Monday, April 29, 2013

အမုန်းတရား ကင်းစင်သော လူ့အသိုင်းအ၀ိုင်း တစ်ခု တည်ထောင်ခြင်း (သို့) ဘာသာပေါင်းစုံ ချစ်ကြည် ရင်းနှီးမှု တည်ဆောက်ခြင်း နည်းလမ်းများ

 
ဆောင်းပါးရှင်-ဇော်မင်းထွေး
 
coexist
လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခများနှင့် ယဉ်ပါးလာခဲ့သော မြန်မာပြည်သည် နိုင်ငံရေး ကစားလိုသူများနှင့် ကိုယ်ကျိုးရှာ အတ္တ၀ါဒီ တို့အတွက် လိုအပ်သလို အမြတ်ထုတ်ရန် လွယ်ကူလှသော်ငြား ပဋိပက္ခ ဖြစ်ပွားသည်နှင့်အမျှ တိုင်းပြည်မှာ လွန်စွာထိခိုက်နစ်နာ ရကြောင်းကို သမိုင်းက အကြိမ်ကြိမ် သင်ခန်းစာများ ပေးခဲ့ပြီ ဖြစ်သည်။ သို့သော် စံနစ်ဆိုးအတွင်း နစ်ပေါင်းများစွာ နွံနစ်ခဲ့ရသော ပညာရေး၊ လူမှုရေး၊ စီးပွါးရေး တို့ကြောင့် ပြည်သူ အများစုသည် နုံနဲ့သော အတွေးအခေါ်များဖြင့် ရှင်သန်နေထိုင်ခဲ့ရကား နိုင်ငံရေး ထွက်ပေါက် ရှာသူများအဖို့ လူမျိုးရေး၊ ဘာသာရေး အဓိကရုဏ်းများသည် လိုအပ်တိုင်း အောင်မြင်စွာ အသုံးချနိုင်သော ၀ှက်ဖဲတစ်ချပ် ကဲ့သို့ ဖန်တီးလိုက်တိုင်း အောင်မြင်လေ့ ရှိနေသည်မှာ လက်ရှိအဖြစ်အပျက်များက သက်သေခံလျက်ရှိသည်။
 
ကိုလိုနီ သူ့ကျွန်ဘ၀ ကျရောက်ခဲ့စဉ်က တိုင်းတပါး အရင်းရှင်အစိုးရ၏ ဂုတ်သွေးစုပ် အမြတ်ထုတ်မှုအောက် ပြည်သူများ လွန်စွာ နစ်နာပြီး အတိဒုက္ခရောက်ခဲ့ကြသည်။ ထိုစဉ်ကာလများကလည်း ပြည်သူတို့၏ တော်လှန်လိုသော စိတ်ဓာတ်နှင့် လွတ်လပ်ရေး ကြိုးပမ်းမှုများကို သေးသိမ် ပပျောက်စေရေး အတွက် လူမျိုးရေးအဓိကရုဏ်းများ ဖန်တီးပေးခြင်းအားဖြင့် လမ်းလွှဲ၍ ကိုလိုနီ အုပ်ချုပ်ရေးအား သက်ဆိုးရှည်စေခဲ့သည်။
 
