက်ထဲကို မ၀င်မိဖို့ပါပဲ။ အဖြစ်အပျက်တစ်ခုကို အခြေခံပြီး ဖန်တီးထားတဲ့ပုံပြင်လေးတစ်ပုဒ် မျှဝေပါရစေ။ မာရ်နတ်က နံရံပေါ်မှာ ပျားရည်လေးတစ်စက်သုတ်လိုက်ပါတယ်။ အဲဒီပျားရည်ကို ပုရွက်ဆိတ် လေးတွေက လာစုပ်ယူတယ်။ အဲဒီပုရွက်ဆိတ်ကို နှံကောင်လိုသတ္တ၀ါတွေကလာစားတယ်။ အဲဒီနှံကောင်လိုမျိုး သတ္တ၀ါငယ်လေးတွေကို ကြောက်က ခုတ်တယ်။ ကြောင်ကို ခွေးက ကိုက်တယ်။ အဲဒီတော့ ကြောင်ပိုင်ရှင်က ခွေးကိုရိုက်တယ်။ အဲဒီတော့ခွေးပိုင်ရှင်က ကြောင်ပိုင်ရှင်ကိုပြန်ရိုက်တယ်။ ပြီးတော့ ခွေးပိုင်ရှင်၊ ကြောင်ပိုင်ရှင် နှစ်ဖက်စလုံးက ဆွေမျိုးသားချင်း၊ ညီအစ်ကိုမောင်နှမတွေပါ ထသတ်ကုန်ကြတယ်။ အားလုံးပျက်စီးကုန်ကြ တယ်။
 
အခုလိုမျိုး လေးစားဖွယ်ကောင်းတဲ့ ရဟန်းသံဃာတော်တွေ၊ နိုင်ငံရေးပါတီအချို့နဲ့ လူမှုရေးအဖွဲ့ အစည်းတွေကပါ ပြဿနာတွေမဖြစ်ပေါ်အောင် လိုက်လံတားဆီးနေပြီး ပြည်သူအများစုကလည်း အေးချမ်းစွာနေထိုင်နေကြတဲ့အခါကျတော့ အကြမ်းဖက်သမားတွေက လူအုပ်စုနဲ့ဝင်လာပြီး ဖျက်ဆီးလို့ လည်းမရ၊ တစ်ဘာသာနဲ့ တစ်ဘာသာကြား ပဋိပက္ခဖြစ်ပွားအောင် သွေးထိုး လှုံ့ဆော်လို့လည်းမရတော့ရင် နောက်ထပ်ဗျူဟာတစ်ခုပြောင်းပြီး မထင်မှတ်တဲ့အချိန်မှာ အလစ်အငိုက်ဖမ်းပြီး တိုက်ခိုက်တာမျိုးတွေ လုပ်လာတတ်ပါတယ်။ ဒါကိုလည်း လက်ရှိ ကမ္ဘာမှာဖြစ်ပျက်နေတာတွေရော၊ စာရေးသူတို့ရဲ့အတွေ့အကြုံ အရရော ချိန်ဆကြည့်ပြီး သိနိုင်ပါတယ်။
I
.Q နဲ့ E.Q
စင်္ကာပူနိုင်ငံကို ပြန်လည်ထူထောင်နေတဲ့အချိန်မှာ စင်္ကာပူဝန်ကြီးချုပ် လီကွမ်ယု ပြောခဲ့ဖူးတဲ့ စကားလေးတစ်ခွန်းရှိပါတယ်။ “သူ I.Q သမားတွေပဲ လိုချင်တယ်၊ E.Q သမားတွေမလိုချင်ဘူး”တဲ့။ “ဦးနှောက်နဲ့အလုပ်လုပ်တဲ့ ပညာရည်ပြည့်ဝသူတွေပဲလိုချင်တဲ့၊ စိတ်ခံစားမှုရေးရာတွေကို ဇာချဲ့တာမျိုး မလိုချင်ဘူး”ပေါ့။ စာရေးသူလည်း ဒီစကားကို ကြား ကြားချင်းတော့ စိတ်ထဲတစ်မျိုးဖြစ်သွားပါတယ်။
 
