Tuesday, April 9, 2013

နာဇီလက်သစ် ဗုဒ္ဓဘာသာဝင် အုပ်စုကို မြန်မာ အစိုးရမှ ဦးတည်လာခြင်း (ဘာသာပြန်)

 ဧပြီ ၈ -၂၀၁၃

 
   
 
မူရင်း-The Straits Times မှဖော်ပြသည့် Myanmar govt targets ‘neo-Nazi’ Buddhist group 969 movement blamed for role in anti-Muslim violence ဆောင်းပါးကို M-Media မှ ဆီလျော်အောင် ဘာသာပြန်ဆိုပါသည်။
မွတ်စ်လင်မ်ဆန့်ကျင်ရေးအခန်းကဏ္ဍနှင့်ပါဝင်ပတ်သက်သည်ဟု ပြစ်တင်ရှုံ့ချခံနေရသော နာဇီလက်သစ် ဗုဒ္ဓဘာသာဝင်အုပ်စုကို မြန်မာအစိုးရမှ ဦးတည်လာခြင်း
neo-nazi969
၉၆၉ ကို ဗုဒ္ဓ၀ါဒ၏အမှတ်သညာကဲ့သို့ ပြုလုပ်၍ မြန်မာနိုင်ငံ၏လက်သစ်နာဇီများ ဟု သတ်မှတ်ခံနေရသောအုပ်စု၏ မွတ်စ်လင်မ်ဆန့်ကျင်ရေး လှုပ်ရှားဆောင်ရွက်ချက်သည် နိုင်ငံတစ်ဝှန်းမှ စောင့်ကြည့်ခံနေရသည့်အနေအထားသို့ ရောက်လာပြီဖြစ်သည်။
 
အကြမ်းဖက်မှုကိုလက်ပြောင်းပေးခြင်း မဟုတ်ကြောင်း သက်သေပြရန်အလို့ငှာ အစိုးရပိုင်းမှ ယင်းအုပ်စုအား စတင်ဆန့်ကျင်ဆောင်ရွက်လာသည်။ ရခိုင်လူငယ်အဖွဲ့ဝင်တစ်ဦးဖြစ်သူ ရဲမင်းဦးသည် လွန်ခဲ့သည့်လအတွင်း လူ ၄၀ ဦးထက်မနည်း အသက်ဆုံးရှုံးစေခဲ့သော မိတ္ထီလာမြို့အကြမ်းဖက်မှုဖြစ်လာအောင် လှုံ့ဆော်သူများအနက် အပါအ၀င်ဖြစ်သည်။ အကြမ်းဖက်မှုစွဲချက်ဖြင့် မတ်လ ၂၅ ရက်တွင် ထိန်းသိမ်းခံရပြီး၊ ကြာသပတေးနေ့က ရန်ကုန်တရားရုံးတစ်ခု၌ စစ်ဆေးခဲ့သည်။
 
မွတ်စ်လင်မ်ဆန့်ကျင်ရေးအကြမ်းဖက်မှုသည် ပဲခူးဒေသ၌ ထပ်မံဖြစ်ပွားခဲ့ရာ NLD ပါတီဝင် အောင်မြတ်သူ ကိုလည်း မတ်လ ၂၇ ရက်နေ့က ဖမ်းဆီးခဲ့ကြောင်း RFA မှ ပြောကြားသည်။ ရခိုင်လူငယ်အစည်းအရုံးအဖွဲ့ဝင် ဖိုးသား ကိုလည်း ရဲမင်းဦးနှင့် လည်းကောင်း၊ မွတ်စ်လင်မ်မုန်းတီးရေးတရားများဖြင့် ကျော်ကြားနေသူ မန္တလေးအခြေစိုက် ဗုဒ္ဓဘာသာဘုန်းကြီး ဦးဝီရသူနှင့်လည်းကောင်း ပတ်သက်ဆက်နွှယ်မှု ရှိမရှိဟူသည် အာဏာပိုင်များက မေးမြန်းခဲ့ကြောင်း RFA မှ ၄င်း၏စကားအား ကိုးကား ဖော်ပြခဲ့သည်။
 
