Thursday, February 14, 2013

၆၆နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ဘာသာပေါင်းစုံ ငြိမ်းချမ်းရေး ဟောပြောပွဲ

 သတင်း-ပသီဆောင်းနှင်းမှုံ
33
၆၆နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးအတွက် ပူးပေါင်းဆောင်ရွက်ရေး ဟောပြောပွဲ အခမ်းအနားတစ်ခုကို သန်လျင်မြို့ (၁၅)ပေ အခမဲ့ရွာ (သဘာဝတရားရိပ်သာ) တွင် နံနက် ၁၁နာရီမှ ညနေ၅း၃၀ ထိကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။
 
အဆိုပါပွဲတွင် အမိ နိုင်ငံတော် ငြိမ်းချမ်းရေး အတွက် လည်းကောင်း၊ကမ္ဘာသူ ကမ္ဘာသားများ ငြိမ်းချမ်းရေး အတွက် လည်းကောင်း ကိုယ်စီ ကိုယ်စီ ယုံကြည် သက်ဝင်ရာ ဘာသာအလိုက် တစ်မိနစ် ငြိမ်သက်၍ ဆုတောင်း မေတ္တာ ပို့သခြင်းငြ့် အခမ်းအနားကို စတင် ဇွင့်လှစ်ခဲ့ကြောင်း သိရသည်။အခမ်းအနားမှူးအဖြစ် ဆရာလေး ခန္တီမှ ဆောင်ရွက်ခဲ့ပြီး ဘာသာအသီးသီးမှ ဆရာတော်များက ငြိမ်းချမ်းရေး တရားများကို ဟောကြားခဲ့သည်။
 
အခမ်းအနားတွင် ဆရာတော် ဦးဝဏ္ဍဝံသ ( Phd Thesis) အပြည်ပြည်ဆိုင်ရာ ထေရ၀ါဒ ဗုဒ္ဓတက္ကသိုလ်(ရန်ကုန်)မှ ငြိမ်းချမ်းရေး သြ၀ါဒ မိန့်ကြားချက်တွင် “ဘယ်ဘာသာဝင်ပဲ ဖြစ်ဖြစ် အားလုံးဟာ လူသားဆိုတဲ့ ခေါင်းစဉ်အောက်မှာ ရှိတယ်။လူသား အားလုံးဟာ ငြိမ်းချမ်းရေးကို လိုလားကြတဲ့ သူတွေကြီးပဲ။ကိုယ့်ရဲ့ ဘာသာတရားကို တန်ဖိုးထားသလို အခြားသော ဘာသာတွေကိုလည်း တန်ဖိုးထားရမယ်၊လေးစားရမယ်။ဘာမဟုတ်တဲ့ ဟာကို ပုံကြီးချဲ့ပြီး ရန်ပွဲတွေ၊စစ်ပွဲတွေ ဖြစ်နေတာဟာ လုံးဝမကောင်းဘူး။ဘာသာဝင် အသီးသီးဟာ ကိုယ်ချင်းစာ တရား ထားရှိရမယ်။မေတ္တာ တရား ထားရှိရမယ်။ ဘာသာပေါင်းစုံ၊ တိုင်းရင်းသား ပေါင်းစုံ အားလုံး ညီညီညွှတ်ညွှတ် မေတ္တာထားပြီး သာယာအေးချမ်းတဲ့ လူ့ဘောင်ကြီးကို သွားကြပါစို့လို့ ”ဟု ထည့်သွင်းပြောကြားခဲ့သည်။
 
ဟိန္ဒူဘုန်းတော်ကြီးများ ဗဟိုအဖွဲ့ချုပ် ဥက္ကဌ ဆရာတော် စရီ ဦးမောင်မြင့်မှ ငြိမ်းချမ်းရေး စကားမြတ်ကြားရာတွင်“ရန်ဖြစ်ရင် အရှုံးပေးပါ။ ဓမ္မကို မသိလို့ ရန်ဖြစ်တာဖြစ်တယ်။ဘုရားသခင်ကို ခေါင်းစဉ်ပြုလုပ်ပြီးလူပေါင်းများစွာ အသက်ပေါင်းများစွာ ကိုရန်ရှာနေခြင်းဟာ ကိုယ့်ဘာသာ သာသနာကို ညှိုးနွမ်းအောင် ပြုလုပ်ခြင်းပဲ”ဟု ထည့်သွင်းပြောကြားခဲ့သည်။
 
