Saturday, April 6, 2013

အဖြစ်မှန်နဲ့ ကင်းကွာပြီး ဥပဒေနဲ့ မညီညွှတ်တဲ့ တိုင်း သာသနာရေးမှူး ရဲ့ ပြောစကား

ဧပြီ ၅၊ ၂၀၁၃

သုတေသီ

 
အစ္စလာမ် ဘ
 
ာသာဝင်များအတွက် ဗလီများ ဆောက်လုပ်ခွင့်နှင့် ဗလီများအတွင်း စာသင်ကြားခွင့်များကို သာသနာရေးမှ
တရားဝင် ခွင့်ပြုထားခြင်း မရှိကြောင်း
ရန်ကုန်တိုင်း သာသနာရေးမှူး၊ ဒုတိယ ညွှန်ကြားရေးမှူး သာသနာရေး ၀န်ကြီးဌာနမှ ဦးအောင်ကြည်က ဧပြီလ ၂ ရက်နေ့တွင် ပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီး ၀န်းကြီးချုပ်နှင့် မီဒီယာများ တွေ့ဆုံပွဲတွင် ပြောကြားခဲ့သည်။ ဟု ဒီနေ့ အလဲဗင်း သတင်းမှာ ဖတ်လိုက်ရပါတယ်။
 
ဒီစကားဟာ ဥပဒေနဲ့ မညီညွတ်တဲ့ အပြင် အဖြစ်မှန်တွေနဲ့လဲ ကင်းကွာလို့ နေပါတယ်။ မြန်မာနိုင်ငံမှာ ရှိနေတဲ့ ဗလီများဟာ ဦးနေ၀င်းခေတ်နဲ့ န.၀.တ ခေတ်မှာ နေရာအသစ် ချထားပေးပြီး ဆောက်လုပ်တဲ့ ဗလီရယ်လို့ မရှိပါဘူး။ အချို့ ဗလီများဟာ ရှေး မြန်မာမင်းများ လက်ထက်ထဲက ဘုရင်တွေ ကိုယ်တိုင်က ဗလီမြေအဖြစ် ချထားပေးခဲ့တဲ့ သာသနာ့မြေ ဖြစ်ပါတယ်။
 
အလောင်းမင်းတရား တည်ခဲ့တဲ့ ရန်ကုန်မြို့ (ယခင် မွန်အမည် ဒဂုံမြို့) ရဲ့ သစ်တပ် အတွင်းမှာလဲ ဗလီတွေ ရှိခဲ့တဲ့ သမိုင်း မှတ်တမ်းများရှိပါတယ်။
 
မြေဒူးမြို့က မှန်စီ ရွှေချဗလီ ၄လုံးဟာလဲ ၊ ဆင်ဖြူရှင်မြေဒူးမင်း ကိုယ်တိုင် မွတ်စလင်တွေအတွက် ဗလီမြေနေရာ သတ်မှတ် ဆောက်လုပ်ပေးခဲ့တာပါ။
 
ရန်ကုန်မြို့မှာ ရှိတဲ့ တခြမ်းပဲ့ ဗလီဆိုရင် ဘကြီးတော်မင်းက အင်္ဂလိပ်မြန်မာ ပထမစစ်အပြီး သူရဲ့ သစ္စာခံ မင်းမှုထမ်းများကို ဆုလာဘ်များ ပေးခဲ့ရာ အေဒီ ၁၈၂၆ခုနှစ်က် တပ်ဗိုလ်မှုးရာထူးဖြင့် ရွပ်ရွပ်ချွံချွံ တာဝန်ထမ်းဆောင် ခဲ့ကြသော အစ္စလာမ်ဘာသာဝင် ဦးရွှေသိုင်းနှင့် ဦးရွှေမှိုင်းတို့ ညီအစ်ကို ၂ဦးက ၄င်းတို့အတွက် ၀တ်တက်ရန်နေရာပေးပါလို့ တောင်းဆိုခဲ့လို့ ဘကြီးတော်မင်းက ရန်ကုန်မြို့ အခု အောင်ဆန်းကွင်းအနီးမှာ ၀တ်ပြုရန်မြေလှုဒါန်းခဲ့ပြီး ဗလီဆောက်လုပ်ခွင့် ပေးခဲ့ပါတယ်။ ၁၈၅၂ ခုနှစ် ဒုတိယမြန်မာအင်္ဂလိပ်စစ်ပွဲအပြီး၊ အင်္ဂလိပ်တို့ရန်ကုန်ကိုသိမ်းယူခဲ့ချိန် ရန်ကုန်ကို အုပ်စိုးသော စစ်ဗိုလ် ဆာဖယ်ရာက လမ်းဖောက်ခဲ့ရာ လမ်းနှင့်မလွတ်သောကြောင့် ဖဲ့ချခံရလို့ ထိုအချိန်ကတည်းက တခြမ်းပဲ့ ဗလီဟု တွင်ခဲ့တယ်လို့ လေ့လာသိရှိရပါတယ်။
 