၉၆၉ လှုပ်ရှားမှုသည် ရခိုင်ပြည်နယ်အတွင်းမှ ခါတော်မှီစတင်လာခဲ့ခြင်းဖြစ်သည်။ ရခိုင်မှ လူနည်းစုမွတ်စ်လင်မ်တို့အား ဦးတည်အကြမ်းဖက်လှိုင်းလုံးမှာ လွန်ခဲ့သည့်နှစ်က ပေါ်ထွက်ခဲ့သည်။ လူများစွာ သေကြေပျက်စီးခဲ့ပြီး ရိုဟင်ဂျာလူမျိုး တစ်သိန်းဝန်းကျင်မှာ ဒုက္ခသည်စခန်းများသို့ ရောက်နေကြရသည်။
 
၉၆၉ စတေကာများကို ဈေးဆိုင်များတွင် ရောင်းချနေပြီး၊ ဗုဒ္ဓဘာသာဝင်တို့၏ ခရီးသည်တင်ကားများ၊ လုပ်ငန်းများ နှင့် နေအိမ်များ၌ ကပ်ထားသည်ကို တွေ့နေရသည်။ ယင်းရောင်စုံစတေကာပုံက အိန္ဒိယမှ အာသောကမင်းကြီး၏ ခြင်္သေ့ခေါင်းလေးလုံးပါကျောက်တိုင်ကို ပုံဖော်ထားသည်။ ယင်းပြည့်ရှင်မင်းမှာ ယေရှုခရစ်တော်မပွင့်ပေါ်မှီ နှစ်ပေါင်း ၂၆၀ ခန့်က ဂေါတမဗုဒ္ဓ၏ဒေသနာတော်များကို အိန္ဒိယ နှင့် အရှေ့တောင်အာရှတခွင်သို့ ဖြန့်ချိခဲ့သူဖြစ်သည်။
 
မိမိ၏ကားအတွင်း၌ စတေကာကပ်ထားသော ရန်ကုန်မြို့ရှိ တက္ကစီဒရိုင်ဗာတစ်ဦးက “ ဒါက ဗုဒ္ဓရဲ့အဆုံးအမကိုလိုက်နာအောင် ကျွန်တော်တို့ကို ပြုလုပ်ပေးတဲ့ ဘာသာရေးအုပ်စုပါ ” ဟူ၍ The Straits Times အား ပြောပြခဲ့သည်။ သို့ရာတွင် ၄င်းမှာ အစွန်းရောက်ဗုဒ္ဓဘာသာဝင်တို့၏ အမှတ်အသားသင်္ကေတတစ်ခု ဖြစ်နေကြောင်း၊ မွတ်စ်လင်မ်မုန်းတီးမှုကိုသာဦးတည်နေပြီး သြဇာကြီးမားသည့်အသိုင်းအ၀ိုင်းများမှ ထောက်ကူပံ့ပိုးနေကြောင်း၊ မတည်ငြိမ်မှုကိုအကြောင်းပြု၍ စစ်တပ်မှ အသာတကြည် အာဏာပြန်သိမ်းလိုမှုဟု ထင်မြင်ရကြောင်း ကိုယ်တွေ့ကြုံသူမှ ဆိုသည်။
 
The Straits Times မှ ဖော်ပြသော အင်တာဗျူးများ၌ှ အကြမ်းဖက်မှုခံရသူ မြောက်များစွာတို့သည် ၉၆၉ အား အဓိကဇာတ်ကောင်အဖြစ် ညွှန်းပြထား၏။
 
ပဲခူးဒေသမှ အမည်မဖော်လိုသူ လက်ဖက်ရည်ဆိုင်ပိုင်ရှင် NLD ပါတီဝင်တစ်ဦးက ယင်းဖြစ်စဉ်အား မျက်မြင်တွေ့ခဲ့ရပုံကို အောက်ပါအတိုင်း ပြောပြခဲ့သည်။
 
မိတ္တီလာအကြမ်းဖက်မှု ၃ ရက်မြောက် မတ်လ ၂၃ ရက်တွင် ပဲခူးဒေသအတွင်း၌ အကြမ်းဖက်မှုဆက်ဝင်ဦးမည့် ကောလဟလများ စတင်ခဲ့သည်ဟု ဆိုသည် ။
 