 အသက် သွေးချွေးပေါင်း မြောက်များစွာ စတေးခဲ့ရသော ကာလရှည်လွတ်လပ်ရေး ကြိုးပမ်းမှုကြီးကြောင့် သူ့ကျွန်ဘ၀မှ လွတ်မြောက်ခဲ့ပေငြား ၀ိဝါဒ ကွဲပြားမှုများ၊ တိုင်းရင်းသား လူမျိုးနွယ်စု အချင်းချင်း မယုံကြည် မှုများအောက်တွင် ပြည်တွင်းစစ်မီး တောက်လောင်ခဲ့ရပြီး တိုင်းပြည်ကြီးမှာ မိအေး အကြိမ်ကြိမ်နာ အဖြစ်မျိုးဖြင့် အတိဒုက္ခရောက်ခဲ့ ရပြန်သည်။ ပြည်သူ ပြည်သား အချင်းချင်း မညီညွတ်မှုနှင့် စိတ်ဝမ်းကွဲပြားမှုသည် စစ်ဝါဒီများ အကြိုက်ဖြစ်၍ အာဏာရှင် စနစ်ကို စည်ပင် ဖွံ့ဖြိုးစေရန် အဓိကကျသော မောင်းနှင်အားဖြစ်သည်နှင့် အညီ ကျွန်တော်တို့ တိုင်းပြည်ကြီးသည် သူ့ကျွန်ဘ၀ထက် သာပို ဆိုးရွားသော ကိုယ့် ကျွန်ဘ၀၌ ဆယ်ဆုနှစ်ငါးစုတိုတိုင် နွံနစ်ခြင်းဖြင့် ကမ္ဘာ့ဖွံ့ဖြိုးမှု နောက်အကျဆုံးတော ကျောမွဲဖွတ်ပြာ တိုင်းပြည် များစာရင်းတွင် ပါဝင်ခဲ့ရသည်။
 
ထိုမှတဖန် အတန်ငယ် လွတ်လပ်လာသော ယခုဒီမိုကရေစီ အကူးအပြောင်း ကာလတွင်နောက်ပြန် လှည့်လိုသူများ အမျိုးသားရေး အစွန်းရောက်များ နှင့် ဒီမိုကရေစီ စံနှုန်းကို မလိုလား မရှုစိမ့်သူများ၏ သွေးထိုးလှုံဆော်မှုများကြောင့် ယနေ့ မြန်မာပြည်ကြီးသည် ပဋိပက္ခမီးလျှံများအောက် လောင်မြိုက်ပြာကျ သွားနိုင်ပေရာ ပြည်သူအများစု လိုလားသော ဖွံ့ဖြိုးတိုးတက်ရေးနှင့် လူ့ဂုဏ်သိက္ခာများ တင်းပြည့်ကျပ်ပြည့် ရရှိနိုင်ရေး မျှော်မှန်းချက်များ နှင့် အကောင်အထည်ဖေါ် ဆောင်ရွက်နေမှုများမှာ သဲထဲရေသွန် ဖြစ်လာနိုင်စရာ အကြောင်းများရှိလာသည်။
 
ငြိမ်းချမ်းရေး (Peace) နှင့် တည်ငြိမ်အေးချမ်းမှု (Stability) ကင်းမဲ့နေသော တိုင်းပြည်တွင် ဖွံ့ဖြိုးတိုးတက်မှု (Development) ဟူသည် ဖြစ်လာနိုင်စရာ အကြောင်းမရှိသည်ကို လတ်တလော လူမျိုးရေးတိုက်ပွဲများနှင့် ပြည်တွင်းစစ်များ ဆင်နွဲနေကြသော အာဖရိကန် တိုင်းပြည် အများစု၏ ဥပမာကို လေ့လာခြင်းအားဖြင့် သိရှိနားလည် သဘောပေါက်နိုင်သည်။
 
 သို့ဖြစ်ပေရာ ဖွံ့ဖြိုး တိုးတက်ရေးနှင့် တိုင်းပြည်အေးချမ်းသာယာရေးကို အမှန်တကယ် လိုလားသည်ဆိုပါလျှင် အမုန်းတရားကင်းစင်သော လူ့ဘောင် အသိုင်းအ၀ိုင်းတစ်ခု ဖြစ်ထွန်းပေါ်ပေါက်လာစေရေး အတွက် ပြည်သူများအားလုံး ၀ိုင်းဝန်းကြိုးပမ်း ကြရမည်ဖြစ်သည်။ အမုန်းတရား ကင်းစင်သော လူ့အသိုင်းအ၀ိုင်းကြီး ပေါ်ထွန်းလာစေရန်တွက်မှု အမုန်းတရားကို ဖြစ်ထွန်းပေါ်ပေါက်စေသော အပြန်အလှန် ယုံကြည်မှု နည်းပါးခြင်းနှင့် မျိုးနွယ်မတူ ဘာသာကွဲများအကြား သံသယဖြင့် နေထိုင်တတ်မှု တို့ကို ပြုပြင်ပြောင်းလဲနိုင်ရန် လွန်စွာအရေးကြီးလှသည်။
 