ဒီလူကြီးမင်းက လူတွေရဲ့ ခံစားချက်ကို ဂရုမစိုက်ဘူးလို့ ပြောချင်တာလားပေါ့။ လူတစ်ဦးတစ်ယောက် ချင်းစီမှာရှိကြတဲ့ ကွဲပြားခြားနားတဲ့အရည်အချင်းတွေကို အသိအမှတ်မပြုတာလားပေါ့။ ဒါပေမယ့် လက်ရှိ စာရေးသူတို့တိုင်းပြည်မှာဖြစ်ပျက်နေတဲ့ အခြေအနေတွေနဲ့ချိန်ဆပြီး သူပြောတာကို အပြည့်အ၀ လက်ခံတာ မဟုတ်သည့်တိုင်အောင် အတိုင်းအတာတစ်ခုအထိ ခံစားလို့ရသွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ တိုင်းပြည်ပြန်လည်ထူထောင်နေတဲ့အချိန်၊ တိုင်းပြည်ကို တိုးတက်အောင် လုပ်နေတဲ့အချိန်မှာ စိတ်ခံစားချက်ကို ဦးစားပေးလိုက်ရင် ဘာမဟုတ်တဲ့ကိစ္စလေးနဲ့ “အမှိုက်ကစ ပြသာဒ်မီးလောင်”သလိုဖြစ်မှာစိုးလို့ ပြောခဲ့ဟန် တူပါတယ်လို့ နားလည်ပေးလိုက်ပါတယ်။ ဟုတ်ပါတယ်။
 
အခုစာရေးသူတို့တိုင်းပြည်မှာပဲကြည့်လေ။ လူဆိုတာ ကိုယ့်ကို လူတစ်ယောက်က ပုဂ္ဂိုလ်ရေးအရ ဝေဖန်တာမျိုးကို သည်းခံချင်သည်းခံမယ်၊ ကိုယ့်ယုံကြည်ချက် ဘာသာတရားကို ထိလာရင်တော့ သည်းခံဖို့မဖြစ်နိုင်ပါဘူး။ ဘယ်ဘာသာမဆို အားလုံးအတူတူပါပဲ။ အဲဒါ ကြောင့်မို့လို့လည်း ဒီဘာသာရေးဟာ တစ်သက်လုံးက ပါးနပ်ပြီး ကောက်ကျစ်သူတွေရဲ့ အရောင်ဆိုးခြင်းကို ခံနေရတာပါ။
 
စာရေးသူတို့လည်း စာရေးသူတို့ပတ်ဝန်းကျင်မှာ ပြောနေ၊ ဟောနေ၊ ရေးနေကြတဲ့ အစ္စလာမ်အပေါ်
အပြုသဘောမဆောင်တဲ့ အရာတွေကို နေ့စဉ်နှင့် အမျှ တွေ့မြင်ကြား သိနေရပါတယ်။ ဒါပေမယ့် စောစောက တင်ပြခဲ့သလို ပေါ့လေ။ ဒီလိုကိစ္စမျိုးတွေကို ရှင်းလင်းတဲ့နေရာမှာ အခြေအနေပေးရင် “မီဒီယာရှင်းလင်းပွဲ”လိုမျိုး ပွဲတစ်ခုစီစဉ်ပြီး ဒါတွေကို အေးချမ်းစွာနဲ့ပြန်လည်ရှင်းလင်းတင်ပြဖို့ရှိပါတယ်။ အင်ရှာအလ္လာဟ်… ဒါပေမယ့် အဲဒီလိုပွဲလုပ်ဖို့ အခြေအနေနဲ့အချိန်အခါတစ်ခုကို အရင်ဖန်တီးကြရမှာပါ။
 
