Wednesday, February 13, 2013

အစ္စလာမ် ဆန့်ကျင်ရေး စာအုပ်ရေးခဲ့သူ ဟိန္ဒူ ပညာရှင်ရဲ့ အစ္စလာမ်အပေါ် ပြောင်းလဲသွားတဲ့ အမြင်

 “အစ္စလာမ်သာသနာသည် အံသြဖွယ်ကောင်းသော သာသနာဖြစ်ပြီး၊ တမန်တော် မုဟမ္မဒ်သခင်သည်လည်း လူ့သမိုင်းတစ်လျှောက်တွင် အမြင့်မြတ်ဆုံးသော လူသားဖြစ်သည်။”
 
 
ဤ သက်သေခံချက်မှာ မွတ်စလင်တစ်ယောက်၏ ထွက်ဆိုချက်မဟုတ်ဘဲ အိန္ဒိယနိုင်ငံမှ ကျော်ကြားသော ဟိန္ဒူပညာရှင်၏ ထွက်ဆိုချက်ပင်ဖြစ်သည်။ အစ္စလာမ်သာသနာကို သင်ယူလေ့လာရန်နှင့် နားလည်စေရန်အတွက် တမန်တော် မုဟမ္မဒ်သခင်(ငြိမ်းချမ်းမှုသက်ရောက်ပါစေ)၏ သွန်သင်မှုများနှင့် တမန်တော်၏ ထေရုပ္ပတ္တိသည် အကောင်းဆုံးသော အရင်းအမြစ်ဖြစ်သည်ဟု သူကဆိုသည်။
Swami Lakshmi Shankaracharya
“ကျနော်တို့ တမန်တော် မုဟမ္မဒ်သခင်(ငြိမ်းချမ်းမှုသက်ရောက်ပါစေ) အကြောင်း ပြောကြဆိုကြတယ်။ ပြီးတော့ သူဟာ သမိုင်းမှာ အကြီးကျယ်ဆုံး လူတစ်ယောက်ဖြစ်တယ်ဆိုတာကိုလည်း ကျနော်တို့ စိတ်ထဲမှာ မှတ်ယူထားသင့်ပါတယ်။ တကယ်လို့ တစ်ယောက်ယောက်က အစ္စလာမ်အကြောင်း သိချင်တယ်ဆိုရင် တမန်တော်ရဲ့ ဘ၀ဖြစ်စဉ်နဲ့ သင်ကြားမှုတွေအရသာ သာသနာကို အကဲဖြတ်သင့်ပါတယ်။” ဟု ဟိန္ဒူပညာရှင်ဖြစ်သူ ဆွာမိ လက်ရှ်မီ ရှန်ကာရာချာယ (Swami Lakshmi Shankaracharya) က ဆိုသည်။
 
ပြီးခဲ့သည့်လက Bihar ပြည်နယ်တွင် ကျင်းပသည့် “Seerat-un-Nabi” (တမန်တော်၏ ဖြောင့်မတ်သော ဓလေ့) ဟု အမည်ရသည့် အခမ်းအနားတွင် ပြောကြားသော မိန့်ခွန်း၌ ငြိမ်းချမ်းမှုနှင့် လူသားဝါဒမှာ အစ္စလာမ့်သင်ကြားမှု၏ အနှစ်သာရဖြစ်ပြီး၊ ကံမကောင်းစွာပင် အစ္စလာမ်သာသာဝင်အများစုမှာ သာသာနာ၏ သွန်သင်ချက်များကို လိုက်နာမှုမရှိ၊ တမန်တော် မုဟမ္မဒ်သခင်(ငြိမ်းချမ်းမှုသက်ရောက်ပါစေ) ၏ ဘ၀ဖြစ်စဉ်များမှလည်း သင်ယူမှုနည်းပါသည်ဟု သူက ဆိုသည်။
 