 ကျွန်တော်တို့ မြန်မာပြည်ကြီးသည် ငြိမ်းချမ်းရေးကို အလွန်အမင်း လိုအပ်လျက်ရှိရာ အထက်ဖေါ်ပြပါ ပြည်သူများအကြား ယုံကြည်မှု တည်ဆောက်ရေးနှင့် အပြန်အလှန် ချစ်ခင်လေးစားမှုများ ဖြစ်ထွန်းပေါ်ပေါက်ရေး ကြိုးပမ်းရာတွင် အစိုးရတစ်ရပ်တည်း၊ လူပုဂ္ဂိုလ် တစ်ဦးတည်း၊ ပါတီတစ်ခုတည်းက အကောင်အထည် ဆောင်ရွက်၍ မရနိုင်သည်မှာ မုချပင်ဖြစ်သည်။ ယင်းကဲ့သို့ တိုင်းပြည်၏ အနာဂတ်အား ထုဆစ်ပုံဖေါ်ရာတွင် ကျွန်တော်တို့ ပြည်သူလူထု၏ အခန်းကဏ္ဍမှာ အလွန်အမင်း အရေးပါလှသည်။
 
မည်သို့အဖြေရှာကြမလဲ ?
ဘာသာပေါင်းစုံ၊ လူမျိုးပေါင်းစုံ၊ ယဉ်ကျေးမှုပေါင်းစုံ ရောယှက်နေသော ကျွန်တော်တို့ တိုင်းပြည်ကြီးက ဘာလို့ မငြိမ်းချမ်းနိုင်လဲ။ ယထာဘူတကျတဲ့ အဖြေကတော့ ကျွန်တော်တို့ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးတွင် ပြဿနာများ ရှိနေ၍ဖြစ်သည်။ အဆိုပါ ပြဿနာတို့၏ လက်သည်တရားခံများမှာ တရားမျှတခြင်းမရှိမှု၊ ဖိနှိပ်ချုပ်ချယ်မှု၊ ခွဲခြားဆက်ဆံမှု၊ ရန်လိုမုန်းတီးမှု အာဏာ တစ်လွဲအသုံးချမှုများ ကိုယ်ကျိုးရှာ အုပ်ချုပ်မှုများ အပါအ၀င် လူမျိုးရေး ဘာသာရေး အမြင်ကျဉ်းမြောင်းမှု အစရှိသည်တို့ကြောင့် ဖြစ်သည်။ ကျွန်တော်တို့ ပြည်သူများအနေဖြင့် ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအား လိုလားသည် ဆိုပါလျှင် အဆိုပါပြသနာများကို ဖြေရှင်းပြီး ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးအတွက် ကြိုးပမ်းကြရမည်ဖြစ်သည်။ ဆိုပါစို့။ ကျွန်တော်တို့တွင် ရွေးချယ်စရာ လမ်းနှစ်သွယ် ရှိလာသည်။
 
 Peaceful Coexistence ဆိုသည့် ငြိမ်းချမ်းစွာအတူ ယှဉ်တွဲနေထိုင်ရေးကို ရွေးချယ် မလား။ သို့တည်းမဟုတ် No Existence ဆိုသည့် တိုင်းပြည်ပြိုကွဲခြင်းဟူသည့် လမ်းကြောင်းသို့ သွားမည်လား။ Peaceful Coexistence ကိုသွားမည်ဆိုပါလျှင် ကျွန်တော်တို့ ကိုယ်စီကိုယ်ငှ အလုပ်လုပ်ရပါမည်။ ငြိမ်းချမ်းရေးဆိုင်ရာ သဘောတရားများ ဒီမိုကရေစီ စံနှုန်းများကို ပြည်သူများအတွင်းစိမ့်ဝင် ပြန့်နှံသွားအောင် ကြိုးပမ်းရပါမည်။ ယင်းအတွက် သဘောတရားရေးရာ သင်တန်းများပေးခြင်း၊ Campaign လုပ်ခြင်းများတို့နှင့်သာ မလုံလောက်ပဲ ငြိမ်းချမ်းရေး သဘောတရားများကို ကိုယ်တိုင်ကိုယ်ကျ ကျင့်သုံး၍ မိမိမိသားစု အပါအ၀င် မိမိ၏ အသိုင်းအ၀ိုင်းအတွင်း ဖြန့်ဝေပေးရန်မှာ ကျွန်တော်တို့ တာဝန်ဖြစ်သည်။
 