ပြီးခဲ့တဲ့ လတုန်းက မန္တလေးမှာလုပ်တဲ့ ဘာသာပေါင်းစုံ ချစ်ကြည်ရေးပွဲမှာဟာ အောင်မြင်စွာပြီးဆုံးခဲ့ပေမယ့် အဲဒီပွဲမှာ ဘယ်လိုအခက်အခဲတွေကြုံခဲ့ရသလဲ၊ ဘယ်လိုစိတ် အနှောင့်အယှက်ဖြစ်စရာ တွေကြုံခဲ့ရသလဲဆိုတာ ပွဲတာဝန်ရှိ သူတွေကို မေးကြည့်ကြပါ။ ဒါပေမယ့် တွေ့ကြုံလာတဲ့အခက်အခဲတွေကို ရင်ဆိုင်ရာမှာ စိတ်ကို တည်တည် ငြိမ်ငြိမ်ထားပြီး သဘောထားကြီးကြီးနဲ့ စဉ်းစားဆင်ခြင် ဥာဏ်အမြော်အမြင်ကိုသုံးပြီး ဖြေရှင်းပြသွားတဲ့ ထိုပွဲစီစဉ် သူတွေ၊ တာဝန်ရှိသူတွေကိုလည်း စာရေးသူ ဤနေရာကပဲ ချီးကျူးလိုက်ပါတယ်။ အဲဒီတော့ စာရေးသူ တင်ပြ ချင်တာက E.Q ဟာ မရှိမဖြစ်လိုအပ်ပေမယ့် နေရာတကာတော့ ရှေ့တန်းတင်လို့မရပါဘူး။
 
 “အမှိုက်ကစ ပြသာဒ်မီးမလောင်”ဖို့ ကိုယ်က သည်းခံသင့်တာ သည်းခံရပါတယ်။ အမြဲတမ်းကြီး သည်းခံပါလို့မဆိုလိုပါဘူး။ သည်းမခံနိုင်လို့ပြန်ရှင်းမယ်ဆိုလည်း လူအများလက်ခံနိုင်အောင် ဥပဒေဘောင်အတွင်းကနေ အကျိုးသင့် အကြောင်းသင့် ရှင်းလင်းတင်ပြဖို့လိုပါတယ်။ မြန်မာပြည်သူ/ပြည်သား အများစုက အေးဆေးသိမ်မွေ့သူတွေပါ။ ဒါပေမယ့် စာရေးသူစောစောကတင်ပြခဲ့သလို သူတို့အထဲမှာလည်း “ပါးနပ်တဲ့ ပျားရည်သုတ်သူတွေ”ထောင် ထားတဲ့ထောင်ချောက် မိနေသူတွေရှိပါတယ်။ သူတို့ကို သူတို့ရဲ့ မူရင်းဖြူစင်တဲ့ စိတ်ဓာတ်ကောင်းလေးတွေ ပြန် ပေါ်လာဖို့ စာရေးသူတို့က ကိုယ်တွေရဲ့ခံစားချက်၊ နစ်နာချက်တွေကို presentation လုပ်ရာမှာ သိမ်မွေ့ငြင်သာပြီး အမြော်အမြင်ရှိဖို့လိုပါတယ်။
သမိုင်းမှတ်ကျောက်တင်ခံမယ့်ပွဲ
 