၎င်းအပြင် “သာသနာတော်ရဲ့ သွန်သင်ချက်အရ လူသားဝါဒကို ကာကွယ်ထိန်းသိန်းဖို့ဟာ မွတ်စလင်တိုင်းရဲ့ တာဝန်ဖြစ်ပါတယ်။ တမန်တော်မုဟမ္မဒ်သခင် (ငြိမ်းချမ်းမှုသက်ရောက်ပါစေ) ဟာ သူရဲ့ရန်သူကို အမြဲတမ်း ခွင့်လွှတ်ခဲ့တယ်၊ အခြားသူတွေက သူ့ကို နာကျင်အောင် လုပ်ရင်တောင် ခွင့်လွှတ် သည်းခံခဲ့တယ်။ ဒါတွေဟာ အစ္စလာမ်ကို နိုင်ငံတကာ ဘာသာတစ်ခုဖြစ်အောင် ပြုလုပ်ခဲ့တဲ့ သူ့ရဲ့ ကိုယ်ကျင့်တရားတွေပါပဲ။” ဟု သူက ပြောဆိုသွားသည်။
 
ထပ်မံ၍ သူက မက္ကာမြို့ကို အောင်နိုင်ခြင်း(Makkah Conquer) ဖြစ်စဉ်ကို ကိုးကားပြောဆိုခဲ့လေသည်။ ထိုအချိန်က အစ္စလာမ့် ရန်သူများဖြစ်ကြသည့်မက္ကာမြို့သားများမှာ စစ်သုံ့ပန်းများဖြစ်နေလင့်ကစား မွတ်စလင်များမှ လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့လေသည်။ ၄င်းအပြင် အကြမ်းဖက်ဝါဒ၊ အပြစ်မဲ့များအား သတ်ဖြတ်ခြင်းသည် ဂျီဟတ်နှင့် ဘာမှမဆိုင်ဟူ၍ သူက ရှင်းပြခဲ့သည်။မွတ်စလင်တို့အား လက်နက်ကိုင်တွန်းလှန်ရန် ပထမဦးဆုံးခွင့်ပြုချက်ပေးခြင်းကို ကုရ်အာန်ကျမ်းတော်မြတ် ကဏ္ဍ ၂၂ ပါဒတော် ၃၉ တွင် ဤသို့ တွေ့မြင်နိုင်သည်။
 
“(ယခုသော်) တိုက်ခိုက်ခြင်းခံနေကြရသော (မွတ်စလင်တို့သည်) ခုခံတိုက်ခိုက်ခွင့်ရရှိလေပြီ။ အကြောင်းမူကား ၎င်းတို့ နှိပ်စက်ညှင်းပန်းခြင်းကို ခံခဲ့ကြရလေသည်။” (ကုန်အာန် ၂၂၊ ၃၉)၎င်းအပြင် ကုရ်အာန်၏ အခြားတစ်နေရာတွင် “အလ္လာဟ်အရှင်မြတ်အလို့ငှာ အသင်တို့ကို တိုက်ခိုက်သူများအား ပြန်လည် ခုခံတိုက်ခိုက်ကြ။ သို့ရာတွင် လွန်ကျူးခြင်းမပြုကြနှင့်” ဟူ၍ မိန့်ဆိုထားလေသည်။အစ္စလာမ်နှင့်ပက်သက်၍၊ ဂျီဟတ်နှင့် ပတ်သက်၍ လွန်စွာ ဝေဖန်ပုတ်ခတ်ခဲ့သော သူတစ်ဦးက ယခုကဲ့သို့ ထုတ်ဖော်ပြောဆိုမှုမှာ စိတ်ဝင်စားစရာဖြစ်သည်။ သူက ကမ္ဘာလုံးဆိုင်ရာ အကြမ်းဖက်ဝါဒ၏ အရင်းအမြစ်မှာ အစ္စလာမ်သာဖြစ်သည်ဟု ယခင်က ယူဆခဲ့သည်။ မွတ်စလင်တစ်ချို့၏ အပြုအမူများ၊ အစ္စလာမ်သာသနာအပေါ် အဆိုးမြင်သည့် အချက်အလက်များကို လေ့လာမှုများကြောင့် သူ၏ စိတ်နှလုံးတွင် ထိုကဲ့သို့ အယူအဆများ ပေါ်ပေါက်လာခြင်းဖြစ်သည်။
 