ဘာကြောင့် ဘာသာပေါင်းစုံ လူမျိုးပေါင်းစုံ ချစ်ကြည်ရေးတည်ဆောက်ဖို့ လိုအပ်တာလဲ?
သမိုင်းတလျှောက်တွင် လူသားအတော်များများသည် ၎င်းတို့၏ ကိုးကွယ်ရာ ဘာသာတရားများကို အကြောင်းပြုကာ နှိပ်စက် ညဉ်းဆဲပြုမှု၊ နိုင်လို မင်းထက်ပြုခြင်းတို့ကို ခံစားခဲ့ကြရသည်။ ဥပမာ – ဂျူးလူမျိုးခြောက်သန်းကို သတ်ဖြတ်ခဲ့သော နာဇီပါတီ၏ ဟိုလိုကက်စ်ဖြစ်ရပ်၊ အိုင်ယာလန်၏ ဘာသာရေး မျိုးဖြုတ်သတ်ဖြတ်ပွဲ၊ အရှေ့အလယ်ပိုင်း ဒေသရှိ ဘာသာရေးကြောင့် ဖြစ်သော လူမျိုးရေးရာ ပဋိပက္ခများနှင့်စစ်ပွဲများ၊ နယ်မြေလုယက်မှုများ စသည်တို့က သက်သေ အထင်အရှားပင်ဖြစ်သည်။ ထို့ပြင် နိုင်ငံရေးသမားများ၏ နိုင်ငံရေး ကစားကွက် အတွက် ဘာသာတရားတို့အား လှည့်ဖြား အသုံးချကာ အကျိုးအမြတ်အတွက် ရည်ရွယ်သော စစ်ပွဲမျိုး တွေကိုလည်း မျက်မှောက် ကမ္ဘာတွင်တွေ့ရှိ နေရပြန်သည်။
 
ကျွန်တော်တို့ မြန်မာပြည်တွင်လည်း ရခိုင်အရေးအခင်း၊ မိထ္ထီလာမှ အစပြုသော ပဋိပက္ခတို့သည် ဘာသာရေးအဓိကရုဏ်း အသွင်ဆောင်လာပြီး အပြစ်မဲ့ ပြည်သူတို့၏ အသက်အိုးအိမ် စည်းစိမ်များ ၀မ်းနည်းစဖွယ် ပျက်သုဉ်း ဆုံးရှုံးခဲ့ရသည်။ ဒီနေရာတွင် သတိပြုရန်လိုအပ်သည့်အချက်မှာ၊ ပဋိပက္ခ ဖန်တီးသူများ၊ လှုံ့ဆော်သူများ၊ နိုင်ငံရေး အမြတ်ထုတ်သူများသည် အကယ်စင်စစ် ဘာသာတရားအား ကိုယ်စားပြုသော ပုဂ္ဂိုလ်များ မဟုတ်ဟူသော အချက်နှင့် ဘာသာ တရားများက ပြသနာများ ဖြစ်ပွါးရခြင်းတို့၏ အကြောင်းရင်းခံ မဟုတ်ကြောင်းဖြစ်သည်။ ပြဿနာတို့ ၏ လက်သည်သည် အဆိုပါ ပုဂ္ဂိုလ်များက ဘာသာတရားကို အသုံးချ၍ ၀ါဒမှိုင်းတိုက်ခြင်း ကြောင့်သာဖြစ်သည်။
 