စာရေးသူတို့မြန်မာနိုင်ငံဟာ လွန်ခဲ့တဲ့နှစ်အနည်းငယ်အတွင်းမှာ ကြီးမားတဲ့နိုင်ငံရေးပြောင်းလဲမှုကြီး ဖြစ်ပေါ်လာခဲ့တာ လူတိုင်းအသိပါ။ နိုင်ငံတော် သမ္မတကြီးဦးသိန်းစိန်ခေါင်းဆောင်တဲ့ အစိုးရအဖွဲ့က နိုင်ငံတော် အုပ်ချုပ်ရေး အာဏာလွှဲပြောင်းရယူခဲ့ပြီး နိုင်ငံအတွင်းမှာ ကြီးမားလှစွာသော အပြုသဘောဆောင်တဲ့ပြောင်းလဲ မှုတွေကို အစဉ်တစိုက် လုပ်ဆောင်လာခဲ့တာကြောင့်လည်း ရဟန်းရှင်လူများက သာဓုခေါ်ဆိုခဲ့ကြရပါတယ်။ “သန့်ရှင်းသောအစိုးရ၊ ကောင်းမွန်သော အုပ်ချုပ်မှု”ဆိုတဲ့ ဆောင်ပုဒ်နဲ့အညီ သမ္မတကြီးဟာ ၎င်းတို့ အစိုးရအဖွဲ့ ကိုယ်တိုင်အပြင် အတိုက်အခံနိုင်ငံရေးခေါင်းဆောင်များနဲ့ပါ တွေ့ဆုံညှိနှိုင်းပြီး နိုင်ငံတော်တိုးတက်ရေး၊ တည်ငြိမ်အေးချမ်းရေးအတွက် နေ့မအား၊ ညမနား လုပ်ဆောင်နေတာတွေကို တွေ့မြင်နေရပါတယ်။ အကျဉ်း သားတွေကို အသုတ်လိုက်ခွဲပြီး လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့တုံးကဆိုရင် သက်ဆိုင်ရာ အကျဉ်းထောင်အသီးသီး ရှေ့မှာ လူထုကြီးက “သမ္မတကြီး ချမ်းသာပါစေ ၊ ကျန်းမာပါစေ”ဆိုပြီး အာခေါင်တွေကွဲမတတ် အော်ဟစ်ပြီး သမ္မတကြီးကို ကောင်းချီးပေးခဲ့ကြတာ၊ မေတ္တာပေးခဲ့ကြတာပါ။
 
ဒီလိုမျိုး စာရေးသူတို့နိုင်ငံမှာ နိုင်ငံတော် သမ္မတကို၊ နိုင်ငံတော်ရဲ့အကြီးအကဲကို လူအုပ်စု လိုက်ဖွဲ့ပြီး မေတ္တာပို့တဲ့ လုပ်ရပ်ကို စာရေးသူ အသက် ၃၀ ကျော် သက်တမ်းအတွင်းမှာ ပထမဆုံးအကြိမ်မြင်ဖူးတာပါ။ နောက်ပြီး မြစ်ဆုံကိစ္စမှာလည်း အများပြည်သူရဲ့ သဘောဆန္ဒအတိုင်း သက်ဆိုင်ရာ ပညာရှင်များနဲ့ ညှိနှိုင်းတိုင်ပင်ပြီး မြစ်ဆုံရေကာတာ စီမံကိန်းကို သမ္မကြီးရဲ့ သက်တမ်းအတွင်းမှာ ရပ်ဆိုင်းခဲ့တာတွေဟာ အင်မတန်မှကို လေးစားစရာကောင်းပါတယ်။ မြန်မာ့နိုင်ငံရေး လေ့လာ အကဲဖြတ်သုံးသပ်သူတွေကလည်း သမ္မတကြီးကို ၀ိုင်းဝန်းချီးကျူးကြပြီး နောက်ကြောင်းပြန်မလှည့်ဖို့ ကိုလည်း အကြိမ်ကြိမ် စိုးရိမ်တကြီးနဲ့ ပြောဆိုခဲ့တာတွေကိုလည်းကြားမိကြပါတယ်။ သမ္မတကြီးကလည်း အများပြည်သူရဲ့သဘောဆန္ဒကို အဓိကထားပါတယ်။ OIC လာမယ်ဆိုတော့လည်း သမ္မတကြီးကပဲ အများ ပြည်သူရဲ့ဆန္ဒအတိုင်း OIC ကိုအ၀င်မခံခဲ့တာကိုလည်း တွေ့ကြရမှာပါ။ အဲဒီလိုအများပြည်သူရဲ့ ဆန္ဒတွေကို အသိအမှတ်ပြုတဲ့နိုင်ငံတော် သမ္မတကြီးကို ပြည်သူများက ချစ်ခင် လေးစားကြပါတယ်။
 
