Saturday, April 6, 2013

ရန်ကုန်တိုင်းဒေသကြီး သာသနာရေးမှူး၏ စကားကို လိုသလိုဆွဲယူ၍ သတင်းဖော်ပြသော မီဒီယာများသိစေရန်

 

 
 
 
ဧပြီ ၄ ၊ ၂၀၁၃
Ko Win Naing ၏ FB စာမျက်နှာဖော်ပြချက်ကို ကူးယူဖော်ပြခြင်းဖြစ်ပါသည်။
https://www.facebook.com/goldenwinnaing/posts/450631578349044
U aung kyi
ရန်ကုန်မြို့၊ဗိုလ်တစ်ထောင်မြို့နယ်၊၄၈-လမ်း၊ရေကျော်ဗလီ မီးလောင်မှု နှင့်ပတ်သက်၍ ဧပြီ(၂)ရက် ညနေတွင်ပြုလုပ်သော တိုင်းဒေသကြီးဝန်ကြီးချုပ် ၏ သတင်းမီဒီယာများနှင့်တွေ့ဆုံရှင်းလင်းပွဲတွင် မီးလောင်မှုစုံစမ်းရေးကော်မရှင်အဖွဲ့ဝင် ရန်ကုန်တိုင်းဒေသကြီး သာသနာရေးမှူး ဒု-ညွှန်ကြားရေးမှူးဦးအောင်ကြည်ကို မီဒီယာများမှ သိလိုသည်များ အလွတ် သဘောမေးမြန်းခဲ့ကြပါသည်။ အဆိုပါဖြေကြားချက်များအပေါ် သတင်းမီဒီယာအချို့က လိုရာဆွဲကောက်နှုတ်ဖော်ပြနေသည်ကိုတွေ့ရှိရသဖြင့် ဧပြီလ(၄)ရက်နေ့က တိုင်းဒေသကြီးသာသနာရေးမှူး အား သွားရောက်တွေ့ဆုံမေးမြန်းဖြစ်ခဲ့ပါသည်။
 
မေး။ ။ တိုင်းသာသနာရေးမှူးခင်ဗျား၊ ယနေ့ မီဒီယာတွေမှာဖော်ပြနေတဲ့ ဧပြီ(၂)ရက်နေ့ စာနယ်ဇင်းတွေ့ဆုံပွဲမှာ ပြောကြားခဲ့တဲ့ တိုင်းသာသနာရေးမှူးရဲ့ရန်ကုန်တိုင်း ဒေသကြီး အတွင်းမှာရှိတဲ့ ဗလီများဟာ တရားမ၀င် ဗလီများသာဖြစ်တယ်လို့ ပြောကြားခဲ့တဲ့အပေါ် ဘယ်လိုများ အတည်ပြုနိုင်ပါသလဲခင်ဗျာ။
ဖြေ။ ။ ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ ပြည်ထဲရေးဝန်ကြီးဌာနစာရင်းအရ အစ္စလာမ် ဗလီပေါင်း ၁၄၀ ခန့်ရှိပါတယ်။ ဗလီအများစုဟာ ကိုလိုနီခေတ်ကတည်းက တည်ရှိခဲ့တာဖြစ်ပါတယ်။ ကျွန်တော်တို့ သာသနာရေးဌာနအနေနဲ့ ဗုဒ္ဓဘာသာ၊ ခရစ်ယာန်ဘာသာ၊ဟိန္ဒူဘာသာ၊ အစ်စလမ်ဘာသာ ဘာသာကြီးလေးခု နဲ့ ပတ်သက်တဲ့ သာသနိက အဆောက်အဦးတွေ ဆောက်လုပ်ခြင်း၊ပြုပြင်ခြင်းနဲ့ပတ်သက်ပြီး ခွင့်ပြုပိုင်ခွင့်မရှိပါဘူး၊
 
ဗလီများတည်ဆောက်ခွင့်၊ပြုပြင်ခွင့်ပြုခြင်းကို သာသနာရေးဌာနက လုပ်ပိုင်ခွင့်မရှိပါဘူး၊လိုအပ်လို့ကျွန်တော်တို့ဌာနကို တင်ပြလာတဲ့အခါ ဌာနရဲ့သဘောထားမှတ်ချက်ကို “သာသနာရေးရှုထောင့်မှ ကန့်ကွက်ရန်မရှိကြောင်း ဆောက်လုပ်ပြုပြင်သည့်အခါ တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့်မြို့တော်စည်ပင်သာယာရေးကော်မတီတို့၏ လုပ်ထုံးလုပ်နည်း စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဆက်လက်တင်ပြဆောင်ရွက်ရန်” လို့သာ ပေးရပါတယ်။ဗုဒ္ဓဘာသာ သာသနိကအဆောက်အဦ၊ ဘုန်းတော်ကြီးကျောင်းများနှင့်ပတ်သက်၍လည်း ယခုလိုပဲ သံဃနာယကအဖွဲ့နဲ့
 