အကယ်စင်စစ် ဘာသာတရားတို့သည် လူသားတို့၏ အရည်အချင်းနှင့် စွမ်းဆောင်ရည် မြှင့်တင်ပေးနိုင်ခြင်းတို့အတွက် အဓိကကျသော မောင်းနှင်အား တစ်ရပ်ဖြစ်သည်။ ဘာသာရေးဆိုင်ရာ အဆုံးအမများနှင့် မူရင်းလာ တရားတော်များ၌ ငြိမ်းချမ်းမှုဆိုင်ရာ သဘောတရားများနှင့် အေးချမ်း တည်ငြိမ်မှုတို့၏ ရေသောက်မြစ်များကို ရှာဖွေတွေ့ရှိနိုင်ပြီး ၎င်းတရားတော်တို့ကို အစစ်အမှန် လေးစား လိုက်နာခြင်းတွင် ငြိမ်းချမ်းရေး တည်ဆောက်မှုအတွက် လုံလောက်သော အဖြေရှိသည်။ တစ်ခါတစ်ရံ၌ ဘာသာ တရားတို့သည် ပဋိပက္ခများအတွက် လောင်စာဖြစ်သွားတတ်ကြ သော်လည်း ထိုသို့ ဖြစ်ရခြင်းမှာ လူသားဖြစ်သော ဘာသာဝင်တို့၏ လွဲမှားစွာကျင့်သုံးခြင်း တို့ကြောင့်သာလျှင်ဖြစ်သည်။
 
သို့ဖြစ်ပေရာ ဘာသာဝင်တို့ အနေဖြင့် ဘာသာတရားတို့အပေါ် အပြန်အလှန်နားလည်မှုရှိလျှင်၊ လေးစားသမှု ရှိနေလျင်၊ ပြည်သူများအကြား ပိုမိုတိုးတက် ကောင်းမွန်သော ဆက်ဆံရေးတစ်ရပ် တည်ဆောက်နိုင်ပါလျှင် အဆိုပါ နာလိုခံခက်ကိစ္စရပ်များမှ ရှောင်ရှားနိုင်ပြီးလျှင်၊ ငြိမ်းချမ်းစွာ အတူရှင်တွဲ နေထိုင်မှုတည်းဟူသော တစ်ခုတည်းသော ဖြေရှင်းချက်ကို ဦးတည်နိုင်ရေးအတွက် အခြားဘာသာတရားများအား လေ့လာရေးနှင့် အရှိတရားတို့အပေါ် နားလည်လက်ခံပေးရေးတို့မှာ အလွန် အရေးကြီးသော ကိစ္စရပ်တစ်ခု ဖြစ်လာသည်။ ထို့ထက်ပိုအရေးကြီးသည့်အရာမှာ မိမိယုံကြည်လက်ခံထားသည့် သာသနာအား အကယ်ပင် သိရှိသဘော ပေါက်နားလည်ခြင်းနှင့် အမှန်တကယ် လိုက်နာကျင့်သုံးရေးပင်ဖြစ်သည်။
 
ဘာသာပေါင်းစုံ ချစ်ကြည်ရင်းနှီးမှု တည်ဆောက်ရေး (Interfaith) နည်းလမ်းများ
Interfaith လမ်းကြောင်းကို ဖေါ်ဆောင်သမှုပြုရာတွင် Dialogue တည်းဟူသော အပြန်အလှန် ဆွေးနွေးဖလှယ်မှုက ပဓာနကျသော အခန်းကဏ္ဍမှ ပါဝင်သည်။ Dialogue များ ဖေါ်ဆောင်ရာတွင် Ideology ဟူသောသဘောတရား၊ အတွေးအခေါ်နှင့် လောကအမြင်တို့အပေါ် အခြေပြုသည့် အခြေခံကျကျ ချဉ်းကပ်ဆွေးနွေးခြင်း (ဥပမာ – ဘာသာတရားတို့၏ အခြေခံ သဘောတရားများ၊ ကျင့်ဝတ်နှင့်နည်းနာများ၊ ယုံကြည်မှုများနှင့် ကျင့်သုံးနေထိုင်မှုပုံစံ၊ အစရှိသဖြင့်) နှင့် Issue များအပေါ် အခြေပြုသည့် ဖြစ်ရပ်များအပေါ်အဖြေရှာခြင်း (ဥပမာ- ကျားမတန်းတူညီမျှရေး၊ ပညာရေးမြှင့်တင်ရေး၊ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေး၊ ဆင်းရဲမွဲတေမှုလျော့ချရေး) အစရှိသည့် နည်းလမ်းနှစ်မျိုးအား အသုံးပြုနိုင်သည်။
 