ဒါပေမယ့် ရခိုင်အရေးကိစ္စပေါ်လာတော့ သမ္မတကြီးက လွှတ်တော်သို့တင်ပြတဲ့ ရခိုင်အရေးကိစ္စနဲ့ ပတ်သက်တဲ့ အစီရင်ခံစာကိုတော့ လွှတ်တော်က တိုင်းရင်းသားရခိုင်ပါတီဝင်များနဲ့ ကန့်ကွက်မှုကိုအကြောင်း ပြုပြီး“ ပလပ်“ ခဲ့ပါတယ်။ ပြီးတော့ လက်ပံတောင်း ကြေးနီတောင်ကိစ္စမှာ ဆန္ဒပြတဲ့ သံဃာတော်တွေနဲ့ အများပြည်သူကို အင်အားသုံးဖြိုခွဲတဲ့ကိစ္စ ပေါ်လာတဲ့ အခါကျပြန်တော့လည်း စာရေးသူစောစောက တင်ပြခဲ့တဲ့ အတိုင်း နိုင်ငံရေးလေ့လာသူတွေနဲ့ အများပြည်သူက နောက်ကြောင်းပြန်လှည့်တော့မှာလားဆိုတဲ့ စိုးရိမ်စိတ် တွေဝင်ခဲ့ကြပါတယ်။ ဒါပေမယ့် ဒီကိစ္စတွေကိုလည်း သမ္မတကြီးက စုံစမ်းရေး ကော်မရှင်တွေဖွဲ့ပြီး ဥာဏ်အမြော် အမြင်ကြီးစွာကိုင်တွယ်ခဲ့သလို သက်ဆိုင်ရာရဲတပ်ဖွဲ့ဝင်များကလည်း သံဃာတော်များကို တောင်းပန်တဲ့ပွဲတွေ ပြုလုပ်ခဲ့တာကိုလည်း တွေ့ကြရမှာပါ။
 
အခုလတ်တလော ဖြစ်ပျက်နေတဲ့ ကိစ္စတွေကိုလည်း လေးစားဖွယ်ကောင်းတဲ့ ရဟန်းသံဃာတော်တွေ၊ နိုင်ငံရေးပါတီအချို့နဲ့ လူမှုရေးအဖွဲ့ အစည်းတွေကပါ ပြဿနာတွေ မဖြစ်ပေါ်အောင် လိုက်လံတားဆီးနေပါ လျက်နှင့်၊ သံဃာ့အဖွဲ့အစည်းများနှင့် သက်ဆိုင်ရာဘာသာရေး၊ လူမှုရေးဆိုင်ရာ အဖွဲ့အစည်းများ ပြည်သူ အများစုကလည်း အေးချမ်းစွာနေထိုင်နေကြပါလျက်နှင့် “ဟိုနေရာမှာတော့ ဖြစ်နေပြီ၊ ဒီနေရာမှာတော့ ခံလိုက်ရပြန်ပြီ”စတဲ့ သတင်းတွေကြားနေရခြင်း၊ လူပေါင်းရာထောင်ချီပါဝင်တဲ့ အဖျက်သမား အုပ်စုကြီးက တစ်မြို့ဝင်တစ်မြို့ထွက် နဲ့ လွတ်လပ်စွာသွားလာလှုပ်ရှားနိုင်ခြင်း၊ အခင်းဖြစ်ပွားရာနေရာများကို အခြေအနေကို အချိန်မီထိန်းသိမ်းနိုင်မှု မရှိခြင်း… စသည် စသည်တို့ဖြစ်ပေါ်ခဲ့မှုများကြောင့် မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးစစ်ဆေးရေး အရာရှိ သော်မတ်စ်အိုဂျီယာ ကင်တားနားက ဒီ ပြဿနာရပ်များမှာ နိုင်ငံတော် အစိုးရပိုင်းမှ ပါဝင်ပတ်သက်မှု များရှိနေတယ်လို့ ပြောဆိုခဲ့တာကိုလည်း ဖတ်လိုက်ရပါတယ်။
 
