Sunday, February 17, 2013

ရခိုင်ပြည်နယ် အစိုးရ မွတ်စလင်များကို ခရီးသွားခွင့်ပိတ်ပင်

 
 
thandwal
၂၀၁၂ ခုနှစ် အောက်တိုဘာ ၂၄ ရက်နေ့က ခ၇ိုင် အုပ်ချုပ်ရေးမှူး ထုတ်ပြန်ခဲ့သည့် သံတွဲ-ရန်ကုန် ကားများပေါ်တွင် မွတ်စလင်များမပါရေး ကြပ်မတ်ရန် ညွှန်ကြားချက် သတင်းဖတ်ရန်။
 
ရခိုင်ပြည်နယ်အစိုးရက သံတွဲခရိုင်တွင်းက မွတ်စလင်တွေကို ခရီးသွားလာခွင့် ပိတ်ပင်ထားတယ်လို့ တားမြစ်ခံရတဲ့ သံတွဲမြို့နေ မွတ်စလင်အမျိုးသမီး တဦးက ပြောပါတယ်။ရန်ကုန်မြို့ကိုသွားဖို့ ဖေဖော်ဝါရီ ၁၂ ရက်နေ့က လေယာဉ်လက်မှတ်သွားဝယ်ရာမှာ လ၀က ထောက်ခံချက်ရယူဖို့ ပြောတာကြောင့် သံတွဲခရိုင် လူဝင်မှုကြီးကြပ်ရေးဌာန ခရိုင်မှူး ဦးကိုကိုမောင်ကို သွားရောက်မေးမြန်းရာမှာ မွတ်စလင်တွေကို ပိတ်ပင်ထားတယ် ဆိုတာကိုသာ သိခဲ့ရပြီး ဘာကြောင့် ပိတ်ပင်တယ်ဆိုတာ မပြောပြဘူးလို့ အဆိုပါအမျိုးသမီးက ပြောပါတယ်။
 
“နိုင်ငံသားကတ် ကိုင်ထားသူမှန်သမျှကို ဒါမျိုးလုပ်တာလားဆိုတော့ မဟုတ်ဘူး၊ အစ္စလာမ်ပဲ လုပ်တာလို့ ပြောတယ်။ ခရိုင်မှူး ဦးကိုကိုမောင်က အစ္စလာမ်တွေဆိုရင် မည်သည့် ကတ်ကိုင်ထားပါစေ၊ ပန်းရောင်ကတ်ပဲဖြစ်ဖြစ်၊ သုံးခေါက်ချိုးပဲဖြစ်ဖြစ် ဘာပဲ ကိုင်ထားပါစေ၊ ပြည်နယ်လ၀က ခွင့်ပြုချက်မရဘဲနဲ့ လုံးဝ ခရီးသွားလာခွင့် မပြုဘူးတဲ့။ ၈၉ ခုနှစ်ကပဲ ထုတ်ထားတဲ့ ပန်းရောင်ကတ် ရခိုင်-အစ္စလာမ်ပါ။”
 
မွတ်စလင်တွေကို ခရီးသွားလာခွင့် တားမြစ်တဲ့အမိန့်ထုတ်ပြန်တဲ့ ဖေဖော်ဝါရီ ၁၁ ရက်နေ့ဟာ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးသံ ကိုယ်စားလှယ် သောမတ်စ်အိုဟေး ကင်တားနားဟာ ရခိုင်ပြည်နယ်ကို ရောက်ရှိတဲ့ရက်နဲ့ တိုက်ဆိုင်ပါတယ်။ဒီကိစ္စနဲ့ပတ်သက်လို့ သံတွဲခရိုင် လ၀ကမှူး ဦးကိုကိုမောင်ကို ဆက်သွယ်မေးမြန်းဖို့ ကြိုးစားပေမယ့် မရပါဘူး။သံတွဲမြို့နယ်အဆင့် လ၀ကရုံးကို ဆက်သွယ်မေးမြန်းရာမှာတော့ ပြည်နယ်အစိုးရက နှုတ်မိန့်နဲ့ တယ်လီဖုန်းဖြင့် ဆက်သွယ် အကြောင်းကြားတယ်လို့ ဖြေပါတယ်။
 
သံတွဲခရိုင်တွင်းက မွတ်စလင်တွေဟာ အရင်စစ်အစိုးရကာလတလျှောက်လုံး နိုင်ငံသားစိစစ်ရေးကတ်ပြား ကိုင်ဆောင်ထားပေမယ့်လည်း ၂၀၀၄ နှစ်ကနေ ၂၀၁၁ ခုနှစ်ထိ ခရီးသွားလာခွင့် ကန့်သတ်ခံခဲ့ရပါတယ်။
ဒါပေမယ့် လွန်ခဲ့တဲ့ ၈ လလောက်ကစလို့ နိုင်ငံသားစိစစ်ရေးကတ် လက်ဝယ်ပြသနိုင်ရင် လွတ်လပ်စွာခရီးသွားလာ ခွင့်ရခဲ့ရာက အခုတခါ ပြန်လည်ပိတ်ပင် ခံခဲ့ရတာလို့ အဆိုပါ မွတ်စလင် အမျိုးသမီးက ပြောပါတယ်။အဆိုပါတားမြစ်ခံ အမျိုးသမီးက တခြားဘာသာဝင်တွေကို တားမြစ်ပိတ်ပင်ခြင်းမရှိဘဲ မွတ်စလင်ဘာသာဝင်ကိုသာ ပိတ်ပင်တာဖြစ်တယ်လို့ ပြောပြပါတယ်။
 
“လေယာဉ်ရုံးကနေ ကျမကို အဲဒါ ခဏခဏတောင်းနေတယ်။ အဲဒါ ယူလာခဲ့ပေးပါ ဒါမှပေးလို့ရမယ် သူတို့က အကြောင်းကြားထားလို့ ဆိုပြီး။ မြန်မာ့လေကြောင်းကို ၀ယ်တဲ့အခါ မြန်မာ့လေကြောင်းက အဲလိုဆိုတော့၊ ရန်ကုန်အဲဝေးကို လှမ်းဆက်တော့ အစ်မ စိတ်တော့ မရှိနဲ့တဲ့ အစ္စလာမ်လား၊ ဗုဒ္ဓဘာသာလားဆိုတော့ ကျမက အစ္စလာမ်ဆိုတော့ လ၀က ခွင့်ပြုချက်ယူခဲ့ပါတဲ့။ လ၀က ခွင့်ပြုချက်မပါဘဲ လေယာဉ်လက်မှတ်မရောင်းရဘူးဆိုပြီး မနေ့ညနေက လ၀ကက လက်မှတ်လာထိုးခိုင်းလို့ သူတို့ လက်မှတ်ထိုးလိုက်ရတယ်တဲ့။”
 
ဘာကြောင့်ပိတ်ပင်တယ်ဆိုတာကို ရခိုင်ပြည်အစိုးရအဖွဲ့အတွင်းရေးမှူးကို ဆက်သွယ်မေးမြန်းဖို့ ကြိုးစားရာမှာ တာဝန်ခံဖြေဆိုခြင်း မရှိပါဘူး။
  သတင်း

No comments:

Post a Comment

Note: Only a member of this blog may post a comment.