မည်သည့်နည်းလမ်းကို အသုံးပြုသည်ဖြစ်စေ Interfaith ဖော်ဆောင်မည့်သူသည် အောက်ပါအကြောင်းအချက်များ အတွက် ကြိုတင်ပြင်ဆင် ထားမှုရှိရန်လိုအပ်သည်။
 
Knowledge (ဘာသာတရားများနှင့်ပတ်သက်သော မှန်ကန်သည့် ဗဟုသုတရှိခြင်း)
Interfaith ကို ဖေါ်ဆောင်မည့် တစ်ဦးတစ်ယောက် အနေဖြင့် ဘာသာတရားတို့နှင့် ပတ်သက်သော အခြေခံဗဟုသုတ ရှိထားရန် လိုအပ်ပြီးလျှင်၊ သိမှုအဆင့်၌ သမမျှတသော အတွေးအမြင်ရှိမှုကို ဦးစားပေးရမည်။ ထိုကဲ့သို့ ဘာသာတရားများနှင့် ပတ်သက်၍ လေ့လာမှု ပြုရာတွင်လည်း စစ်မှန်သော သတင်းအချက်အလက်များကို လေ့လာသင်ယူမှုက လွန်စွာအရေးကြီးပြီးလျှင် အမှန်တကယ် ကျင့်သုံးမှုပြုနေသော ပုဂ္ဂိုလ်များ ဘာသာရေးခေါင်းဆောင်များထံမှ လေ့လာစည်းပူး ရမည်ဖြစ်သည်။ ထိုသို့ လေ့လာသင်ယူရာတွင်လည်း Open Minded (ပွင့်လင်းလွတ်လပ်သော အတွေးအခေါ်) အပေါ်အခြေခံသော သင်ယူလေ့လာမှု ဖြစ်ရန်လည်း လွန်စွာမှပင် အရေးကြီးလှသည်။
 
Reason (ကြောင်းကျိုးဆက်စပ်သော တွေးခေါ်မြှော်မြင်မှုရှိခြင်း)
Interfaith ဖေါ်ဆောင်မည့် ပုဂ္ဂိုလ်သည် မိမိက ဘာအတွက် ဖော်ဆောင်မည်လဲ၊ မည်သည့် ရလဒ်ကို ရရှိလိုသလဲ၊ မည်သည်က အဓိကကျသည့် အကြောင်းအရင်းများ ဖြစ်သလဲ အစရှိသည့် ခိုင်လုံ၍ ကြောင်းကျိုးဆက်စပ်သော တွေးခေါ်မျှော်မြင်မှုရှိရန် လိုအပ်သည်။ ထိုသို့အားဖြင့် ယုတ္တိကျကျ ချဉ်းကပ်မှုပြုမှာသာ မိမိဦးတည်လိုသော ရလာဒ်များကို ရရှိစေနိုင်လိမ့်မည်ဖြစ်သည်။ ထို့ပြင်မက Interfaith ဖေါ်ဆောင်မှုပြုလိုသူများအနေဖြင့် ရိုးသားမှုအပေါ် အခြေခံပြီးလျှင် မိမိဘာသာကသာ သာ၍မြင့်မြတ်သည် ဟူသော အတွေးအခေါ်ကို လက်ကိုင်မထားပဲ Misionary သမား၏ စိတ်ဓာတ်မျိုးဖြင့် တစ်ဖက်သားအား စွဲဆောင် စည်းရုံးခြင်းမျိုးမဖြစ်ရန်လည်း အလွန်စွာမှပင် အရေးကြီးလှသည်။
 