ဒါကိုလည်း နိုင်ငံတော်ပိုင်းမှ ဖြေရှင်းဆောင်ရွက်မှုများပြုလုပ်ခဲ့တာကိုလည်း တွေ့ရှိရပါတယ်။ နိုင်ငံတော်သမ္မတကြီးအနေနဲ့လည်း ရုပ်/သံမှတဆင့် မိန့်ခွန်းပြောကြားခြင်းနဲ့ ကင်တားနားရဲ့ပြောဆိုချက် ထွက်ပေါ်လာအပြီးမှ အဓိကရုဏ်းများ ဖြစ်ပေါ်လာသည်နှင့်တပြိုင်နက် ချက်ခြင်း အရေးယူဆောင်ရွက်မယ့် ကော်မတီ တစ်ရပ်ဖွဲ့စည်းခြင်းနဲ့ နိုင်ငံတော် သမ္မတကြီးရဲ့မိန့်ခွန်းမှာလည်း “မိမိအနေနဲ့ အင်အားသုံးဖြိုခွင်းတာကို မနှစ်မြို့ကြောင်း၊ ဒါပေမယ့် အများပြည်သူရဲ့အသက် အိုးအိမ် စည်းစိမ် လုံခြုံမှုကိုထိပါးလာမယ့် ကိစ္စမျိုးများကိုတော့ မြို့ပြအင်အားသုံးပြီး နှိမ်နင်းမှာဖြစ်ကြောင်း၊ အဓိကရုဏ်းနှိမ်နင်းရာမှာ တိုင်းပြည်လုံခြုံရေးအတွက် အဓိကတာဝန်ရှိတဲ့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အနေနဲ့ မိမိတို့တာဝန်ရှိသည့်အတိုင်း ရဲရဲဝံ့ဝံ့ ဆောင်ရွက်ကြစေလိုကြောင်း…” အစရှိတဲ့ သမ္မတကြီးရဲ့မိန့်ခွန်းပြောကြားမှုတွေ ဆက်တိုက် ထွက်ပေါ်လာအပြီးမှာ တိုင်းပြည်အတွင်းမှာ အတိုင်းအတာ တစ်ခုအထိ ပြန်လည်ငြိမ်သက်တာကိုလည်း တွေ့ရပြန်ပါတယ်။ သို့သော်လည်း စာရေးသူအထက်က တင်ပြခဲ့သလိုပဲ “ပါးနပ်သောပျားရည်သုတ် လိမ်းသူများက မည်သို့သော ဗျူဟာ အခင်းအကျင်းမျိုးနဲ့ ထပ်မံထွက် ပေါ်လာမလဲ”ဆိုတာကိုတော့ အခုအချိန်ထိ အများပြည်သူက စိုးရိမ်နေကြတုန်းပါပဲ။
 
“မင်းအကြောင်းပြောတော့ရာဇ၀င်”ဆိုသည့်စကားအတိုင်း သမ္မတကြီးအနေနှင့် ၎င်း၏ လက်ထက်တွင် မြန်မာ့သမိုင်းကို ရာဇ၀င်အရိုင်းခံလိမ့်မည်မဟုတ်ဟု ယုံကြည်မျှော်လင့် မိသလို သမ္မတကြီးသည် ၎င်း၏ ပကတိဖြူစင် ရိုးဖြောင့်ပြီး သမာသမတ်ရှိသော၊ ဥာဏ်အမြော်အမြင်ဖြင့် ပြည့်စုံသော၊ ကျောသား ရင်သားမခွဲခြားသော ညွှန်ကြားချက်များ၊ လုပ်ဆောင်ချက်များဖြင့် “ပရိဒေ၀ မီးလျှံများကြားမှ ကယ်ကူရာ မဲ့ဘ၀ကို ခံစားနေရသူများ”ကိုလည်း သမ္မတကောင်းပီသစွာ၊ ခေါင်းဆောင်ကောင်းပီသစွာဖြင့် ကယ်တင်ပေး ပေလိမ့်မည်၊ ပြန်လည်ထူထောင်ပေးပေလိမ့်မည်ဟု မျှော်လင့်ရင်း၊ ဆုတောင်းဆန္ဒပြုရင်းဖြင့် နိဂုံးချုပ်အပ် ပါသည်။ ။
M-Media    

No comments:

Post a Comment

Note: Only a member of this blog may post a comment.