“ ဗုဒ္ဓဘာသာဝင်များ မိမိတို့ဘာသာကို ကာကွယ်ကြလို့ ဆိုပြီး ၉၆၉ စတေကာတွေ၊ စာစောင်တွေနဲ့အတူ အရှင်ဝီရသူဟောကြားတဲ့ DVD တစ်ချပ်ကို အကြီးအကျယ် အလုံးအရင်း ဖြန့်ချိခဲ့ကြပါတယ် ”။
 
နောက်တစ်နေ့တွင် ဒေသခံ NLD ၊ မွတ်စလင်မ် နှင့် ဗုဒ္ဓဘာသာခေါင်းဆောင်များသည် အကြမ်းဖက်မှုမဖြစ်ပေါ်စေရေး နှင့် မွတ်စ်လင်မ်အသိုင်းအ၀ိုင်းအား အကာအကွယ် ပေးရေး တို့ကို တွေ့ဆုံစီစဉ်ခဲ့ကြသည်။ သို့သော် နောက်တစ်နေ့ညဥ့်တွင် သံဃာ ၄၀ ခန့်နှင့်အရပ်သားအချို့ပါဝင်သောအကြမ်းဖက်အုပ်စုသည် မြို့တွင်းသို့ ပြင်ပမှဝင်ရောက်လာပြီး၊ မွတ်စ်လင်မ်တို့၏ နေအိမ်နှင့်ဆိုင်ခန်းများကို ရဲတင်းပုဆိန်များ၊ တုတ်များဖြင့် ပိရိကျနစွာ ဖျက်ဆီးသွားခဲ့သည်။ မြို့ပြင်ပရှိ ကျေးရွာသားများစွာကလည်း ထိုအုပ်စုနှင့် ပူးပေါင်းခဲ့ကြကြောင်း၊ ဗလီ၏မျက်နှာစာအား ဖျက်ဆီးရန်အတွက် ထရက်တာကားကြီးတစ်စီးကို အသုံးပြုခဲ့ကြောင်း၊ ၄င်းကိုမောင်းနှင်သူမှာ ပိတ်စမျက်နှာဖုံးစွပ်ထားကြောင်းကိုလည်း တွေ့ခဲ့ရပေသည်။ အဘယ်ကြောင့် ယင်းသို့ပြုရသည်ကိုမေးမြန်းရာ ၄င်းတို့က ဤမွတ်စ်လင်မ်များသည် မြန်မာနိုင်ငံမှ မဟုတ်ပါ ဟု ပြောဆိုကြောင်း ယင်း NLD ပါတီဝင်မှ ပြောပြခဲ့သည်။
 
ဗြိတိန်အခြေစိုက် လူမှုလှုပ်ရှားဆောင်ရွက်သူ ဒေါက်တာ မောင်ဇာနည်မှ ၉၆၉ လှုပ်ရှားမှုအား ပထမဆုံးသတိပေးခဲ့သည်။
 
“ ဗုဒ္ဓအယူဝါဒ၊ မြန်မာလူမျိုး၊ ဗုဒ္ဓဘာသာတိုင်းပြည်ကို မြန်မာမွတ်စ်လင်မ်လက်ထဲက ကယ်တင်ဖို့လို့ကြွေးကြော်ချက်နဲ့ အစွန်းရောက်ဗုဒ္ဓဘာသာဘုန်းတော်ကြီးတစ်ချို့ ဦးဆောင်ပြီး မြန်မာပြည်တွင်းက နာဇီလက်သစ်တွေနဲ့ ၉၆၉ ကို တည်ထောင်ခဲ့ကြတာပါ။ ၉ ဆိုတာ ဗုဒ္ဓဂုဏ်တော် ကိုးပါး၊ ၆ ဆိုတာ ဓမ္မဂုဏ်တော် ၆ ပါး၊ နောက် ၉ ကိုးဆိုတာ သံဃာ့ဂုဏ် ၉ ပါး (သို့) သံဃာ့အမိန့်ကို ရည်ညွှန်းထားတယ်။ အဲ့ဒီဂိုဏ်းကို အထင်ရှားဆုံးဦးဆောင်နေသူကတော့ သင်္ကန်းခြုံဘုန်းကြီးတု မစ္စတာ ၀ီရသူ ပါဘဲ။
 