Wisdom (ဥာဏ်ပညာကို အခြေပြု၍ ရလာဒ်ကောင်းများဖေါ်ဆောင်ခြင်း)
Knowledge ဟူသည် “To Know Something” ဖြစ်၍ Wisdom ဟူသည် “To do Something according to Knowing” ဖြစ်သည်။
သိမှုကို ပြန်လည်အသုံးချခြင်းမှာသာလျှင် ပညာဥာဏ် အမျှော်အမြင် တည်ရှိသည်။ ထို့အတွက်ကြောင့် Interfaith ဖေါ်ဆောင်မည့် ပုဂ္ဂိုလ်များ အနေဖြင့် စားပွဲဝိုင်းထိုင် ဆွေးနွေးနေရုံ မျှ မဟုတ်ပဲ၊ လူ့အသိုင်းအ၀ိုင်းအတွက် အမှန်တစ်ကယ် အကျိုးပြုနိုင်မည့် ရလဒ် ကောင်းများ ရရှိရန် ဖေါ်ဆောင်ပေးနိုင်ရမည်။
ဆိုခဲ့ပါ အချက်များအား လိုက်နာဖြည့်စည်း နိုင်ပြီ ဆိုပါလျှင် အောက်ပါအချက်များ အား ဦးတည်၍ Dialogue ဆွေးနွေးပွဲများ စတင် နိုင်ပါသည်။
 
Common Ground အားရှာဖွေခြင်း
Dialogue အမှန်တကယ်ဖြစ်ထွန်းလာစေရေး အတွက် ဘုံတူညီချက်များ ရှာဖွေ၍ ဆွေးနွေးမှုလွယ်ကူစေသော အနေအထား တစ်ရပ်ကို ဖန်တီး လမ်းဖွင့်ပေးနိုင်ရမည်။ ထို့အတွက် Similarity ဟူသော ဘာသာတရားအသီးသီးရှိ ဘုံတူညီသော အချက်များကို သိရှိထားရန်နှင့် ရှာဖွေရန်မှာ အရေးကြီးသည်။ Similarity ကိုစုစည်း ထားမှသာလျှင် ဆွေးနွေးရန် လွယ်ကူသော အနေအထား ကိုရောက်ရှိစေနိုင်မည်ဖြစ်သည်။ ထိုနည်းတူစွာပင် ဘာသာအသီးသီးရှိ Differences (ကွဲပြားခြားနားနေသော အချက်များ) ကိုလည်း သိရှိထားရန် အရေးပါလှသည်။ Differences များကိုလေ့လာသိရှိထားခြင်းအားဖြင့် Communication ဟူသော ဆက်သွယ် ပြောဆိုမှု ပိုမိုကောင်းမွန်လာစေပြီးလျှင် တစ်ဖက်သားအား မထိခိုက် မနစ်နာစေသော လမ်းကြောင်းမှန်ဖြင့် ဆွေးနွေးသွားနိုင်မည်ဖြစ်သည်။ ထိုနှစ်ချက်အား ပိုင်နိုင်စွာ သိလာပြီဆိုပါက အဓိက ရည်ရွယ်ရင်းဖြစ်သော Cooperation ဟုခေါ်သည့် အတူတကွ လက်တွဲပူးပေါင်း ဆောင်ရွက်ရေးနှင့်၊ Positive Interaction ဟုခေါ်သည့် အပြုသဘောဆောင်သော အပြန်အလှန် အကျိုးသယ်ပိုးပေးမှုဟူသည့် ပန်းတိုင်များကို ရရှိစေမည်မှာ မသွေမုချပင်ဖြစ်သည်။
 