သူသည် အစ္စလာမ့်မစ် အကြမ်းဖက်ဝါဒ သမိုင်း (The History of Islamic Terrorism) ဟုခေါ်သည့် စာအုပ်တစ်အုပ်ကိုလည်း ရေးသားခဲ့သေးသည်။ သို့သော်လည်း အစ္စလာမ်သာသနာကို မူလ အရင်းအမြစ်များမှ လေ့လာရန် တိုက်တွန်းခံရသောကြောင့် ဆွာမိသည် ကုရ်အာန်ကျမ်းတော်မြတ်ကို အစမှ အဆုံးတိုင် ဖတ်ရှုလေ့လာခဲ့သည်။ ၎င်းအပြင် တမန်တော် မုဟမ္မဒ်သခင် (ငြိမ်းချမ်းမှုသက်ရောက်ပါစေ) ၏ ထေရုပ္ပတ္တိကိုလည်း လေ့လာခဲ့ပြီး နောက်ဆုံးတွင် သူသည် အစ္စလာမ်အပေါ် နားလည်မှု လွဲမှားနေခြင်းဖြစ်ကြောင်း အသိတရားရလာခဲ့သည်။ သူ၏အမှားကို လက်ခံခဲ့ပြီး အစ္စလာမ်နှင့်ပက်သက်သည့် အဆိုးမြင် အချက်အလက်များကို ပြန်လည်ဖြေရှင်းရန် (Islam – Terror or Ideal Path ) ဟု အမည်ရသည့် စာအုပ်တစ်အုပ်ကို ရေးသားခဲ့သည်။
 
ထိုစာအုပ်တွင် ဂျီဟတ်၏ အဓိပ္ပါယ်အစစ်အမှန်နှင့် အစ္စလာမ်သည် ငြိမ်းချမ်းရေး သာသနာဖြစ်ကြောင်း ရှင်းလင်းတင်ပြထားသည်။ နိဂုံးချုပ်အနေဖြင့် အစ္စလာမ်သာသနာက မွတ်စလင်များအား အကြမ်းဖက်မှုကို အားပေးရန်မဟုတ်ဘဲ မိမိကိုယ်ကို ကာကွယ်ရန်နှင့် ငြိမ်းချမ်းရေးကို တည်ဆောက်ရန်အတွက် တိုက်ခိုက်ခွင့် ပေးထားခြင်းသာဖြစ်သည်ဟု သူက ရေးသားထားသည်။Seerat-un-Nabi အခမ်းအနားကို Bihar ပြည်နည်ရှိ Jamaat-e-Islami Hind အဖွဲ့ကဦးစီးကျင်းပခဲ့ခြင်းဖြစ်ပြီး အဖွဲ့၏ အကြီးအကဲဖြစ်သူ နေယာရွတ်ဇမန် (Nayyaruzzaman) က သဘာပတိအဖြစ် ဆောင်ရွက်ခဲ့သည်။ သဘာပတိက စစ်မှန်သည့် အစ္စလာမ့် ဗဟုသုတများ၊ တမန်တော်မြတ်ကြီး၏ နောက်လိုက် တပည့်သာဝကကြီးများ၏ လက်တွေ့ကျင့်ဆောင်ချက်များကို ရှာမှီးခြင်းနှင့်ပတ်သက်၍ အလေးထားပြောဆိုသွားခဲ့သည်။
 
M-Media သတင်း

No comments:

Post a Comment

Note: Only a member of this blog may post a comment.