သဘာဝကျတဲ့ သဘာဝထမင်းဝိုင်းလေးအကြောင်း ခေါင်းစဉ်ဖြင့် ဟောကြားခဲ့သူ စင်္ကာပူနိုင်ငံ မြောက်ပိုင်း ဓမ္မာဥယျာဉ် မြန်မာကျောင်းမှ ကြွရောက်လာသော ဆရာတော် အရှင်ပဏ၀ါစာရ မှ“ဘာသာရေး အနှစ်သာရမှာ တစ်ဘာသာထဲကောင်းဖို့ လုပ်ကြဖို့လို့ ဘယ်ဘာသာမှ မဟောထားဘူး။နေရောင်အောက်ကို ထွက်လာတဲ့ လူတိုင်းဟာ ညီမျှတဲ့ အလင်းရောင်ကို ရကြရမယ်။ကိုယ်စီ ကိုယ်မျှ ညီညီမျှမျှ ရကြသလိုပဲ ။သန်းပေါင်း ၆၀ကျော်ရှိတဲ့ မြန်မာနိုင်ငံသူ နိုင်ငံသား အားလုံးကလည်း လူ့အခွင့်အရေးတွေကို ရကြရမယ် အတ္တနေရာမှာ မေတ္တာတည်း ဟူသော ဓမ္မနဲ့ အစားထိုးဖို့ လိုတယ်” ဟု ထည့်သွင်းပြောကြားခဲ့သည်။
 
ခရစ်ယာန်သာသနာတော်မှ ဘုန်းတော်ကြီးFr. Geroge Shwe Tun မှလည်း ညီညွှတ်ခြင်းနှင့် ငြိမ်းချမ်းရေး တရား မြွတ်ကြားရာတွင်“ခရစ်ယာန်ပဲ ဖြစ်ပါစေ ခရစ်ဟန် တော့ မဖြစ်ပါစေနဲ့။သာသာတိုင်းမှာ ဘာသာရေး မာန်တော့ ရှိကြတယ်။မာန်တော့ရှိပါရဲ့ ဟန်ပဲရှိတယ်ဆိုတာမျိုး မဖြစ်ပါစေနဲ့။ညီညွှတ်ခြင်းနှင့် ငြိမ်းချမ်းရေးဟာ တစ်တွဲတည်း ဖြစ်တယ်”ဟု ထည့်သွင်းပြောကြားခဲ့သည်။
25
ဆရာတော် အရှင်ဦးဥတ္တမသာရ (သဘာဝ တရားရိပ်သာ)မှ ငြိမ်းချမ်းရေး တရားမြွတ်ကြားရာတွင် “ကိုယ့်ဘာသာရဲ့ တန်ဖိုးကို မြတ်နိုးရင် သူများဘာသာကို အပြစ်မပြောနဲ့။ အခြားဘာသာတွေကို ကောင်းတာတွေပဲပြော၊မသိတာကို မပြောနဲ့။လူသားအားလုံးကို လူ့လို့မြင်တဲ့ မေတ္တတရားကို အစားထိုး၍ ငြိမ်းချမ်းသော ဘ၀တွေကို တည်ဆောက်နိုင်ကြပါစေ။မြန်မာနိုင်ငံရေးရဲ့ မြောက်မြားစွာသော စစ်ပွဲတွေမှ အလျှင်မြန်ဆုံး ငြိမ်းချမ်းကြပါစေ”ဟု ထည့်သွင်းပြောကြားခဲ့သည်။
 
အစ္စလာမ် သာသနာတော်မှ ဆရာတော် အလ်ဟာဂ်ျ ခလီဖာဟ် ဦးအေးလွင် (Msc)“ပြဿနာတွေကို ဖန်တီးတဲ့ မသမာသူတွေဟာ ကိုယ်လည်း သေချာမသိတဲ့ သာသာတရားအကြောင်းတွေကို လုပ်ကြံပြောဆိုကြတယ်.ရိုးသားသူတွေက ဒါကို အဟုတ်လို့ ထင်ကြတယ် တမန်တော်မြတ်ကြီးရဲ့ သြ၀ါဒ တစ်ခုဖြစ်တဲ့ မိမိနှလုံးသားထဲမှာရှိတဲ့ လောဘ ဒေါသ မီးတွေကို ငြိမ်းအောင် လုပ်ကြ၊ မသေမီမှာ သေကြည့်ကြလို့ မိန့်တော် မူခဲ့ပါတယ်။လူသားတစ်ဦးချင်းစီရဲ့ နှလုံးသားကို ငြိမ်းအေးအောင် လုပ်ရင်း အမိ မြန်မာပြည်ကြီး ငြိမ်းချမ်းပါစေ”ဟု ထည့်သွင်းပြောကြားခဲ့သည်။
 