နိဂုံးချုပ်ဆိုရလျှင် ကျွန်တော်တို့သည် မတူညီသော အယူဝါဒများကို လက်ခံကျင့်သုံးနေကြသူများ (သို့) မည်သည့်အယူဝါဒ ကိုမှ သက်ဝင်ယုံကြည်ခြင်း မရှိသူများအဖြစ် ကြိုက်သည် ဖြစ်စေ မကြိုက်သည်ဖြစ်စေ အတူတကွ စုစည်းနေထိုင်ကြရသည် ဖြစ်သည်။ လူသားများ ဖြစ်ကြသည့်အလျှောက် ကျွန်တော်တို့အတွင်း ဘုံတူညီမှုများ မြောက်များစွာ ရှိကြပြီးလျှင် ယဉ်ကျေးမှုနှင့် ကိုးကွယ်ယုံကြည်ရာ ခြားနားခြင်းကြောင့် မတူကွဲပြားမှုများ ရှိနေတတ်သည်မှာ ငြင်းပယ်ရှောင်လွှဲ၍ မရသည့် အမှန်တရားပင် ဖြစ်သည်။
 
မည်သည့်အယူဝါဒကို ယုံကြည်သက်ဝင်သည်ဖြစ်စေ (သို့) မည်သည့်အယူဝါဒကိုမှ သက်ဝင်ခြင်းမရှိပဲ ကောင်းမြတ်သော လူ့စံနှုန်းများကိုသာ ကျင့်သုံး ဆောင်ရွက်သူ ဖြစ်သည်ဖြစ်စေ၊ ကျွန်တော်တို့သည် ဘာသာတရားများ၏ ကောုးမြတ်သော သင်ကြားချက်များနှင့် လူ့စံနှုန်းကျင့်ဝတ်များအား လေးစားလိုက်နာ ကျင့်သုံးခြင်းကြောင့် လူပီသမှုကို ဖြစ်ထွန်းစေသော အခြေခံ ဥပဒေသများကို လိုက်နာကျင့်သုံးရ၌ (ဥပမာ- ငါးပါးသီလစောင့်ထိန်းခြင်း၊ တစ်ပါးသူအား ကူညီသမှုပြုခြင်း၊ လူအချင်းချင်း မေတ္တာထားခြင်း၊ မကောင်းမှုများ ရှောင်ကျဉ်ခြင်းနှင့် ကောင်းမှုများ ကျင့်ဆောင်ခြင်း)တို့၌ ကွဲပြား ခြားနားမှု အလျဉ်းမရှိခြေ။ တစ်ဖက်တွင်လည်း ယဉ်ကျေးမှုနောက်ခံ မတူညီသော၊ အခြေခံအယူအဆများကွဲပြားသော အယူဝါဒများကို လက်ခံ ယုံကြည်သြသူများ ဖြစ်ပေရာ လူ့ကျင့်ဝတ်များကို မဖောက်ဖျက်သော၊ လူသားပီသမှုကို မထိခိုက်သော၊ ကိစ္စရပ်အချို့တွင် ကွဲလွဲမှုများ ရှိနိုင်ပေသည်။
 
 (ဥပမာ- ၀တ်စားဆင်ယင်ခြင်း၊ အစားအသောက်၊ နေထိုင်မှုပုံစံ နှင့် ၀တ်ပြုကိုးကွယ်မှု) သို့ဖြစ်ပေရာ တူညီမှုများအပေါ် တန်ဘိုးထားခြင်းဖြင့် အပြန်အလှန်ပူးပေါင်း ဆောင်ရွက်မှုနှင့် ချစ်ကြည်ရင်းနှီးမှုများ တည်ဆောက်နိုင်ပြီးလျှင် မတူညီမှုများအား လေးစားပေးခြင်းဖြင့် အပြန်အလှန်နားလည်ပေးမှု (Mutual Understanding) နှင့် သဘောထားကြီးမှု (Tolerance) များအား ပြသခြင်းဖြင့် အမုန်းတရားကင်းစင်သော လူ့အသိုင်းအဝ
ိုင်း တစ်ရပ် တည်ဆောက်နိုင်မည်မှာ မသွေမုချပင် ဖြစ်ပါတော့သည်။
 
ဇော်မင်းထွေး
 
M-Media ဆောင်းပါး

No comments:

Post a Comment

Note: Only a member of this blog may post a comment.