ဒီလိုဘဲ မန္တလေးမှာလည်း မင်းတုန်းဘုရင် ပေးသနားခဲ့တဲ့ ဗလီတွေ အမြောက်အမြား ရှိယုံမက မက္ကာမြို့ မှာတောင် မြန်မာ မွတ်စလင် ဟာဂ်ျ ဘုရားဖူးများအတွက် မင်းတုန်းမင်းကြီးရဲ့ ကုသိုလ်တော် ဒေါင်းဇရပ်ကြီး ရှိပါတယ်။
 
ဗလီ အများစုနဲ့ စာသင်ကျောင်း အများစုကတော့ အင်္ဂလိပ် လက်ထက်မှာ မြန်မာပြည် အနယ်နယ်အရပ်ရပ်မှာ အင်္ဂလိပ်အစိုးရရဲ့ ဥပဒေနဲ့ အညီ ခွင့်ပြု လှူဒါန်း ဆောက်လုပ်ခဲ့တာပါ။ ဒီဥပဒေကလည်း လွတ်လပ်ရေးရပြီး နောက်ပိုင်း ဆက်လက် ကျင့်သုံးပြီး ဒီနေ့အထိ အတည်ဖြစ်နေတဲ့ ဥပဒေ ဖြစ်ပါတယ်။
 
ဒီတော့ ဒါတွေဟာ ဥပဒေနဲ့အညီ တည်ရှိနေတာဖြစ်ပါတယ်။ အစိုးရတခု ပြောင်းသွားတိုင်း အသစ်ပြန် လျှောက်စရာ ပြန်အတည်ပြုစရာ မလိုပါဘူး။ အစိုးရတခုက ခွင့်ပြုပြီးရင် ဘယ်အစိုးရတက်တက် အတည်ပါဘဲ။ တရားဝင်ပါဘဲ။
 
မြန်မာပြည်မှာ အဆောက်အဦး ဆောက်လုပ်တာဟာ စည်ပင်သာယာနဲ့၊ အိုးအိမ်ဦးစီးဌာနတို့နဲ့သာ သက်ဆိုင်ပြီး သာသနာရေးဦးစီးဌာနနဲ့ သက်ဆိုင်ခြင်းမရှိပါ။ ဥပဒေနဲ့ ညီညွတ်လို့သာ ဗလီ များကို ပြင်ဆင်ခွင့်၊ ပြုပြင်ခွင့် သက်ဆိုင်ရာက ခွင့်ပြုခဲ့ကြခြင်းသာ ဖြစ်ပါတယ်။
ဒါ့အပြင် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ
 
ပုဒ်မ ၃၅၆ တွင်
နိုင်ငံတော်သည် နိုင်ငံသားများ၏ တရားဝင် ရရှိပိုင်ဆိုင်ထားသော ရွှေ့ပြောင်းနိုင်သော ပစ္စည်း မရွှေ့ပြောင်းနိုင်သော ပစ္စည်းများနှင့် စပ်လျဉ်း၍ ဥပဒေအရ ကာကွယ်ပေးရမည်။..ဟု ၄င်း
 
ပုဒ်မ ၃၆၂ တွင်
နိုင်ငံတော်သည် ခရစ်ယာန်ဘာသာသာသနာ၊ အစ္စလာမ်ဘာသာသာသနာ၊ ဟိန္ဒူဘာသာ သာသနာနှင့် နတ်ကိုးကွယ်သော ဘာသာတို့ကို ဤဖွဲ့စည်းပုံ အခြေခံ အာဏာတည်သောနေ့၌ နိုင်ငံတော်တွင် ရှိနေကြသော ကိုးကွယ်ရာ ဘာသာများဟူ၍ အသိအမှတ်ပြုသည်။
 
ပုဒ်မ ၃၆၃ တွင်
နိုင်ငံတော်သည် အသိအမှတ်ပြုထားသော ဘာသာ သာသနာကို တတ်နိုင်သမျှကူညီစောင့်ရှောက်မည်။ လို့ ပြဌာန်းထားပါတယ်။
 
အခုလို ဒုတိယညွှန်ကြားရေးမှုး ဦးအောင်ကြည်ရဲ့ ပြောကြားချက်များဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဌာန်းချက်များနဲ့ ဆန့်ကျင်နေတဲ့ အပြင် အခြားဥပဒေပါ အချက် အလက်များနဲ့လဲ ကွဲလွဲနေပါတယ်။ အစိုးရ အာဏာပိုင်အနေနဲ့ အခြေခံ ဥပဒေနဲ့အညီ ကာကွယ်ပေးရမဲ့အစား အခုလို ပြောကြားလိုက်ခြင်းဟာ ပြသနာ အမျိုးမျိုး ရှုတ်ထွေးနေချိန်မှာ ပြသနာတစ်ရပ်ကို ထပ်မံ အသစ်ဖွင့်လိုက်သလို ဖြစ်နေပါတယ်။
 
M-Media 

No comments:

Post a Comment

Note: Only a member of this blog may post a comment.