ဘာသာပေါင်းစုံ ငြိမ်းချမ်းရေး အဖွဲ့မှ နာယကတစ်ဦးဖြစ်သော ဦးဇော်ဝင်း(ကဗျာဆရာ ငြိမ်းချမ်းရေး အောင်ဖုန်းဇော် မှ“ဘာသာပေါင်းစုံက လူငယ်တွေစုပြီးမေတ္တာဆိုတဲ့ campain ကို ၂၀၁၀ခုနှစ် စလုပ်ခဲ့တယ်။အမျိုးသားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတကြီး ဦးသိန်းစိန် တို့ကလည်း အမျိုးသားရင်ကြားစေ့ရေးကို ကြွေးကြော်ခဲ့တယ်။နောက် ကျွန်တော်တို့လည်း ဒီထက် ပိုကျယ်ပြန့်အောင် ဘာသာပေါင်းစုံက ဆရာတော်တွေကို နယက အဖြစ်ထားပြီး ဘာသာပေါင်းစုံ ငြိမ်းချမ်းရေး အဖွဲ့ကို ဖွဲ့ခဲ့ပါတယ်။မြန်မာပြည်မှာ ငြိမ်းချမ်းရေးဆိုတာကို နှုတ်နဲ့ပဲ ပြောလို့မရဘူး။တကယ့် လက်တွေ့ကျကျ အကောင်အထည်ဖော် ဆောင်ရွက်နေခြင်းဖြစ်ပါတယ်။ငြိမ်းချမ်းရေးနှင့် မေတ္တာတရားဟာ အတူယှဉ်တွဲနေတယ်။ဒါကြောင့် ဒီလို ကျေးရွာတွေထိ ဆင်းပြီး အခမ်းအနားပြုလုပ်ရခြင်း ဖြစ်တယ်”ဟု M-Media သို့ပြောကြားခဲ့သည်။
63
21
ဘာသာပေါင်းစုံ ငြိမ်းချမ်းရေး အဖွဲ့မှ ဦးဆောင်သူ တစ်ဦးဖြစ်သော ဦးအေးညို(အဘညို)က “အဖွဲ့အစည်း ပေါင်းစုံ ဘာသာပေါင်းစုံ စုပေါင်းပြီး နားလည် ခွင့်လွှတ်မူတွေနဲ့ အတူပူပေါင်းလုပ်ဆောင်ကြတယ်။ပါတီတွေ လူမူရေး အဖွဲ့တွေ ဘယ်နှစ်ပါတီရှိရှိ ဘယ်နှစ်ဖွဲ့ပဲရှိရှိ အတူပူးပေါင်း ဆောင်ရွက်မှသာ ခရီးရှည် လမ်းကြောင်း ချီတက်ပွဲကြီးကို ရောက်မှာဖြစ်တယ်။လူမျိုးဘာသာ မရွေး ငြိမ်းချမ်းရေး အတွက် တရားပွဲတွေ ပြုလုပ်တာ ဒါနဲ့ဆို ၆ပွဲရှိပါပြီ။ရှိရှိသမျှ ပွဲတွေဟာ ရန်ကုန်မှာပဲ လုပ်ဖြစ်တာ များနေတယ်။နယ်တွေမှာ ပိုပြီး လုပ်သင့်တာကြောင့် အခုလို ပွဲစီစဉ်ဆောင်ရွက်ရခြင်း ဖြစ်ပါတယ်”ဟု M-Media သို့ပြောကြားခဲ့သည်။
 
နောက်ဆက်လပ်၍ ကဗျာဆရာ ငြိမ်းချမ်းရေး အောင်ဘုန်းကျော်မှ “ဒို့ပြည်ကြီး ငြိမ်းချမ်းစေချင်”ကဗျာကို ရွက်ဆိုပြီးနောက် ၊ကရင်ဒုံးယိမ်း အကဖြင့် အခမ်းအနားကို ရုတ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။အဆိုပါ အခမ်းအနားသို့ ဒေသခံများအပါအ၀င် ၊ဧည့်သည်တော်များ၊မီဒီယာများ စုစုပေါင်းလူအင်အား ၁၅၀၀နီးပါး တက်ရောက် ခဲ့ကြောင်း သတင်းရရှိသည်။
 
ဓါတ်ပုံ – ချစ်ဦးမောင်
 
M-Media သတင်း
 
 

No comments:

Post a Comment

Note: Only a member of this blog may post a comment.