သက်ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းများရဲ့ လုပ်ထုံးလုပ်နည်းများနှင့်အညီဆက်လက်ဆောင်ရွက်ဖို့ မှတ်ချက်ပေးရပါတယ်။ ခွင့်ပြုခွင့်မရှိလို့ခွင့်ပြုလို့ မရပါဘူး။ဆောက်လုပ်ပြုပြင်ဖို့ လိုအပ်လာရင်လည်း သက်ဆိုင်ရာတိုင်းဒေသကြီး အစိုးရအဖွဲ့၊ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီတို့ကိုသာ တင်ပြဆောင်ရွက်ကြရပါတယ်။
 
ဒါကြောင့် ဧပြီ(၂)ရက်နေ့ သတင်းမီဒီယာတွေ့ဆုံပွဲမှာ မီဒီယာတွေ အလွတ်သဘောမေးမြန်းမှုကို တိုင်းဒေသကြီးအတွင်း ဆောက်လုပ်ထားတဲ့ ဗလီများအပေါ် ကျွန်တော်တို့ သာသနာရေးဝန်ကြီးဌာန အနေနဲ့မိမိရဲ့လုပ်ပိုင်ခွင့်အရ ခွင့်ပြုထားခြင်း မရှိပါ လို့ ရိုးရိုးသားသား ပြန်လည်ဖြေကြားခဲ့ခြင်းသာဖြစ်ပါတယ်။
 
အဲဒီဖြေကြားချက်ကို မီဒီယာတွေအနေနဲ့ ပြောလိုတဲ့ ရည်ရွယ်ချက်ကို သဘောမပေါက်တာလား၊ လိုရာဆွဲတာလားတော့ မသိဘူး၊ ရန်ကုန်တိုင်းဒေသကြီးမှာ တရားဝင်ဗလီမရှိဆိုတဲ့ အနေအထားမျိုးနဲ့ သတင်း ဖော်ပြလာတာကိုတွေ့ရပါတယ်။ ဒီလို ဖော်ပြချက်ကြောင့် အများကြီး အထင်အမြင်လွဲ မှားစရာဖြစ်လာနိုင်တာကို သတိမမူပဲ မီဒီယာများအနေနဲ့ လိုရာ ဆွဲကောက်နှုတ်ပြီး သတင်းအဖြစ် သုံးသပ်တင်ပြခြင်းဟာ သတင်း ကျင့်ဝတ်အပေါ်လိုက်နာမှု အားနည်းတဲ့ သဘောဖြစ်တဲ့အပြင် ကျွန်တော်တို့ ဌာနဆိုင်ရာ တာဝန်ရှိသူများမှာလည်း ၀န်ထုပ်ဝန်ပိုး ဖြစ်ရတဲ့အတွက် ဆင်ခြင် သင့်ပါတယ်လို့ပဲ ပြောချင်ပါတယ်။ နောက်နောင်များမှာ ဌာနဆိုင်ရာများနဲ့ သတင်းမီဒီယာများ တွေ့ဆုံဖို့ အခြေအနေပေါ်ပေါက်ခဲ့ရင်လည်း ရည်ရွယ်ချက်ပေါက်မြောက်အောင် ခြေခြေမြစ်မြစ် မေးမြန်းပြီးမှ ပြည်သူကို ချပြသင့်တယ်လို့ အကြံပြုချင်ပါတယ်။
အစ္စလာမ် ဘာသာဝင်များအတွက် ဗလီများ ဆောက်လုပ်ခွင့်နှင့် ဗလီများအတွင်း စာသင်ကြားခွင့်များကို
သာသနာရေးမှ တရားဝင် ခွင့်ပြုထားခြင်း မရှိကြောင်း Eleven မီဒီယာ တင်ခဲ့သည့် သတင်းဖတ်ရန်။
 
 
 

No comments:

Post a Comment

Note: Only a member of this blog may post a comment.