 သူဟာ မွတ်စ်လင်မ်တွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု၊ ဗလီ ၀တ်ကျောင်းတော်ဖျက်ဆီးမှုနဲ့ ၂၀၀၃ ခုနှစ်တုန်းက ထောင်နန်းစံခဲ့ရသူ ဖြစ်တယ် ” ဟု မိတ္ထီလာအရေးဖြစ်ပွားသောအခါ သူမှ ရေးသားဖော်ပြခဲ့သည်။
 
လွန်ခဲ့သည့်ရက်သတ္တပတ်က Myanmar Peace Centre တွင် အဖွဲ့ပေါင်းစုံမှ ကျင်းပပြုလုပ်ခဲ့သော ငြိမ်းချမ်းမှုပြန်လည်ဖော်ဆောင်တည်ဆောက်ရေး သဘောတူညီချက်တွင် ဦးဝီရသူမှ လက်မှတ်ရေးထိုးခဲ့သော်လည်း၊ ရက်အနည်းငယ်လွန်ပြီးသည့်နောက် BBC အင်တာဗျူး၌ မွတ်စ်လင်မ်မုန်းတီးရေးစကားများကို ဆိုခဲ့ပြန်သည်။
 
အမည်မဖော်လိုသူ ရန်ကုန်အခြေစိုက်သုတေသီတစ်ဦးမှ The Straits Times သို့ “ ခွေးမြီးကောက် ကျည်တောက်စွပ် ဆိုတဲ့ စကားပုံရှိပါတယ်။ ဦးဝီရသူဟာ အကြီးစား ပြဿနာရှာသူဖြစ်လာတော့ အစိုးရဖက်ကလည်း လိုက်လျောလိုစိတ် ရှိတော့မှာ မဟုတ်ပါဘူး။ သူ နဲ့အတူ အကြမ်းဖက်မှု နောက်ကွယ်ကြိုးကိုင်vသူများကိုလည်း စောင့်ာကြည့်နေကြပါတယ် ” ဟု ပြောကြားခဲ့သည်။
 
ပြီးခဲ့သော သောကြာနေ့က ဗုဒ္ဓဘာသာနှင့်မွတ်စ်လင်မ်အဖွဲ့များသည် ဘာသာလူမျိုးအဓိကရုဏ်း မဖြစ်ပွားစေရေး စာတန်းနှင့်စတေကာတို့ကို ရန်ကုန်မြို့တွင်း၌ ဖြန့်ချိဝေငှခဲ့ကြသည်။ “ ၉၆၉ ဂိုဏ်းသားတွေဟာ ကျွန်တော့်ဆိုင်ထဲရောက်လာပြီး ဆိုင်မျက်နှာစာမှာ သူတို့ စတေကာတွေကို ကပ်ခိုင်းကြတယ်။ ကျွန်တော်ကတော့ – မလုပ်နိုင်ပါဘူး၊ ကျွန်တော့် ဆိုင်နံရံပေါ်မှာရှိနေတဲ့ ဆွမ်းတင်ဘုရားစင်ကို ကြည့်ပါ ၊ ဒါဟာ ဗုဒ္ဓအယူဝါဒစစ်စစ်ပါဘဲ၊ ဒါနဲ့တင် လုံလောက်ပြည့်စုံနေပါပြီလို့ ဆိုင်လုပ်သားကနေတဆင့် အဲ့ဒီမျက်နှာစိမ်း လူတွေကို ပြောခိုင်းလိုက်ပါတယ် ” ဟု ပဲခူးရှိ လက်ဖက်ရည်ဆိုင်ရှင်တစ်ဦးက Straits Times သို့ ပြောပြခဲ့ပါသည်။
 

No comments:

Post a Comment

Note: Only a member of this blog may post a comment.